ညီမလေး... ကိုယ့်ကိုမတားနဲ့
Vol. 13 Ch. 128
မြောင်လော့တောင်တန်းမှထွက်ခွာလာပြီးနောက် ကျန်းချန်သည် ပုယွီမြင့်မြတ်နယ်မြေသို့ တိုက်ရိုက်ဦးတည်လိုက်သည်။ လန်ယီ အံ့အားသင့်သွား၏။
"ရှင် ဘယ်သွားမလို့လဲ"
"မင်းအတွက်လက်စားချေပေးဖို့ ပုယွီမြင့်မြတ်နယ်မြေကို သွားဖျက်ဆီးမလို့လေ"
မျက်နှာသာရမည့်စကားလုံးများမှာ အလိုအလျောက်ပင်ထွက်လာတော့သည်၊ ၎င်းမှာ သူ၏ သဘာဝတစ်ခုကဲ့သို့ ဖြစ်နေချေပြီ။
ကဲ... ညီမလေး၊ စိတ်လှုပ်ရှားသွားပြီမဟုတ်လား...
အမှန်တကယ်တွင်မူ သူသည် မြင့်မြတ်နယ်မြေကိုဖျက်ဆီးခြင်းဖြင့် ရရှိမည့်အမှတ်အမြောက်အမြားကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်။ သူတော်စင်အဆင့်ပညာရှင်များ စောင့်ကြပ်ပြီး တာအိုနန်းတော်ကျင့်ကြံသူများ အလျှံပယ်ရှိသည့် ထိုကဲ့သို့သောအင်အားစုကြီးကို ဖျက်ဆီးလိုက်ပါက ရရှိမည့်အကျိုးအမြတ်မှာ မတွေးဝံ့စရာပင်။
အဝါလေးအတွက်သင့်လျော်သည့် ဝိညာဉ်သွေးကြောကို မည်သည့်နေရာတွင် ရှာရမည်နည်းဟု သူစဉ်းစားနေစဉ် ပုယွီမြင့်မြတ်နယ်မြေက အိပ်ချင်နေစဉ် ခေါင်းအုံးပေးသကဲ့သို့ပင် သူ၏တံခါးဝသို့ ရောက်ရှိလာ၏။
လန်ယီမှာလည်း အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။ ဤယောင်္ကျားသည် သူမအတွက်နှင့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီးကို စိန်ခေါ်ရန်သွားနေသည်မဟုတ်ပါလား။
"ရှင်... ရှင် ကျွန်မအတွက်နဲ့ ဒီလောက်အထိလုပ်စရာမလိုပါဘူး..."
"လိုတာပေါ့... သေချာပေါက်လိုတယ်"
ဂိုဏ်းဖျက်ဆီးရေးလမ်းစဉ်သို့ အစ်ကိုကြီးချန်ဝင်ရောက်သွားပြီဖြစ်ရာ ယခုအချိန်တွင် သူ့ကို မည်သူမျှတားဆီး၍မရတော့ပေ။
"ဒါပေမဲ့ အဲဒီမှာက အရမ်းအန္တရာယ်များတယ်၊ အကြီးအကဲချုပ် အရှင်မြတ်ကျင့်ဟွမ်းအပြင် ဂိုဏ်းချုပ် အရှင်မြတ်ကျင့်ယွမ်နဲ့ အကြီးအကဲ အရှင်မြတ်ယွီချူတို့လည်း ရှိသေးတယ်။ အထူးသဖြင့် အရှင်မြတ်ယွီချူက ဂိုဏ်းချုပ်ချင်းစော့လိုပဲ သူတော်စင်အဆင့် ၉ မှာ ရှိနေတာ"
ကျန်းချန်စိတ်ထဲ၌တွေးမိသည်မှာ...
ညီမလေး... မင်း အများကြီးတွေးမိနေပြီ၊ သူတို့ ဘယ်လောက်ပဲသန်မာပါစေ ငါနဲ့မဆိုင်ဘူး၊ စနစ်က ဖြေရှင်းပေးလိမ့်မယ်...
"အဲ့တော့ဘာဖြစ်လဲ။ ဒီနေ့ ငါအပြတ်ပြောလိုက်မယ်... မင်းအတွက်ဆိုရင် ငါ့အသက်ကိုတောင် ပေးဝံ့တယ်"
အမှန်အတိုင်းဆိုရလျှင် သူသေချင်လှပြီ။ မသေရသည်မှာကြာလေပြီ... သေရသည်ကိုပင် စွဲလန်းလာသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်လာ၏...
ထိုသို့သော အခမဲ့ရသည့်စကားများ ပြောပြီးနောက် လန်ယီကိုခိုးကြည့်လိုက်သည်။
ကဲ... ဘယ်လိုလဲညီမလေး၊ ငါ့ကိုသစ္စာခံပြီး ငါ့လူလုပ်တော့မလား...
လန်ယီမှာမူ ဇဝေဇဝါဖြစ်နေရသည်။ ဤလူသည် ယခင်က အမြတ်အစွန်းကိုသာကြည့်သူဖြစ်ပြီး တစ်ညခိုလှုံခွင့်ပေးရန်အတွက်ပင် သူမထံမှ မှော်ရတနာတစ်ခုတောင်းခဲ့သူဖြစ်၏။
ယခုမူ သူမအတွက် သေဝံ့သည်အထိ အဘယ်ကြောင့် အစွန်းရောက်နေရသနည်း။ ပြီးခဲ့သည့်အကြိမ်က ဝန်ခံခဲ့ကြပြီး ချစ်သူတွေ ဖြစ်သွားလို့လား။
သို့သော် သူတို့မှာ လက်ထပ်ပွဲလည်းမလုပ်ရသေးသလို တာအိုလက်တွဲဖော်များပင် မဟုတ်ကြသေးပေ။
သူ့ကို သူမ၏လူအဖြစ်သတ်မှတ်ပြီး ရင်းနှီးလာသော်လည်း သူ့အတွက်နှင့် အသေခံရန်အထိမူ သူမအဆင်မသင့်သေးပေ။ ဤအချက်ကြောင့် သူမ အနည်းငယ်အရှက်ရမိသည်။
"ဟေး... မိုက်မဲတာတွေမလုပ်ပါနဲ့၊ အသေမခံပါနဲ့"
သူမသည် ကျန်းချန်၏လက်ကိုဆွဲထားရင်း စိတ်လှုပ်ရှားစွာဖြင့်
"စိတ်အေးအေးထားလို့မရဘူးလား။ ရှင့်ရဲ့ပါရမီနဲ့ဆိုရင် စိတ်ရှည်ရှည်နဲ့ကျင့်ကြံရင် နောက်ပိုင်းမှာ အခွင့်အရေးရှိမှာပါ၊ အခုတော့မလောပါနဲ့ဦး"
"မရဘူး။ မင်းရဲ့ရန်သူတွေ အသက်ရှင်နေတာကိုတွေးမိတိုင်း ငါစိတ်မကောင်းဖြစ်ပြီး အိပ်လို့တောင် မပျော်ဘူး"
ငါကအစွမ်းပြမလို့လေ... ငါ့ကိုမတားပါနဲ့ ညီမလေးရာ...
သို့သော် လန်ယီကမူ သူ့ရှေ့၌ပိတ်ရပ်လျက် လုံးဝလွှတ်မပေးပေ။
"လိမ္မာပါတယ်... ဖေးရှန်ဂိုဏ်းကို အတူတူပြန်ကြရအောင် ဟုတ်ပြီလား။ သူတို့ အဲဒီနေရာကို သိဦးမှာမဟုတ်ပါဘူး၊ အဲဒီမှာ ဘေးကင်းနိုင်ပါသေးတယ်"
"ပြန်သွားလို့မရတော့ဘူး"
"ဟင်... ဘာလို့လဲ"
"ဖေးရှန်ဂိုဏ်းမှာ လူတစ်ယောက်မှမရှိတော့ဘူး။ ငါက မင်းဆီမှာ လာပြီးခိုလှုံမလို့ပဲ၊ ဒါပေမဲ့ မင်းကလည်း ကံဆိုးနေတာဆိုတော့ ပုယွီမြင့်မြတ်နယ်မြေကိုပဲ ဖျက်ဆီးပြီး ဖေးရှန်ဂိုဏ်းရဲ့ တောင်ကုန်းအသစ် လုပ်ရတော့မှာပေါ့"
"ဒါက..."
လန်ယီက ပတ်ဝန်းကျင်ကို ထူးဆန်းစွာကြည့်လိုက်ပြီး
"ဒါဆို ရှင့်ရဲ့တပည့်တွေကော ဘယ်မှာလဲ"
"သူတို့က လျှို့ဝှက်နေရာတစ်ခုမှာ ကျင့်ကြံနေကြတာ၊ အချိန်တန်ရင်ပေါ်လာလိမ့်မယ်"
တပည့်များမှာ သူနှင့်အတူပါလာသောရွှမ်ကျီရုပ်ပုံအတွင်း ရှိနေသည်ကို သူမ မသိရှိပေ။ သို့သော် သူမ၏မျက်ဝန်းများ ရုတ်တရက်တောက်ပသွားသည်။
"ဒါဆို... စီနီယာ မျက်စိသုံးလုံးကျားလည်း ဒီမှာရှိနေတာပေါ့"
သူ့မှာ မိစ္ဆာဘုရင်နောက်ခံရှိနေ၍ ဤမျှယုံကြည်ချက်ရှိနေခြင်းဖြစ်သည်ဟု ထင်သွားသည်။ ထိုသို့ဆိုလျှင် ပုယွီမြင့်မြတ်နယ်မြေကို ကြောက်ရန်မရှိတော့ပေ။
"သူက နောက်မှာကျန်နေခဲ့တာ"
"ဟင်"
လန်ယီ ကြောင်သွားရပြန်သည်...
အင်အားအကောင်းဆုံးသူက ဘာလို့ နောက်ဆုံးမှာကျန်နေရတာလဲ...
ပုယွီမြင့်မြတ်နယ်မြေနှင့် နီးကပ်လာသောအခါ ကျန်းချန်သည် အဝါလေးကို ပုခုံးပေါ်မှချလိုက်ပြီးနောက် သွေးပြောင်းလဲခြင်းဓားကို ထုတ်ယူလိုက်သည်။ မိစ္ဆာဓားသည် လှုပ်ရှားသွားပြီး လူသားပုံစံ မိုချန်အဖြစ် ပြောင်းသွား၏။ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖားယားတော့သည်။
"ဂိုဏ်းချုပ်က တကယ်ကိုအစွမ်းထက်ပါတယ်၊ အရင်တိုက်ပွဲကို ဒီလူအိုကြီးတွေ့လိုက်ရတယ်... ဂိုဏ်းချုပ်က သူတော်စင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်းနေပါပြီ"
"ဟဟ... ဒါက အသေးအမွှားလေးပါ"
အစ်ကိုကြီးချန်က ဂရုမစိုက်ဟန်ပြသော်လည်း စိတ်ထဲ၌မူ ပိုပြီးမြှောက်ပင့်ပေးရန် ဆန္ဒရှိနေသည်။ မိုချန်ကလည်း စိတ်ပျက်အောင်မလုပ်ပေ။
"မဟုတ်ပါဘူး... ဒါက သေးသေးမွှားမွှားမဟုတ်ဘူး။ ဂိုဏ်းချုပ်က သမိုင်းမှာအစွမ်းအထက်ဆုံး တာအိုနန်းတော်အဆင့်ကျင့်ကြံသူ ဖြစ်မှာပါ။ ဒီလိုအံ့ဖွယ်ကိုမြင်တွေ့ရတာ လူအိုကြီးအတွက် ဂုဏ်ယူစရာပါပဲ"
အစ်ကိုကြီးချန် အလွန်ဝမ်းသာသွား၏။ အကြီးအကဲမိုသည် ဖေးရှန်ဂိုဏ်း၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်လာပုံရသည်။
သူက ထိုအင်မော်တယ်ဟောင်း၏ပုခုံးကိုပုတ်ကာ
"ပုယွီမြင့်မြတ်နယ်မြေကို ခဏ လမ်းသွားလျှောက်ဦးမယ်၊ ဒီမှာပဲနေပြီး ကျုပ်ပစ္စည်းတွေကို စောင့်ပေးထား"
မိုချန်တွင် အစွမ်းအချို့ပြန်ရနေပြီဖြစ်သော်လည်း သူတော်စင်အဆင့်သုံးဦးကိုရင်ဆိုင်ရန်မှာ သူ၏ဝိညာဉ်အကြွင်းအကျန်ကို ပျက်စီးစေနိုင်သည်။ အဝါလေးမှာလည်း တစ်ယောက်ချင်းဆိုလျှင် ကောင်းသော်လည်း လူအများကြီးကိုမထိန်းချုပ်နိုင်ပေ။ လန်ယီမှာမူ တာအိုနန်းတော်အဆင့် ၈ သာ ရှိသေးသဖြင့် မလုံလောက်သေးပေ။
ထို့ကြောင့် ဤခရီးစဉ်မှာ သူ၏ အသက်ပြန်ရှင်ခြင်းအစွမ်းအပေါ်သာ မူတည်နေသည်။ သူသေရမည်ဖြစ်သဖြင့် မည်သူ့ကိုမျှအကြည့်မခံလိုပေ။ သူသည် ဖေးရှန်ဂိုဏ်း၏ပစ္စည်းများ အပြည့်ထည့်ထားသော လက်စွပ်အားလုံးကို မိုချန်အားပေးလိုက်သည်။
"ကျုပ် ပြန်မလာခင်အထိ ဒါတွေကိုသိမ်းထားပေး"
စနစ်က သူ့လူအဖြစ် သတ်မှတ်ထားသူဖြစ်သဖြင့် သူ လုံးဝစိတ်ချသည်။ မိုချန်မှာမူ လက်စွပ်များကိုကိုင်ထားရင်း စိတ်လှုပ်ရှားနေမိသည်။ ဂိုဏ်းချုပ်သည် တန်ဖိုးကြီးမှော်ရတနာများနှင့် ဝိညာဉ်ကျောက်တုံးမြောက်မြားစွာကို သူ့အားယုံကြည်စိတ်ချစွာ အပ်နှံခဲ့ခြင်းဖြစ်သည်။
"ဂိုဏ်းချုပ်ရဲ့ယုံကြည်မှုကို မပျက်စေရပါဘူး"
"ရှင် စီနီယာကျားကိုမစောင့်ဘဲ တစ်ယောက်တည်းသွားမလို့လား"
လန်ယီ စိုးရိမ်တကြီးမေးပြန်သည်။
ကျန်းချန် ဘာမှမတတ်နိုင်တော့ပေ။ မိန်းကလေးက သူ့အတွက်စိုးရိမ်နေသည်မှာ စိတ်လှုပ်ရှားစရာကောင်းသော်လည်း သူအစွမ်းပြမည့်အစီအစဉ်ကို တားဆီးနေသကဲ့သို့ဖြစ်နေသည်။
သူမ စိတ်အေးစေရန် လိမ်ပြောလိုက်ရတော့သည်။
"ငါက အခြေအနေသွားကြည့်ရုံတင်ပါ၊ ဖျက်ဆီးဖို့ မဟုတ်ပါဘူး... စိတ်ချပါ"
"ဪ... ဒါဆို ကျွန်မလည်းလိုက်မယ်လေ..."
"မလိုဘူး၊ ငါတစ်ယောက်တည်းက ပိုမြန်တယ်၊ မင်းဒီမှာပဲနေပြီး အဝါလေးကိုစောင့်ရှောက်ပေးပါ"
သူမကိုစိတ်ချစေရန် အဝါလေးမှာ သူ၏ သွေးသားရင်းချာမဟုတ်ကြောင်း လမ်းမှာပင် ပြောပြခဲ့ပြီးသားဖြစ်သည်။ လန်ယီက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး စိုးရိမ်တကြီးဖြင့်
"ဒါဆိုရင် အမြန်ပြန်လာခဲ့နော်၊ အန္တရာယ်ရှိတဲ့နေရာမှာ အကြာကြီးမနေနဲ့။ ကျွန်မ ရှင့်ကိုစောင့်နေမယ်... ချန်"
ထိုသို့ ချိုသာစွာခေါ်လိုက်သံကြောင့် အစ်ကိုကြီးချန် ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားရသည်။ သူဘာမှပြောမထွက်တော့ပေ...
အဘယ်ကြောင့်ဆိုသော် စနစ်ဆီမှ ဒင်ခနဲမြည်သံ ထွက်မလာသောကြောင့်ပင်။
ဒီမိန်းကလေးရဲ့နှလုံးသားက သံမဏိနဲ့လုပ်ထားတာလား။ ဒီလောက်အထိ ရင်းနှီးအောင်ခေါ်နေပြီကို ငါ့လူအဖြစ်မသတ်မှတ်သေးဘူးလား...
သူသည် တိမ်တိုက်များပေါ်သို့ပျံတက်ကာ ပုယွီမြင့်မြတ်နယ်မြေသို့ ဦးတည်လိုက်တော့သည်။ မကြာမီမှာပင် ထိုအင်အားစုကြီး၏အစွန်အဖျားသို့ သူရောက်ရှိသွား၏။
ထိုအချိန်တွင် ဂိုဏ်းတစ်ခုလုံးမှာ စစ်ပွဲအငွေ့အသက်များဖုံးလွှမ်းနေပြီး လက်နက်များကို အပြိုင်အဆိုင်ပြင်ဆင်နေကြချေပြီ။