ဘိုးဘေးကြီးရောက်ရှိလာခြင်း
Vol. 13 Ch. 129
ကျန်းချန်ရောက်ရှိသွားသောအခါ အရပ်မျက်နှာအသီးသီးသို့ပျံ့နှံ့သွားနေကြသော ထောင်သောင်းချီသည့်ကျင့်ကြံသူများကို တွေ့လိုက်ရသည်။ ကောင်းကင်ယံမှာ ပျားအုံကွဲသွားသကဲ့သို့ လူများဖြင့်ပြည့်နှက်နေလေပြီ။
"ဘာတွေဖြစ်နေတာလဲ"
သူသည် ကျင့်ကြံသူတစ်ဦးကိုလှမ်းတားလိုက်ပြီး
"ညီအစ်ကို... ဘာဖြစ်လို့လဲ"
ထို ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူမှာ အလွန်ပျာယာခတ်နေပြီး တားခံရသဖြင့် ဒေါသထွက်ရန်ပြင်လိုက်သော်လည်း ကျန်းချန်၏ နက်ရှိုင်းလှသောကျင့်စဉ်အဆင့်ကို ခံစားမိသွားသဖြင့် ချက်ချင်းပြုံးလိုက်ရသည်။
"စီနီယာ... ပုယွီမြင့်မြတ်နယ်မြေက မင်ရှင်းမြင့်မြတ်နယ်မြေကို စစ်ကြေညာလိုက်ပြီ။ ဒီလိုတိုက်ပွဲမျိုးမှာ အပြစ်မဲ့သူတွေပါ ကြားညှပ်ပါသွားနိုင်တယ်။ သူတော်စင်အရှင်မြတ်တစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးတိုက်ကွက်တစ်ခုကတောင် ကျွန်တော်တို့ကို ပြာဖြစ်သွားစေနိုင်တာမို့ အားလုံးကအသက်လုပြီးပြေးနေကြတာပါ"
"ဟိုး... ပုယွီမြင့်မြတ်နယ်မြေက တကယ်ကိုအလျင်လိုနေတာပဲ"
ကျန်းချန်သည် ထိုနေရာသို့ တိုက်ရိုက်ပျံသန်းဝင်ရောက်ရန် ပြင်လိုက်သော်လည်း ခဏအကြာတွင် ထိုစိတ်ကူးကိုဖျက်လိုက်သည်။ ယခင်က ပါယွန်းခန်းမကဲ့သို့ပင် ဤကဲ့သို့သော ဂိုဏ်းကြီးများသည် ခန့်မှန်းရခက်သောနက်ရှိုင်းမှုများ ရှိနေတတ်သည်။
၎င်းတို့၌ ပညာရှင်များစွာရှိနေသဖြင့် တစ်ယောက်တည်း ဝင်ရောက်တိုက်ခိုက်ပါက အားလုံးနှင့်ဆုံတွေ့ရန်မလွယ်ကူဘဲ စောစီးစွာသေဆုံးသွားနိုင်သည်။ ထို့ကြောင့် သူတို့ကို တစ်ကြိမ်တည်းနှင့်အကုန်ရှင်းနိုင်မည့်နည်းလမ်းကို ရှာရပေမည်။
သူပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ထွက်ပြေးနေကြသူများအပြင် ပုယွီမြင့်မြတ်နယ်မြေ၏ တံခါးဝဆီသို့ ပျံသန်းသွားနေကြသော ပညာရှင်အတော်များများကိုလည်း တွေ့လိုက်ရသည်။ ပုယွီမြင့်မြတ်နယ်မြေတွင် ဂိုဏ်းဝင်တစ်သိန်းကျော်ရှိရာ အားလုံးက ဂိုဏ်းအတွင်း၌ နေ့စဉ်နေထိုင်ကြသည်မဟုတ်ပေ။
အများအပြားမှာ အပြင်ဘက်တွင် ဂိုဏ်းခွဲများတည်ထောင်ထားခြင်း သို့မဟုတ် အပြင်လောက၌ ကျင့်ကြံနေကြခြင်းဖြစ်သည်။
နှစ်ပေါင်းသန်းချီကြာပြီးနောက် ထိုဂိုဏ်းခွဲတစ်ခုစီမှာ အင်အားစုတစ်ခုစီဖြစ်လာခဲ့သည်။ ယခုအကြိမ် နှလုံးသားဌာနကို တိုက်ခိုက်ရန်အတွက် မြင့်မြတ်နယ်မြေက စုရုံးရန်အမိန့်ထုတ်ပြန်လိုက်သောအခါ အပြင်ရောက်နေသော ပညာရှင်အားလုံးမှာ ကူညီရန်အမြန်ပြန်လာကြ၏။
၎င်းသည် မြင့်မြတ်နယ်မြေတစ်ခု၏ အမွေအနှစ်ပင်...
ဖေးရှန်ဂိုဏ်းမှာ ဤအဆင့်ကို လုံးဝမယှဉ်နိုင်သေးပေ။ အကယ်၍ အစ်ကိုကြီးချန်ကြောင့်မဟုတ်လျှင် နှစ်သန်းပေါင်းတစ်ရာကြာလျှင်ပင် ဤအဆင့်သို့ရောက်ရန်မလွယ်ကူပါချေ။
အပြင်ဘက်မှကြည့်ပါက ပုံမှန်တောင်တံခါးတစ်ခုကိုပင် မမြင်ရပေ။ လူတိုင်းမှာ "ဖွင့်" ဟု အော်ဟစ်လိုက်ကာ ထိုနေရာ၌ပင်ပျောက်ကွယ်သွားကြသည်။ ၎င်းမှာ မန္တာန်တစ်ခုဖြစ်ရမည်ဟု ကျန်းချန်သိလိုက်သည်။
ကံဆိုးသည်မှာ သူသည် နတ်ဘုရားအဆင့် စုန်းမျိုးစေ့ရှိသော်လည်း စုန်းအတတ်ကိုမသင်ယူခဲ့သဖြင့် ထိုသို့မလုပ်ဆောင်နိုင်ပေ။ သူတော်စင်အဆင့်အစွမ်းဖြင့် အစီအရင်ကို အတင်းအဓမ္မ ဖြိုခွဲဝင်ရောက်ရန်သာရှိတော့သည်။
ခဏအကြာတွင် သူ၏မျက်ဝန်းများ တောက်ပသွားကာ ဆိတ်ငြိမ်သောနေရာတစ်ခုကိုရှာ၍ ရုပ်ဖျက်လိုက်ပြီး အရှင်မြတ်ကျင့်ဟွမ်း၏ပုံစံသို့ ပြောင်းလဲလိုက်၏။ ထိုအကြီးအကဲချုပ်ကို လူကိုယ်တိုင်မတွေ့ဖူးသော်လည်း ဝိညာဉ်အသိစိတ်ကို နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးသဖြင့် ပုံစံတူအောင် ဖန်တီးနိုင်ခဲ့သည်။
အရှိန်အဝါမှာမူ ထိုဝိညာဉ်အသိစိတ်၏ သူတော်စင်အဆင့်တွင်သာ ထားရှိလိုက်သည်။ အပြင်ဘက်ရှိမည်သူမျှ သူတော်စင်အဆင့်မဟုတ်ကြသောကြောင့် ၎င်းမှာလုံလောက်၏။
နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပါက ခန့်မှန်း၍မရသော နက်ရှိုင်းမှုကိုသာ ခံစားရပေလိမ့်မည်။
သူပြန်လည်ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ ထိတ်လန့်တကြားဖြစ်သွားကြပြီး အချို့မှာ ကောင်းကင်ပေါ်မှပင် ပြုတ်ကျကုန်၏။ ၎င်းမှာ ကျန်းချန်က တိုက်ခိုက်သောကြောင့်မဟုတ်ဘဲ သူ၏အထက်၌ မည်သူမျှမပျံသန်းဝံ့သောကြောင့်ဖြစ်သည်။
အရှင်မြတ်ကျင့်ဟွမ်းမှာ သူတော်စင်အဆင့် ၅အဆင့်ရှိသော ပညာရှင်ကြီးဖြစ်ပြီး ချင်လင်နယ်မြေတစ်ခုလုံး၌ နာမည်ကျော်ကြားသူဖြစ်သည်။ မြင့်မြတ်နယ်မြေ၏ ပတ်ဝန်းကျင်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ၏ရှေ့မှောက်၌ မည်သူကပျံသန်းဝံ့မည်နည်း။
ဒုန်း
မြည်သံများနှင့်အတူ လူအုပ်ကြီးမှာ ဒူးထောက်လိုက်ကြသည်။ ၎င်းတို့မှာ ပုယွီမြင့်မြတ်နယ်မြေကိုကူညီရန် ပြန်လာကြသော စစ်ကူများဖြစ်သည်။
"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
"အကြီးအကဲချုပ်ကို ဂါရဝပြုပါတယ်"
"ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်။ ကျွန်တော် ဝူရုန်ပါ၊ အကြီးအကဲ ဝူကျန်းရဲ့ အကြီးဆုံးတပည့်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းငါးသိန်းက ဆရာ့နောက်လိုက်ရင်း ဘိုးဘေးကြီးကို ဖူးမြော်ခွင့်ရခဲ့ဖူးပါတယ်... ကျွန်တော့်ကို မှတ်မိပါသလား"
"မဟာဘိုးဘေးကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော် ရှုကျိပါ၊ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက ဖေးယန်ဆောင်ကနေထွက်ခွာပြီး အပြင်မှာ မိသားစုတည်ထောင်ခဲ့တာပါ၊ ဒါတွေက ကျွန်တော့်ရဲ့ မထက်မြက်တဲ့ သားစဉ်မြေးဆက်တွေပါ..."
"အားလုံးပဲ ဘိုးဘေးကြီးကို ချက်ချင်းဂါရဝပြုကြစမ်း"
"ဘိုးဘေးကြီး... ဘာဖြစ်လို့ ဂိုဏ်းထဲမှာမနေဘဲ အပြင်ကိုထွက်လာရတာလဲခင်ဗျာ"
အရှင်မြတ်ကျင့်ဟွမ်းသည် နှစ်ပေါင်းသန်းချီကျင်လည်ခဲ့သူဖြစ်သဖြင့် သူ၏ တပည့်၊ မြေးတပည့်များမှာပင် အစွမ်းထက်သူများဖြစ်နေကြပြီဖြစ်ရာ ဤလူများသည် သူ့မြေးတပည့်များ၏ မြေးတပည့်များမျှသာဖြစ်သည်။
သို့သော်လည်း ၎င်းတို့ထဲမှအများစုမှာ တာအိုနန်းတော်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် ချန်ရှင်းမင်းဆက်မှ ဧကရာဇ်ရှန့်ကောင်းယဲ့ကိုပင် တုန်လှုပ်စေနိုင်သည့် တာအိုနန်းတော်အဆင့် ၉ ပညာရှင်များပင် ပါဝင်နေသည်။
ယခုမူ ၎င်းတို့အားလုံးမှာ ကျန်းချန်၏ခြေရင်း၌ ဦးညွှတ်နေကြချေပြီ။ ကောင်းကင်ကံကြမ္မာ သို့မဟုတ် ဝိညာဉ်အခြေတည်အဆင့်ရှိ လူငယ်များမှာမူ စကားပြောပိုင်ခွင့်ပင်မရှိဘဲ မြေကြီးပေါ်သို့ မျက်နှာအပ်ထားကြရသည်။
အစ်ကိုကြီးချန်မှာ စိတ်ထဲ၌ အလွန်ဝမ်းသာနေမိသည်။
အိုက်ယား... ရုပ်ဖျက်အတတ်က တကယ်ကိုအသုံးဝင်တာပဲ... အရင်တစ်ခါက လူရွေးမှားသွားတာ...
သူသည် ဟန်ကြီးပန်ကြီးဖြင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
"ဘိုးဘေးကြီးရဲ့ကိစ္စတွေကို မင်းတို့လိုကောင်တွေက ခန့်မှန်းဝံ့သလား"
"မဝံ့ပါဘူးခင်ဗျာ"
"ကျွန်တော်တို့ရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ ဘိုးဘေးကြီး"
"ကျွန်တော်တို့ အကြိမ်ပေါင်းတစ်သောင်း သေသင့်ပါတယ်"
ဘိုးဘေးကြီးသာသတ်လိုလျှင် စိတ်ကူးလိုက်ရုံဖြင့် ၎င်းတို့အားလုံး သေသွားနိုင်သည် မဟုတ်ပါလား။
"တော်ပြီ... တော်ပြီ... အသုံးမကျတဲ့အမှိုက်တွေ"
သူသည် တံခါးဖွင့်မန္တန်ကို ရွတ်ဆိုရန်ပင်မလိုပေ။ အစီအရင်ကိုစောင့်ကြပ်နေသော တပည့်များမှာ ဒူးထောက်၍ အစီအရင်ကိုဖွင့်ပေးကာ ဘိုးဘေးကြီးကို ဂိုဏ်းအတွင်းသို့ ကြိုဆိုလိုက်ကြသည်။
သူ အတွင်းသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းမှာ သီးခြားကမ္ဘာတစ်ခုကဲ့သို့ပင်။ မြူခိုးများရစ်သိုင်းနေပြီး ရောင်စုံတိမ်တိုက်များက တောက်ပနေသည်။ နန်းတော်အထပ်ထပ်မှာ မင်ရှင်းမြင့်မြတ်နယ်မြေကဲ့သို့ပင် ကောင်းကင်၌ဝဲပျံနေကြသည်။
ကောင်းကင်ထက်တွင် ဝိညာဉ်ငှက်အုပ်များ ပျံသန်းနေကြပြီး သာယာသောအော်မြည်သံများ ထွက်ပေါ်နေသည်။ တိမ်တိုက်များကြား၌ တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသော တောင်ထိပ်များတွင် အဆင့် ၈၊ အဆင့် ၉ ဝိညာဉ်ဆေးပင်များမှာ နေရာအနှံ့ရှိနေပြီး ကောင်းကင်နှင့်မြေကြီး ရတနာများလည်း ပြန့်ကျဲနေသည်။
ဝိညာဉ်စွမ်းအားမှာ တစ်ချက်ရှူလိုက်ရုံဖြင့် စိတ်ကိုလန်းဆန်းစေကာ မြေပြင်ပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင်။
ကျန်းချန်မှာ ထိုမြင်ကွင်းကိုကြည့်၍ ကျေနပ်နေမိသည်။ ဤနေရာမှာ ဖေးရှန်ဂိုဏ်း၏ ရုံးချုပ်အသစ်ဖြစ်လာတော့မည်ဟု တွေးလိုက်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်း၏။ သူ့နောက်သို့ တကောက်ကောက်လိုက်ပါလာကြသော ပညာရှင်များကိုကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။
"အားလုံးပဲ... လိုက်ခဲ့ကြ"
ထိုစကားကြောင့် လူတိုင်းမှာ အလွန်ဝမ်းသာသွားကြသည်။ ဂိုဏ်းအတွင်းရောက်ပါက ၎င်းတို့အား သက်ဆိုင်ရာအကြီးအကဲများအောက်သို့ ခွဲထုတ်လိုက်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
ဘိုးဘေးကြီးကိုယ်တိုင်က ဦးဆောင်လိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ အလွန်ကြီးမားသော ဂုဏ်သရေပင်။
"ဟုတ်ကဲ့ပါခင်ဗျာ"
"ဘိုးဘေးကြီးရဲ့အမိန့်ကို လုံးဝမလွဲချော်စေရပါဘူး"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဘိုးဘေးကြီး၏ မျက်နှာသာပေးမှုကိုရရှိရန် အပြိုင်အဆိုင် ကြိုးစားနေကြတော့သည်။ ထောင်နှင့်ချီသော လူအုပ်ကြီးသည် ဂိုဏ်း၏အလယ်ဗဟိုသို့ တိုက်ရိုက်ဦးတည်သွားကြသည်။
မိုင်အနည်းငယ်ပျံသန်းပြီးနောက် ဘေးဘက်မှ နောက်ထပ်ထောင်နှင့်ချီသော ကျင့်ကြံသူအုပ်စုတစ်စု ပေါ်လာပြန်သည်။ ကျန်းချန်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်လာသော အကြီးအကဲများနှင့် သူတော်စင်များမှာ တိမ်တိုက်ပေါ်မှဆင်းကာ ဒူးထောက်လိုက်ကြသည်။
"မဟာဘိုးဘေးကြီးကို ဂါရဝပြုပါတယ်... ဘာကိစ္စကြောင့် အပြင်ကိုကြွလာရတာလဲ မေးပါရစေ"
"အရှင်က ပထမနတ်နန်းတော်မှာရှိနေမယ်လို့ ကျွန်တော်တို့ထင်ထားတာ..."
ယခုအခါတွင် ကျန်းချန်သည် အရှင်မြတ်ကျင့်ဟွမ်း၏ အရှိန်အဝါမည်မျှကြီးမားကြောင်း သိရှိသွားပြီဖြစ်ရာ သူသည် မတုန်လှုပ်ဘဲ မျက်နှာကိုခက်ထန်အောင် ထားလိုက်သည်။
"ရဲတင်းလှချေလား... ငါ ဘယ်သွားသွား မင်းတို့ကိုအစီရင်ခံနေရမှာလား"
"မဝံ့ပါဘူးခင်ဗျာ..."
"တပည့် အကြိမ်ပေါင်းတစ်သောင်းသေသင့်ပါတယ်..."
"ဘိုးဘေးကြီးရဲ့ခွင့်လွှတ်မှုကို တောင်းခံပါတယ်"
ထိုအကြီးအကဲများနှင့် သူတော်စင်များ ထိတ်လန့်သွားကြသည်ကို မြင်သောအခါ ဝူရုန်နှင့် ရှုကျိတို့မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်ကြသည်။ ဘိုးဘေးကြီးနောက်လိုက်ရသည်မှာ တကယ်ကို မတူပေ။
ဂိုဏ်းထဲ၌ဆိုလျှင် ၎င်းတို့မှာ ထိုသူတော်စင်များကို ဦးညွှတ်ရမည်ဖြစ်သော်လည်း ယခုမူ ၎င်းတို့သည် ဘိုးဘေးကြီး၏ ကိုယ်ရံတော်များကဲ့သို့ ဖြစ်နေချေပြီ။
"မင်းတို့အားလုံးက စုရပ်ကိုသွားနေကြတာလား"
ကျန်းချန်မှာ ပုယွီမြင့်မြတ်နယ်မြေ၏ အစီအစဉ်များကို အမှန်တကယ်မသိရှိပေ။ သို့သော် ခန့်မှန်းရသည်မှာ ပညာရှင်အားလုံးကို တစ်နေရာတည်းတွင်စုရုံးကာ တာဝန်များခွဲဝေပြီးမှ နှလုံးသားဌာနသို့ ချီတက်ကြမည်ဖြစ်သည်။
"ဟုတ်ကဲ့ပါခင်ဗျာ"
"ကောင်းပြီ... ဒီတော့ ငါ့နောက်ကိုလိုက်ခဲ့"
မည်သူက ငြင်းဆန်ဝံ့မည်နည်း။ ၎င်းတို့သည်လည်း လူအုပ်ကြီးထဲသို့ အမြန်ဝင်ရောက်လိုက်ကြရာ ကျန်းချန်၏ နောက်လိုက်အုပ်စုမှာ ပို၍ပင်ကြီးမားလာတော့သည်။