ဘိုးဘေးကြီးရဲ့အမိန့်ကို ဖီဆန်ဝံ့သလား
Vol. 13 Ch. 130
ထိုသို့ဖြင့် မိုင်ပေါင်းထောင်ချီသောခရီးလမ်းတစ်လျှောက် ကျန်းချန်သည် နောက်ထပ် လူအုပ်စုငါးစုကို စုစည်းခဲ့ပြန်သည်။ ယခုအခါ သူ၏နောက်တွင် လိုက်ပါလာသောလူဦးရေမှာ နှစ်သောင်းအထိ ရှိနေချေပြီ။
ဤလူအုပ်စုထဲတွင် တာအိုနန်းတော်အဆင့် ကျင့်ကြံသူ ၂၇၂ ဦး ပါဝင်ပြီး ၎င်းတို့အနက် ၁၅ ဦးမှာ တာအိုနန်းတော်အဆင့် ၉ များ ဖြစ်ကြသည်။ ကျန်ရှိသော လူနှစ်သောင်းထဲတွင် ငါးထောင်ကျော်မှာ ကောင်းကင်ကံကြမ္မာအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤကဲ့သို့သောလူအင်အားကိုသာ အပြင်သို့ထုတ်လိုက်ပါက နယ်မြေဒေသအနှံ့အပြားရှိ မင်းဆက်ဒါဇင်ပေါင်းများစွာကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
ယခုအခါ ကျန်းချန်သည် ထိုလူအုပ်ကြီးကိုဦးဆောင်၍ အလယ်ဗဟိုရှိ ပင်မနန်းဆောင်ကြီးဆီသို့ ခန့်ခန့်ညားညားချီတက်နေသည်။ အဝေးမှကြည့်လျှင် နန်းဆောင်အပြင်ဘက်တွင် ရပ်စောင့်နေကြသော လူအုပ်ကြီးကို မြင်တွေ့နေရလေပြီ။
၎င်းတို့မှာ စောစီးစွာရောက်ရှိနေကြသော တောင်ထိပ်အသီးသီးမှ အကြီးအကဲများနှင့် တပည့်များဖြစ်ကြပြီး ပျမ်းမျှအစွမ်းမှာ ကျန်းချန်နောက်မှ လူနှစ်သောင်းထက်မနိမ့်ပါချေ။
ကောင်းကင်ယံထက်တွင်လည်း အကြီးအကဲများစွာမှာ ဝိညာဉ်သားရဲများကိုစီးနင်းကာ အစီအစဉ်များကို ကြီးကြပ်နေကြသည်။ ဂိုဏ်းချုပ်၊ အဆင့်မြင့်အကြီးအကဲများနှင့် အကြီးအကဲချုပ်များမှာမူ နန်းဆောင်အတွင်း၌ တိုင်ပင်ဆွေးနွေးနေ၏။
မင်ရှင်းမြင့်မြတ်နယ်မြေကို တိုက်ခိုက်ခြင်းမှာ ကြီးမားသောဖြစ်ရပ်တစ်ခု ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ပုယွီမြင့်မြတ်နယ်မြေသည် မင်ရှင်းမြင့်မြတ်နယ်မြေကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။
မချေမှုန်းချင်၍မဟုတ်ဘဲ မချေမှုန်းနိုင်သောကြောင့်ဖြစ်သည်။ နှလုံးသားဌာန၏ လူဦးရေမှာ တစ်သောင်းခန့်သာရှိသော်လည်း ၎င်းတို့၏ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားမှာ ပုယွီမြင့်မြတ်နယ်မြေထက် သာလွန်သည်။ သူတော်စင်အဆင့်ပညာရှင်သုံးဦးဖြင့် သူတော်စင်ငါးဦးကို ရင်ဆိုင်၍ မြင့်မြတ်နယ်မြေတစ်ခုလုံးကိုဖျက်ဆီးရန်မှာ အိပ်မက်တစ်ခုသာ။
၎င်းတို့၏အဓိကပန်းတိုင်မှာ ကျန်းချန်နှင့် လန်ယီကိုဖမ်းဆီးရန်ဖြစ်သည်။ အထူးသဖြင့် စုန်းဌာန၏ မြေဝိညာဉ်စုန်းကျမ်းစာကို ပိုင်ဆိုင်ထားသော လန်ယီပင်။
ဤကျမ်းစာမှာ အခြားကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း စုန်းအတတ်ကိုကျင့်ကြံနေသော ပုယွီမြင့်မြတ်နယ်မြေအတွက် ရတနာတစ်ပါးဖြစ်သည်။ စကားအမိန့်တော်ကျိန်စာမှာ စုန်းအတတ်၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သော်လည်း ၎င်းကိုအခြေခံပြီး မြင့်မြတ်နယ်မြေအဆင့်အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။
အကယ်၍ မြေဝိညာဉ်စုန်းကျမ်းစာအပြည့်အစုံကိုရရှိပါက စကားအမိန့်တော်ကျိန်စာကို ပြည့်စုံစေရုံသာမက အခြားသောစုန်းအတတ်များကိုလည်း သင်ယူနိုင်မည်ဖြစ်သည်။
ကျန်းချန်သည် လက်မြှောက်၍ ပင်မနန်းဆောင်၏ အထက်ကောင်းကင်ယံတွင် ရပ်တန့်လိုက်သည်။ သူ၏နောက်မှလူနှစ်သောင်းမှာ အောက်သို့ဆင်း၍ ကျန်သူများနှင့်ပူးပေါင်းရန် ပြင်လိုက်သော်လည်း ဘိုးဘေးကြီးက အောက်သို့မဆင်းသေးသဖြင့် မည်သူမျှမလှုပ်ရှားဝံ့ကြပေ။
"ကဲ... အခု မင်းတို့အားလုံး မင်းတို့ရဲ့တာအိုနန်းတော်တွေကိုထုတ်... အစွမ်းအထက်ဆုံး လက်နက်တွေကိုကိုင်စွဲပြီး အောက်ဘက်ကို မင်းတို့ရဲ့အကောင်းဆုံးတိုက်ကွက်တွေနဲ့ တိုက်ခိုက်ကြစမ်း"
"ဟင်"
အောက်ကိုတိုက်ခိုက်ရမည်လော။
အောက်တွင်ရပ်နေကြသူများမှာ တောင်ထိပ်အသီးသီးမှ အကြီးအကဲများနှင့် ညီအစ်ကို တပည့်များ မဟုတ်ပါလား။ ထို့အပြင် ပင်မနန်းဆောင်အတွင်း၌လည်း အဆင့်မြင့်ခေါင်းဆောင်များ ရှိနေကြသည်။
အကယ်၍ တစ်ပြိုင်နက်တိုက်ခိုက်လိုက်ပါက ကိုယ့်လူကိုယ်ပြန်တိုက်သလို ဖြစ်နေမည်မဟုတ်ပါလား။
၎င်းတို့ တွန့်ဆုတ်နေသည်ကိုမြင်သောအခါ ကျန်းချန်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခက်ထန်စွာအော်ဟစ်လိုက်သည်။
"ဘာလဲ... မင်းတို့က ဘိုးဘေးကြီးရဲ့အမိန့်ကိုတောင် မနာခံတော့ဘူးလား"
ဝူရုန်နှင့် အခြားသူများမှာ အလျင်အမြန် တောင်းပန်ကြသည်
"မဝံ့ပါဘူးခင်ဗျာ... ဒါပေမဲ့အောက်မှာက..."
သူစကားမဆုံးမီ အစ်ကိုကြီးချန်ကဖြတ်ပြောလိုက်သည်။
"ငတုံးတွေ"
"အောက်မှာရှိတဲ့လူတွေက ငါတို့လူတွေဆိုတာ ဘိုးဘေးကြီးကမသိဘူးလို့ မင်းတို့ထင်နေသလား။ ငါဒီမှာရှိနေပါလျက်နဲ့ မင်းတို့က သူတို့ကို တကယ်ထိခိုက်အောင်လုပ်နိုင်မယ် ထင်လို့လား။ ဒါက မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်တာပဲ။ စစ်ပွဲမတိုင်ခင် မင်းတို့ရဲ့အစွမ်းတွေ လျော့ကျသွားသလားဆိုတာကို စစ်ဆေးတာ။ ငါဒီမှာအပြတ်ပြောလိုက်မယ်... အခု အစွမ်းကုန်မသုံးတဲ့သူရှိရင် အဲဒီနေရာမှာတင် ငါအမှုန့်ခြေပစ်မယ်"
လူတိုင်းက ပြန်စဉ်းစားကြည့်ရာ ယုတ္တိရှိသည်ဟု ထင်မြင်သွားကြသည်။ ဘိုးဘေးကြီးက ၎င်းတို့အား အချင်းချင်းတိုက်ခိုက်ခိုင်းမည်မဟုတ်။
သူတော်စင်နယ်မြေ၏ ကောင်းကင်ဖီဆန်သောအစွမ်းဖြင့်ဆိုလျှင် လူနှစ်သောင်းလုံးတိုက်ခိုက်သည့်တိုင် လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် တားဆီးနိုင်မည် မဟုတ်ပါလား။ ၎င်းမှာ ကြိုတင်ပြင်ဆင်ထားသော စမ်းသပ်မှုတစ်ခုသာဖြစ်ရမည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါဘိုးဘေးကြီး"
"ကျွန်တော်တို့ အခုပဲတိုက်ခိုက်ပါ့မယ်၊ ဘိုးဘေးကြီးရဲ့အမိန့်ကို စောင့်နေပါတယ်"
"ရှုမိသားစုတပည့်တွေအားလုံး နားထောင်စမ်း၊ အခုအစွမ်းကုန်သုံးကြ၊ ဘိုးဘေးကြီးစိတ်ပျက်အောင်မလုပ်နဲ့"
"စိတ်မပူပါနဲ့အဘိုး... ကျွန်တော်သိမ်းထားတဲ့ အဆင့် ၉ ဝိညာဉ်အဆောင်ကို ထုတ်လိုက်ပါပြီ"
"ဝူမိသားစုတပည့်တွေအားလုံး အားတင်းထားကြစမ်း၊ ဒါက ဘိုးဘေးကြီးရှေ့မှာမျက်နှာပြရမယ့် အခွင့်အရေးပဲ။ ဘယ်သူပဲဖြစ်ဖြစ် ထူးထူးချွန်ချွန်လုပ်ပြနိုင်ရင် ဘိုးဘေးကြီးရဲ့ဓားထမ်းလုလင်အဖြစ် အနားမှာနေခွင့်ရနိုင်တယ်၊ အဲဒီအခါ တာအိုနန်းတော်အဆင့်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ"
ရုတ်တရက်ဆိုသလို ကောင်းကင်ယံရှိလူနှစ်သောင်းမှာ စိတ်လှုပ်ရှားစွာဟစ်ကြော်လိုက်ကြပြီး ၎င်းတို့၏တိုက်ခိုက်လိုစိတ်မှာ ကောင်းကင်သို့ထိုးတက်သွားသည်။ အောက်ဘက်ရှိ တပည့် ခုနစ်သောင်း၊ ရှစ်သောင်းခန့်မှာ ဇဝေဇဝါဖြင့် အပေါ်မော့ကြည့်နေကြ၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ရှိလူတိုင်းမှာ တာအိုနန်းတော်များနှင့် ဝိညာဉ်စင်မြင့်များကို ထုတ်ဖော်လိုက်ကြပြီး လက်နက်များမှာ ဝိညာဉ်စွမ်းအားများဖြင့် တောက်ပလာသည်။ အောက်မှလူများမှာ မိမိတို့အား တိုက်ခိုက်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း မည်သူမျှ အိပ်မက်ပင်မမက်ခဲ့ကြပေ။
ကျန်းချန်အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပညာရှင်အားလုံးက အောက်သို့တိုက်ခိုက်လိုက်ကြရာ အောက်မှလူများမှာ တုံ့ပြန်ရန်အချိန်မရတော့ပေ။ ကောင်းကင်မှ တိုက်ကွက်ပေါင်းနှစ်သောင်းသည် အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာတော့သည်။
ခဏချင်းမှာပင် ထိုတိုက်ကွက်များသည် ပင်မနန်းဆောင်နှင့် ပတ်ဝန်းကျင်အရပ်ရပ်သို့ ထိမှန်ပေါက်ကွဲတော့သည်။ ဤလူများထဲတွင် ကောင်းကင်ကံကြမ္မာအဆင့်နှင့် တာအိုနန်းတော်အဆင့်များစွာ ပါဝင်နေသဖြင့် ကြီးမားသောပျက်စီးမှုကို ဖြစ်စေသည်။
ရင်ပြင်ပေါ်ရှိ လူခုနစ်သောင်း၊ ရှစ်သောင်းခန့်မှာ လုံးဝခုခံမှုမရှိကြ။ မိမိတို့လူများက ပြန်တိုက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ဝိညာဉ်စွမ်းအားကိုလည်း မစုစည်းထားကြသလို ဝိညာဉ်ချပ်ဝတ်များကိုလည်း မဝတ်ဆင်ထားကြပေ။ ထို့ကြောင့် အသေအပျောက်မှာ အလွန်များပြားလှသည်။ ဤတိုက်ခိုက်မှုလှိုင်းအောက်တွင် လူအကုန်နီးပါးသုတ်သင်ခံလိုက်ရပြီး အများစုမှာ အလောင်းပင်မကျန်ပေ။
ကျန်းချန်ကိုယ်တိုင်ပင်လျှင် သူ၏ပြောင်မြောက်သောစံချိန်ကြောင့် အံ့အားသင့်သွားရသည်။ သူသည် ပုယွီမြင့်မြတ်နယ်မြေကို အရင်ဆုံးသွေးအန်အောင်လုပ်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း သူအသတ်ခံရပြီး အသက်ပြန်မရှင်မီမှာပင် ဤမြင့်မြတ်နယ်မြေကို ကြိုတင်ဖျက်ဆီးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။