← Chapters

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း (301)

စုန့်စစ်ယွီ အနေဖြင့် ထိုကားပိုင်ရှင်က စုန့်ရှီးယန်ဖြစ်လောက်ကြောင်းကို သိရှိသွားပြီ ဖြစ်၍ သူ့၏အနားသို့ ချဉ်းကပ်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်ခဲ့သည်။

သို့သော်လည်း သူမက စုန့်ရှီးယန်၏ရှေ့တွင် လင်းရန်ကို အရှက်ခွဲရန်အတွက်တော့ လုပ်ဆောင်နိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ သူမ အလွယ်တကူ မရနိုင်သည့်အရာကို လင်းရန် ရရှိသွားမည်ကိုတော့ သူမ လုံးဝ အဖြစ်မခံနိုင်ပေ။

သို့သော် သူမ လုံးဝ မျှော်လင့်မထားသည်မှာ သူမက လင်းရန်အား ထိုသို့ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေသည်ကို ကြားလျှင် စုန့်ရှီးယန်က အံ့အားသင့်သွားခြင်း မရှိသည့်အပြင် လင်းရန်အား အတည်ပြုရန်လည်း မမေးမြန်းခဲ့ချေ။

ထို့အစား စုန့်စစ်ယွီကိုသာ ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာခဲ့လေသည်။

စုန့်စစ်ယွီ ကြောင်အသွားရ၏။ သူမအနေဖြင့် လင်းရန်အား ဆက်လက်ပြီး အပုပ်ချရန် ပြင်နေစဉ်မှာပင် ဘေးနားရှိ လင်းရန်ထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဟားဟား .. စုန့်စစ်ယွီ၊ လူတိုင်းက နင့်လိုပဲ စည်းကမ်းမရှိဘဲ စိတ်ထင်တိုင်း လုပ်တတ်တယ်လို့ ထင်နေတာလား။ ငါ ဒီမှာ ရှိနေတာကို တစ်ခုခု မှားယွင်းနေတယ်လို့ ထင်ရင်လည်း သွားတိုင်လိုက်လေ၊ ငါ စောင့်နေလိုက်မယ်”

လင်းရန်မှ ထိုသို့ပြောလိုက်လျှင် စုန့်စစ်ယွီအနေဖြင့် မည်မျှပင် တုံးအပါစေ၊ အမှန်တရားက သူမ ထင်ထားသကဲ့သို့ မဟုတ်ကြောင်း သိလိုက်ရပေသည်။

လင်းရန်အနေဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း ကျေးလက်ဒေဇမှ မြို့သို့ ပြန်လာနိုင်စွမ်း ရှိနေရုံတင်မကဘဲ တရားဝင်ပင် ဖြစ်နေနိုင်၏။

သူမက မည်သူ့၏အကူအညီကို ရယူခဲ့သနည်း။ သူမ၏ရှေ့မှ စုန့်ရှီးယန်ကြောင့်များ ဖြစ်နိုင်သည်လား။

“နင်တို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ”

လင်းရန်က မျက်လုံးကို တစ်ချက်လှန်ကြည့်ကာ “နင့်အလုပ် မဟုတ်ပါဘူး” ဟူ၍ ပြောရန် ပြင်လိုက်သော်လည်း စုန့်ရှီးယန်က သူမထက် ဦးအောင် ဖြတ်ပြောလိုက်လေ၏။

“ငါတို့က တစ်သက်လုံး လက်တွဲသွားမဲ့ ဇနီးမောင်နှံတွေပဲ၊ တခြားဘယ်သူ့ကိုမှလည်း ထပ်ရှာဖို့ အစီအစဉ်မရှိဘူး၊ ဘာလဲ မင်းမှာ ကန့်ကွက်စရာ ရှိနေလို့လား”

လင်းရန် : “...”

ရုတ်တရက်ပင် တစ်ဖက်လူက သူတို့၏ ချစ်ခင်မှုကို တမင်သက်သက် ထုတ်ဖော်ကြွားဝါနေသကဲ့သို့ သူမ ခံစားလိုက်ရ၏။ သို့သော်လည်း သူမကိုယ်တိုင် သေချာမသိသောကြောင့် နောက်ထပ် ဆက်လက်နားထောင်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

တစ်ဖက်မှ စုန့်စစ်ယွီသည်ကား စုန့်ရှီးယန်၏ စကားကြောင့် ချက်ချင်းပင် မျက်နှာပျက်ကာ အရှက်ရသွားခဲ့ရ၏။

စုန့်ရှီးယန်၏ “နောက်ထပ် ဘယ်သူ့ကိုမှလည်း ထပ်ရှာဖို့ အစီအစဉ်မရှိဘူး” ဆိုသည့် စကားမှာ သူမကို သွယ်ဝိုက်၍ ရွဲ့စောင်းပြောဆိုခြင်းဖြစ်ပြီး သူမကို အထင်သေးနေခြင်းဖြစ်သည်ဟု သူမ ခံစားလိုက်ရပေသည်။

သေစမ်း!

အကယ်၍ ဤအိမ်ထဲတွင် ရှိနေသူကသာ သူတို့ဖြစ်နေကြောင်းကို သိခဲ့ပါက၊ သူမကို လာရန် တောင်းပန်နေလျှင်ပင် လုံးဝလာခဲ့မည်မဟုတ်ချေ။

လင်းရန် ထိတွေ့ခဲ့ဖူးသည့် အမျိုးသားကို သူမ,စုန့်စစ်ယွီက ညစ်ပတ်သည်ဟူ၍ပင် ထင်ပြီးရွံရှာမိသေးသည်။

နောက်ဆုံးတွင်တော့ စုန့်စစ်ယွီက လင်းရန်နှင့် စုန့်ရှီးယန်တို့ထံမှ မည်သည့်အမြတ်အစွန်းမျှ မရရှိခဲ့သဖြင့် နှာခေါင်းတစ်ချက်မှုတ်ကာ ဒဆါသတကြီး ပြောလိုက်လေ၏။

“အရှက်မရှိလိုက်ကြတာ!”

ထိုသို့ပြောပြီးနောက်တွင် သူမက ခြေဆောင့်ပြီး လှည့်ထွက်သွားတော့သည်။

သူမက ကားအနားမှ ဖြတ်သွားချိန်တွင် အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း စုန့်ရှီးယန်ကို ထပ်မံချဉ်းကပ်ရန်မှာ လုံးဝမဖြစ်နိုင်တော့ချေ။

ဩဇာအာဏာရှိသော အမျိုးသားများက လောကကြီးတွင် အမြောက်အမြား ရှိနေသည်ဖြစ်၍ သူမအနေဖြင့် တခြားတစ်ယောက်ကို သေချာပေါက် ပြန်ရှာနိုင်ပေလိမ့်မည်။

စုန့်စစ်ယွီက ရုတ်တရက် ရောက်လာပြီး ရုတ်တရက်ပင် ပြန်သွားခဲ့ရ၏။

သို့သော် ယနေ့မနက်တွင် သူမ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် လင်းရန်မှ ဤနေရာတွင် နေထိုင်ကြောင်းကို သူမ ကြိုတင်မသိရှိခဲ့ကြောင်း ထင်ရှားပေသည်။

စုန့်ရှီးယန်အနေဖြင့် တခြားအရာများကို စိုးရိမ်ခြင်းမရှိသော်လည်း လင်းရန် ဤနေရာတွင် နေထိုင်ကြောင်းကိုဘ စုန့်စစ်ယွီ သိသွားပြီဖြစ်၍ ယနေ့မှစ၍ သူမက လင်းရန်အား ပြဿနာရှာမည် သို့မဟုတ် ဒုက္ခပေးမည်ကိုသာ စိုးရိမ်နေမိလေ၏။

ထိုစိုးရိမ်မှုအပေါ် လင်းရန်က အောက်ပါအတိုင်းသာ တုံ့ပြန်ခဲ့သည်။

“ကျွန်မက အနိုင်ကျင့်ခံရမယ့်သူလို့ ရှင် ထင်နေတာလား”

စုန့်စစ်ယွီက အိမ်တံခါးအထိ မလာရဲဘဲနေမည်ကိုပင် သူမက စိုးရိမ်နေခဲ့သေးသည်။ အကယ်၍သာ သူမ ရောက်လာခဲ့ပါက လင်းရန်တွင် သူမအား ဧည့်ခံကျွေးမွေးရန် နည်းလမ်းပေါင်းများစွာ ရှိနေပေသည်။

လင်းရန်၏ ခိုင်မာပြတ်သားမှုကြောင့် စုန့်ရှီးယန်လည်း နားလည်သွားပုံရပြီး နောက်ဆုံးတွင် သူမအား နေရာပြောင်းရွှေ့ရန် အကြံပြုမည့်စကားကို မျိုသိပ်လိုက်ရတော့သည်။

စုန့်စစ်ယွီ ထွက်သွားပြီးနောက် သိပ်မကြာမီမှာပင် စုန့်ရှီးယန်က စစ်တပ်သို့ ပြန်ရန် ပြင်ဆင်ရလေ၏။

ယခုတစ်ခေါက် ခွဲခွာရခြင်းက ယခင်တစ်ခေါက် ထွက်ခွာခဲ့စဉ်က ခံစားချက်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှပေသည်။ယခင်တစ်ခေါက်ကလည်း သူ့အနေဖြင့် လင်းရန်အား အလွန်ပင် ခွဲမရနိုင်အောင် လွမ်းဆပ်ခဲ့ရသော်လည်း၊ ထိုအချိန်က သူတို့၏ ဆက်ဆံရေးမှာ ချစ်သူအဆင့်တွင်သာ ရှိသေးသဖြင့် ယခုလောက်အထိ နီးကပ်မှု မရှိသေးချေ။

သို့သော် ယခုတစ်ကြိမ် ခွဲခွာရခြင်းမှ သူတို့၏ မင်္ဂလာဦး ဒုတိယမြောက်နေ့တွင် ဖြစ်နေသည့်အတွက် စုန့်ရှီးယန်တစ်ယောက် ထိုခံစားချက်ကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ပေ။

အကယ်၍ ဖော်ပြရမည်ဆိုပါက စကားလုံး သုံးလုံးသာ ရှိပေလိမ့်မည်။

“မခွဲနိုင်ဘူး”

“လုံးဝကို မခွဲနိုင်ဘူး”

သို့သော် မည်မျှပင် ခွဲခွာရခက်နေသည်ဖြစ်စေ သွားရမည်သာ ဖြစ်ပေသည်။ ခွင့်ရက်က သုံးရက်သာ ကြာမြင့်ပြီး စည်းကမ်းမှာလည်း အလွန်တင်းကျပ်သောကြောင့် နောက်ကျခြင်းက ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူ့အနေဖြင့် အိမ်ပြန်ရောက်သည့်နောက်တွင် လုပ်ဆောင်ရန် ကြီးမားသော ကိစ္စတစ်ခု ရှိသေးသည်။ ထိုသည်က သူ၏ အထက်လူကြီးထံသို့ သူ၏ အိမ်ထောင်ပြုခွင့် လျှောက်ထားလွှာကို အမြန်ဆုံး အတည်ပြုချက် ရယူရန် ဖြစ်၏။

ထိုသို့ အတည်ပြုပြီးပါက သူ့အနေဖြင့် မင်္ဂလာဆောင် ခွင့်ရက်အနည်းငယ်ကို ထပ်မံရရှိမည်ဖြစ်ပြီး လင်းရန်နှင့်အတူ မင်္ဂလာဆောင်ဓာတ်ပုံများ ရိုက်ကူးနိုင်ကာ၊ လက်ထပ်မှတ်ပုံတင်လက်မှတ် ရယူပြီး နောက်ထပ် ရက်အနည်းငယ်ကြာအောင် အတူနေထိုင်နိုင်ပေလိမ့်မည်။

ထိုသို့ တွေးလိုက်ပြီးနောက် ဘဝက နောက်တစ်ဖန် ပြန်လည် မျှော်လင့်ချက်များ ရှိလာသကဲ့သို့ ခံစားလိုက်ရပြန်သည်။

လင်းရန်သည်ကား စုန့်ရှီးယန် ယနေ့ ထွက်ခွာရမည်ကို အတန်ကြာမှသာ သတိရလိုက်မိလေ၏။

သူမအနေဖြင့် မူလက သူ့အား ပြစ်ဒဏ်အနေဖြင့် အေးစက်စွာ ဆက်ဆံရန် ကြံစည်ထားသော်လည်း ထိုသူက မကြာမီ ထွက်ခွာတော့မည်ဖြစ်ပြီး သူတို့နှစ်ဦးသည်လည်း မည်သည့်အချိန်တွင်မှ ပြန်လည်ဆုံတွေ့ရမည်ကို မသိနိုင်တော့သည့်အတွက် သူမ၏ စိတ်အခြေအနေမှာ ထိုးကျသွားခဲ့ရသည်။

သို့သော်လည်း သူမဘက်မှ စုန့်ရှီးယန်အပေါ် သနားစိတ်ဝင်နေသည်ကို သူ သိသွားမည်ကို စိုးရိမ်ပြီး၊ တစ်ဖက်လူက ပို၍ စိတ်မကောင်းဖြစ်နေမည်ကို တားဆီးရန်အတွက် လင်းရန်တစ်ယောက် တည်ငြိမ်ဟန်ဆောင်ပြီး သူ့အား ပြောလိုက်လေ၏။

“သေသေချာချာကြည့်လိုက်ဦး၊ ရှင့်ပစ္စည်းတွေ အကုန်ပါပြီလား၊ ရှင့်ရဲ့ သက်သေခံကတ်ပြားတွေလည်း မမေ့နဲ့ဦးနော်”

စုန့်ရှီးယန်တစ်ယောက် ရိုးသားစွာဖြင့် ပစ္စည်းများကို တစ်ဖန် ပြန်စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“အားလုံး ပါတယ်”

“အားလုံး ပါရင်လည်း အချိန်ဆွဲမနေနဲ့တော့၊ မြန်မြန်သွားလိုက်တော့!”

လင်းရန်က ဤမျှ တည်ငြိမ်နေပြီး သူ့အား အမြန်သွားရန် တိုက်တွန်းနေသည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်၏ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသကဲ့သို့ ခံစားလိုက်ရ၏။

ရန်ရန်က သူ့ကို ခွဲရမှာကို ဘာလို့နည်းနည်းလေးတောင် စိတ်မကောင်းတဲ့ပုံမပေါ်ရတာလဲ။

သူမ သူ့ကို ပိုပြီး ချစ်လာအောင် သူ ပိုပြီး ကြိုးစားရဦးမှာပဲ။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးနေသောကြောင့် စုန့်ရှီးယန်သည်လည်း ထပ်မံနှောင့်နှေးရန် မဝံ့တော့ဘဲ ပစ္စည်းများကို အမြန်သိမ်းဆည်းကာ ထွက်ခွာသွားလေ၏။

လင်းရန်က သူ့ကို အိမ်တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး လမ်းကြားထိပ်တွင် ရပ်ကာ ကားနောက်ပိုင်းလေး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေမိသည်။

ထို့နောက်မှသာ အိမ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့လေ၏။

ဤသို့ကြည့်လျှင် ခြံထဲ၌ ခပ်ယူထားသောရေများ၊ ပြင်ဆင်ထားသော ထင်းများ နှင့် လျှော်ဖွတ်ပြီးသား အဝတ်အစားများ အားလုံးတွင် စုန့်ရှီးယန်၏ တည်ရှိမှု အငွေ့အသက်များ ကျန်ရစ်နေခဲ့သည်။

သူ ထွက်သွားသည်မှာ သိပ်မကြာသေးသော်လည်း ခြံဝင်းကြီးတစ်ခုလုံးမှာ တစ်မျိုးတစ်ဖုံ ခြောက်ကပ်သွားသကဲ့သို့ သူမ ခံစားလိုက်ရ၏။

လင်းရန် ထိုနေရာတွင် ခဏမျှ ရပ်နေပြီးနောက် ရုတ်တရက် သူမ၏ ပါးပြင်ကို အားရပါးရ ပုတ်လိုက်လေသည်။

“လင်းရန်၊ စိတ်တင်းထားစမ်းပါ!”

ကလေးဆန်တဲ့ ချစ်ခြင်းမေတ္တာထဲမှာပဲ နစ်မွန်းနေလို့ မဖြစ်ဘူး။

အလုပ်ကို ကောင်းကောင်းလုပ်နိုင်တာကမှ အဓိကပဲ!

သူမကိုယ် စိတ်ဓာတ်ခွန်အားပေးခြင်းနှင့် နှစ်သိမ့်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ပြီးနောက်လင်းရန်တစ်ယောက် စုန့်ရှီးယန်အား ခေတ္တလောက် မေ့လျော့ထားရန် အောင်မြင်သွားခဲ့လေ၏။

သူ့ကို မည်သည့်အချိန်တွင် ထပ်မံသတိရမိမည် ဆိုသည်မှာတော့ နောက်တစ်ကြိမ် သူ ပြန်လာမည့်အချိန်ကိုသာ မူတည်ပေလိမ့်မည်။

…

စုန့်ရှီးယန် ထွက်သွားပြီးနောက် နေ့လယ်ပိုင်းတွင် ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့လည်း မြို့ထဲသို့ ရောက်ရှိလာခဲ့ကြလေ၏။

သူတို့နှစ်ဦးက လင်းရန်အား တစ်ခေါက် ထပ်မံကြည့်ရှုရန်သာ လာခဲ့ခြင်းဖြစ်ပြီး ဤနေရာတွင် ဆက်လက်နေထိုင်ရန် အစီအစဉ်မရှိကြတော့ချေ။

ချင်းယွင်ကျစ်အနေဖြင့် မူလက လင်းရန်နှင့်အတူ ဤနေရာတွင် ဆက်လက်နေထိုင်ရန် စိတ်ကူးရှိခဲ့သော်လည်း လမ်းတစ်လျှောက်တွင် စုန့်ကျယ်က သူမအား အကြောင်းပြချက်အမျိုးမျိုးပေး၍ နားချခဲ့လေသည်။

အိမ်ကြီးထဲမှာ သူတစ်ယောက်တည်း နေရသည်က အသားမကျကြောင်းပြောခဲ့သည်။

သူက အတိအကျ မပြောခဲ့သော်လည်း အဓိပ္ပာယ်ကို ချင်းယွင်ကျစ် မသိဘဲ မနေနိုင်ပေ။

ဤအေးတိအေးစက်နိုင်သော အမျိုးသားက သူမကို အတူပြန်လိုက်စေချင်နေခြင်းပင် မဟုတ်ပါလား။သူမကို လွမ်းဆွတ်နေသည်ဟူ၍ တည့်တိုးပြောလိုက်လျှင် ရနေသော်လည်း ထိုကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့်ဖုံးကွယ်ပြီး အားထုတ်နေခဲ့သည်။

ဟင်း၊ သူမတစ်ယောက်တည်းပဲ သူ့ကို လိုက်လျောနိုင်ပေလိမ့်မယ်။

ချင်းယွင်ကျစ်က သူမ၏ စကားများထဲတွင် စုန့်ကျယ်အား မနှစ်မြို့သကဲ့သို့ ပြောဆိုနေသော်လည်း စိတ်ထဲတွင်တော့ ချိုမြိန်နေခဲ့၏။

သူမအား ပြန်လည်ခေါ်ဆောင်ရန် ဤမျှဝေးကွာသော ခရီးကို လာခဲ့သည့် ဤအမျိုးသား၏ တိုးတက်ပြောင်းလဲလာမှုကိုလည်း သူမ အမှန်တကယ်ပင် ကျေနပ်မိလေသည်။

ထို့ကြောင့် နောက်ဆုံးတွင် ချင်းယွင်ကျစ်က စုန့်ကျယ်နှင့်အတူ ကွမ်ကျိုးသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

*

All Chapters