အခန်း (၃၀၂)
Vol. 31 Ch. 302
အခန်း(302)
ချင်းယွင်ကျစ်တို့နှစ်ဦး မြို့သို့ရောက်ရှိလာချိန်တွင် သူတို့၏ဆုံးဖြတ်ချက်ကို လင်းရန်အား ပြောပြခဲ့ကြ၏။
လင်းရန်ကလည်း ပြဿနာမရှိကြောင်းနှင့် သူမတစ်ယောက်တည်း ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်နိုင်ကြောင်း ပြောခဲ့လေသည်။
“အန်တီ ပြန်သွားတဲ့အချိန် ဘေးအိမ်က အန်တီကြီးကို သေသေချာချာ မှာထားပေးခဲ့မယ် နောက်ပိုင်း တစ်ခုခုဖြစ်ရင် သူ့ကို သွားခေါ်ဖို့ မမေ့နဲ့နော်”
ဝေးကွာသော ဆွေမျိုးထက် နီးစပ်သော အိမ်နီးချင်းက ပို၍ အားကိုးရသည်ဟု ဆိုကြသည်မဟုတ်ပါလား။
ဤကဲ့သို့ အခြေအနေမျိုးတွင် ဘေးအိမ်မှ တစ်စုံတစ်ဦးက ဂရုစိုက်ပေးရန်ရှိနေခြင်းက ပို၍ ကောင်းမွန်ပေသည်။
အမှန်တကယ်တမ်းတွင် လင်းရန်အနေဖြင့် သူမတစ်ယောက်တည်း လုပ်နိုင်သည်ဟု ခံစားရသော်လည်း ချင်းယွင်ကျစ်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် ခေါင်းညိမ့်ပြပြီး လိမ္မာစွာ ပြန်ပြောလိုက်၏။
“သိပါပြီ အန်တီ၊ ကျွန်မ သေသေချာချာ ဂရုစိုက်ပါ့မယ်၊အရင်ကထက် ပိုပြီးတော့ ဂရုစိုက်လိုက်မယ်”
သူမအနေဖြင့် မူလခေါ်ဝေါ်နေကျအတိုင်း “အန်တီ” ဟု အမှတ်မထင် ခေါ်လိုက်မိပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟုလည်း မထင်မိခဲ့ချေ။
သို့သော်လည်း ချင်းယွင်ကျစ် ထိုစကားကို ကြားလိုက်ရလျှင် မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားပြီး လင်းရန်အား ကြည့်ကာ သတိကြီးစွာဖြင့် အကြံပြုလာလေသည်။
“အမ်.. ရန်ရန်၊ အခုတော့ အန်တီလို့ ဆက်ခေါ်ဖို့ မလိုတော့ဘူးထင်တယ်နော်”
သူတို့တွေက မိသားစုဝင်တွေ ဖြစ်သွားကြပြီပဲလေ။ ဘာလို့ အန်တီလို့ ဆက်ခေါ်နေဦးမှာလဲ။
“အမေ” လို့ ခေါ်လိုက်တာကမကောင်းဘူးလား။ ဒီလိုခေါ်တာက ပိုပြီး နွေးထွေးတယ်လို့ ခံစားရစေလိမ့်မယ်။
လင်းရန်တစ်ယောက် ကြောင်အသွားရပြီး ချင်းယွင်ကျစ် ပြောချင်သည့် အဓိပ္ပာယ်ကို မကြာမီမှာပင် သဘောပေါက်သွားကာ ရှက်ရွံ့သွားရတော့သည်။
သို့သော်လည်း သူမ၏စကားက မှန်ကန်ပေသည်။ သူမနှင့် စုန့်ရှီးယန်တို့မှာ လက်ထပ်ပြီးသားဖြစ်၍ အခေါ်အဝေါ်များကို ပြောင်းလဲရန် ငြင်းဆန်နေစရာ အကြောင်းမရှိပေ။
ထို့ကြောင့် ချင်းယွင်ကျစ်၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများရှေ့တွင် လင်းရန်သည် ခေါင်းကို တိုးညင်းသော အသံဖြင့် ခေါ်လိုက်လေ၏။
“အမေ”
ထို့နောက် ဘေးနားရှိ စုန့်ကျယ်ကိုလည်း “အဖေ” ဟု ခေါ်လိုက်သည့်အတွက် တစ်ဖက်လူ၏ အမြဲတစေ တည်ငြိမ်အေးစက်သော မျက်နှာထက်တွင် အပြုံးရိပ်အနည်းငယ် ဖြတ်သန်းသွားခဲ့သည်။
“ ကောင်းပြီ ရန်ရန်၊ ကိုယ့်ကိုယ်ကိုယ်လည်း သေသေချာချာ ဂရုစိုက်ဦးနော်၊
တကယ်လို့ အဆင်မပြေဘူးဆိုရင် အလုပ်အားတဲ့ရက်တွေ ဒါမှမဟုတ် ရုံးပိတ်ရက်တွေမှာ မင်းရဲ့အဒေါ်ကို လာအိပ်ပေးဖို့ ပြောထားလိုက်ပေါ့၊
တစ်ခုခုလိုအပ်ရင်လည်း ဖုန်းဆက်ဖို့ မမေ့နဲ့ဦး မင်းရဲ့ အဖေနဲ့ အမေတို့က အိမ်မှာ စောင့်နေမယ်နော်!”
လင်းရန်တွင် ကိုယ်ပိုင်အလုပ်အကိုင်များ ရှိနေသေးသည်ကိုသာ မသိခဲ့ပါက ချင်းယွင်ကျစ်အနေဖြင့် သူမအား အိမ်သို့ တစ်ပါတည်း ပြန်ခေါ်သွားချင်မိပေမည်။
စုန့်ရှီးယန်ဆိုသည့် ကောင်လေးက ရန်ရန်အား သူတို့၏ဝင်းထဲသို့ ပထမဆုံးအကြိမ် ခေါ်လာခဲ့စဉ်က တခြားလူများက ကွယ်ရာမှာ မည်သို့ အတင်းအဖျင်း ပြောခဲ့ကြောင်းကို သူမ ကောင်းကောင်းသိသည်။
ထိုနှစ်ယောက်က လုံးဝ အဆင်ပြေလိမ့်မည်မဟုတ်ကြောင်းပင် ပြောခဲ့ကြသေးသည် ။
အဆင်မပြေဘူး ဟုတ်လား။
အခုတော့ သူမမှာ ဒီလောက်ထိ သိတတ်လိမ္မာတဲ့ ချွေးမလေးတစ်ယောက် ရနေပြီလေ။
မျက်လုံးမပါသည့် လူတစ်စုကို ရန်ရန်နှင့် စုန့်ရှီးယန်တို့ မည်မျှအထိ ချစ်ကြိုက်နေကြသည်ကို သူမအနေဖြင့် သိစေချင်လှပေသည်။
သို့သော် ယခုအချိန်တွင်မူ ထိုသို့ကြွားဝါပြသရန် အခွင့်အရေး မရှိသေးချေ။ ချင်းယွင်ကျစ်အနေဖြင့် လင်းရန်၏ အလုပ်အကိုင်များအားလုံး အဆင်ပြေချောမွေ့ပြီး သူမနှင့်အတူ အိမ်သို့ အမြန်လိုက်လာနိုင်ရန်သာ မျှော်လင့်နေရသည်။
…
နေ့လယ်ပိုင်းတွင် လင်းရန်က စုန့်ကျယ်နှင့် ချင်းယွင်ကျစ်တို့အား နောက်တစ်ခေါက် လိုက်ပို့ပေးခဲ့ပြီးနောက် ခြံတံခါးကို ပိတ်လိုက်လေ၏။
ဤအချိန်တွင်တော့ အမှန်တကယ်ပင် သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေတော့သည်။
သို့သော်လည်း ကိစ္စမရှိပါချေ။
သူမသည်က အားယားနေမည့်သူ မဟုတ်ဘဲ လုပ်စရာကိစ္စများစွာ ရှိနေပေသည်။
လင်းရန်အနေဖြင့် မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရချေ။ ယနေ့ နေ့ခင်းပိုင်းတွင်လည်း လူနှစ်အုပ်စုကို တစ်ဦးပြီးတစ်ဦး ပို့ဆောင်ပေးခဲ့ရသောကြောင့် အနားယူရန် အချိန်မရှိခဲ့သည့်အတွက် ညနေဘက်တွင် စောစောအိပ်ရာဝင်ခဲ့ပြီး နှစ်ခြိုက်စွာ အိပ်စက်လိုက်လေသည်။
နောက်တစ်နေ့ နံနက်တွင် နိုးလာသည့်အချိန်တွင်တော့ သူမ၏ စိတ်ခံစားချက်တို့က အလွန်ပင် လန်းဆန်းတက်ကြွနေခဲ့၏။
သူမ၏ စိတ်ရွှင်လန်းနေမှုကို အဘွားရှုန်းပင် မြင်နိုင်နေခဲ့လေသည်။
လင်းရန်က စားဖိုမှူးရှုန်းထံသို့ ပညာဆက်လက်သင်ယူရန် သွားရောက်သည့်အချိန်တွင် အဘွားရှုန်းက သူမအား မစနောက်ဘဲ မနေနိုင်တော့ချေ။
“ရန်ရန်ဆီမှာ တစ်ခုခုတော့ ထူးနေပြီ ထင်တယ်၊ ကြည့်ပါဦး အားအင်တွေ ပြည့်ဝနေလိုက်တာ၊ မျက်နှာလေးကလည်း ဖြူဖွေးပြီး ပန်းရောင်သန်းနေတယ်၊ မြင်ရတာတောင် စိတ်ချမ်းသာစရာပဲ”
လင်းရန်သည်လည်း ပျော်ရွှင်စရာကိစ္စများ အမှန်တကယ် ရှိနေခဲ့သောကြောင့် စားဖိုမှူးရှုန်းတို့ ဇနီးမောင်နှံအား ဖုံးကွယ်ထားရန် အစီအစဉ်မရှိခဲ့ပေ။
လွန်ခဲ့သည့် နှစ်ရက်ခန့်က မင်္ဂလာကိစ္စတို့က အလွန်ပင် အလောတကြီး ဖြစ်ခဲ့သည့်အတွက် စားဖိုမှူးရှုန်းထံသို့ လာရောက် အသိပေးရန် အချိန်မရခဲ့ပေ။ ထို့အပြင် သူတို့၏ အလျင်စလိုဖြစ်မှုကြောင့် စားဖိုမှူးတို့၏ အစီအစဉ်များကို ထိခိုက်မည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။
ထို့ကြောင့် စုန့်ရှီးယန်နှင့် လင်းရန်တို့က တခြားသော ဆွေမျိုးများကို မည်သို့ ဧည့်ခံကျွေးမွေးမည်ကို လွန်ခဲ့သည့် နှစ်ရက်ကပင် တိုင်ပင်ထားခဲ့ကြ၏။ စုန့်ရှီးယန် နောက်တစ်ကြိမ် ပြန်မလာမီ လင်းရန်က ကြိုတင်စီစဉ်ထားရမည် ဖြစ်သည်။
ဧည့်သည်များကို ဖိတ်ကြားခြင်းနှင့် ဆွေမျိုးများကို အကြောင်းကြားခြင်း စသည်တို့ကို ပြင်ဆင်ထားပြီး စုန့်ရှီးယန် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် တိုက်ရိုက်ပင် တည်ခင်းဧည့်ခံကြပေလိမ့်မည်။
စုန့်ရှီးယန်ကလည်း ထိုအစီအစဉ်ကို သဘောတူခဲ့လေ၏။
ထို့ကြောင့် လင်းရန်က သူမအနေဖြင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ရုတ်တရက် အိမ်သို့ပြန်ကာ လက်ထပ်ခဲ့ကြောင်း စားဖိုမှူးရှုန်းတို့အား ပြောပြလိုက်လေသည်။
စားဖိုမှူးရှုန်းက အနည်းငယ်မျှပင် အံ့သြသွားခြင်း မရှိခဲ့ပေ။
သူသည် အသက်အရွယ်ရလာပြီ ဖြစ်သောကြောင့် လင်းရန်အနေဖြင့် သင့်တော်သည့်လူကို တွေ့ရှိထားပြီးဖြစ်ရာ လက်ထပ်ခြင်းက ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်ကြောင်း ယူဆထား၏။
မည်သို့ပင်ဖြစ်စေ လင်းရန်အနေဖြင့် လက်ထပ်ပြီးနောက်တွင် ပညာဆက်လက်မသင်ယူဘဲ သူမ၏ လက်ရာများကို အလဟဿ မဖြစ်စေလျှင် အဆင်ပြေပေပြီ။
သို့သော် အဘွားရှုန်းက အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
“ဘာလို့ ဒီလောက်တောင် အလျင်စလို ဖြစ်သွားရတာလဲ၊ ငါက နင်နဲ့ ရှောင်စုန့်တို့ရဲ့ မင်္ဂလာဆောင်ကို တက်ရမယ်လို့ တွေးထားတာ”
စားဖိုမှူးရှုန်းနှင့် အဘွားဝူတို့က မောင်နှမအရင်းများကဲ့သို့ ဖြစ်ကြပြီး စားဖိုမှူးရှုန်းနှင့် ချင်းယွင်ကျစ်တို့မှာလည်း ပတ်သက်မှု ရှိနေခဲ့ကြသည်။
ယခုအချိန်တွင် အဘွားရှုန်းက စုန့်ရှီးယန်နှင့် လင်းရန်တို့၏ မင်္ဂလာဆောင်ကို မတက်ရောက်နိုင်ခဲ့သည့်အတွက် နှမျောကြောင်း ဖော်ပြနေခဲ့လေ၏။
သို့သော် လင်းရန်၏ ရှင်းပြချက်ကို ကြားလိုက်ရလျှင် သူမသည်လည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။
ဘေးနားရှိ စားဖိုမှူးရှုန်းမှာမူ သူတို့၏ စကားဝိုင်းများကို နားထောင်ရင်း ရှုပ်ထွေးလာခဲ့ကာ လင်းရန်အား အမြန်ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ၊ အခု မင်းလည်း အိမ်ထောင်ကျသွားပြီဆိုတော့ နောက်ပိုင်းမှာတော့ ဟင်းချက်ပညာကိုပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကြိုးစားသင်ယူရတော့မယ်”
ဘေးနားရှိ အဘွားရှုန်းက စားဖိုမှူးရှုန်း၏ လေထုကို ဖျက်ဆီးလိုက်သော စကားကြောင့် သူ့အားမနှစ်မြို့စွာ ကြည့်လိုက်မိ၏။
“ရန်ရန်က အခု ကြိုးကြိုးစားစား မလုပ်သေးဘူးလို့ ရှင် ပြောချင်တာလား ရှင့်စကား ဘာအဓိပ္ပါယ်လဲ!”
“အာ ငါက အဲဒီလိုဆိုလိုတာမဟုတ်ဘူး၊ အခုလတ်တလောမှာ အခွင့်အရေးကောင်းတွေ အများကြီး ရှိနေလို့ လင်းရန်ကို အသုံးချစေချင်လို့ ပြောတာ!”
လင်းရန်လည်း ထိုစကားကို နားထောင်ရင်းနှင့် အရေးကြီးသည့် သော့ချက်စကားလုံးတစ်ခုကို ရုတ်တရက် ဖမ်းဆွဲမိလိုက်လေတော့သည်။
“အဘိုးရှုန်း၊ အခွင့်အရေးတွေ အများကြီးရှိတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ”
အရေးပါသည့် ပုဂ္ဂိုလ်အချို့နှင့် ဆုံတွေ့ရမည်လား။ သို့မဟုတ် သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရမည့် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခု ရှိနေ၍လား။
လင်းရန်၏ ခန့်မှန်းချက်မှာ အမှန်ပင် မှန်ကန်နေခဲ့၏။ စားဖိုမှူးရှုန်းသည် လတ်တလောတွင် စားသောက်ပွဲ နှစ်ပွဲကို တာဝန်ယူပေးရန် ရှိနေပြီး ထိုပွဲများမှာ ဤမြို့တွင် မဟုတ်ဘဲ တခြားသောပြည်နယ်များတွင် ကျင်းပမည် ဖြစ်ပေသည်။
စားဖိုမှူးရှုန်းတွင် တခြားပြည်နယ်များတွင်ပင် လုပ်ငန်းများ ရှိနေကြောင်းကို လင်းရန် ယခုမှသာ ပထမဆုံးအကြိမ် သိရှိရခြင်း ဖြစ်ပေ၏။
သို့သော် တခြားပြည်နယ်အထိ သွားရောက်ရမည်ဖြစ်သောကြောင့် တစ်ဖက်လူ၏ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်အာဏာမှာ သူမ ထင်ထားသည်ထက် များစွာ သာလွန်နေမည်ဖြစ်ကြောင်း ထင်ရှားလွန်းပေသည်။
ဤကာလအတွင်း စားဖိုမှူးရှုန်း၏ ဘေးနားတွင် သူမ မြင်တွေ့ခဲ့ရသော လူများနှင့် အဖြစ်အပျက်များအရ စားဖိုမှူးရှုန်းသည်က ဤမြို့တစ်မြို့လုံးနှင့် တစ်ပြည်နယ်လုံးတွင်ပင် အလွန်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
သာမန်လူများအနေဖြင့် သူ့ကို ကိုယ်တိုင် လာရောက်ချက်ပြုတ်ပေးရန် ဖိတ်ကြားနိုင်မည် မဟုတ်ချေ။
သို့ဖြစ်၍ စားဖိုမှူးရှုန်းကို မြို့ပြင်သို့ ထွက်ခွာရန် ဖိတ်ကြားနိုင်သော တစ်ဖက်လူ၏ အဆင့်အတန်းမှာလည်း မသေးငယ်သင့်ပေ။
“လောလောဆယ်တော့ မင်းကို အသေးစိတ်ပြောပြဖို့ မသင့်တော်သေးတဲ့ အချက်တွေ ရှိနေသေးတယ်၊ ဒါပေမဲ့ ငါ မင်းကို ကြိုပြောထားမယ်၊ ဒီခရီးစဉ်က မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး
အခု ရက်ပိုင်းအတွင်းမှာ ငါ ဟင်းပွဲနည်းနည်းလောက် ရေးပေးမယ်၊ အဲဒါတွေကို မင်း သေသေချာချာ ချက်ပြုတ်ရမယ်၊ တခြားအရာတွေကို စိတ်မပူနဲ့၊ ဒီဟင်းပွဲတွေကို အကောင်းဆုံးဖြစ်ဖို့ပဲ အာရုံစိုက်ထားလိုက်”
ဤသည်မှာ စားဖိုမှူးရှုန်းက သူမအား ပထမဆုံးအကြိမ် ထိုကဲ့သို့ တောင်းဆိုချက်မျိုးကို ပေးလာခြင်းဖြစ်၍ လင်းရန်သည်လည်း ဤကိစ္စ၏ အရေးကြီးပုံကို ချက်ချင်းပင် သဘောပေါက်လိုက်လေသည်။
“ကောင်းပါပြီ၊ သမီး အဘိုးရဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးအောင် ကြိုးစားလိုက်မယ်”
*