← Chapters

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း(303)

ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း လင်းရန်က စိတ်ဓာတ်ကို မြှင့်တင်ကာ စားဖိုမှူးရှုန်း ညွှန်ကြားထားသည့် ဟင်းပွဲများကို အာရုံစူးစိုက်လျက် စတင်ချက်ပြုတ်လေတော့သည်။

နေ့ခင်းဘက်တွင် စားဖိုမှူးရှုန်း၏အိမ်၌ လေ့ကျင့်ရုံတင်မကဘဲ ညဘက် သူမ၏အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်လည်း ဆက်လက်၍ လေ့ကျင့်နေခဲ့၏။

နောက်ဆုံးတွင်တော့ သူမ ချက်ပြုတ်ထားသည့် ဟင်းလျာများမှာ အလွန်များပြားလှသဖြင့် သူမတစ်ယောက်တည်း ကုန်အောင် မစားနိုင်တော့ချေ။

ထို့ကြောင့် ထိုဟင်းလျာများကို အထုပ်အပိုးများဖြင့် ထုပ်ပိုးကာ ကုန်တိုက်မှ အဒေါ်ဖြစ်သူ လင်းကျန်းဖူထံသို့ သွားရောက်ပို့ဆောင်၍ ကူညီစားသောက်ပေးရန် ပြောရတော့သည်။

လင်းရန် ထိုနေရာသို့ သွားသည့် အကြိမ်တိုင်းတွင် လင်းကျန်းဖူ၏ လုပ်ဖော်ကိုင်ဖက်များက မနာလို စိတ်ဖြင့် ကြည့်နေခဲ့ကြရလေ၏။

တခြားကြောင့်မဟုတ်ဘဲ လူတိုင်းကို သွားရည်ကျစေသည့် ထိုဟင်းလျာများ၏ ရနံ့ကြောင့်ပင် ဖြစ်ပေသည်။

လင်းကျန်းဖူ၏ တူမဖြစ်သူက မည်သူ့ထံတွင် ဟင်းချက်ပညာကို သင်ယူနေခြင်းဖြစ်ကြောင်းကို သူတို့ မသိကြပါချေ။ သို့သော်လည်း ထိုဟင်းလျာများ၏ အရသာမှာ အံ့ဩစရာကောင်းလှပေသည်။

သူတို့တစ်သက်တွင် ဤမျှအရသာရှိသော ဟင်းလျာမျိုးကို တစ်ခါမျှ မစားဖူးခဲ့ကြပါချေ။

နောက်ဆုံးတွင် ရက်အနည်းငယ် ကြာပြီးနောက် စားဖိုမှူးရှုန်းက လင်းရန်၏ ဟင်းပွဲများကို ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားပြီဟု ယူဆလိုက်လေသည်။

ထို့ကြောင့် လင်းရန်အား အိမ်သို့ပြန်ကာ အထုပ်အပိုးများ ပြင်ဆင်ထားရန်နှင့် မနက်ဖြန် မနက်စောစောတွင် စတင်ထွက်ခွာကြမည်ဖြစ်ကြောင်း ပြောလိုက်လေ၏။

နောက်ဆုံးတွင် ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်၍ လင်းရန်၏ စပ်စုလိုစိတ်ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့သည်။

သူမက ထိုနေ့လယ်တွင် အထုပ်အပိုးများကို အမြန်ပြင်ဆင်ရန်ပြန်သွားခဲ့လေ၏။

မနက်ဖြန် မနက်စောစောတွင် စားဖိုမှူးရှုန်းထံသို့အသင့်သွားနိုင်ရန်ပြင်ဆင်ရမည်။

သို့သော် လင်းရန်တစ်ယောက် လမ်းကြားထဲသို့ ရောက်သည့်အချိန်တွင်ပင် လမ်းကြားထဲမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေ၏။

ထိုအော်ဟစ်သံများထဲတွင် ဒေါသတကြီး ကြိမ်းမောင်းနေသည့် အသံများလည်း ရောနှောနေခဲ့သည်။

“ရှင်တို့တွေ ကျွန်မကို ဘယ်လိုများလုပ်ရက်ကြတာလဲ၊ ရှင်တို့ တစ်မိသားစုလုံးက ကျွန်မကို ငတုံးတစ်ယောက်လို ဆက်ဆံနေကြတာပဲ!”

လင်းရန် ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။

ထိုအသံ၏ ပိုင်ရှင်ကို သူမ ချက်ချင်းပင် မှတ်မိပေ၏။

စုန့်စစ်ယွီ?

သူမဆီမှာ ဘာလို့ နေ့တိုင်းပြဿနာတွေ ရှိနေရတာလဲ။

ကြားနေရသည့် ဒေါသတကြီးသံများအရ သူမအနေဖြင့် အတော်လေးကြီးမားသော ပြသနာတစ်ခုနှင့် ရင်ဆိုင်နေရပုံပေါ်ပေသည်။

လင်းရန်သည် မျက်ခုံးကို ပင့်လိုက်ပြီး ထိုနေရာသို့ သွားရောက်ကြည့်ရှုပြီး သူမ၏ စိတ်ကို အစာကျွေးရန် ပြင်လိုက်မိ၏။

သို့သော်လည်း သူမအနေဖြင့် အထုပ်အပိုးများကို ပြင်ဆင်ရန် အမြန်ပြန်ဦးမည်ဖြစ်ကြောင်းကို ရုတ်တရက် သတိရလိုက်ပြန်သည်။

စုန့်စစ်ယွီ၏ ပွဲကို ကြည့်ရှုခြင်းနှင့် ခရီးစဉ်အတွက် သေသေချာချာပြင်ဆင်ခြင်းတို့ကို ချိန်ဆကြည့်ပြီးနောက် လင်းရန်တစ်ယောက် ပွဲကြည့်ရန် စိတ်ကူးကို လက်လျှော့လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ စုန့်စစ်ယွီက အတော်လေး ဆူညံအောင် ပြုလုပ်နေသည်ဖြစ်၍ သူမ သွားနားမထောင်လျှင်ပင် တခြားအိမ်နီးချင်းများမှာ သေချာပေါက် သိရှိကြပေလိမ့်မည်။

အကယ်၍ သူမသာ သိချင်ပါက ပြန်ရောက်မှသာ တခြားလူများကို မေးမြန်းကြည့်၍ ရနိုင်သည်မဟုတ်ပါလား။

သို့ဖြစ်၍ နောက်ဆုံးတွင် လင်းရန်က စုန့်စစ်ယွီရှိရာသို့ မသွားတော့ဘဲ အိမ်ထဲသို့သာ ဝင်လာခဲ့ပြီး လမ်းကြားမှ ရန်ဖြစ်သံအားလုံးကို တံခါးအပြင်ဘက်တွင် ချန်ထားလိုက်လေတော့သည်။

*

ရှောင်ဟူ၏ အိမ်တံခါးဝတွင်တော့ စုန့်စစ်ယွီမှာ ရူးသွပ်မတတ် ဖြစ်နေခဲ့ရလေ၏။

ယခုအချိန်တွင် သူမသည်က ပုံရိပ် သို့မဟုတ် ရုပ်ရည်တို့ကို အလေးထားရန် စိတ်မကူးနိုင်တော့ချေ။ သူမ၏ရှေ့မှ ဤမိသားစုထံမှ ရှင်းပြချက်တစ်ခုကို ရရှိရန်သာ သူမ လိုလားနေခဲ့ရသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် သူမ၏ အစီအစဉ်များက ချောမွေ့စွာ တိုးတက်နေခဲ့သည်မှာ ထင်ရှားပေသည်။

ကျောက်ကော်ချန်၏အိမ်မှ ကလေးစုတ်မှာ သူမအား ဒုက္ခပေးနေဆဲ ဖြစ်သော်လည်း ကျောက်ကော်ချန်က လွန်ခဲ့သည့် နှစ်ရက်က သူမအတွက် ပစ္စည်းများကို ဝယ်ပေးခဲ့ပြီး သူမ၏အိမ်သို့ ပို့ဆောင်ပေးခဲ့ဖူးသည်။

ထိုပစ္စည်းများကို ဝယ်ယူချိန်ကလည်း စုန့်စစ်ယွီ၏ အကြံဉာဏ်များကို ရယူရန်အတွက် သူမကိုပါ အတူ ခေါ်ဆောင်သွားခဲ့သေး၏။

ထို့ကြောင့် စုန့်စစ်ယွီအနေဖြင့်ကျောက်ကော်ချန်နှင့် သူမ၏ ဆက်ဆံရေးမှာ သေချာသလောက် ရှိနေပြီဟု ခံစားခဲ့ရသည်။

သင့်တော်သည့် အချိန်တစ်ခု၌ ကျောက်ကော်ချန်ကို လက်ထပ်ရန် တောင်းဆိုလိုက်ရုံဖြင့် အရာအားလုံးက ပြီးမြောက်သွားမည်ဟု သူမ ယူဆထားခဲ့သည်။

သို့သော်လည်း သူမဘက်မှ ကျောက်ကော်ချန်ကို လက်ထပ်မည့်အကြောင်းကို ပြောဆိုရန် အခွင့်အရေးရှာနေချိန်တွင်ပင် ကိစ္စတစ်ခုက ပေါ်ထွက်လာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။

ယနေ့တွင် ကျောက်ကော်ချန်က သူမအား ရုတ်တရက် တားဆီးလိုက်ပြီး နောက်ပိုင်းတွင် သူ့ထံသို့ ထပ်ပြီးမလာရန် ပြောခဲ့သည်။

စုန့်စစ်ယွီက ငတုံးတစ်ယောက် မဟုတ်ပေ။ ကျောက်ကော်ချန် ပြောလိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းစွာ နားလည်နိုင်ပေသည်။

သူက မနက်ဖြန်အတွက် မလာရန်ဟူ၍သာ ရိုးရိုးရှင်းရှင်း ပြောခဲ့ခြင်းမဟုတ်ဘဲ သူတို့နှစ်ဦး၏ ဆက်ဆံရေးက ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုခြင်းသာဖြစ်ပေသည်။

ပြီးဆုံးသွားပြီ ဟုတ်လား။

သူမအနေဖြင့် ကျောက်ကော်ချန်အတွက် ကလေးထိန်းတစ်ယောက်အဖြစ်၊ သို့မဟုတ် အစေခံတစ်ယောက်အဖြစ်နှင့် သူ၏အိမ်မှ ညစ်ပတ်သည့်ကလေးအတွက်ပါ အပင်ပန်းခံ၍ ပြုစုစောင့်ရှောက်ပေးခဲ့ရပါသော်လည်း နောက်ဆုံးတွင် သူမ လိုချင်သည့်အရာ တစ်ခုမျှ မရရှိသေးမီပင် သူက ပြီးဆုံးသွားပြီဟု ဆိုလာခဲ့သည်။

သူက သူမအား ငတုံးတစ်ယောက်ကဲ့သို့ လှည့်ဖြားနေခြင်းမှာ ထင်ရှားပေ၏။

စုန့်စစ်ယွီအနေဖြင့် ထိုအခြေအနေကို လုံးဝ လက်မခံနိုင်သောကြောင့် သူမ၏ ဒေါသကို မျိုသိပ်ကာ သူ့အပေါ် အလွန်အမင်း စွဲလမ်းနေဟန် ဆောင်ပြီး လမ်းခွဲရန် ငြင်းဆန်ခဲ့၏။

ထို့အပြင် မနေ့ကအထိ အရာအားလုံး အဆင်ပြေနေခဲ့ပြီး အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်တရက် ပြောဆိုရသနည်းဟု ကျောက်ကော်ချန်အား မေးမြန်းခဲ့လေသည်။

သူမက တစ်ဖက်လူ မရှိလျှင် မဖြစ်တော့သကဲ့သို့ ဟန်ဆောင်နေမှုကြောင့် ကျောက်ကော်ချန်တစ်ယောက် စိတ်လှုပ်ရှားသွားပုံရပေသည်။

နောက်ဆုံးတွင်တော့ သူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူမအား အကြောင်းပြချက်ကို ရှင်းပြခဲ့၏။

ထိုအကြောင်းပြချက်မှာ တခြားမဟုတ်ဘဲ သူသည်က ပိုမိုသင့်တော်သော အဖော်တစ်ဦးကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကာ စုန့်စစ်ယွီအား အလိုမရှိတော့သည့်အတွက်ပင် ဖြစ်ပေသည်။

စုန့်စစ်ယွီတစ်ယောက် ထိုကဲ့သို့သော အကြောင်းပြချက်မျိုးကို လုံးဝ မယုံကြည်နိုင်ချေ။ ကျောက်ကော်ချန်သည်က နေ့စဉ် အလုပ်သွား၊ အလုပ်ပြန် လုပ်နေသူဖြစ်ပြီး တခြားသူများနှင့် ချိန်းတွေ့ရန် အားလပ်ချိန် ရှိနိုင်မည်မဟုတ်ပေ။

ထို့အပြင် သူ၏ အသက်အရွယ်နှင့် ကလေးတစ်ယောက်ရှိနေသည့် အခြေအနေကို ကြည့်လျှင်..

တစ်စုံတစ်ယောက်က သူ့ထံမှ တစ်ခုခုကို မလိုချင်ပါက သူ့ကို ချစ်ကြိုက်နိုင်စရာ အကြောင်းမရှိပေ။

သူမကဲ့သို့သော အမျိုးသမီးမှလွဲ၍ တခြား မည်သည့်ငယ်ရွယ်ချောမောသော မိန်းကလေးကမျှ သူ့နှင့် လက်တွဲရန် သဘောတူမည်မဟုတ်ဟု သူမ ယုံကြည်သည်။

စုန့်စစ်ယွီက မယုံကြည်သည်ကို မြင်လျှင် ကျောက်ကော်ချန်က သူ၏ လက်တွဲဖော်သစ်ကို တိုက်ရိုက်ပင် ခေါ်ထုတ်ပြလိုက်လေ၏။

တစ်ဖက်လူကိုမြင်ပြီးနောက် စုန့်စစ်ယွီ၏ မျှော်လင့်ချက်များမှာ လုံးဝပင် ပျက်သုဉ်းသွားခဲ့ရလေတော့သည်။

သူ ခေါ်ထုတ်ပြလိုက်သောမိန်းကလေးမှာ တခြားသူမဟုတ်ဘဲ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှောင်ဟူ၏အိမ်တွင် စုန့်စစ်ယွီ ဆုံတွေ့ခဲ့ဖူးသော ဆင်းရဲသည့် မိသားစုမှ မိန်းကလေးပင် ဖြစ်၏။

ရှောင်ဟူ၏မိခင်၏ အဝေးက ဆွေမျိုးဟုပြောခဲ့သူ ဖြစ်နေခဲ့လေသည်။

ထိုညက ရှောင်ဟူ၏မိခင်ဖြစ်သူ၏ အမူအရာများကို ပြန်လည်စဉ်းစားမိပြီးနောက် စုန့်စစ်ယွီတစ်ယောက် အရာအားလုံးကို သဘောပေါက်သွားခဲ့ရသည်။

ဤရွံစရာအဘွားကြီးက ထိုအချိန်ကတည်းက အခြေအနေကို အခွင့်ကောင်းယူရန် ကြံစည်နေခဲ့ခြင်းဖြစ်ပေမည်။

သူမက ဘယ်လိုတောင် ရဲတင်းပြီး အရှက်မဲ့လွန်းတာလဲ!

ရှောင်မေ့ဟု ခေါ်သော ထိုရွံစရာမိန်းကလေးကို သူမ၏အိမ်သို့ ပြောင်ပြောင်တင်းတင်း ခေါ်ယူပြီး ထိုကိစ္စကို ဆွေးနွေးခဲ့သေးသည်။

စုန့်စစ်ယွီတစ်ယောက် အလွန်ဒေါသထွက်သွားသောကြောင့် ရှောင်မေ့အား ထိုနေရာ၌ပင် ပြင်းပြင်းထန်ထန် ဆဲဆိုခဲ့ပြီး ကျောက်ကော်ချန်ကို ဒေါသထွက်စေခဲ့ပြီး သူမအား အိမ်ပေါ်မှ တိုက်ရိုက်ပင် နှင်ထုတ်စေခဲ့သည်။

သူက စုန့်စစ်ယွီမှာ ရှောင်မေ့လောက် ရုပ်မချောသည့်အပြင် စိတ်ဓာတ်လည်း မကောင်းသည့် မိန်းမကြမ်းဟုပင် ဆိုခဲ့လေ၏။

နောက်ဆုံးတွင် စုန့်စစ်ယွီတစ်ယောက် ကျောက်ကော်ချန်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရလေတော့သည်။

ဤကာလအတွင်း သူမ၏ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်သွားခဲ့ရလေပြီ။

ဤဖြစ်ရပ်ကြောင့် စုန့်စစ်ယွီတစ်ယောက် ရူးသွပ်သွားရခြင်းဖြစ်ပြီး ရှောင်ဟူ၏အိမ်သို့ တည့်တည့်ပြန်လာကာ သူတို့မိသားစုနှင့် ရန်ပွဲကိုစတင်ခဲ့ခြင်း ဖြစ်ပေသည်။

သူမက တခြားမည်သည့်အရာကိုမှ မလိုလားဘဲ သူတို့မိသားစုကို မည်သို့သောလူစားများဖြစ်ကြောင်း၊ ကိုယ်ချင်းစာတရား ဆိုသည်ကို အနည်းငယ်မျှပင်မသိခြင်းလား ဆိုသည့်အကြောင်းတို့ကိုသာ သိချင်နေခဲ့သည်။

သူမသည်က ဤနေရာ၌ နေထိုင်ပြီး သူတို့အား တည်းခိုခအဖြစ် နေ့စဉ် နှစ်ယွမ်တိတိ ပေးချေနေခဲ့ခြင်းမှာ သူတို့အတွက် ကြီးမားသည့် လက်ဆောင်တစ်ခုကို ပေးအပ်နေခြင်းသာ ဖြစ်ပေသည်။

သို့ပါသော်လည်း သူတို့က ကျေးဇူးသိရမည့်အစား သူမ၏ ကွယ်ရာတွင်ပင် လှည့်ဖြားကြံစည်ခဲ့ကြသည်။

သူတို့မှာ လူစိတ်ရော ရှိကြသေးရဲ့လား။

သို့သော်လည်း စုန့်စစ်ယွီ၏ ဒေါသတကြီး စွပ်စွဲချက်များရှေ့တွင် ရှောင်ဟူ၏မိခင်က သူမအား ဂရုမစိုက်သကဲ့သို့ အေးစက်စွာသာ ကြည့်နေခဲ့လေ၏။

“အိုက်ယား.. ရှောင်ယွီ၊ နင်ပြောတာကိုလည်း ကြည့်ပါဦး၊ ဒီလိုဖြစ်လာတာကို ငါက နင့်ကို လှည့်စားကြံစည်တယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ

နင်နဲ့ ရဲဘော်ကျောက်တို့ တွဲလာတာလည်း အတော်ကြာပြီပဲ ၊ သူက နင့်အပေါ် မကျေနပ်ချက်တွေ ရှိနေလို့သာ နင်နဲ့ လမ်းခွဲလိုက်တာပေါ့

တကယ်လို့ သူက နင့်ကိုပဲ တကယ်အလိုရှိနေမယ်ဆိုရင် ရှောင်မေ့ကို ဘယ်လိုလုပ် လက်ခံပါ့မလဲ

နင့်ရဲ့ အားနည်းချက်တွေကိုကျတော့ ပြန်မစဉ်းစားဘဲ ရိုင်းဆိုင်းတဲ့မြင်းမတစ်ကောင်လိုမျိုး အော်ဟစ်ဆဲဆိုနေတယ်၊ ရဲဘော်ကျောက်က နင့်ကို မလိုချင်တော့တာ မဆန်းတော့ပါဘူး”

*

All Chapters