အခန်း (၃၀၄)
Vol. 31 Ch. 304
အခန်း
(304)
ရှောင်ဟူ၏မိခင်က စုန့်စစ်ယွီအား ရွံရှာစက်ဆုပ်ဖွယ်ရာ တစ်ခုကဲ့သို့ ကြည့်ကာ ခေါင်းကိုသာခါယမ်းနေခဲ့လေ၏။
“ပြီးတော့ ငါက နင့်ကို လှည့်စားတယ်လို့ ပြောတာက ပိုလို့တောင် အဓိပ္ပာယ်မရှိဘူး၊ ငါက နင်နဲ့ ဘာဆိုင်လို့လဲ၊ ငါနဲ့ ရှောင်မေ့က ဘယ်လိုပတ်သက်တာလဲ..
ငါကတော့ ငါ့မိသားစုဝင်ကိုပဲ ကူညီမှာပေါ့ နင်က ငါ့အတွက် သူစိမ်းတစ်ယောက်ပဲလေ၊ ဒါကို ဘယ်လိုလုပ် လှည့်စားကြံစည်မှုလို့ ပြောလို့ရမှာလဲ”
ရှောင်ဟူ၏မိခင်သည်က သူမအား ပြတ်ပြတ်သားသား ဆန့်ကျင်ရုံတင်မကဘဲ ဤကဲ့သို့သော စကားများကိုပါ ပြောဆိုလာသောကြောင့် စုန့်စစ်ယွီမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေရသည်။
သူမအနေဖြင့် အရှေ့မှ ထိုအဘွားကြီး၏ ပါးစပ်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပစ်ချင်သော်လည်း သူမက တစ်ယောက်တည်း ဖြစ်နေပြီး တစ်ဖက်တွင် ရှောင်ဟူ၏ မိသားစုဝင်အားလုံး ရှိနေသည်ကို တွေးမိပြီးနောက် မည်မျှပင် ဒေါသထွက်နေပါစေ စတင်တိုက်ခိုက်ရန် မဝံ့ရဲခဲ့ချေ။
ထိုအချိန်သို့ ရောက်မှသာ သူမ အိမ်ပေါ်မှ ဆင်းလာခဲ့မိသည်ကို စတင်နောင်တရမိတော့သည်။
အကယ်၍သာ သူမ၏ဖခင် စုန့်ဝေ့နှင့် စကားများပြီး ခွဲထွက်မလာခဲ့ပါက သူမ၏ဖခင်က သေချာပေါက် သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည် ။
ယခုကဲ့သို့ တစ်ကိုယ်တည်း တိုက်ပွဲဝင်နေရမည် မဟုတ်ပေ။
နောက်ဆုံးတွင်တော့ စုန့်စစ်ယွီက ဒေါသကို ထိန်းမရတော့ဘဲ ရှောင်ဟူ၏မိခင်ဖြစ်သူအား နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလေတော့၏။
“ရှင်တို့မိသားစု သေချာပေါက် ဝဋ်လိုက်လိမ့်မယ်!”
“နင် ဘယ်သူ့ကို လာပြောတာလဲ ငါ နင့်လက်ညှိုးကို ရိုက်ချိုးပစ်မယ်ဆိုတာ မယုံဘူးလား!”
ဘေးနားရှိ ရှောင်ဟူက အသိပညာ ဗဟုသုတ မရှိသည့် လူပေလူတေတစ်ဦး ဖြစ်သော်လည်း သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ဖြင့် ထရပ်ပြီး ဟိန်းဟောက်လိုက်ချိန်တွင် စုန့်စစ်ယွီမှာ တစ်ခွန်းမျှပင် ထပ်မပြောဝံ့တော့ချေ။
သူကသာ သူမကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်ပါက သူမ မသေလျှင်ပင် မသန်မစွမ်း ဖြစ်သွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့မိလေသည်။
သူမက ဒေါသကို မျိုသိပ်ကာ ဤကျေးဇူးကန်းသော လူစိတ်မရှိသူများ၏ အိမ်ရှေ့မှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရှောင်ဟူ၏ ပါးစပ်မှ ထွက်လာသော စကားတစ်ခွန်းကြောင့် သူမ၏ မျက်လုံးများပင် ပြူးကျယ်သွားရတော့သည်။
“ဟားဟား.. ဝဋ်လိုက်မယ်လို့ ပြောကြေးဆိုရင် ဘယ်သူက အရင် ဝဋ်ပိုကြီးမလဲဆိုတာ မသိနိုင်ဘူး၊ ဥပမာ လူကုန်ကူးသူတွေနဲ့ ပေါင်းပြီး လူတွေကို ရောင်းစားတဲ့သူမျိုးပေါ့၊ စုန့်စစ်ယွီ နင်ရော အဲဒီလို မထင်ဘူးလား”
လူကုန်ကူးသူ!
ထိုစကားလုံး သုံးလုံးက စုန့်စစ်ယွီ၏ ခြေလှမ်းများကို ရပ်တန့်သွားစေပြီး နှလုံးသားကိုလည်း ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားစေလေ၏။
“ရှင်! ရှင် ဘာတွေပြောနေတာလဲ ကျွန်မ ဘာမှမသိဘူး!”
သူမက နောက်သို့လှည့်ကြည့်လိုက်ပြီး ပြာယာခတ်နေသော မျက်နှာအမူအရာဖြင့် ရှောင်ဟူကို ငြင်းဆိုလိုက်သည်။
သူက ဒီကိစ္စကို ဘယ်လိုသိရှိသွားရတာလဲ။ ဒီကိစ္စကို သူမတစ်ဦးတည်းပဲ သိတယ်ဆိုတာ သေချာအောင်လို့ သူမ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလား။
သူမအပြင် ဤအခြေအနေကို သိရှိနိုင်သည့် တစ်ဦးတည်းသောသူမှာ...
ချန်ကျားယန်!
သို့သော်လည်း သူသည်က ထိုလူကုန်ကူးသူများ၏ လက်ချက်ဖြင့် ဝေးလံသော တောင်ပေါ်ဒေသများ သို့မဟုတ် ပြည်ပသို့ပင် ရောင်းစားခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။
သူက အဘယ်ကြောင့် ဤကဲ့သို့နေရာတွင် ပေါ်လာပြီး ရှောင်ဟူကို သိနေမည်နည်း။
စုန့်စစ်ယွီ အတန်ကြာသည်အထိ အလျင်အမြန် တွေးတောလိုက်ပြီးနောက် ချန်ကျားယန်မှာ ဟိုးအချိန်များကတည်းက ရောင်းစားခံလိုက်ရပြီဖြစ်၍ ဤနေရာတွင် ပေါ်လာရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ရှောင်ဟူနှင့် သိကျွမ်းရန်က ပို၍ပင် မဖြစ်နိုင်ကြောင်း အခိုင်အမာ ယုံကြည်လိုက်လေသည်။
ရှောင်ဟူမှ ဤကိစ္စကို သိနေရသည့်အကြောင်းပြချက်မှာ သူမ ထိုကိစ္စကို လုပ်ဆောင်ခဲ့သည့် အချိန်ကာလအတွင်း အမှားအယွင်းတစ်ခုရှိခဲ့ပြီး တစ်စုံတစ်ယောက်က မြင်တွေ့သွားခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို သဘောပေါက်လိုက်ပြီးနောက် စုန့်စစ်ယွီတစ်ယောက် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရလေ၏။
အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားပါက သူမ၏ ဘဝမှာ ပျက်စီးသွားပေတော့မည် မဟုတ်ပါလား။
ကြည့်ရသည်မှာ သူမ၏ ဆုံးဖြတ်ချက်က အလွန်ပင် အလောတကြီး ဖြစ်သွားပုံရသည်။ သို့သော်လည်း ချန်ကျားယန်အပေါ် သူမ၏ အမုန်းတရားတို့က အရိုးထဲအထိ စွဲမြဲနေခဲ့ပေ၏။
သူ့ကို မြင်လိုက်ရသည့် အချိန်တိုင်းတွင် သူမအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မစဉ်းစားနိုင်တော့ဘဲ ထိုသို့သောအမှားမျိုးကို ကျူးလွန်မိခဲ့သည်။
သို့သော် ဤကိစ္စကို တခြားသူများ မြင်တွေ့သွားနိုင်လျှင်ပင် ချန်ကျားယန်က ထိုက်တန်သော ပြစ်ဒဏ်ကို ရရှိသွားပြီဖြစ်၍ စုန့်စစ်ယွီအနေဖြင့် မည်သည့် ဆုံးရှုံးမှုကိုမျှ ခံစားရမည် မဟုတ်ပေ။
ထို့အပြင် ရှောင်ဟူက သူမအပေါ် အမှန်တကယ် သံသယရှိနေလျှင်ပင် ကိစ္စမရှိပါချေ။
သူ့ထံတွင်တွင် သက်သေအထောက်အထားမရှိနေပေ။ ထိုသူက လူကုန်ကူးသူကို ခေါ်ဆောင်လာပြီး သူမအား သက်သေအဖြစ် မစွပ်စွဲနိုင်သရွေ့ ထိုလူက သူမဖြစ်ကြောင်းကို မည်သူက အတည်ပြုနိုင်ပါ့မည်နည်း။
ထိုသို့တွေးတောမိပြီးနောက် စုန့်စစ်ယွီက ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားခဲ့လေ၏။
“ရှင်ဘာတွေပြောနေတာလဲဆိုတာ ကျွန်မ နည်းနည်းလောက်တောင် မသိဘူး၊ ဒါပေမဲ့ ရှင်တို့မိသားစုက ဒီလိုလုပ်ရပ်မျိုး လုပ်တဲ့အတွက်ကြောင့် သေချာပေါက် ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်မှုကို ခံရလိမ့်မယ်ဆိုတာတော့ ကျွန်မသိတယ်!”
ရှောင်ဟူက တဟားဟားရယ်မောလိုက်သော်လည်း မည်သည့်စကားကိုမျှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။
ထိုသည်ကိုမြင်လျှင် စုန့်စစ်ယွီသည်လည်း သူနှင့် ဆက်လက်ငြင်းခုံခြင်းမပြုတော့ဘဲ သူမ၏ပစ္စည်းများကို ယူဆောင်ကာ ထွက်ခွာသွားရန်သာ တွေးတောလိုက်သည်။
ယခုအချိန်တွင် သူမနှင့် ဤမိသားစုမှာ လုံးဝအဆင်မပြေဖြစ်သွားပြီဖြစ်၍ ဤနေရာတွင် ဆက်လက်နေထိုင်ရန် လုံးဝမဖြစ်နိုင်တော့ချေ။
သို့သော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ဟူက သူမ၏ရှေ့တွင် ပိတ်ရပ်လိုက်လေ၏။
“မင်း ဘယ်ကို သွားမလို့လဲ”
သူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် စုန့်စစ်ယွီအား အထဲသို့ ပြန်လည်ဝင်ရောက်ခွင့်ပေးရန် အစီအစဉ်မရှိကြောင်း ထင်ရှားနေပေသည်။
“ရှင် ဘာကို ဆိုလိုတာလဲ၊ ကျွန်မရဲ့ပစ္စည်းတွေက အထဲမှာ ရှိသေးတယ်လေ၊ ဘာလဲ ရှင်တို့က ဓားပြတိုက်ချင်လို့လား”
စုန့်စစ်ယွီသည် မျက်မှောင်ကြုတ်ကာ ရှောင်ဟူအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ရှောင်ဟူက နှာခေါင်းတစ်ချက်ရှုံ့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒီတော့ ဘာဖြစ်လဲ၊ တကယ်လို့ နင် လုပ်နိုင်တယ်ဆိုရင် ငါတို့ကို သွားတိုင်လိုက်လေ၊ တကယ်လို့ နင်တိုင်ရင်လည်း ငါလည်း ရဲစခန်းကို လိုက်ခဲ့ပြီး နင်နဲ့ လူကုန်ကူးသူတွေ...”
“ကောင်းတယ်! အလွန်ကောင်းတယ် အဲဒီအဝတ်အစား အစုတ်အပြတ်တွေကို နင်တို့လို သူတောင်းစားကိုပဲ ပေးလိုက်မယ်!”
ထိုသို့ပြောပြီးနောက် စုန့်စစ်ယွီက မှောင်မည်းနေသော မျက်နှာဖြင့် လှည့်ထွက်သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် သူမက အပြင်သို့ထွက်တိုင်း ငွေကြေးကဲ့သို့ အဖိုးတန်ပစ္စည်းများကို ကိုယ်နှင့်မကွာ ယူဆောင်သွားလေ့ရှိသည်။
ဤနေရာတွင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာမှာ လဲလှယ်ရန် အဝတ်အစားတချို့သာ ဖြစ်ပေ၏။
ယခုတွင် ဤမိသားစုက သူမ၏ အဝတ်အစားများကိုပင် ပြန်မပေးတော့သည့်အတွက် သူမအနေဖြင့်လည်း ထိုအဝတ်အစားများကို အလိုမရှိတော့ချေ။
စောင့်ကြည့်နေလိုက်စမ်းပါ!
တစ်နေ့ကျရင် သူမပိုင်ဆိုင်သမျှ အရာအားလုံးကို သေချာပေါက် ပြန်ရအောင် ယူပြမယ်!
…
လင်းရန်အနေဖြင့် ထိုကိစ္စများအကြောင်းကို သူမ၏ ခရီးစဉ်မှ ပြန်လာမှသာ သိရှိရမည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် မမျှော်လင့်ဘဲ သူမ နောက်တစ်နေ့ မနက်တွင် အပြင်သို့ထွက်လိုက်သည်နှင့် ဘေးအိမ်မှ အန်တီကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ပြီး လမ်းခရီးကလည်း တူနေခဲ့သည်။
သူမ အိမ်နီးချင်း အန်တီကြီးနှင့်အတူ လမ်းလျှောက်လာရင်းဖြင့် မနေ့က ဖြစ်ပျက်ခဲ့သည့် ပွဲကြီးပွဲကောင်းအကြောင်းကို ကြားသိခဲ့ရလေတော့သည်။
ထိုအကြောင်းတို့ကို နားထောင်ပြီးနောက် လင်းရန်အနေဖြင့် စုန့်စစ်ယွီကို ဇာတ်လိုက်မပီသပေသည်ဟုသာ စိတ်ထဲမှ ရေရွတ်မိရ၏။ ဤကဲ့သို့အတွေ့အကြုံမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းပေသည်။
သူမအနေဖြင့် စုန့်စစ်ယွီနှင့် သူမ သဘောကျနေသော ကုန်တိုက်မှ အမျိုးသားတို့က အဆင်ပြေသွားကြလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးက ဈေးပင် အတူဝယ်ခဲ့ကြသည် မဟုတ်ပါလား။
ထိုသည်မှာ မင်္ဂလာဆောင်ရန်အတွက် သင့်တော်သည့် ပြင်ဆင်မှုတစ်ခု ဖြစ်နေခဲ့သည်ပင်။
နောက်ဆုံးတွင်တော့ ဤအဆင့်သို့ ရောက်ရှိနေပြီးနောက်တွင်ပင် သူမထံ၌ အမှားအယွင်းများ ရှိနေနိုင်သေးမည်ဟု မည်သူ သိနိုင်ပါ့မည်နည်း။
ကြည့်ရသည်မှာ ဇာတ်လိုက်တစ်ဦးအနေဖြင့် အောင်မြင်မှုရရှိရန်အတွက် အမျိုးမျိုးသော အခက်အခဲများကို ဖြတ်ကျော်ရဦးမည်ဟု ထင်ရပေသည်။
ထိုသို့တွေးမိပြီးနောက် လင်းရန်တစ်ယောက် ဇာတ်လိုက်မဖြစ်ရသည်ထက် အရံဇာတ်ကောင်တစ်ယောက်ဖြစ်ရသည်က ပို၍ ကောင်းမွန်သည်ဟု ခံစားလိုက်ရလေ၏။
အနည်းဆုံးတော့ မူလကံကြမ္မာကို ရှောင်ရှားပြီးနောက်တွင် အရာအားလုံးကို သူမကိုယ်တိုင် စိတ်ကြိုက် ထိန်းချုပ်နိုင်သည် မဟုတ်ပါလား။
စုန့်စစ်ယွီကဲ့သို့ သူ့ကိုယ်သူ ဇာတ်လိုက်မဟု သိရှိပြီးနောက် နတ်ဘုရားတစ်ပါးကဲ့သို့ မှတ်ယူကာ အဓိပ္ပာယ်မရှိသော အပြုအမူမျိုးစုံကို မည်သူက လုပ်ဆောင်နိုင်ပါ့မည်နည်း။
“နင် ရှောင်စုန့်နှင့်အတူရှိနေတာကတော့ ပိုပြီး ကံကောင်းတာပေါ့၊ ဟိုနေ့မနက်က မနက်အာရုဏ်တက်တဲ့အချိန်ကြီးကို သူက ငါတို့ဆီကိုလာပြီး သူမရှိတဲ့အချိန်တွေမှာ မင်းကိုကူညီပေးဖို့ လာတောင်းဆိုခဲ့တယ်လေ၊
ကြည့်ရတာ သူက နင့်ကို တကယ် စိတ်ပူနေပုံပဲ၊ နင့်အနားမှာပဲ တစ်သက်လုံး နေချင်နေတာ ထင်ပါရဲ့၊ ဟားဟားဟား..”
အိမ်နီးချင်း အန်တီကြီးက စကားလမ်းကြောင်းကို သူမဆီသို့ ရုတ်တရက် လွှဲပြောင်းပြီး စနောက်လိုက်သဖြင့် လင်းရန်မှာလည်း ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
ကံကောင်းသည်မှာ သူမနှင့် အိမ်နီးချင်း အန်တီကြီးတို့က သိပ်မကြာမီမှာပင် လမ်းခွဲခဲ့ကြပြီး တစ်ယောက်ကိုတစ်ဖက်စီသို့ ထွက်ခွာခဲ့ကြသောကြောင့် လင်းရန်တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့လေ၏။
သို့သော်လည်း အိမ်နီးချင်း အန်တီကြီး၏ စကားများကို ပြန်လည်စဉ်းစားမိပြီးနောက် သူမသည် အနည်းငယ် အံ့အားသင့်သွားရပြီး ပျော်ရွှင်သွားခဲ့ရသည်။
မဆိုးပါဘူး။
အဲဒီ စုန့်ရှီးယန်ဆိုတဲ့လူက ဒီလိုမျိုးအသိစိတ်ရှိနေသေးသားပဲ။
နောက်တစ်ကြိမ် သူပြန်လာပါ သူ့အပေါ် ပိုပြီး ကောင်းမွန်စွာ ဆက်ဆံရမည်ဟု သူမ တွေးလိုက်မိသည်။
…