← Chapters

အခန်း (၃၀၅)

Vol. 31 Ch. 305

အခန်း (၃၀၅)

Vol. 31 Ch. 305

အခန်း(305)

သိပ်မကြာမီ လင်းရန်က စားဖိုမှူးရှုန်း၏ အိမ်သို့ ရောက်ရှိသွားပြီး သူနှင့် ဆုံတွေ့ခဲ့လေ၏။

မူလက လင်းရန်အနေဖြင့် သူတို့၏ ခရီးသို့ ရောက်ရှိရန် ရထားစီးကြရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း စားဖိုမှူးရှုန်း၏ အိမ်သို့ ရောက်ရှိသည့်အချိန်တွင် တစ်ဖက်လူက အနည်းငယ်မျှပင် အလျင်လိုခြင်း မရှိနေကြောင်းကို တွေ့ရှိရလေ၏။

စားဖိုမှူးရှုန်းက လင်းရန်အား ပြောလိုက်သည်။

“ခဏလောက် ထပ်စောင့်ဦး၊ ကား ရောက်မလာသေးဘူး”

လင်းရန်မှာ ခဏမျှ ကြောင်အသွားရပြီးနောက် လက်ဖက်ရည်သောက်နေဆဲဖြစ်သော စားဖိုမှူးရှုန်းအား လေးစားအားကျစွာဖြင့် ကြည့်လိုက်မိသည်။

ယနေ့ခေတ်ကာလတွင် စားဖိုမှူးရှုန်းက သူ့အား လာရောက်ကြိုဆိုရန်အတွက် သီးသန့်ကားတစ်စီးကို စီစဉ်နိုင်စွမ်းရှိသည့် ပထမဆုံးသော စားဖိုမှူးပင် ဖြစ်ပေလိမ့်မည်။

ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

“အဘိုး၊ ကျွန်မတံခါးသွားဖွင့်လိုက်မယ်”

လင်းရန်တစ်ယောက် အပြင်ဘက်မှ ရောက်ရှိလာသူက သူတို့အား လာရောက်ကြိုဆိုမည့်သူ ဖြစ်လိမ့်မည်ဟု တွေးတောကာ ချက်ချင်းပင် ထရပ်လိုက်လေ၏။ သို့သော်လည်း မျှော်လင့်မထားစွာဖြင့် ရဲတပ်ဖွဲ့ယူနီဖောင်းကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရလေ၏။

လင်းရန်၏ ပထမဆုံးအတွေးမှာ သူမရှေ့မှ ဤရဲဘော်က လိပ်စာမှားလာခြင်းလား၊ သို့မဟုတ် စားဖိုမှူးရှုန်းမှ တစ်စုံတစ်ရာသော ပြစ်မှုကိုကျူးလွန်ထားခြင်းလားဟူ၍ပင်။

သို့သော် ထိုသည်က မဖြစ်နိုင်ချေ။

စားဖိုမှူးရှုန်းအနေဖြင့် တစ်စုံတစ်ရာ ကျူးလွန်ခဲ့မည်ဆိုလျှင်ပင် အိမ်အပြင်ဘက်၌ စစ်တုရင်ကစားရင်း တစ်ဦးတစ်ယောက်နှင့် ရန်ဖြစ်ခြင်းမျိုးသာ ဖြစ်နိုင်ပေလိမ့်မည်။

လင်းရန်က သံသယများဖြင့် ပြည့်နှက်နေချိန်တွင် သူမ၏ရှေ့မှ ရဲဘော်က တိုက်ရိုက်ပင် ပြုံးပြလျက် မေးမြန်းလာခဲ့သည်။

“မင်္ဂလာပါ ရဲဘော်၊ မင်းက လင်းရန်လား”

လင်းရန်အနေဖြင့် တစ်ဖက်လူက သူမကို လာရောက်ရှာဖွေခြင်းဖြစ်မည်ဟု လုံးဝထင်မထားခဲ့သဖြင့် ခဏမျှ ကြောင်အ,သွားပြီးမှ အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်၏။

“ ဟုတ်ပါတယ်၊ ကျွန်မက လင်းရန်ပါ ဘာကိစ္စရှိလို့လဲ”

သူမက စစ်မှန်သည့် စံပြနိုင်ငံသားတစ်ဦးဖြစ်ပေ၏။ ယခင်ဘဝမှာဖြစ်စေ၊ ယခုဘဝမှာဖြစ်စေ သူမက ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်ဆံရခြင်းမျိုးက အလွန်နည်းပါးခဲ့သောကြောင့် ယခု သူတို့ကို မြင်တွေ့ရသည့်အချိန်တွင်တော့ လေးစားသည့်စိတ်နှင့် စိုးရိမ်စိတ်တို့သာ ရှိနေခဲ့သည်။

ဤသည်မှာ သာမန်နိုင်ငံသားတစ်ဦး၏ စိတ်ခံစားချက်ပင် ဖြစ်ပေသည်။

“စိတ်မလှုပ်ရှားပါနဲ့ ရဲဘော်လင်းရန်၊ ကျွန်တော် ဒီကိုလာတာက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုအတွက်ပါ”

လင်းရန် အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ရှေ့မှ ရဲဘော်က သူ၏အမူအရာကို လျှော့ချလိုက်ပြီး သူမအား ပြုံးပြလာခဲ့၏။

တစ်ဖက်လူမှ ထိုသို့ပြောလိုက်သော်လည်း မည်သည့်ကိစ္စဖြစ်ကြောင်းကို မသိရသေးသောကြောင့် လင်းရန်တစ်ယောက် စိုးရိမ်နေဆဲပင်။

“ဒါဆို.. ကျွန်မကို ဘာလို့ လာရှာတာလဲ”

“အဲဒါကတော့ .. ရဲဘော်လင်းရန် မင်း လီရှို့လီကို သိတယ်မဟုတ်လား”

လီရှို့လီ...

လင်းရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုသူမှာ မည်သူဖြစ်ကြောင်းကို သတိရသွားခဲ့သည်။

ထိုသည်က ဤကမ္ဘာရှိ သူမ၏ “အမေအရင်း”ပင် မဟုတ်ပါလား။

သူမ ကျေးလက်ဒေသသို့ စတင်ထွက်ခွာချိန်တွင် သူမက စုန့်ဝေ့နှင့်အတူ လင်းမိသားစုအိမ်သို့ လာရောက်ခဲ့သည်။ ထိုအချိန်ကတည်းက ယခုအချိန်အထိ တစ်ခါမျှ ပြန်မတွေ့ခဲ့ပါချေ။

ထို့ကြောင့် လီရှို့လီ၏ အခြေအနေကိုလည်း သူမ မသိရှိခဲ့ချေ။

ယခုအချိမ်တွင် ရုတ်တရက် သူမနှင့် လီရှို့လီ၏ ကိစ္စကို မေးမြန်းလာသောကြောင့် လင်းရန်၏ ပထမဆုံးအတွေးမှာ လီရှို့လီ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပြီလားဟူ၍ပင် ဖြစ်သည်။

“ သိပါတယ်၊ ပြောရမယ်ဆိုရင် သူက ကျွန်မရဲ့ အမေပါ၊ ဒါပေမဲ့ သူက ကျွန်မရဲ့အဖေနဲ့ ကွာရှင်းခဲ့ပြီး အခုကျွန်မက အဖေနဲ့အတူ နေတာဆိုတော့ သူနဲ့ မတွေ့တာ အတော်ကြာပြီ”

လင်းရန်က သူမနှင့် လီရှို့လီ၏ ဆက်ဆံရေးကို အတတ်နိုင်ဆုံး ရှင်းလင်းဖော်ပြခဲ့ပြီး သူမ၏ရှေ့ရှိ ရဲသားရဲဘော်အနေဖြင့် သူမကို လီရှို့လီနှင့် ဆက်စပ်၍ မတွေးမိစေရန် ကြိုးစားလိုက်လေ၏။

သေချာပေ၏။ လီရှို့လီက သူမကို ဒုက္ခပေးလာမည်ကိုသာ သူမ စိုးရိမ်နေမိခြင်းပင်။

ထိုအမျိုးသမီးမှာ မူလကတည်းက အတွေးအခေါ် မရှင်းလင်းသူဖြစ်ပြီး သူမ၏သမီးအရင်းကို ပစ်ပယ်ကာ လင်ပါသမီးအဖြစ် ရောက်လာသော သမီးကိုသာ အလိုလိုက်ပြီး သမီးအရင်းကို နာကျင်အောင် လုပ်ခဲ့သူမဟုတ်ပါလား။

သူမက သတ္တိနည်းပြီး သိမ်ဖျင်းကာ စိတ်ဓာတ်လည်းမကောင်းသူတစ်ဦးပင် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ထိုမိန်းမနှင့် ပတ်သက်လျှင် ကောင်းသောအရာ တစ်ခုမျှ ဖြစ်လာမည်မဟုတ်ဟု သူမ ယူဆထား၏။ သို့သော် လင်းရန် ယနေ့ တွေးတောမိသည်မှာ အမှန်တကယ်ပင် မှားယွင်းသွားခဲ့ပေသည်။

“ကောင်းပါပြီ၊ မင်းနဲ့ အန်တီလီတို့ရဲ့ အခြေအနေကို ကျွန်တော် ကောင်းကောင်း သိထားပါတယ်”

ရဲသားရဲဘော်က ထိုသို့ပြောလာပြီး သူ၏အပြုံးက အကူအညီမဲ့သည့်အမူအရာသို့ ရုတ်တရက် ပြောင်းလဲသွားပြီး ဆက်လက်ပြောလာလေ၏။

“ဒါပေမဲ့ ကျွန်တော်က လူတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် ဒီကို ရောက်လာခဲ့တာပါ”

ထိုသူမှာ တခြားသူမဟုတ်ဘဲ သူ၏ မိခင်အရင်းပင် ဖြစ်ပေသည်။လီရှို့လီက အလုပ်သမားဝင်းသို့ ပြောင်းရွှေ့သွားပြီးနောက် အစပိုင်းတွင် အရှက်ရခြင်းနှင့် အပယ်ခံရခြင်းတို့ကို ဖြတ်ကျော်ခဲ့ရသည်။

သို့သော်လည်း နောက်ပိုင်းတွင် ထူးဆန်းစွာဖြင့် အနီးအနားရှိ အဒေါ်ကြီးများနှင့် အဆင်ပြေစွာ ပေါင်းသင်းနေထိုင်နိုင်ခဲ့လေသည်။

ဖြစ်နိုင်သည်မှာ သူမအနေဖြင့် ယခင်ကကဲ့သို့ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့၏ ရှေ့တွင် ဇနီးကောင်း၊ မိခင်ကောင်းအဖြစ် ဟန်ဆောင်နေရန် မလိုအပ်တော့ခြင်းကြောင့် ၊ သို့မဟုတ် စုန့်ဝေ့တွင် ယခုအချိန်၌ သူမတစ်ဦးတည်းသာ ရှိနေပြီး သူမ မရှိဘဲ မနေနိုင်တော့ကြောင်းကို သိရှိသွားခြင်းကြောင့် ဖြစ်နိုင်ပေ၏။

ယခုအချိန်တွင် လီရှို့လီက သူ့ကိုယ်သူ လွတ်လပ်ခွင့်ပေးလိုက်ရုံတင်မကဘဲ စုန့်ဝေ့နှင့် ဆက်ဆံရာတွင်လည်း တဖြည်းဖြည်း အသာစီး ရလာခဲ့သည်။

သူမ၏ရှေ့မှ ရဲသားရဲဘော်မှာ လီရှို့လီ မတိုင်ခင်ကသိကျွမ်းခဲ့သော သူငယ်ချင်းဖြစ်သည့် အဒေါ်ကြီးတစ်ဦး၏ သားပင်ဖြစ်ပေသည်။

လီရှို့လီအနေဖြင့် ယခုအချိန်တွင် လင်းရန်ကို သတိရနေခဲ့သော်လည်း၊ သူမက လင်းရန်ကို သွားရောက်ဆက်သွယ်ပါက လင်းရန်မှ သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် မဟုတ်ကြောင်းကိုလည်း ကောင်းစွာ သိရှိနေခဲ့သည်။

သူမက ရှက်ရွံ့နေခဲ့သောကြောင့် ယခင်အချိန်များတွင်လည်း မြို့ထဲ၌ လင်းရန်ကို မတော်တဆ တွေ့ရှိခဲ့လျှင်ပင် အရှေ့သို့ အပြေးအလွှားသွားပြီး နှုတ်ဆက်ရန် သို့မဟုတ် သမီးအဖြစ် အသိအမှတ်ပြုရန် မဝံ့ရဲခဲ့ချေ။

ယခုအချိန်တွင် သူမက ဘဝကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရပြီဖြစ်ရာ၊ လွန်ခဲ့သော နှစ်များစွာက စုန့်စစ်ယွီအား ပြုစုစောင့်ရှောက်ပေးခဲ့ရခြင်းကြောင့် သူမ၏ သမီးအရင်းဖြစ်သူ လင်းရန်အပေါ် မည်မျှအထိ နာကျင်အောင် လုပ်ဆောင်ခဲ့မိသည်ကို သိရှိလာခဲ့လေသည်။

ထို့ကြောင့် သူမက အပြစ်ရှိသကဲ့သို့ ခံစားရပြီး လင်းရန်၏ ရှေ့သို့သွား၍ စကားပြောရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့ရသည်။

အတိအကျ ပြောရမည်ဆိုပါက သူမသည်ကား ယခုအချိန်မှသာ “အရှက်” ဆိုသည့် စကားလုံးကို မည်သို့ရေးရမည်ကို စတင်သိရှိလာခြင်း ဖြစ်ပေသည်။

သူမက သူမ၏ စိုးရိမ်ပူပန်မှုများကို သူမ၏ သူငယ်ချင်း အဒေါ်ကြီးများထံသို့ ပြောပြခဲ့ပြီး၊ သူတို့ထဲမှ တစ်ဦးက သူမအား အကြံပေးခဲ့လေသည်။

သူမ၏သမီးဖြစ်သူက ယခုအချိန်တွင် သူမအား ခွင့်မလွှတ်နိုင်သေးလျှင်ပင် သူမအနေဖြင့် သူမ၏ သဘောထားအမှန်ကို ပြသရမည်ဖြစ်ပြီး သူမ နောင်တရနေကြောင်းကို သမီးဖြစ်သူအား သိစေရမည်ဟု ဆို၏။

အကောင်းဆုံးနည်းလမ်းမှာ သူမ၏ သမီးထံသို့ သတင်းစကားပါးရန် နည်းလမ်းရှာဖွေပြီး သူမ၏ လက်ရှိအခြေအနေနှင့် သမီးအား စောင့်ဆိုင်းနေမည့်အကြောင်းကို ပြောပြရန် ဖြစ်ပေသည်။

သို့သော် လီရှို့လီက ကိုယ်တိုင်သွားရန် မဝံ့ရဲသဖြင့် နောက်ဆုံးတွင် တခြားတစ်ဦးအား ကူညီရန် ရှာဖွေခဲ့ရလေတော့သည်။

ယခု လင်းရန်၏ ရှေ့မှ လူမှာ ရွေးချယ်ခံလိုက်ရသည့် ကံမကောင်းသောသူပင် ဖြစ်ပေ၏။

“...အဲဒါပါပဲ၊ အန်တီလီကတော့ အခုအချိန်မှာ သူ့ရဲ့ အမှားကို သိသွားလောက်ပါပြီ၊

ကျွန်တော် ပြောပြချင်တာက သူက အခု အလုပ်သမားဝင်းထဲမှာ နေတယ်၊ မင်း အားတဲ့အချိန်ကျရင် သွားတွေ့လို့ ရပါတယ်၊ သူက မင်းကို အမြဲတမ်း စောင့်နေမှာပါ”

ထိုအကြောင်းကို ကြားလိုက်ရလျှင် လင်းရန်တစ်ယောက် အကြောင်းရပြချက်မရှိဘဲ စိတ်ထဲ၌ ရှုပ်ထွေးသွားခဲ့ရလေသည်။

အကယ်၍ ယခုစကားကို ကြားလိုက်ရသူက မူလ “လင်းရန်” သာ ဖြစ်ခဲ့ပါက သူမအနေဖြင့် အလွန်ပင် ဝမ်းသာပျော်ရွှင်နေပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ထို “လင်းရန်” မှာ မရှိတော့ချေ။ ထို့ကြောင့် လီရှို့လီ၏ နောက်ကျလှသော နောင်တမှာလည်း မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ပေ။

“အိုး ဒါနဲ့ .. ဒါက အန်တီလီက မင်းအတွက် ယူလာပေးတဲ့ စားစရာတွေပါ ၊ အရင်က မင်း ဒါတွေကို အရမ်းကြိုက်တတ်တယ်လို့ သူပြောတယ်”

ထိုသို့ပြောပြီးနောက် ရဲသားရဲဘော်က သူယူဆောင်လာသော ပစ္စည်းကို လင်းရန်ထံသို့ ကမ်းပေးလိုက်လေ၏။

လင်းရန်အနေဖြင့် ၎င်းကို မလက်ခံလိုသော်လည်း ရဲသားရဲဘော်က အားနာရိပ်သန်းနေသော မျက်နှာဖြင့်ဆိုလာခဲ့သည်။

“ရဲဘော်လင်းရန်၊ ဒါကို လက်ခံပေးပါလား၊ ကျွန်တော်က ရုံးကို အမြန်သွားရဦးမှာ၊ လောလောဆယ် ရုံးမှာ အလုပ်တွေ နည်းနည်းများနေတယ်လေ”

အကယ်၍ လင်းရန်သာ လက်မခံပါက သူသည်က ၎င်းကို ပြန်လည်ပေးပို့ရန် နောက်ထပ်တစ်ခေါက် ထပ်မံလာရောက်ရပေလိမ့်မည်။

သူ့၏အမူအရာကို မြင်လျှင် လင်းရန်လည်း တခြားနည်းလမ်းမရှိတော့ဘဲ ပစ္စည်းများကို လက်ခံလိုက်ရတော့၏။

“ကောင်းပါပြီ ရဲဘော်လင်းရန်၊ ကျွန်တော် သွားပါဦးမယ်၊ အိုး.. ဒါနဲ့၊ ဒီရက်ပိုင်းအတွင်း အပြင်ကိုထွက်တဲ့အချိန်ကျရင် မင်းတို့လို အမျိုးသမီးလေးတွေ သေသေချာချာ ဂရုစိုက်ဖို့လိုလိမ့်မယ်၊ အပြင်ဘက်မှာ အခြေအနေတွေက နည်းနည်း မလုံမခြုံ ဖြစ်နေနိုင်တယ်”

ထိုသို့ပြောပြီးနောက် ရဲသားရဲဘော်က အမြန်ပင် ထွက်ခွာသွားလေတော့သည်။

သို့သော် လင်းရန်သည်ကား သူ၏ နောက်ဆုံးစကားကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။

သူ ဘာကို ပြောချင်တာလဲ။

လတ်တလော မြို့ထဲမှာ တစ်ခုခု ဖြစ်နေလို့များလား။

လင်းရန်အနေဖြင့် မည်သည့် မငြိမ်မသက်မှုကိုမျှ သတိမထားမိခဲ့ပါသော်လည်း ရဲသားရဲဘော်က သူမကို သတိပေးသွားခဲ့သည့်အတွက် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်မှာ သေချာပေသည်။ထို့ကြောင့် သူမအနေဖြင့် ပို၍ သတိထားရပေမည်။

လီရှို့လီ ပေးလိုက်သော ပစ္စည်းများအတွက်ကတော့..

လင်းရန်က သူမလက်ထဲရှိ အိတ်ကို ငုံ့ကြည့်လိုက်သော်လည်း စားသောက်ရန် အစီအစဉ်မရှိခဲ့ချေ။

သူမက အထဲတွင် မည်သည့်အရာများပါရှိသည်ကို အရင်ဆုံးကြည့်လိုက်သည်။ အကယ်၍ ချက်ချင်းစားရမည့်အရာများ ဖြစ်ပါက ဖယ်ရှားရန် နည်းလမ်းရှာရမည် သို့မဟုတ် အိမ်နီးချင်းများကို ပေးလိုက်ရပေလိမ့်မည်။

အကယ်၍ ရက်အနည်းငယ်ကြာအောင် ထားနိုင်မည့်အရာ ဖြစ်ပါက သူမနှင့် စားဖိုမှူးရှုန်းတို့ အလုပ်ကိစ္စပြီး၍ ပြန်လာသည့်အခါမှသာ လီရှို့လီထံသို့ ပြန်လည်ပေးအပ်လိုက်ရပေမည်။

သူမက မူလပိုင်ရှင် မဟုတ်သကဲ့သို့ မူလပိုင်ရှင်အတွက် ဆုံးဖြတ်ချက်ချပေးရန် အရည်အချင်းမရှိပေ။ သူမက လီရှို့လီကို ခွင့်မလွှတ်နိုင်ချေ။

ထို့ကြောင့် သူမက ဤပစ္စည်းကို အသုံးမပြုနိုင်ပေ။

*

All Chapters