အခန်း (၃၀၆)
Vol. 31 Ch. 306
အခန်း
(306)
လင်းရန် ခြံထဲသို့ ပြန်ရောက်လျှင် စားဖိုမှူးရှုန်းကလည်း အပြင်ဘက်ရှိ အခြေအနေကို မေးမြန်းလာသောကြောင့် လင်းရန်သည်လည်း ဖြစ်ပျက်ခဲ့သမျှကို ဖုံးကွယ်ခြင်းမရှိဘဲ ပြောပြလိုက်လေသည်။
စားဖိုမှူးရှုန်းနှင့် အဘွားရှုန်းတို့က ထိုအကြောင်းများကို ကြားလိုက်ရလျှင် သာမန်သက်ကြီးရွယ်အိုများကဲ့သို့ လင်းရန်အား လီရှို့လီကို ခွင့်လွှတ်ရန် တိုက်တွန်းပြောဆိုခြင်း မပြုခဲ့ကြချေ။
ထို့အပြင် သူမအနေဖြင့် သေသေချာချာ စဉ်းစားဆုံးဖြတ်နိုင်သရွေ့ အားလုံး အဆင်ပြေကြောင်းသာ ပြောကြားခဲ့လေသည်။
ထိုအကြောင်းကို ကြားလျှင် လင်းရန်ပို၍ ပျော်ရွှင်မိရ၏။
ဤကမ္ဘာပေါ်ရှိ လူအများစုမှာ သားသမီးများက မိဘများကို သေချာပေါက် ခွင့်လွှတ်ရမည်ဟု ထင်မြင်ယူဆတတ်ကြသည်။
မိဘများက မည်သည့်အရာကိုလုပ်သည်ဖြစ်စေ သူတို့က မိဘများဖြစ်ကြသောကြောင့် သားသမီးများက သူတို့နှင့် တန်းတူမဖြစ်နိုင်ဟု ဆိုတတ်ကြ၏။
သို့သော် ထိုသူတို့က သားသမီးများအနေဖြင့် သားသမီးမဖြစ်မီတွင် ပထမဦးစွာ လူသားတစ်ဦး ဖြစ်ကြောင်းကို မေ့လျော့နေခဲ့ကြသည်။
လူတိုင်းတွင် အခြေခံအကျဆုံးသော စိတ်ခံစားချက်များ ရှိကြပေသည်။
အခြေအနေများစွာတွင် “တာဝန်” နှင့် “ဝတ္တရား” ဆိုသည့် စကားလုံးတချို့ဖြင့်သာ အရာအားလုံးကို ဖုံးကွယ်ထားရန် အမှန်တကယ်ပင် မဖြစ်နိုင်ပါချေ။
ထားလိုက်ပါတော့။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် လီရှို့လီနှင့် ပြန်လည်သင့်မြတ်ရန် အစီအစဉ်မရှိသကဲ့သို့ သူမသည်လည်း သူမလင်းရန်၏ “မွေးမိခင်အရင်း”လည်းမဟုတ်ပေ။
ထို့နောက်တွင် လင်းရန်က အိတ်ကိုဖွင့်ကြည့်လိုက်ရာ အတွင်း၌ မုန့်ကြိုးလိမ်ကြော်တစ်အိတ် ထည့်ထားသည်ကို တွေ့လိုက်ရသည်။
ထိုမုမ့်ကို လီရှို့လီကိုယ်တိုင် ကြော်ထားခြင်းဖြစ်ပုံရပြီး အပြင်တွင်ရောင်းသော မုန့်များကဲ့သို့ ကြည့်မကောင်းသော်လည်း သူမကဲ့သို့သော မိသားစုအတွက်တော့ ကောင်းမွန်သောအရာတစ်ခုဟု မှတ်ယူရပေမည်။
ယခုခေတ်ကာလတွင် ဆီများကအလွန်အဖိုးတန်သော ပစ္စည်းဖြစ်၍ အိမ်၌ ဆီကြော်မုန့်များ စားနိုင်ခြင်းမှာ နှစ်သစ်ကူးပွဲတော် ကျင်းပနေရသကဲ့သို့ပင် ဖြစ်ချေ၏။
သို့ရာတွင် လင်းရန်က ထိုမုန့်များကို မစားဘဲ အိတ်ကို သေသေချာချာ ပြန်ထုတ်ပိုးကာ စားဖိုမှူးရှုန်း၏ အိမ်တွင် ခေတ္တထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူမ ပြန်ရောက်လာသည့်အချိန်မှသာ လီရှို့လီထံသို့ ပြန်ယူသွားပေးပြီး သူမနှင့် ရှင်းလင်းရပေမည်။
စားဖိုမှူးရှုန်းနှင့် အဘွားရှုန်းတို့ကလည်း သူမ၏ ဆုံးဖြတ်ချက်ကို လေးစားခဲ့ကြလေ၏။ လင်းရန် ပစ္စည်းများ သိမ်းဆည်းပြီးသွားချိန်တွင် စားဖိုမှူးရှုန်းကို လာရောက်ကြိုဆိုမည့် ကားသည်လည်း အပြင်ဘက်သို့ ဆိုက်ရောက်လာခဲ့လေ၏။
စားဖိုမှူးရှုန်းကို လာကြိုသည့်ကားထံသို့ လင်းရန် လိုက်သွားချိန်တွင် ဒရိုင်ဘာဖြစ်သူက သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သတိထားမိလိုက်သည်။
ထိုလူမှာ အလွန်လေးနက်ပြီး သူ့ထံမှထွက်ပေါ်နေသော အရှိန်အဝါမှာလည်း စစ်တပ်မှ လာသူတစ်ဦးကဲ့သို့ ထူးခြားလှပေ၏။
ကားပေါ်သို့ တက်လိုက်ကြပြီးနောက် စားဖိုမှူးရှုန်းက လင်းရန်အား ယခုခရီးစဉ်၏ ဦးတည်ရာကို ပြောပြလေသည်။
ယခုတစ်ခေါက်တွင် သူတို့က ဘေးဘက်ပြည်နယ်ရှိ စစ်ဒေသတစ်ခုမှ မိသားစုဝင်းအတွင်းသို့ သွားရောက်ကာ ထိုနေရာမှ ခေါင်းဆောင်ကြီးတစ်ဦးအတွက် ဟင်းချက်ပေးကြရမည် ဖြစ်ပေသည်။
ထိုခေါင်းဆောင်ကြီးမှာ အလွန်ပင် ရိုသေလေးစားထိုက်သူဖြစ်ပြီး သူ၏ ဘဝတစ်သက်တာလုံးကို အမိနိုင်ငံနှင့် တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် မြှုပ်နှံထားသူဖြစ်ပေ၏။
သို့သော်လည်း အတိတ်က အကြောင်းအရင်းတချို့ကြောင့် သူ၏အမည်ကို လူသိများခြင်းမရှိပေ။
ယခုအချိန်အထိ သူ့ကိုသိရှိသူ နည်းပါးလှပြီး သူ၏ ရဲဘော်ရဲဘက်များနှင့် ရင်းနှီးသော လက်အောက်ငယ်သားများလွဲ၍ တခြားမည်သူကမျှ သူ၏အနားတွင် မရှိနေခဲ့ကြချေ။
သို့သော်လည်း သူ၏ အမိနိုင်ငံ တည်ဆောက်ရေးအတွက် ပေးဆပ်ခဲ့သော အနစ်နာခံမှုများနှင့် အကျိုးပြုမှုများမှာတော့ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလွန်းပေ၏။
ကြားသိရသည်မှာ ထိုခေါင်းဆောင်ကြီးတွင် မူလက အိမ်ထောင်ရှိခဲ့သော်လည်း စစ်ပွဲအတွင်း အမိနိုင်ငံကို ကာကွယ်ရန်အတွက် အိမ်မှ ထွက်ခွာခဲ့ရသောကြောင့် သူ၏ ဇနီး၊ သားသမီးများနှင့် ကွဲကွာခဲ့ရကာ နောက်ထပ် သတင်းအစအနပင် မရရှိတော့ဟူ၏။
ထို့ကြောင့် ယခုအချိန်တွင် ထိုလူကြီးမင်းမှာ တစ်ကိုယ်တည်းသမား ဘဝသို့ ရောက်ရှိနေရရှာသည်။
ကံကောင်းထောက်မစွာဖြင့် အဖွဲ့အစည်းနှင့် နိုင်ငံတော်က သူ့ကို မေ့လျော့မထားဘဲ သူ၏ အိုမင်းမစွမ်းချိန်ကို ကုန်ဆုံးရန်အတွက် ဤနေရာသို့ အထူးစီစဉ် ပို့ဆောင်ပေးထားခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူ၏ မွေးနေ့သို့ရောက်သည့်အချိန်တွင် လက်အောက်ငယ်သားများက ထိုလူကြီးမင်းအတွက် အကောင်းဆုံး ဂုဏ်ပြုဆင်နွှဲပေးကြရန် ကြိုးစားကြခြင်း ဖြစ်သည်။
အရသာရှိသော အစားအစာများကို ချက်ပြုတ်ပေးခြင်းက အခြေခံအကျဆုံး လုပ်ဆောင်ချက်ပင် ဖြစ်ပေ၏။
ခေါင်းဆောင်ကြီး၏ စွန့်လွှတ်အနစ်နာခံခဲ့ပုံများကို ကြားသိရပြီးနောက် လင်းရန်လည်း ချက်ချင်းပင် ရိုသေလေးစားစိတ်များ ဖြစ်ပေါ်လာခဲ့သည်။သူမ ဤနေရာသို့ ရောက်ရှိလာပြီး စုန့်ရှီးယန်နှင့် သူမ၏ ဝမ်းကွဲအစ်ကို လင်းကွမ်းချင်းတို့နှင့် တွေ့ဆုံပြီးမှသာ စစ်တပ်အတွင်းရှိ ရဲဘော်များမှာ မည်မျှအထိ ပင်ပန်းဆင်းရဲကြပြီး မည်မျှအထိ လေးစားထိုက်ကြောင်းကို ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သည်။
ထို့ကြောင့် ထိုကဲ့သို့သော ခေါင်းဆောင်ကြီးအတွက် ဟင်းချက်ပေးခွင့်ရခြင်းမှာ လင်းရန်အတွက် ဂုဏ်ယူစရာတစ်ခုပင် ဖြစ်ခဲ့သည်။
ကားဖြင့် သွားခြင်းဖြစ်သောကြောင့် ရထားဖြင့် သွားခြင်းထက် ပိုမိုမြန်ဆန်ပေ၏။ ရထားဖြင့် သွားပါက တစ်ရက်ထက်မက ကြာမြင့်နိုင်သော်လည်း ယခုအချိန်တွင်မူ တစ်ရက်တာ၏ အချိန်အတော်များများကို ခရီးနှင်ပြီးနောက်တွင် ထိုနေရာသို့ ရောက်ရှိသွားခဲ့လေပြီ ။
ထိုနေရာသို့ ရောက်ရှိသွားပြီးနောက် လင်းရန်က ဤမိသားစုဝင်းကြီးမှာ မိသားစုများ စုပေါင်းနေထိုင်သည့် ဝင်းတစ်ခုဆိုသည်ထက် နောက်ပိုင်းခေတ်များတွင် တွေ့ရတတ်သော ဘိုးဘွားရိပ်သာတစ်ခုနှင့် ပို၍တူနေကြောင်းကို သတိပြုမိလေ၏။
ပတ်ဝန်းကျင်အခြေအနေမှာ အလွန်ပင် ကောင်းမွန်လှပြီး လေထုမှာလည်း ထူးကဲစွာ သန့်ရှင်းလတ်ဆတ်နေခဲ့သည်။
အတွင်းဘက်သို့ လှမ်းဝင်လိုက်သည့်အချိန်တွင် လူငယ်လူရွယ်များကို များများစားစား မတွေ့ရပေ။
အခြေခံအားဖြင့် အသက်ကြီးပိုင်း ပုဂ္ဂိုလ်များကသာ အေးအေးလူလူ လမ်းလျှောက်နေကြခြင်း၊ အစာစားပြီးနောက် လမ်းလျှောက်ထွက်ခြင်း စသည်ဖြင့် အနားယူနေကြသည်ကိုသာ တွေ့ရချေ၏။
သို့သော်လည်း လင်းရန်အနေဖြင့် ဤနေရာတွင် ရှိနေကြသော သက်ကြီးရွယ်အိုများကို အထင်သေးရန် မဝံ့ရဲပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ဘေးမှ ဖြတ်လျှောက်သွားသော အဘွားအို သို့မဟုတ် အဘိုးအို တစ်ဦးတစ်ယောက်သည်ပင် ငယ်စဉ်အခါက သေနတ်ကိုကိုင်စွဲကာ ရန်သူများကို တိုက်ထုတ်ခဲ့ဖူးသည့် သူရဲကောင်းများ ဖြစ်နိုင်သောကြောင့်ပင်။
ထိုပုဂ္ဂိုလ်ကြီးများမှာ ငယ်စဉ်က မတူညီသော လေးစားဖွယ် အတွေ့အကြုံများ ရှိခဲ့ကြသော်လည်း အသက်ကြီးလာသည့်အချိန်တွင်မူ ဝါသနာတစ်ခုများက တူညီနေပုံရပေသည်။
ထိုသည်မှာ လူငယ်လေးများကို တွေ့သည်နှင့် အောင်သွယ်ပေးလိုကြခြင်းပင်ဖြစ်ပေ၏။
လင်းရန်က လမ်းတစ်လျှောက်လုံးတွင် သူမ၌ အိမ်ထောင်ရှိပြီးဖြစ်ကြောင်း ပြုံးရယ်ကာ ရှင်းပြခဲ့ရပြီး ခရီးအဆုံးသို့ ရောက်ရှိသောအခိုက်တွင် ပြုံးရလွန်း၍ ပါးစပ်ပင် ညောင်းညာနေချေပြီ။
လင်းရန်က သူမ၏ တောင့်တင်းနေသော ပါးစပ်ထောင့်များကို ပွတ်သပ်နေချိန်၌ ဘေးနားရှိ စားဖိုမှူးရှုန်းက သဘောတကျ ရယ်မောရင်း ပြောလာလေသည်။
“ဟားဟား..ရှောင်လင်း၊ မင်းက ဒီလောက်တောင် ငယ်သေးတာ၊ မင်းမှာ အိမ်ထောင်ရှိနေပြီလို့ ဘယ်သူက ထင်မှာလဲ
ငါကြည့်ရတာတော့ မင်းကိုယ်မင်း အမှတ်အသားတစ်ခုခု လုပ်ထားတာပိုကောင်းမယ်ထင်တယ်၊ ဒါမှမဟုတ် ‘အိမ်ထောင်ရှိပြီး’ လို့ စာရေးပြီး ချိတ်ဆွဲထားလိုက်ပေါ့၊
ဒါဆိုရင် လူတွေက တစ်ချက်ကြည့်တာနဲ့ သိသွားပြီး ထပ်မမေးလောက်တော့ဘူး”
စားဖိုမှူးရှုန်းက စနောက်လိုက်ခြင်းသာ ဖြစ်သော်လည်း လင်းရန်သည်က အတော်လေးကောင်းမွန်သော အကြံဉာဏ်တစ်ခုဟု အမှန်တကယ်ပင် ခံစားလိုက်ရသည်။
သို့သော် “အိမ်ထောင်ရှိသည်” ဟူသော တံဆိပ်ကို ကပ်ထားရန်မှာ အလွန်ပင် ရယ်စရာကောင်းပြီး လက်တွေ့မကျသော်လည်း အမှတ်အသားတစ်ခုခု ပြုလုပ်ထားရန်က ကောင်းမွန်သော အကြံဖြစ်ပေသည်။
နောက်ပိုင်းတွင် လူမှုပတ်ဝန်းကျင် တိုးတက်ပြောင်းလဲလာပြီး ပိုမိုပွင့်လင်းလာသည့် အချိန်၌ လက်စွပ်ဝတ်ဆင်ခြင်းမှာ အိမ်ထောင်ရှိခြင်း၏ သင်္ကေတအဖြစ် လူသိများလာလိမ့်မည်။
ရှေးယခင် ဘိုးဘေးများလက်ထက်ကပင် လက်စွပ်ဝတ်ဆင်သည့် အလေ့အထ ရှိခဲ့သော်လည်း ၎င်းမှာ အိမ်ထောင်ရှိခြင်းကို ကိုယ်စားမပြုခဲ့ပေ။
သို့သော်လည်း လင်းရန်အနေဖြင့် ယခုကတည်းက လက်စွပ်တစ်ကွင်းလောက် ပြင်ဆင်ထားပြီး အချိန်တန်လျှင် ဝတ်ဆင်ကာ သူမ၏ အိမ်ထောင်သည် ဘဝကို ပြသရန် စဉ်းစားလိုက်မိသည်။
သို့မဟုတ်ပါက စိတ်အားထက်သန်ကြသော အဘိုးအဘွားများနှင့် တွေ့ဆုံရသည်မှာ သူမအတွက် အလွန်ပင် လက်ပေါက်ကပ်လွန်းပေမည်။
သူတို့နှစ်ဦး စနောက်စကားပြောနေစဉ်မှာပင် ဒရိုင်ဘာက ခြံဝင်းတစ်ခုအတွင်းသို့ ပို့ဆောင်ပေးခဲ့လေသည်။
“စားဖိုမှူးရှုန်း၊ ကျွန်တော်တို့ ရောက်ပါပြီ”
ထိုသို့ပြောပြီးနောက် ဒရိုက်ဘာက ချက်ချင်းပင် ပြန်လှည့်ထွက်သွားလေ၏။ အလွန်ပင် စတိုင်ကျလွန်းပေသည်။
လင်းရန်က ဒရိုင်ဘာ ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ စားဖိုမှူးရှုန်း၏နောက်သို့ လိုက်ကာ ခြံဝင်းအတွင်းသို့ ဝင်ခဲ့သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
သူတို့ ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ထရပ်ကာ သူတို့ကို မေးမြန်းလာလေသည်။
“အိုး၊ ငါ့နာမည်က ရှုန်းလို့ ခေါ်တယ်”
စားဖိုမှူးရှုန်း၏ နာမည်ကို ကြားလိုက်ရသည်နှင့် ထိုအမျိုးသားက ချက်ချင်းပင် ပြုံးရွှင်သွားခဲ့သည်။
“စားဖိုမှူးရှုန်း ဖြစ်နေတာပဲ၊ ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ၊ ကြွပါ ကြွပါ”
ထိုသို့ပြောဆိုပြီးနောက် ထိုအမျိုးသားက စားဖိုမှူးရှုန်းနှင့် လင်းရန်တို့ကို ဧည့်ခန်းအတွင်း၌ ထိုင်စေကာ မီးဖိုချောင်သို့ အလျင်အမြန်သွား၍ ရေနွေးကြမ်း ငှဲ့ပေးလေသည်။
အားလုံး အစီအစဉ်တကျ ဖြစ်သွားပြီးနောက်တွင် သူက စားဖိုမှူးရှုန်းအား ပြောလိုက်၏။“စားဖိုမှူးရှုန်း၊ ခင်ဗျားတို့ ဒီမှာ ခဏ အနားယူနေကြပါဦး၊ ဦးလေးစုန့်က အပေါ်မှာ အနားယူနေသေးလို့၊ ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်”
ခေါင်းဆောင်ကြီး အနားယူနေသည်ကို ကြားလိုက်ရလျှင် စားဖိုမှူးရှုန်းက ရေခွက်ကို ချက်ချင်းပြန်ချလိုက်ပြီး လက်ကာပြကာ ပြောလေသည်။
“မလိုအပ်တာတွေ မလုပ်ပါနဲ့ ရဲဘော်၊ စုန့်လူကြီးမင်း အနားယူနေတယ်ဆိုရင်လည်း သူ့ကို ကောင်းကောင်း အနားယူပါစေဦး၊ လူကြီးတွေဆိုတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ မလွယ်ကူလှဘူး၊ ဒါကြောင့် အခွင့်ကြုံတုန်း သူ အနားယူပါစေ၊ ငါတို့ ဒီကနေပဲ စောင့်ပါ့မယ်”
*