အခန်း (၃၀၇)
Vol. 31 Ch. 307
အခန်း
(307)
လင်းရန်သည်ကား ဤသို့သော အခြေအနေမျိုးတွင် ကြားဖြတ်ပြောပိုင်ခွင့်မရှိသောကြောင့် စားဖိုမှူးရှုန်းနှင့် ထိုအမျိုးသားတို့ စကားပြောနေသည်ကိုသာ တိတ်တဆိတ် နားထောင်နေခဲ့သည်။
သို့သော် စုန့်လူကြီးမင်းမှာ ယခုအချိန်အထိ အနားယူနေသေးသည်ဟု ကြားရလျှင် သူမအနေဖြင့် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရပြီး လူကြီးမင်းက ကျန်းမာရေးမကောင်းဖြစ်နေသည်လားဟု မေးမြန်းချင်စိတ် ဖြစ်ပေါ်လာမိသည်။
စစ်ဖိုမှူးရှုန်း ပြောခဲ့သကဲ့သို့ပင် ပုံမှန်အားဖြင့် သက်ကြီးရွယ်အိုများသည်က အသက်ကြီးလာသည့်အချိန်တွင် အိပ်စက်မှု နည်းပါးလာတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန်မှာ ခဲယဉ်းလှပေသည်။
သို့သော် ယခုမှာ မွန်းတည့်ချိန်ပင် ရှိနေပြီဖြစ်သော်လည်း စုန့်လူကြီးမင်းက အနားယူနေသေးသည်ဆိုခြင်းမှာ သာမန်သက်ကြီးရွယ်အိုများ၏ အချိန်ဇယားနှင့် အနည်းငယ် ကွဲလွဲနေသည်ဟု သူမ ထင်မြင်မိသည်။
သို့ရာတွင် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာတို့က အလွန်အမင်း စိုးရိမ်ပူပန်နေသည့်ပုံ မပေါ်သည့်အတွက် လင်းရန်လည်း သူမကိုယ်သူမ အတွေးလွန်နေခြင်းသာ ဖြစ်နိုင်သည်ဟု သံသယဝင်ကာ မည်သည့်အရာကိုမျှ ထုတ်ဖော်မမေးတော့ပေ။
“အို.. ဧည့်သည်ရောက်လာတာကို ဧည့်မခံဘဲ ထားဖို့ဆိုတာ မသင့်တော်ပါဘူး၊ ခင်ဗျားတို့နှစ်ယောက် ဒီမှာ ခဏလောက် ထိုင်နေကြဦးလေ၊
ကျွန်တော် အပေါ်ကိုတက်ပြီး ဦးလေးစုန့် နိုးပြီလားဆိုတာ သွားကြည့်လိုက်ဦးမယ်၊ တကယ်လို့ နိုးနေရင် သူ့ကို အောက်ကိုခေါ်လာခဲ့မယ်၊ မနိုးသေးရင်လည်း ခဏလောက် ဆက်အိပ်ပါစေဦး”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသားက အပေါ်ထပ်သို့ တက်သွားလေ၏။
သူ အပေါ်ထပ်သို့ တက်သွားပြီးနောက်တွင် စားဖိုမှူးရှုန်း၏ မျက်နှာပေါ်မှ ပြုံးရယ်နေသည့် အရိပ်အယောင်များမှာ အကြောင်းရင်းမရှိဘဲ အနည်းငယ် မှေးမှိန်သွားလေသည်။
“ရဲဘော်ကျန်းက လူမှုရေးတော့ အင်မတန် အားနာတတ်တယ်၊ ဒါပေမဲ့ သူက ဧည့်ဝတ်ကျေဖို့တွေအပေါ်မှာပဲ အလေးထားလွန်းနေသလားလို့”
ထိုသူက စုန့်လူကြီးမင်း၏ ကိုယ်ခန္ဓာအခြေအနေထက် ထိုဧည့်ဝတ်ကျေရန်ကို ပို၍ ဂရုစိုက်နေပုံရသည်။
စားဖိုမှူးရှုန်းမှာ အကြောင်းပြချက်မရှိဘဲ စိတ်မကောင်းဖြစ်မိသွားချေ၏။
စားဖိုမှူးရှုန်း၏ စကားကို ကြားလိုက်ရလျှင် လင်းရန်၏ စိတ်ထဲမှ ထူးဆန်းနေသည့် ခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့သည်။
မတိုင်ခင်က ကျန်းဟုခေါ်သော အမျိုးသားက စုန့်လူကြီးမင်း အိပ်ပျော်နေသေးကြောင်း ပြောကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု သူမ ထင်ခဲ့ခြင်း ဖြစ်သည်။
ယခု စားဖိုမှူးရှုန်း၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် တစ်ခုခု ထူးခြားနေကြောင်းကို သူမ သေချာသွားခဲ့သည်။
ထိုလူ အောက်ထပ်သို့ ပြန်မဆင်းလာမီ လင်းရန်က စားဖိုမှူးရှုန်း၏ အနားသို့ တိုးသွားကာ အသံတိုးတိုးဖြင့် မေးလိုက်၏။
“အဘိုးရှုန်း၊ စုန့်လူကြီးမင်းက ဘာလို့ ဒီအချိန်အထိ အိပ်နေရတာလဲ၊ သူ နေမကောင်းဖြစ်နေတာလား”
စားဖိုမှူးရှုန်းက လင်းရန်အား အဓိပ္ပာယ်အပြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် လင်းရန်က အသေးစိတ်အထိ သတိပြုမိသူတစ်ဦးဖြစ်ကြောင်း ချီးကျူးအသိအမှတ်ပြုသည့် အရိပ်အယောင်များ ပါဝင်နေချေ၏။
သို့သော်လည်း သူကိုယ်တိုင်ပင် ထိုကိစ္စကို သေချာမသိသည့်အပြင် ထုတ်ဖော်ပြောဆိုရန်လည်း မသင့်သောကြောင့် ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး လင်းရန်အား သတိပေးလိုက်လေသည်။
“ငါတို့ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲဆိုတဲ့ အဓိကအလုပ်ကိုပဲ မှတ်ထားလိုက်တော့၊ ကျန်တာတွေကိုတော့ လောလောဆယ် လျစ်လျူရှုထားလိုက်လေ၊ မင်း ဘာမှ မသိသလိုပဲ နေရမယ်”
လင်းရန်လည်း ထိုစကားကို ကြားလျှင် စိတ်ထဲရှိ သံသယအားလုံးကို ဖိနှိပ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။ ဤခရီးစဉ်က သူမ ထင်ထားသကဲ့သို့ ရိုးရှင်းလှသည်တော့ ဟုတ်ပုံမရပေ။
သူမက ဟင်းချက်ပေးရုံသက်သက်ဟု ထင်မှတ်ထားခဲ့သော်လည်း တခြားမည်သည့် ပြဿနာများနှင့် ရင်ဆိုင်ရဦးမည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော်လည်း စားဖိုမှူးရှုန်း ပြောခဲ့သကဲ့သို့ပင် ကိစ္စများ မဖြစ်ပျက်လာမီအထိ အတွေးများမနေသင့်ပေ။
အကယ်၍ ထူးခြားသည့် အခြေအနေတစ်ခုခု ပေါ်ပေါက်လာပါကလည်း ထိုအချိန်ရောက်မှသာ လိုအပ်သလို ဆက်လက်လုပ်ဆောင်ကြရပေလိမ့်မည်။
*
အပေါ်ထပ်တွင်..
ကျန်းကျွင့်က စုန့်ကျစ်သယ်၏ အခန်းတံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
“ဦးလေးစုန့်၊ နေလို့ နည်းနည်း သက်သာပြီလား”
ခုတင်ပေါ်တွင် လဲလျောင်းနေသော စုန့်ကျစ်သယ်မှာ အမှန်တကယ် အိပ်ပျော်နေခြင်း မဟုတ်ပေ။
သူ့အနေဖြင့် အင်အားကုန်ခမ်းနေသောကြောင့် ခေါင်းမူးဝေနေခြင်းသာ ဖြစ်သည်။ ထိုသည်က သူ၏ အမြဲတစေဖြစ်နေကျ ရောဂါဟောင်းတစ်ခုဖြစ်ပြီး ရက်အနည်းငယ်ကြာတိုင်းဖြစ်လာတတ်သည်။
တစ်ခါတရံတွင် တစ်ကိုယ်လုံး နုံးချိသွားတတ်သောကြောင့် ခေတ္တမျှ လဲလျောင်းအနားယူမှသာ သက်သာသွားတတ်လေ၏။
သူ့အနေဖြင့် မနက်ခင်းတစ်ခုလုံး လဲလျောင်းနေခဲ့သောကြောင့် ယခုအချိန်တွင် အနည်းငယ် သက်သာလာပြီဟု ခံစားရသည့်အတွက် ကျန်းကျွင့်အား လက်ပြလိုက်သည်။
“သက်သာပါပြီ ၊ ဘာဖြစ်လို့လဲ ရှောင်ကျန်း၊ အောက်ထပ်မှာ ဧည့်သည်တွေ ရောက်နေတာလား. ခုနက အောက်ထပ်မှာ အသံတွေ ကြားလိုက်ရသလိုပဲ”
ကျန်းကျွင့်က အနားသို့ လျှောက်သွားကာ စုန့်ကျစ်သယ်ကို ဖြည်းညင်းစွာ ထူပေးပြီးနောက် ပါးလွှာသော အပေါ်အင်္ကျီကို ကမ်းပေးလိုက်လေသည်။
“ဟုတ်တယ် ဦးလေးအတွက် အထူးဖိတ်ကြားထားတဲ့ ဟင်းချက်စားဖိုမှူး ရောက်နေပြီ၊ အခု အောက်ထပ်မှာ ရောက်နေပါတယ် ၊ ဦးလေးစုန့် ဆင်းပြီးတော့ ကြည့်လိုက်ပါဦး၊ ဒါက ဦးလေးရဲ့ မွေးနေ့ပွဲပဲလေ၊ ဦးလေး ဘာစားချင်လဲဆိုတာက အရေးအကြီးဆုံးပဲမဟုတ်ဘူးလား”
ဆိုရလျှင် စုန့်ကျစ်သယ်က ထိုကိစ္စများကို အရေးတယူ စိတ်ဝင်စားခြင်း မရှိပေ။ သူသည်က ကျန်းကျွင့်ကိုသာ ဟင်းအမယ်တချို့ ရွေးခိုင်းရန် စဉ်းစားထားခဲ့သည်။ သူ့ထံတွင် ထိုကိစ္စများကို စီစဉ်ရန် အချိန်နှင့် အင်အားလည်း မရှိတော့ပါချေ။
သို့သော်လည်း သူ စကားမပြောရသေးမီမှာပင် ကျန်းကျွင့်က ဆက်လက်၍ ပြောလာခဲ့သည်။
“အခု ခြံဝင်းတစ်ခုလုံးမှာရှိနေတဲ့ လူတွေက ဦးလေးရဲ့ မွေးနေ့ကို လာပြီး ဂုဏ်ပြုကြမှာလေ၊ ဦးလေးကိုယ်တိုင် အောက်ကိုဆင်းပြီး စားဖိုမှူးနဲ့ တွေ့ပြီး စကားနည်းနည်းလောက်ပြောသင့်တယ်၊
မဟုတ်ရင် မွေးနေ့ပွဲနေ့ကျမှ တစ်ယောက်ယောက်က ဟင်းအကြောင်းလာမေးရင် ဦးလေး ဘာမှမသိဘူး ဖြစ်နေလိမ့်မယ်
လူတွေအများကြီးက စောင့်ကြည့်နေကြတာဆိုတော့ ဒီအကြောင်းတွေ ပျံ့နှံ့သွားရင် မကောင်းဘူးမလား၊ ပြီးတော့ ဦးလေးလို ခေါင်းဆောင်တစ်ယောက်အနေနဲ့ နှစ်တွေအများကြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပြီးမှ အခုလို ပွဲကြီးလမ်းကြီး ကျင်းပဖို့ အခွင့်အရေးရတာပဲ၊ ဘာပဲဖြစ်ဖြစ် ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့”
ကျန်းကျွင့်၏စကားတို့က သူ၏အကျိုးအတွက် ပြောဆိုနေသကဲ့သို့ ထင်ရသည့်အတွက် စုန့်ကျစ်သယ်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိရသည်။
“ကောင်းပါပြီ၊ ဒါဆိုရင်လည်း ငါ စားဖိုမှူးနဲ့ သွားပြီး ဆွေးနွေးလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် စုန့်ကျစ်သယ်က ပါးလွှာသော အပေါ်အင်္ကျီကို ဖြည်းဖြည်းချင်း ဝတ်ဆင်ကာ ခုတင်ဘေးတွင် မတ်တတ်ရပ်လိုက်၏။
သူ အင်္ကျီဝတ်ဆင်ပြီးသည့် အချိန်ကျမှသာ ကျန်းကျွင့်က အနားသို့ အမြန်တိုးလာပြီး သူ့ကိုကူညီကာ တွဲပေးခဲ့လေသည်။
“ဒါဆို ဦးလေးစုန့်၊ ကျွန်တော်တို့ အောက်ထပ်ကို ဆင်းကြရအောင်”
ထို့နောက်တွင် သူတို့နှစ်ယောက် အောက်ထပ်သို့ အတူဆင်းလာခဲ့ကြလေ၏။
အောက်ထပ်သို့ ဆင်းလာသည့် လမ်းတစ်လျှောက်တွင်လည်း ကျန်းကျွင့်မှ စုန့်ကျစ်သယ်ကို အသေအချာ တွဲဖက်ထားပြီး လှေကားထစ်များကို သတိထားရန် ပြောဆိုကာ တဖြည်းဖြည်းချင်း ခေါ်ဆောင်လာခဲ့သည်။
အောက်ထပ်၌ ရှိနေကြသော လင်းရန်နှင့် စားဖိုမှူးရှုန်းတို့လည်း သူ၏အသံကို ကြားသည်နှင့် လှေကားထစ်များဆီသို့ အမြန်လှမ်းကြည့်လိုက်ကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့၏ ပထမဆုံးသော ခံစားချက်မှာ ကျန်းကျွင့်မှ စုန့်လူကြီးမင်းအပေါ် အမှန်တကယ်ပင် ဂရုစိုက်ပြီး အသေးစိတ်အထိ ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်ဟူ၍ပင်။
အောက်ထပ်သို့ ဆင်းလာချိန်တွင်လည်း သူက တစ်လှမ်းချင်းစီကို ဂရုတစိုက် တွဲကူလာခဲ့ပေသည်။
အကြောင်းစုံကို မသိပါက ကျန်းကျွင့်ကုု စားသောက်နေထိုင်ရေးကို ပြုစုပေးသူတစ်ဦးဟု မထင်ဘဲ စုန့်လူကြီးမင်း၏ သားအရင်းဟုပင် ထင်မှတ်သွားနိုင်ပေသည်။
မတိုင်ခင်က ကျန်းကျွင့်မှ သူ၏မျိုးရိုးအမည်က ကျန်းဖြစ်ကြောင်းနှင့် စုန့်လူကြီးမင်းကို ပြုစုလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း ရိုးရှင်းစွာ မိတ်ဆက်ခဲ့သော်လည်း သူ၏ တခြားသော အဆင့်အတန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာကိုမှ ပြောဆိုခြင်းမရှိခဲ့ပေ။
သို့သော်လည်း သူတို့ လာသည့်လမ်းတွင် စားဖိုမှူးရှုန်းက လင်းရန်အား စုန့်လူကြီးမင်း၏ ဇနီးနှင့် သားသမီးများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် ကျန်းကျွင့်က စုန့်လူကြီးမင်း၏ သားဖြစ်ရန် မဖြစ်နိုင်သကဲ့သို့ ဆွေမျိုးတော်စပ်ရန်ပင် ခဲယဉ်းလှကြောင်းကို သူမ သိရှိထားလေ၏။
ထို့ကြောင့် အဖြစ်နိုင်ဆုံးအခြေအနေမှာ ကျန်းကျွင့်သည်က အဖွဲ့အစည်းမှ စုန့်လူကြီးမင်းကို ပြုစုရန်လွှတ်လိုက်သော ရဲဘော်တစ်ဦး သို့မဟုတ် စုန့်လူကြီးမင်း တခြားတစ်နေရာမှ ရှာဖွေထားသူ ဖြစ်နိုင်ပေသည်။
သို့သော် အဖွဲ့အစည်းမှ စေလွှတ်သည့် ရဲဘော်ဆိုပါက စစ်သားများသာ ဖြစ်လေ့ရှိကြ၏။ ကျန်းကျွင့်၏ ပုံပန်းသဏ္ဌာန်မှာ စစ်သားတစ်ဦးနှင့် လုံးဝမတူပါချေ။
ထို့ကြောင့် ကျန်းကျွင့်က အပြင်မှ ခေါ်ယူထားသူဖြစ်မည်ဟု လင်းရန်က ပို၍ ယူဆမိလေသည်။ စုန့်လူကြီးမင်းနှင့် ထိုသူက မည်သို့ဆုံတွေ့ခဲ့ကြသည်ကိုတော့ သူမ မသိနိုင်ချေ။
စုန့်လူကြီးမင်း အောက်ထပ်သို့ ရောက်လာပြီးနောက် စားဖိုမှူးရှုန်းနှင့် အလျင်အမြန်ပင် စကားလက်စုံကြသွားခဲ့လေသည်။ စုန့်လူကြီးမင်းသည်က အခြေအနေကောင်းပုံရသော်လည်း စကားပြောရာတွင် အလွန်နှေးကွေးနေခဲ့၏။
သူ၏ သွေးလေအင်အားမှာ အလွန်အားနည်းနေပြီး ကျန်းမာရေးမှာလည်း သိပ်မကောင်းလှကြောင်း ထင်ရှားပေသည်။
စားဖိုမှူးရှုန်းလည်း ထိုအခြေအနေကို မြင်လျှင် မနေနိုင်တော့ဘဲ စိုးရိမ်တကြီး မေးမြန်းမိရသည်။
“လူကြီးမင်း၊ အခု နေလို့အဆင်မပြေဘူးလား၊ တကယ်လို့ နေရတာအဆင်မပြေဖြစ်နေရင် အရင်ဆုံး အနားယူလိုက်ပါဦး၊ ဒီဟင်းအမယ်တွေကို ကျန်တဲ့လူတွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်လို့ ရပါတယ်ကျွန်တော်က လူကြီးမင်းဆီကို လာပြပြီးတော့ လူကြီးမင်း စိတ်ကြိုက် ဟုတ်မဟုတ် သိချင်ရုံပါပဲ”
အကယ်၍ ဤလူကြီးမင်းက ကျန်းမာရေးကောင်းမွန်ပြီး စိတ်ကြည်လင်နေပါက စားဖိုမှူးရှုန်းအနေဖြင့် သူနှင့် အေးအေးဆေးဆေး ဆွေးနွေးလိုပေသည်။
အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိအ်တွင် စုန့်လူကြီးမင်းကသာ အဓိကဇာတ်ဆောင်ဖြစ်ပြီး သူစားချင်သည့်အရာကို ချက်ပေးရမည်ဖြစ်၍ သူ၏အရသာနှင့် အကိုက်ညီဆုံးဖြစ်မှသာ ကောင်းမွန်သော မွေးနေ့ပွဲတစ်ခု ဖြစ်လာမည်ပင်။
သို့သော်လည်း...
*