အခန်း (၃၀၈)
Vol. 31 Ch. 308
အခန်း(308)
လင်းရန်တစ်ယောက် စုန့်လူကြီးမင်း ဘေးနားမှ စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။
ထူးဆန်းသည်မှာ သူမအနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံရသော စုန့်လူကြီးမင်းကို ကြည့်ရင်း ကျိုးကြောင်းမဆီလျော်သော ရင်းနှီးမှုကို ခံစားနေရလေ၏။
အထူးသဖြင့် စုန့်လူကြီးမင်း၏ မျက်နှာသွင်ပြင်များက သူမအတွက် တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားချက်ကို ပေးနေခဲ့သည်။
နှမြောစရာကောင်းသည်မှာ ဤလူကြီးမင်းက အလွန်အိုမင်းနေပြီဖြစ်၍ မျက်နှာပေါ်မှ အရေးအကြောင်းများနှင့် အရေပြားများမှာလည်း လျော့တွဲနေသည့်အတွက် သူ၏ ရုပ်ရည်ကို သေသေချာချာ မမြင်တော့ရပေ။
သူမအနေဖြင့် ခံစားချက်ကိုသာ အားကိုးနေရသည်။
စုန့်လူကြီးမင်းသည်ကား စားဖိုမှူးရှုန်းမှ အလိုက်တသိ ပြောဆိုလာသည်ကို မြင်လျှင် ပို၍ပင် အားနာသွားမိလေသည်။ သူက အပြုံးတစ်ခုဖြင့် လက်ကာပြလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက ငါ့အတွက် ပြင်ဆင်ပေးတဲ့ ပွဲပဲလေ၊ ငါ့ရဲ့ ဆန္ဒလေးတွေ ပါဝင်နေရင် ပိုကောင်းမှာပေါ့... အဟွတ်... အဟွတ်...”
စုန့်လူကြီးမင်းက စကားပြောနေရင်းဖြင့်ပင် ခေါင်းငုံ့ပြီး ချောင်းဆိုးလာတော့သည်။ သူ၏ နောက်ကျောပြင်က အလွန်ကိုင်းသွားခဲ့ပြီး အလွန်အမင်း နာကျင်နေပုံရသည်။
လင်းရန် မျက်မှောင်ကြုတ်သွားရပြီး အလွန်အမင်း စိုးရိမ်ပူပန်သွားမိသည်။ သူမအနေဖြင့် ဝင်မပြောသင့်သည်ကိုပင် မေ့လျော့သွားကာ စုန့်လူကြီးမင်း၏ဘေးနားတွင်ရှိနေသော ကျန်းကျွင့်ကို တိုက်ရိုက်ကြည့်၍ မေးလိုက်လေသည်။
“စုန့်လူကြီးမင်းက ဖျားနေတာလား၊ သူ့ကို ဆရာဝန်ဆီပြပြီး ဆေးရောတိုက်ထားပြီးပြီလား”
ကျန်းကျွင့်မှာလည်း စုန့်လူကြီးမင်း ရုတ်တရက် ချောင်းဆိုးလာသောကြောင့် ပျာယာခတ်သွားပြီး ခေါင်းငုံ့ကာ လူကြီးမင်း၏ နောက်ကျောကို အလျင်အမြန် ပုတ်ပေးနေလေသည်။
ထိုအချိန်တွင် လင်းရန်၏ ရုတ်တရက်ဆန်သည့်မေးခွန်းကို ကြားလိုက်ရသောကြောင့် သူ၏လက်လှုပ်ရှားမှုက ရုတ်တရက်ပြင်းသွားရပြီး စုန့်လူကြီးမင်း၏ ချောင်းဆိုးသံတို့က ပို၍ပင် ကျယ်လောင်လာခဲ့သည်။
“ရှောင်ကျန်း၊ နည်းနည်းလောက် အသာအယာ လုပ်ပါဦး!”
လင်းရန် မကြည့်နိုင်တော့ပါချေ။
ဒီလူက တကယ်ရော တခြားလူတွေကို ပြုစုစောင့်ရှောက်တတ်ရဲ့လား။
ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်တွင် စုန့်လူကြီးမင်းက ချောင်းဆိုးနေသည့် ကြားမှပင် အားနည်းစွာဖြင့် လင်းရန်ဘက်သို့လက်ပြလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလာသည်။
“ရပါတယ် ရဲဘော်လေး၊ ဒါက ငါ့ရဲ့ ရောဂါဟောင်းပါပဲ၊ ခဏလောက် ချောင်းဆိုးလိုက်ရင် သက်သာသွားလိမ့်မယ်၊ ငယ်ငယ်တုန်းက ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရတွေ အပြင်းအထန်ရခဲ့ဖူးတော့ အသက်ကြီးလာတဲ့အချိန်မှာ ပြဿနာမျိုးစုံ ပေါ်လာတော့တာပဲ
ဒါတွေက ပျောက်ကင်းသွားအောင် ကုလို့မရတော့ဘူး၊ သက်သာအောင်ပဲ လုပ်လို့ရတော့တယ်”
စုန့်လူကြီးမင်း၏ စကားကို ကြားလျှင် လင်းရန်တစ်ယောက်မျက်မှောင်ကို ပို၍ ကြုတ်လိုက်မိသည်။ သို့သော်လည်း စုန့်လူကြီးမင်းကဲ့သို့သော ဝါရင့်ပုဂ္ဂိုလ်ကြီးမျာ၏ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို တွေးတောပြိး ကူကယ်ရာမဲ့သည့် ခံစားချက်ကိုသာ ပို၍ ခံစားလိုက်ရသည်။
မတိုင်မီက စုန့်လူကြီးမင်းမှ မတ်မတ်ပြန်ထိုင်ကာ စကားပြောလာသောကြောင့် ကျန်းကျွင့်အနေဖြင့် လင်းရန်ကို ပြန်လည်တုံ့ပြန်ရန် အချိန်မရခဲ့ပေ။
သို့သော်လည်း လင်းရန်တစ်ယောက် စုန့်လူကြီးမင်း၏ စကားကြောင့် စိတ်မကောင်းဖြစ်နေချိန်တွင် ကျန်းကျွင့်က သူမကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်လည်း ရန်လိုမုန်းတီးမှု အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့လေသည်။
စုန့်လူကြီးမင်း၏ အသက်ရှူသံက ခဏအတွင်းပြန်လည်တည်ငြိမ်သွားပြီးနောက် သူက ဇွဲကောင်းကောင်းဖြင့် စားဖိုမှူးရှုန်းနှင့် ဟင်းအမယ်များကို ဆက်လက်ဆွေးနွေးခဲ့လေ၏။
နောက်ဆုံးတွင် လူတိုင်းက ဝိုင်းဝန်းဆွေးနွေးကြပြီးနောက် နှစ်ရက်စာအတွက် ဟင်းအမယ်များကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ကြလေ၏။
လင်းရန်တစ်ယောက် ဆွေးနွေးမှုတစ်ခုလုံးကို နားထောင်နေရင်းဖြင့် စုန့်လူကြီးမင်းတို့ မှာယူလိုက်သော ဟင်းအမယ်တချို့က လွန်ခဲ့သောရက်ပိုင်းလောက်က စားဖိုမှူးရှုန်း သူမကို လေ့ကျင့်ခိုင်းထားခဲ့သော ဟင်းလျာများနှင့် ထပ်တူကျနေသည်ကို သတိပြုလိုက်မိသည်။
စားဖိုမှူးရှုန်းသည် ဤအချက်အလက်ကို ကြိုတင်တွက်ချက်ထားပုံရချေ၏။
အကယ်၍ စုန့်လူကြီးမင်းတို့ဘက်မှ အကြံပြုချက်မရှိလျှင်ပင် သူက သင့်တော်မည့်ဟင်းလျာများကို ပြင်ဆင်ပေးနိုင်မည်ပင်။
ယခုအချိန်တွင်လည်း စားဖိုမှူးရှုန်း ပြင်ဆင်ထားသည့်ဟင်းပွဲများက စုန့်လူကြီးမင်း ကြိုက်နှစ်သက်သည့် ဟင်းအမယ်များနှင့် တိုက်ဆိုင်စွာ ထပ်တူကျနေခဲ့သည်။
ဟင်းစာရင်းကို အတည်ပြုပြီးနောက် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က အိမ်ရာဝင်းထဲမှ သူတို့အတွက် ပြင်ဆင်ပေးထားသော တည်းခိုခန်းဆီသို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းတွင် လင်းရန်တစ်ယောက် သိချင်စွာမေးလိုက်သည်။
“အဘိုးရှုန်း၊ စုန့်လူကြီးမင်း ဘယ်ဟင်းတွေ မှာမလဲဆိုတာကို အဘိုးက ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲဟင်”
ထိုအခါ စားဖိုမှူးရှုန်းက လျှို့ဝှက်ချက်တစ်ခုရှိသကဲ့သို့ ဟန်ဆောင်၍ ရယ်မောလိုက်ပြီး ပြောလာလေ၏။
“ဒါကတော့ ပညာရှိဆိုတာ ကိုယ်ပိုင်အတွေးအခေါ်အကြံအစည် ရှိတတ်တာပေါ့”
ထိုသို့ စနောက်ပြီးနောက်မှသာ စားဖိုမှူးရှုန်းက လင်းရန်အား အပြုံးတစ်ခုဖြင့် ဆက်လက်၍ ရှင်းပြလေသည်။
“ကောင်းပြီ၊ ငါ မင်းကို မစတော့ပါဘူး၊ ငါက ပုံမှန်အလေ့အထတွေအတိုင်း ခန့်မှန်းကြည့်ထားတာ”
စားဖိုမှူးရှုန်းသည်က နှစ်ပေါင်းများစွာ စားဖိုမှူးအဖြစ် ကျင်လည်ခဲ့ပြီး ပွဲလမ်းသဘင်များစွာကို ချက်ပြုတ်ပေးခဲ့ဖူးသညာ့အတွက် ယခုကဲ့သို့သော သက်ကြီးရွယ်အိုများအတွက် ကျင်းပသည့် မွေးနေ့ပွဲမျိုးနှင့်လည်း ရင်းနှီးပြီးသားဖြစ်ပေသည်။
သူ၏ အတွေ့အကြုံများအရ ထိုပုဂ္ဂိုလ်ကြီးများက မည်သို့သော ဟင်းလျာမျိုးကို နှစ်သက်တတ်သည်ကို တွက်ဆထားနိုင်ခြင်းပင်ဖြစ်သည်။
သက်ကြီးရွယ်အိုများ လူကြီးများက သွားမကောင်းကြသည့်အတွက် အစားအစာက နူးညံ့ပြီး အရသာမှာလည်း ပေါ့ပေါ့ပါးပါး ရှိရမည်ဖြစ်၏။
ထို့အပြင် မင်္ဂလာရှိသော အဓိပ္ပာယ်ဆောင်သည့် ဟင်းမျိုးကိုလည်း အလေးထားတတ်ကြသည်။
ထိုအချက်များနှင့် ကိုက်ညီသော ဟင်းအမယ်တို့က များများစားစားမရှိလှပေ။
ထို့ကြောင့် စားဖိုမှူးရှုန်းက မည်သည့်ဟင်းများ ပါဝင်လာမည်ကို ကြိုတင်အတည်ပြုနိုင်ခဲ့ပြီး လင်းရန်အား ကြိုတင်လေ့ကျင့်ခိုင်းထားနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း သူ ကြိုတင်စဉ်းစားထားသမျှ ဟင်းအမယ်အားလုံးကို စုန့်လူကြီးမင်းက ရွေးချယ်လိုက်ခြင်းကိုတော့ စားဖိုမှူးရှုန်းကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်မိသွားရ၏။
“ဒါပေမဲ့ ဒါကတော့ တိုက်ဆိုင်မှုလို့ပဲ ပြောရမလားပဲ၊ ငါက ဟင်းအမယ်နည်းနည်းလောက် မှန်ရင် တော်ပြီလို့ ထင်ထားတာ၊ စုန့်လူကြီးမင်းရဲ့ အကြိုက်က ငါတို့နဲ့ ဒီလောက်အထိ တူလိမ့်မယ်လို့ မထင်ထားဘူး၊ အကုန်လုံးကို မှန်အောင် ခန့်မှန်းမိသွားတယ်”
လင်းရန်သည်လည်း ထိုအချက်ကို အလေးအနက်မတွေးမိတော့ဘဲ စားဖိုမှူးရှုန်းကဲ့သို့ပင် ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ မှတ်ယူလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ဤပွဲအတွက် ကောင်းမွန်စွာပြင်ဆင်ပြီး စုန့်လူကြီးမင်းအတွက် အမှတ်တရဖြစ်စေမည့် မွေးနေ့ပွဲတစ်ခု ဖန်တီးပေးရန်သာ ဖြစ်ပေသည်။
…
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ ထွက်ခွာသွားပြီးနောက် စုန့်ကျစ်သယ်တစ်ယောက် အောက်ထပ်ရှိ ဆိုဖာပေါ်တွင် ခေတ္တမျှ ထိုင်နေခဲ့လေ၏။
ယနေ့တွင် သူ၏ကိုယ်ခန္ဓာ အခြေအနေက အတော်လေး ကောင်းမွန်နေသည်ဟု ခံစားရသောကြောင့် အပြင်ဘက်သို့ လမ်းလျှောက်ထွက်ရန် စဉ်းစားလိုက်မိသည်။
သူ့အနေဖြင့် တစ်နေ့လုံး အိမ်ထဲ၌သာ ထိုင်နေ၊ အိပ်နေပါက နဂိုကတည်းက မသန်စွမ်းသော သူ၏ကိုယ်ခန္ဓာမှာ နောက်ပိုင်းတွင် လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်တော့မည်ကို သူ စိုးရိမ်မိသည်။
သို့သော်လည်း သူ၏လက်ထဲတွင် မည်သည့်အရာမှမရှိသည်ကို သတိပြုမိသွားခဲ့ရပြီးမှသာ သူ၏ချိုင်းထောက်က အပေါ်ထပ်တွင် ကျန်ခဲ့ကြောင်းကို သတိရသွားရသည်။
သို့နှင့် အခန်းထဲသို့ ဝင်သွားသော ကျန်းကျွင့်အား လှမ်းအော်ခေါ်လိုက်လေသည်။
“ရှောင်ကျန်း၊ ငါ့ခုတင်ဘေးက ချိုင်းထောက်လေး သွားယူပေးပါဦး၊ အပြင်ကို ခဏလောက် လမ်းလျှောက်ထွက်ချင်လို့”
သို့သော်လည်း အတော်ကြာသည်အထိ ကျန်းကျွင့်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
စုန့်ကျစ်သယ် ခေတ္တမျှ ကြောင်အသွားပြီးနောက် ကျန်းကျွင့်ထံတွင် တစ်ခုခုဖြစ်နေသည်လားဟု တွေးတောမိသွားရသည်။
ကျန်းကျွင့် အခန်းထဲသို့ ဝင်သွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး တစ်ဖက်လူ၏နားကလည်း ကောင်းမွန်သည့်အတွက် သူ၏အသံကို ကျန်းကျွင့် မကြားဘဲ မနေလောက်ပေ။
ထို့ကြောင့် ကြားလျက်နှင့် ပြန်မထူးလာခြင်းမှာ မတော်တဆ တစ်ခုခု ဖြစ်နေ၍သာ ဖြစ်ပေလိမ့်မည်။
ကျန်းကျွင့်က သူ၏ သားအရင်းမဟုတ်ဘဲ စစ်မြေပြင်တွင် မိဘများ၏ စွန့်ပစ်ခြင်းခံထားရသူဖြစ်ခဲ့သော်လည်း သူ့ကို ကောက်ယူမွေးစားခဲ့သည့် အချိန်မှစ၍ သားအရင်းထက်ပင် ပိုမိုချစ်ခင်စွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အချိန်တွင် သူတို့နှစ်ဦးမှာ သားအဖအရင်းကဲ့သို့ပင် ရင်းနှီးလာကြသည်။
သို့သော် သားအဖဟု ခေါ်၍မရသည့်တစ်ခုတည်းသောအချက်မှာ လွန်ခဲ့သောအချိန်က ကျန်းကျွင့်က သူ၏နာမည်ကို စုန့်ကျစ်သယ်၏ မျိုးရိုးအမည်သို့ ပြောင်းလဲရန်နှင့် “အဖေ” ဟု ခေါ်ဆိုရန် အကြံပြုခဲ့ဖူးသည်။
သူတို့က သားအဖကဲ့သို့ နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး စုန့်ကျစ်သယ်မှာလည်း သူ၏အပေါ်တွင် ကျေးဇူးတရား အလွန်ကြီးမားလွန်းသောကြောင့် အဖေဟု ခေါ်ဆိုရန်အတွက် အမှန်တကယ် ထိုက်တန်ကြောင်း ကျန်းကျွင့်က ဆိုခဲ့ပေသည်။
သို့သော်လည်း စုန့်ကျစ်သယ်တစ်ယောက် အတော်ကြာအောင် တွေဝေနေပြီးနောက်တွင် ငြင်းပယ်ခဲ့လေသည်။
ကျန်းကျွင့် ပြောသည်မှာ မှန်ကန်ပေ၏။ သူတို့၏ ဆက်ဆံရေးမှာ ဆွေမျိုးသားချင်းကဲ့သို့ ဖြစ်နေသည်မှာ ကြာပြီဖြစ်ရာ “အဖေ” ဟု ခေါ်ဆိုခြင်းမှာ ထူးခြားသည့်ကိစ္စ မဟုတ်ပေ။
သို့သော်..
တစ်ကြိမ်တစ်ခါမျှသာ တွေ့ဖူးလိုက်ရပြီး ထိုအချိန်တုန်းက ရင်ခွင်ပိုက်အရွယ်လေးသာ ရှိနေခဲ့သေးသော သူ၏သားအရင်းကို သတိရလိုက်မိသည့်အခိုက်တွင် စုန့်ကျစ်သယ်မှာ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
သူ့တွင် ဇနီးနှင့် သားတစ်ယောက် ရှိခဲ့ဖူးသော်လည်း ကွဲကွာခဲ့ရသည် မဟုတ်ပါလား။သူ့ထံတွင် ထိုသို့သော ဆက်ဆံရေးမျိုး ရှိနေပြီးသားဖြစ်ရာ တပါးသူ၏ ကလေးကို လုယူရန် မလိုအပ်ပါချေ။ ထို့အပြင် ကျန်းကျွင့်၏ မိဘများမှာလည်း မတတ်သာသော အခြေအနေများကြောင့်သာ ကျန်းကျွင့်အား စွန့်ပစ်ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ထိုမိဘများသည်လည်း သူတို့၏သားကို ကမ္ဘာအနှံ့ လိုက်လံရှာဖွေနေကြပေလိမ့်မည်။
သူကိုယ်တိုင်ကဲ့သို့ပင် ဖြစ်ပေ၏။
ထို့ကြောင့် ကျန်းကျွင့်အား သူ့ကို အဖေဟု ခေါ်ဆိုရန် ခွင့်မပြုနိုင်ပေ။
သို့မဟုတ်ပါက ကျန်းကျွင့်၏ မိဘအရင်းများ သိရှိသွားလျှင် အလွန်ပင် စိတ်မကောင်းဖြစ်ကြရပေလိမ့်မည်။
ကျန်းကျွင့်က သူ၏ငြင်းဆိုမှုကို ကြားသောအချိန်တွင် နားမလည်နိုင်သကဲ့သို့ဖြစ်နေခဲ့ပြီး ထပ်မံပြောဆိုရန် ကြိုးစားသေးသော်လည်း စုန့်ကျစ်သယ်က ခွင့်မပြုခဲ့ပေ။
ထို့အပြင် ဤကိစ္စကို နောက်ပိုင်းတွင် ထပ်မံမပြောရန်နှင့် “အဖေ” ဟူသော ခေါ်ဆိုမှုဖြင့် တစ်စုံတစ်ခုကို သက်သေပြရန် မလိုအပ်ကြောင်းလည်း ပြောဆိုခဲ့ဖူးသည်။
သို့ဖြစ်၍ ယခုအချိန်တွင် ကျန်းကျွင့်ကို လှမ်းခေါ်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသည့်အတွက် စုန့်ကျစ်သယ်က စိတ်မပူဘဲ မနေနိုင်ပါချေ။
*