အခန်း (၃၀၉)
Vol. 31 Ch. 309
အခန်း(309)
သူ့အနေဖြင့် စိတ်ပူလွန်းသောကြောင့် စိတ်လှုပ်ရှားခြင်းမရှိရန်နှင့် စိတ်ကို အမြဲတည်ငြိမ်အောင်ထားရန်ဟူသော ဆရာဝန်၏ ညွှန်ကြားချက်များကိုပင် ချက်ချင်းမေ့လျော့သွားကာ ကျန်းကျွင့်တစ်ယောက် အခန်းထဲ၌ တစ်ခုခုဖြစ်နေပြီလားဟု သွားရောက်ကြည့်ရှုရန်အတွက် မတ်တတ်ရပ်လိုက်လေသည်။
သို့သော် မမျှော်လင့်ထားစွာဖြင့် အလျင်စလို ထလိုက်ခြင်းကြောင့် သွေးလေလည်ပတ်မှုက မမှန်တော့ဘဲ အရှေ့သို့ ငိုက်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဘိုင်းခနဲ အသံနှင့်လဲကျသွားရကာ သတိလစ်မေ့မြောသွားခဲ့ရတော့သည်။
သူ မသိလိုက်သည့်အရာမှာ သူအလွန်စိုးရိမ်နေသော ကျန်းကျွင့်သည်ကား ထိုအချိန်၌ အခန်းတံခါးကို ပိတ်ကာ ခုတင်ပေါ်တွင် လဲလျောင်းလျက် ရေဒီယို နားထောင်နေခဲ့လေ၏။
ရေဒီယိုကို သူ၏ခေါင်းအုံးဘေးတွင် ချထားခြင်းကြောင့် အပြင်ဘက်မှ အသံများကို သူ လုံးဝမကြားရပေ။
ထို့အပြင် ယခုအချိန်တွင် သူသည်က အပြင်သို့ထွက်ကာ တခြားသူများနှင့် မတွေ့ဆုံချင်သေးပေ။
အပြင်သို့ထွက်ခဲ့လျှင်ပင် လူအိုကြီး စုန့်ကျစ်သယ်နှင့်သာ ရင်ဆိုင်ရမည် မဟုတ်ပါလား။
ဖြစ်နိုင်မည်ဆိုလျှင် သူ၏ ဤကောင်းမွန်လှသော အသက်အရွယ်မျိုးတွင် ထိုအဘိုးကြီးအနား၌ အချိန်ဖြုန်းနေရန် မည်သူက အလိုရှိပါမည်နည်း။
သူသည်က ယခုနှစ်တွင် အသက် (၄၀)ပင် မပြည့်သေးသော်လည်း စုန့်ကျစ်သယ်ကို ပြုစုနေရသောကြောင့် အပြင်သို့ထွက်ပြီး အလုပ်မလုပ်နိုင်ပေ။
ထို့အပြင် သူ့တွင် စောင့်ရှောက်ရမည့် ဝန်ထုပ်ဝန်ပိုးရှိနေသောကြောင့် အိမ်ထောင်ဖက်ရှာရန်ပင် ခဲယဉ်းနေချေပြီ။
ပုံမှန်အားဖြင့် ခြံဝင်းအတွင်းရှိ စိတ်အားထက်သန်သော အဒေါ်ကြီးများနှင့် ဦးလေးကြီးများက သူ့ကို မိန်းကလေးများနှင့် မိတ်ဆက်ပေးတတ်ကြသည်။
သို့သော်လည်း သူတို့၏ ပထမဆုံးသော သတ်မှတ်ချက်မှာ အလုပ်ကြိုးစားရမည်၊ သည်းခံနိုင်ရမည်၊ သူတစ်ပါးကို ပြုစုစောင့်ရှောက်လိုစိတ် ရှိရမည်ဖြစ်ပြီး ကျန်းကျွင့်နှင့်အတူ စုန့်ကျစ်သယ်ကိုလည်း ကောင်းမွန်စွာ ပြုစုပေးနိုင်သူ ဖြစ်ရမည်ဟူ၍သာ ဖြစ်လေသည်။
အမျိုးသမီးတစ်ဦး၏ ရုပ်ရည်သွင်ပြင်၊ မိသားစုနောက်ခံနှင့် ပညာအရည်အချင်းတို့သည်က ထိုသူတို့အတွက် ထည့်သွင်းစဉ်းစားစရာ အချက်များ လုံးဝမဟုတ်ပေ။
သို့သော် ကျန်းကျွင့်ကတော့ ထိုအရာများကို အလေးထားပေ၏။
မည်သည့်အမျိုးသားမဆို ရုပ်ရည်ချောမောကာ ပညာတတ်ပြီး သဘောထားနူးညံ့သိမ်မွေ့သည့် ဇနီးမျိုးကိုသာ လက်ထပ်လိုကြသည် မဟုတ်ပါလား။
သို့သော် ထိုကဲ့သို့ ပြည့်စုံသောအမျိုးသမီးတစ်ဦးက သူ့ကိုလက်ထပ်ပြီး စုန့်ကျစ်သယ်၏ တာဝန်များကို သူနှင့်အတူ လက်တွဲ၏ဆောင်ရွက်ချင်ပါမည်လား။
ဤသည်က အလွန်ပင် ရယ်စရာ ကောင်းလွန်းပေ၏။
ထို့ကြောင့် သူ နှစ်သက်ကျေနပ်သည့်သူကို မတွေ့ရှိခြင်းနှင့်၊ စုန့်ကျစ်သယ်ကလည်း မသေသေးသည့်အတွက် ထိုအဘိုးကြီးကိုပစ်ထားပြီး သူ စိတ်ကြိုက်ကို မရှာနိုင်ခြင်းတို့ကြောင့် ကျန်းကျွင့်တစ်ယောက် ဝေခွဲမရဖြစ်နေခဲ့သည်။
စုန့်ကျစ်သယ်က တစ်ခါတရံတွင် သူနှင့် သင့်တော်သူတွေ့ရှိပါက အမြန်ဆုံးအိမ်ထောင်ပြုရန် တိုက်တွန်းတတ်သော်လည်း ပါးစပ်ဖြင့်ပြောရုံသာ ရှိပေလိမ့်မည်။
အကယ်၍ သူသာ အမှန်တကယ် ချစ်မြတ်နိုးရသည့် ဇနီးတစ်ဦးကို ရှာတွေ့လာပါက စုန့်ကျစ်သယ်ဘက်မှ သေချာပေါက် စိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။
ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း စုန့်ကျစ်သယ်ကို ထည့်မတွက်ဟု သူ့ကို ဝိုင်းဝန်းအပြစ်တင်ကြပေလိမ့်မည်။
ဤအကြောင်းအရင်းများကြောင့် ကျန်းကျွင့်သည်က နှစ်ပေါင်းများစွာကြာအောင် အိမ်ထောင်မပြုရဘဲ ရှိနေခဲ့ပြီး တစ်နေ့ကုန် ထိုအဘိုးကြီးကို စောင့်ရှောက်နေရသည့်အတွက် အလွန်ပင် ပျင်းရိငြီးငွေ့နေချေပြီ။
သူ၏ နေ့စဉ်ဘဝတွင် တစ်ခုတည်းသော အပန်းဖြေစရာနှင့် ပျော်ရွှင်စရာမှာ အခန်းထဲတွင် အောင်းကာ ရေဒီယိုနားထောင်ခြင်းသာ ဖြစ်ပေသည်။
ထိုအချိန်တွင်သာ သူ့အနေဖြင့် စုန့်ကျစ်သယ်၏ အသံကို မကြားရဘဲနေလိမ့်မည်။ သူ့ကို မည်သို့ပြုစုရမည်ဟူသော အတွေးများမှ ကင်းဝေးနိုင်ရမည်ဖြစ်ပေ၏။
ယခုအချိန်တွင်လည်း ရေဒီယိုမှ သီချင်းတစ်ပုဒ် ထုတ်လွှင့်လာသောကြောင့် ကျန်းကျွင့်က ရေဒီယိုနှင့်အတူ လိုက်၍ ညည်းဆိုနေမိပြီး စိတ်အခြေအနေမှာလည်း အနည်းငယ် ကောင်းမွန်နေလေသည်။
အပြင်ဘက်တွင်တော့ စုန့်ကျစ်သယ်တစ်ယောက် ကြမ်းပြင်ပေါ်တွင် မျက်စိမှိတ်လျက် လဲကျနေခဲ့ပေပြီ။
*
လင်းရန်နှင့် စားဖိုမှူးရှုန်းတို့ တည်းခိုမည့်နေရာသို့ ရောက်ရှိသွားသည့်အချိန်တွင် စားဖိုမှူးရှုန်းက သူ၏အပေါ်ထပ်အင်္ကျီကို စုန့်လူကြီးမင်း၏အိမ်၌ မေ့ကျန်ခဲ့ကြောင်းကို သတိပြုမိလိုက်သည်။
သူ ကိုယ်တိုင် ပြန်ယူရန် ပြင်လိုက်သော်လည်း လင်းရန်က အလျင်အမြန်ပင် တားဆီးလိုက်လေ၏။
“အဘိုးရှုန်း၊ ဒီမှာပဲ စောင့်နေလိုက်လေ ၊ ကျွန်မ သွားယူပေးမယ်၊ ခဏလေးအတွင်း ပြန်လာခဲ့မယ်”
လူငယ်များသည်က အသွားအပြန် လျင်မြန်သောကြောင့် စားဖိုမှူးရှုန်းထက် ပို၍မြန်မည်မှာ သေချာပေသည်။ ဤသည်မှာလည်း ကိစ္စကြီးမဟုတ်သဖြင့် စားဖိုမှူးရှုန်းက သဘောတူလိုက်လေ၏။
“ကောင်းပြီ၊ မင်းပဲ သွားလိုက်တော့၊ ငါ ဒီကနေ စောင့်နေမယ် လမ်းမှားမသွားစေနဲ့ဦးနော်”
လင်းရန်က သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။ သူမက ထိုမျှအထိ မှားယွင်းနိုင်ပါမည်လား။သူမ တည်းခိုခန်းမှ ထွက်လာပြီး မတိုင်ခင်က လာခဲ့သည့် လမ်းအတိုင်း စုန့်လူကြီးမင်း၏အိမ်သို့ ပြန်လာခဲ့လေသည်။
အိမ်ရှေ့သို့ရောက်ပြီး လှမ်းကြည့်လိုက်လျှင် စုန့်မိသားစုအိမ်တံခါးက ပွင့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။
အိမ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသလား၊ သို့မဟုတ် မတိုင်ခင်က သူတို့ထွက်သွားစဉ်က တံခါးပိတ်ရန် မေ့သွားကြသည်လား မသိပါချေ။
လင်းရန်သည် တံခါးကြားမှနေ၍ လှမ်းခေါ်လိုက်၏။
“စုန့်လူကြီးမင်း၊ ရဲဘော်ကျန်း”
သို့သော် သူမ နှစ်ကြိမ်တိုင်တိုင် ခေါ်သော်လည်း မည်သူကမျှ မထူးပေ။ လင်းရန် ခေတ္တမျှ တွန့်ဆုတ်နေမိသည်။
သူမ အထဲသို့ ဝင်သွားသင့်သည်လား၊ သို့မဟုတ် တံခါးဝတွင်ပင် ခေတ္တစောင့်နေသင့်လားမသိနေခဲ့ပေ။
အကယ်၍ အိမ်ထဲမှလူများက ခဏလောက် အပြင်သို့ထွက်သွားခြင်းဆိုပါက ဇွတ်အတင်းဝင်သွားရန် မသင့်တော်ဘဲ သူခိုးနှင့် တူနေပေလိမ့်မည်။
ထို့ကြောင့် လင်းရန်က အပြင်ဘက်၌ပင် ခဏစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လင်းရန်က ကျောခိုင်းပြီး အပြင်ဘက်သို့ ပြန်လှမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်လုံးထောင့်မှ စုန့်မိသားစု၏ ဧည့်ခန်းကို မြင်လိုက်ရပြီး ရုတ်တရက်ပင် ထိတ်လန့်ရသွားရသည်။
နောက်တစ်စက္ကန့်တွင် သူမက အလွန်လေးနက်သော အမူအရာဖြင့် အိမ်ထဲသို့ ပြေးဝင်သွားတော့၏။
“စုန့်လူကြီးမင်း!”
တံခါးမှ ဝင်လိုက်သည်နှင့် စုန့်လူကြီးမင်းမှာ ကြမ်းပြင်ပေါ်၌ မျက်စိမှိတ်လျက် သတိလစ်မေ့မြော၍ လဲကျနေသည်ကို တွေ့လိုက်ရချေသည်။
“စုန့်လူကြီးမင်း၊ ဘာဖြစ်တာလဲဟင်”
လင်းရန်တစ်ယောက် ကျန်းကျွင့်ကို ရှာရန်ပင် မတွေးနိုင်တော့ဘဲ စုန့်လူကြီးမင်း၏ ရှေ့တွင် အလျင်အမြန်ထိုင်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။
လင်းရန်ကို စိတ်သက်သာရာရသွားစေသည်မှာ စုန့်လူကြီးမင်း၏ သွေးခုန်နှုန်းနှင့် အသက်ရှူသံကို စမ်းသပ်ကြည့်လျှင် အသက်ရှူနေဆဲ ဖြစ်ကြောင်းကို တွေ့ရှိခဲ့ရသောကြောင့်ပင်ဖြစ်ပေ၏။
သို့သော်လည်း အသက်ရှူနှုန်းက တည်ငြိမ်နေသော်ငြား လူက သတိမရသောကြောင့် ပြဿနာတစ်ခုခု ရှိနေသည်မှာ သေချာသည်။
နောက်ဆုံးတွင် လင်းရန် ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သော်လည်း သူမအား ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် အံကိုတင်းတင်းကြိတ်ကာ အားတင်းပြီးစုန့်လူကြီးမင်းကို ကျောပိုးလိုက်ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် စုန့်လူကြီးမင်းမှာ လင်းရန်ထက် အရပ်ရှည်သော်လည်း အိုမင်းပြီး ဖျားနာနေသူဖြစ်၍ အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ပိန်ချုံးနေသောကြောင့် လင်းရန် မနိုင်မနင်းဖြင့် သယ်ဆောင်နိုင်ခဲ့ချေ၏။
လင်းရန် အားစိုက်ထုတ်ကာ အံကြိတ်ညည်းညူရင်း စုန့်လူကြီးမင်းကို အပြင်ဘက်သို့ ကျောပိုးထုတ်လာခဲ့သည်။
အနီးအနားတွင် ဆရာဝန်က မည်သည့်နေရာတွင် ရှိနေကြောင်းကို သူမ မသိသော်လည်း အပြင်ဘက် လမ်းလေးပေါ်တွင် အမြဲတစေ လမ်းလျှောက်နေသူများ ရှိနေသောကြောင့် သူမ မေးမြန်းရန်ပင် မလိုလိုက်ဘဲ လူတစ်ဦးက မျက်နှာပျက်ယွင်းစွာဖြင့် အလျင်အမြန်ပင် လမ်းညွှန်ပေးလာခဲ့သည်။
“သမီးလေး၊ ဒီဘက်ကိုလာခဲ့၊ ဒီမှာ ဆရာဝန်ရှိတယ်!”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်!”
လင်းရန်လည်း စိတ်အားထက်သန်သော အဘွားအို၏နောက်သို့ အပြေးအလွှား လိုက်သွားပြီးနောက် နောက်ဆုံးတွင် စုန့်လူကြီးမင်းကို ဆရာဝန်ထံသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ဤနေရာရှိ ဆရာဝန်မှာ ခြံဝင်းထဲတွင် နေထိုင်ကြသော သက်ကြီးရွယ်အိုတိုင်းနှင့် ရင်းနှီးပြီးသားဖြစ်ပုံရသည်။
လင်းရန်၏နောက်ကျောပေါ်မှ စုန့်လူကြီးမင်းကို မြင်သည်နှင့် ဘေးရှိ ခုတင်ငယ်ပေါ်သို့ တင်ရန် ချက်ချင်းပင် ညွှန်ကြားလေတော့သည်။
ထို့နောက် စုန့်လူကြီးမင်း၏ အခြေအနေကို စစ်ဆေးရင်း လင်းရန်အား အဖြစ်အပျက်ကို မေးမြန်းလေသည်။ သူသည်က လူကြီးမင်း၏ လက်ရှိအခြေအနေကို တိကျစွာ ဆုံးဖြတ်နိုင်ရန်အတွက် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သိရှိရန် လိုအပ်သောကြောင့်ပင်။
သို့သော် လင်းရန်သည်လည်း မည်သည့်အရာကိုမျှ မသိရှိခဲ့ချေ။
“ကျွန်မက စုန့်လူကြီးမင်းအိမ်ကို ပစ္စည်းတစ်ခု သွားယူတာ၊ အိမ်ထဲကိုရောက်တော့ သူ ကြမ်းပြင်ပေါ်မှာ လဲနေပြီဆိုတာကို တွေ့လိုက်ရတယ်၊ ဘာတွေဖြစ်သွားလဲဆိုတာတော့ ကျွန်မလည်း မသိဘူး”
လင်းရန်နှင့်အတူ လိုက်ပါလာသော အဘွားအိုကလည်း ဘေးမှ ဝင်၍ ထောက်ခံလေသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီမိန်းကလေး အိမ်ထဲကိုဝင်သွားတာကို ငါကိုယ်တိုင် မြင်လိုက်တာ၊ ပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမက စုန့်လူကြီးမင်းကို ကျောပိုးပြီး ထွက်လာတာပဲ!”
သူမအနေဖြင့် မတိုင်ခင်က အပြင်ဘက်၌ လမ်းလျှောက်နေချိန်တွင် ချောမောလှပသော လင်းရန်ကို မြင်လိုက်ရပြီး မနေနိုင်ဘဲ နှစ်ခါပြန်ကြည့်ခဲ့မိရာမှ ယခုအဖြစ်အပျက်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဆရာဝန်မှာ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး မေးမြန်းလိုက်၏။
“စုန့်လူကြီးမင်းရဲ့အိမ်မှာ သူ့ကို ပြုစုပေးရမယ့်သူ ရှိတယ်မဟုတ်လား၊ ကျန်းကျွင့်ဆိုလား၊ သူက အိမ်မှာ စုန့်လူကြီးမင်းကို စောင့်မကြည့်နေဘူးလား”
အဘွားအိုလည်း ရှုပ်ထွေးသွားသည်။
“ငါလည်း မသိဘူး၊ ရှောင်ကျန်း အပြင်ထွက်သွားတာလည်း မတွေ့မိပါဘူး၊ မိန်းကလေး မင်းရော တွေ့လိုက်မိလား”
အဘွားအိုက လင်းရန်ဘက်သို့ လှည့်၍ မေးလေသည်။ လင်းရန်က ခေါင်းခါပြကာ သူမ အိမ်ထဲဝင်စဉ်က မြင်တွေ့ခဲ့ရသည်များကို အရှိအတိုင်း ပြောပြလိုက်၏။
“ကျွန်မ ရဲဘော်ကျန်းကျွင့်ကို မတွေ့မိဘူး ၊ ကျွန်မ ဝင်သွားတဲ့အချိန်တုန်းက စုန့်လူကြီးမင်း တစ်ယောက်တည်း ကြမ်းပြင်ပေါ်မှာ လဲနေတာပဲ တွေ့ခဲ့တာပါ”
“ဒီရှောင်ကျန်းကတော့ တကယ်ကိုပဲ! နေ့တိုင်း ဘာအလုပ်မှ ရှိတာမဟုတ်ဘဲ လူကြီးမင်းကို သေသေချာချာ စောင့်ကြည့်ဖို့ပဲ ရှိတာကို၊ အဲဒါတောင် ကောင်းကောင်းမလုပ်နိုင်ဘူး၊ စုန့်လူကြီးမင်းကို ပြုစုဖို့ တခြားသင့်တော်တဲ့သူတစ်ယောက်ကို ငှားလိုက်တာကမှ ပိုကောင်းဦးမယ်”
*