အခန်း (၃၁၀)
Vol. 31 Ch. 310
အခန်း(310)
ထိုအဘွားအိုက အတွင်းရေးများကို များစွာသိပုံရပြီး ကျန်းကျွင့်အပေါ် မကျေမနပ်ဖြစ်ကာ တတွတ်တွတ် ပြောဆိုနေတော့သည်။
သို့သော် လင်းရန်က ယခုမှ စတင်ရောက်ရှိလာသူဖြစ်သောကြောင့် အဘွားအိုနှင့်အတူ လိုက်ပါပြီး အပြစ်ပြောရန် အားနာနေမိသည်။
ဘေးနားရှိ ဆရာဝန်မှာလည်း စုန့်လူကြီးမင်းကို စစ်ဆေးနေဆဲဖြစ်၍ အဘွားအို၏ စကားကို ဝင်၍ မထောက်ခံနိုင်ချေ။ နောက်ဆုံးတွင် အဘွားအိုသည်လည်း တစ်ယောက်တည်း ပြောရန် ပျင်းရိလာသောကြောင့် ပါးစပ်ပိတ်သွားလေတော့သည်။
လင်းရန်သည်ကား လူကြီးချင်းအတင်းပြောသည်ကို ဆက်လက်နားမထောင်ရတော့သဖြင့် အနည်းငယ် နှမြောသွားရလေ၏။
“မိန်းကလေး၊ မင်း ဒီမှာ ခဏ စောင့်ကြည့်ပေးထားပါဦး. အဘွား အပြင်ထွက်ပြီး ရှောင်ကျန်းကို သွားရှာလိုက်ဦးမယ်၊ ဒီကိစ္စကို သူ့ကိုတော့ ပြောပြရဦးမှာပေါ့ ၊မဟုတ်ရင် စုန့်လူကြီးမင်းဘေးမှာ ပြုစုမယ့်သူ မရှိဘဲ ဘယ်ဖြစ်မလဲ”
လင်းရန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အဘွားအိုက အလျင်အမြန် ထွက်ခွာသွားလေသည်။ သူမ ထွက်သွားပြီး မကြာမီမှာပင် ဆရာဝန်မှာ စစ်ဆေးမှုများ ပြီးဆုံးသွားကာ စုန့်လူကြီးမင်းသည်လည်း တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။
ဆရာဝန်က အခွင့်ကြုံခိုက်တွင် သူ မည်သို့ခံစားနေရသည်ကို မေးမြန်းလိုက်၏။
စုန့်လူကြီးမင်းသည်ကား အကြောင်းပြချက်မရှိဘဲ ဆရာဝန်ရှေ့သို့ ရောက်နေသည်ကို တွေ့လိုက်ရပြီး အနည်းငယ် ရှုပ်ထွေးနေသော်လည်း မေးခွန်းများကိုတော့ အလိုအလျောက်ပင် ဖြေလိုက်လေသည်။
“စိုးရိမ်စရာတော့ မရှိပါဘူး၊ ခဏနေလို့ မတ်တတ်ရပ်နိုင်ပြီလို့ ခံစားရရင် ထပြီး လမ်းအနည်းငယ် လျှောက်ကြည့်ဦး၊ လက်တွေ ခြေထောက်တွေ တစ်ခုခုနဲ့ ထိခိုက်မိတာ ရှိမရှိကြည့်ပေးမယ်”
စုန့်လူကြီးမင်းက ဆရာဝန်ပြောသည်ကို လိမ္မာစွာ နားထောင်လိုက်ပြီးမှ ပြန်လည်မေးမြန်းလေသည်။
“ငါ ဒီကို ဘယ်လိုရောက်လာတာလဲ။ ငါ အိမ်မှာပဲ ရှိနေခဲ့တာကို မှတ်မိတယ်၊ ပြီးတော့ ရှောင်ကျန်းရော၊ သူရော နေကောင်းရဲ့လား”
စုန့်လူကြီးမင်း၏ မှတ်ဉာဏ်များ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ မတိုင်ခင်က မည်သည့်အရာကိုလုပ်ဆောင်ရန် ပြင်ဆင်နေခဲ့သည်ကို သတိရသွားချေပြီ။ သူက ကျန်းကျွင့် တစ်ခုခုဖြစ်နေသည်လားဟု သွားရောက်ကြည့်ရှုရန် ပြင်နေခဲ့ခြင်းပင် မဟုတ်ပါလား။
“ရှောင်ကျန်းလား၊ ဒါတော့ ကျွန်တော်လည်း မသိဘူး၊ ဒီဘေးက ရဲဘော်လေးကိုပဲ မေးကြည့်လိုက်ပါဦး၊ သူမက လူကြီးမင်းကို ကျွန်တော့်ဆီ အပြေးအလွှား ပို့ပေးခဲ့တာလေ”
ဆရာဝန်၏ စကားကြောင့် စုန့်လူကြီးမင်းလည်း အံ့သြသင့်သွားပြီး ဘေးနားရှိ လင်းရန်ကို အလျင်အမြန် လှည့်ကြည့်လိုက်လေသည်။
“ရဲဘော်လေး လင်းရန်?”
လင်းရန်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မပါ စုန့်လူကြီးမင်း၊ အခု နေရတာ ဘယ်လိုနေသေးလဲ၊ တစ်ခုခု သက်တောင့်သက်သာမရှိတာမျိုး ရှိနေသေးလား၊ ဒါမှမဟုတ် ကျွန်မ ဘာများလုပ်ပေးရမလဲ”
“မလိုပါဘူး ရဲဘော်လေး လင်းရန်၊ ခုနက ကိစ္စတွေအတွက်တောင် မင်းကို တကယ်အားနာနေပြီ၊ ငါကလည်း အိုမင်းမစွမ်းဖြစ်နေတော့ ဘာမှ မလုပ်နိုင်တော့ဘူး၊ ဧည့်သည်ဖြစ်တဲ့ သမီးကိုတောင် ဆရာဝန်ဆီ ပို့ခိုင်းမိတဲ့အထိ ဒုက္ခပေးလိုက်ရတယ် ”
စုန့်လူကြီးမင်းမှာ အလွန်ပင် အားနာနေသောကြောင့် သူ၏မျက်နှာအိုကြီးကို မည်သည့်နေရာတွင် ထားရမည်ကိုပင် မသိတော့ချေ။
စုန့်လူကြီးမင်း၏ မျက်နှာပေါ်မှ အပြစ်မကင်းသကဲ့သို့ ခံစားနေရမှုများကို မြင်လျှင် လင်းရန်က အလျင်အမြန်ပင် နှစ်သိမ့်စကား ဆိုလိုက်သည်။
“စုန့်လူကြီးမင်း၊ ဒါက ဘာမှမဟုတ်ပါဘူး၊ တစ်ဖက်တစ်လမ်းက ကူညီရုံသက်သက်ပါပဲ၊ ဒါ့အပြင် အဘိုးတို့လို ရှေ့တန်းကနေ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေသာ မရှိခဲ့ရင် သမီးတို့လို နောက်မျိုးဆက်တွေ ဒီလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူးလေ၊ ဒါကြောင့် ဒီလောက်လေး ကူညီပေးရတာက ဘာမှမဖြစ်ပါဘူး”
လင်းရန်ကဲ့သို့ ငယ်ရွယ်သော မိန်းကလေးတစ်ဦးထံမှ ဤကဲ့သို့သော စကားမျိုးကို ကြားရလိမ့်မည်ဟု မထင်ထားသောကြောင့် စုန့်လူကြီးမင်းသာမက ဘေးရှိ ဆရာဝန်ပင် အံ့အားသင့်စွာကြည့်လိုက်မိသည်။
အထူးသဖြင့် လင်းရန်၏ ကြည်လင်သော မျက်ဝန်းများနှင့် စိတ်ရင်းမှန်သော အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် ဆရာဝန်က ကျေနပ်အားရသည့် အမူအရာကို မပြဘဲမနေနိုင်တော့ပေ။
သေချာပေသည်။ ဤမိန်းကလေးမှာ အမှန်တကယ်ပင် စိတ်အားထက်သန်ပြီး သူမ၏ အမြင်များမှာလည်း အလွန်ပင် ဖြောင့်မတ်လှပေသည်။
စုန့်လူကြီးမင်းသည်ကား ထိုစကားများကို ကြားလျှင် ဝမ်းနည်းပီတိဖြစ်ကာ မျက်ရည်ပင် ကျချင်လာမိသည်။
သူတို့မျိုးဆက်မှ လူငယ်များက တိုင်းပြည်ကို ကာကွယ်ရန်အတွက် အိမ်မှ ထွက်ခွာလာကြချိန်တွင် လင်းရန်နှင့် အသက်ချင်း မတိမ်းမယိမ်းလောက် သို့မဟုတ် နှစ်အနည်းငယ်ခန့်ပင် ငယ်ကြဦးမည် ဖြစ်သည်။
ထိုအချိန်က သူတို့ မကြောက်ခဲ့ကြ၍လား။ အရာအားလုံးကို သိနေခဲ့ကြသည့်အတွက်လား။
သူတို့သည်လည်း လူသားများသာဖြစ်ပြီး သေခြင်းတရားနှင့် နာကျင်မှုကို ကြောက်ရွံ့ကြသည်။
သို့သော်လည်း သူတို့ကိုယ်တိုင်ထက် ပို၍ကာကွယ်ပေးချင်သူများ၊ ကာကွယ်ချင်သော အရာများ ရှိနေသောကြောင့်သာ အိမ်နှင့်ဝေးရာ လမ်းမထက်သို့ မတွန့်မဆုတ် လှမ်းတက်ခဲ့ကြခြင်း ဖြစ်ပေသည်။ယခုအချိန်တွင် နောက်မျိုးဆက်သစ်များက သူတို့၏ ပေးဆပ်မှုနှင့် ကြိုးစားအားထုတ်မှုများကို နားလည်ပေးနိုင်သည်ကို မြင်တွေ့ရသည့်အတွက် သူ၏ ကြိုးပမ်းမှုများနှင့် စွန့်လွှတ်မှုများက အမှန်တကယ်ပင် တန်ဖိုးရှိလှသည်ဟု သူ ခံစားလိုက်ရသည်။
စုန့်လူကြီးမင်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချနေစဉ်မှာပင် အပြင်ဘက်မှ ကျန်းကျွင့်၏ ပျာယာခတ်နေသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဦးလေးစုန့်၊ဘယ်လိုနေသေးလဲ၊ ဘာမှမဖြစ်ဘူးမဟုတ်လား”
စကားပင် မဆုံးသေးမီမှာပင် ကျန်းကျွင့်၏ ပုံရိပ်မှာ ဆရာဝန်၏အခန်းထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူသည်က မည်သည့်နေရာမှ ပြေးလာသည်မသိဘဲ အဝတ်အစားနှင့် ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေချေ၏။
စုန့်လူကြီးမင်းက မျက်လုံးဖွင့်လျက် ရှိပြီးမည်သည့်အရာမှ မဖြစ်ကြောင်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှသာ ကျန်းကျွင့်၏ စိုးရိမ်စိတ်များမှာ လျော့ပါးသွားတော့သည်။
ယခုမှာ ဆောင်းဦးရာသီဖြစ်သော်လည်း သူ၏ကျောပြင်တွင်မူ ချွေးများဖြင့် ရွှဲနစ်နေချေပြီ။
အကယ်၍ စုန့်ကျစ်သယ်သာ တစ်ခုခုဖြစ်သွားပါက သူသည်လည်း တာဝန်ရှိမှုမှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် သူ၏ လက်ရှိဘဝကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် စုန့်ကျစ်သယ် တစ်ခုခု ဖြစ်သွား၍ မရသေးပေ။
“ငါ ဘာမှမဖြစ်ပါဘူး၊ မင်းရော၊ မင်း ဘာမှမဖြစ်ဘူးမလား”
စုန့်လူကြီးမင်းသည်ကား ကျန်းကျွင့်၏တွေးနေသည်ကို မသိဘဲ ကျန်းကျွင့် ကောင်းစွာရှိနေသည်ကို မြင်ရမှသာ သက်ပြင်းချနိုင်တော့သည်။
“ငါ အပြင်ဘက်ကနေ လှမ်းခေါ်နေပေမဲ့ မင်းအသံ မကြားရလို့၊ မင်း တစ်ခုခု ဖြစ်နေပြီလို့ ငါ ထင်နေတာ”
စုန့်လူကြီးမင်းက ကျန်းကျွင့်အပေါ် သူ စိုးရိမ်ခဲ့သည်များကို မပြောဘဲ မနေနိုင်ခဲ့ပေ။
ထိုအချိန်ကျမှသာ စုန့်လူကြီးမင်းက အိမ်တွင် အဘယ်ကြောင့် သတိလစ်သွားရသည်ကို လူတိုင်း သိရှိသွားကြတော့သည်။ သူက ကျန်းကျွင့်ကို စိုးရိမ်စိတ်ဖြင့် စိတ်လှုပ်ရှားကာ ပျာယာခတ်သွားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ဆရာဝန်အနေဖြင့် စုန့်လူကြီးမင်းက တခြားသူတစ်ဦးအတွက်နှင့် မိမိကိုယ်ခန္ဓာကို ထိခိုက်စေခြင်းမှာ ပညာရှိရာမကျဟု ခံစားရသော်လည်း ပြန်စဉ်းစားကြည့်လျှင် သူ၏အနီးအနား၌ ကျန်းကျွင့်ကဲ့သို့သော ဆွေမျိုးတစ်ဦးတည်းသာ ရှိပုံရသောကြောင် နောက်ဆုံးတွင် မည်သည့်စကားကိုမှ မပြောတော့ပေ။
သို့သော်လည်း...
“ရှောင်ကျန်း၊ မင်း ခုနက ဘယ်ရောက်နေတာလဲ၊ လောင်စုန့် မင်းကို ခေါ်တာကို ဘာလို့ မထူးတာလဲ၊ ငါ ခုနက သွားခေါ်တော့လည်း မင်း အိမ်မှာ ရှိနေတာပဲမလား”
ကျန်းကျွင့်ကို သွားခေါ်ပေးခဲ့သော အဘွားအိုသည်လည်း ကျန်းကျွင့်၏နောက်မှ ပြေးလိုက်လာကာ လင်းရန်၊ ဆရာဝန်နှင့် စုန့်လူကြီးမင်းတို့ကိုပါ ရှုပ်ထွေးစေသည့် မေးခွန်းကို မေးလိုက်လေသည်။
ထိုသို့ အမေးခံလိုက်ရလျှင် ကျန်းကျွင့်၏ မျက်နှာအမူအရာတို့က ရုတ်တရက် တောင့်တင်းသွားရသည်။
တကယ်တမ်းတွင် သူက မည်သည့်နေရာကိုမျှ သွားခဲ့ခြင်းမဟုတ်ဘဲ အခန်းထဲတွင် ရေဒီယို နားထောင်နေခဲ့ခြင်းသာ ဖြစ်သည်။
မူလက အဘိုးကြီးစုန့် အပြင်ဘက်တွင် တစ်ယောက်တည်း ထိုင်နေရင်းမည်သည့်အရာမျှမဖြစ်နိုင်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်ပေ၏။
သူ မမြင်လိုက်သည့် အချိန်အတွင်းမှာပင် ထို အဘိုးကြီးက လဲကျသွားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ထိုအကြောင်းကို တွေးမိလျှင် ကျန်းကျွင့်တစ်ယောက် အမှန်တကယ်ပင် ကြောက်ရွံ့ပြီး ဒေါသလည်းထွက်မိသွားချေသည်။
ကျန်းကျွင့်၏ စိတ်ထဲ၌ ရှိနေသင့်သော တစ်ခုတည်းသော အပြစ်မကင်းသည့် ခံစားချက်မှာလည်း စုန့်ကျစ်သယ် မည်သည့်အရာမှမဖြစ်သည်ကို မြင်လိုက်ရသည့် အခိုက်အတန့်၌တွင်ပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
“အိုး၊ ကျွန်တော် အခန်းထဲမှာ ပစ္စည်းတွေ သိမ်းဆည်းပြီးသန့်ရှင်းရေးလုပ်နေတာ၊ အသံတွေက နည်းနည်း ဆူညံသွားလို့ ထင်တယ်၊ ဦးလေး ခေါ်တာကို ခဏလောက် မကြားလိုက်မိဘူး...”
ကျန်းကျွင့်က အကြောင်းပြချက်တစ်ခု ရရှိရန်အတွက် ဦးနှောက်ကို အစွမ်းကုန် ခြောက်ထုတ်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူတစ်ယောက်တည်းသာ အိမ်တွင် ရှိခဲ့သည် မဟုတ်ပါလား။
သူ မည်သည့်အရာများလုပ်နေသည်ကို မည်သူမျှ မသိနိုင်ပါချေ။ သူလိမ်ညာလိုက်လျှင်လည်း မည်သူကမှ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
“ဒီအရွယ်လေးနဲ့ နားက ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ”
သူ ထိုသို့ပြောလိုက်သည့်အချိန်တွင် အဘွားအိုက တတွတ်တွတ် ရေရွတ်နေသော်လည်း ကျန်းကျွင့်၏ စကားကို သံသယမဝင်ခဲ့ပေ။
သို့သော်လည်း ကျန်းကျွင့်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော လင်းရန်သည်က တစ်ဖက်လူ ထိုသို့ပြောလိုက်ချိန်တွင် မျက်ဝန်းထဲ၌ ဖြတ်ပြေးသွားသော အပြစ်မကင်းသည့် အရိပ်အယောင်ကို မမျှော်လင့်ဘဲ သတိပြုမိလိုက်သည်။
ပစ္စည်းသိမ်းနေလို့ မကြားတာ ဟုတ်ပါ့မလား။
ကြည့်ရသည်မှာ ထိုမျှလောက် ရိုးရှင်းပုံမရပေ။ အကြောင်းရင်းကို အသေအချာ မသိရသော်လည်း လင်းရန်၏ စိတ်ထဲတွင်တော့ ကျန်းကျွင့်က သေချာပေါက် လိမ်ညာနေခြင်းဖြစ်သည်ဟု ခိုင်မာစွာယုံကြည်နေမိသည်။
သို့သော် သူမအနေဖြင့် အဖြစ်မှန်ကို မသိရှိသကဲ့သို့ သက်သေအထောက်အထားလည်း မရှိသည့်အတွက် သံသယကို ထုတ်ဖော်ပြောဆိုရန်မဖြစ်နိုင်ပေ။သို့သော် ကျန်းကျွင့်ကို ဤအတိုင်း လွှတ်ပေးလိုက်ရန်မှာလည်း သူမ၏ ရင်ထဲ၌ တစ်ခုခု ခံပြင်းနေမိသည်။
ထို့ကြောင့် လင်းရန်က ရုတ်တရက်ပင် ဝင်၍ ပြောလိုက်လေ၏။
“ရဲဘော်ကျန်းကျွင့်အနေနဲ့ နောက်ပိုင်း ပစ္စည်းသိမ်းဆည်းရှင်းလင်းတဲ့အချိန်တွေမှာ တံခါးကို ဖွင့်ထားဖို့ ကြိုးစားသင့်တယ်၊
ဒါမှမဟုတ်ဘဲ ဒီနေ့လို အခြေအနေမျိုးနဲ့ ထပ်ကြုံရရင် စုန့်လူကြီးမင်းက အခုလို သတိလစ်ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်တော့ဘူး
ဒါ့အပြင် ကျွန်မသာ ဒီနေ့ ပစ္စည်းပြန်ယူဖို့ ရုတ်တရက် ပြန်မလာခဲ့ရင် သူ သတိလစ်နေတာကို ဘယ်အချိန်မှ တွေ့မလဲဆိုတာ မသိနိုင်ဘူးလေ”
*