← Chapters

အခန်း (၂၂၃၁-၂၂၃၂)

Vol. 164 Ch. 2231-2232

အခန်း (၂၂၃၁-၂၂၃၂)

Vol. 164 Ch. 2231-2232

အဆတစ်ရာစနစ် စာစဥ်(၁၆၄)

အခန်း(၂၂၃၁)

“ဝုန်း..”

ဆန်းကြယ်သော ဓားအလင်းတစ်ခုသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်သည်လည်း မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကျဆင်းသွားသည်ကို ထိတ်လန့်တကြား သိလိုက်ရသည်။

သူက နတ်ဘုရင် တတိယအဆင့်အထိ ရောက်အောင် နှစ်ပေါင်း သန်းချီကြာ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် အရာအားလုံးကို ဆုံးရှုံးသွားရ၏။

“မလုပ်ပါနဲ့”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ပြီး ထိတ်လန့် ချောက်ချားနေခဲ့သည်။

သူက ကျင့်ကြံခြင်းအဆင့် ဆုံးရှုံးသွားသဖြင့် လေထဲတွင် ပျံသန်းနိုင်သော စွမ်းအားပင် မရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ်‌ လေထုထဲကနေ အောက်ဘက်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။

ကျန်းချန်က‌ အောက်ဘက်ရှိ တောင်တန်းများ ဆီသို့ ပြုတ်ကျသွားသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ဂရုမစိုက်ခဲ့ပေ။

သူက လေထု တစ်နေရာကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

“ကျန်းယွိ မင်းဒီမှာရှိနေတာ ငါသိတယ်.. မင်းဘာသာမင်း ထွက်လာမလား ဒါမှမဟုတ် ငါကပဲ မင်းကို ခေါ်ထုတ်ပေးရမလား”

ကျန်းချန်၏ စကား အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် နေရာလွတ်လှိုင်းလုံး သုံးခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး လူရိပ်သုံးခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုသုံးဦးမှာ အခြားသူများ မဟုတ်ကြဘဲ ကျန်းယွိ ဦးဆောင်သော လူသားဧကရာဇ်နန်းတော်မှ လူများ ဖြစ်ကြသည်။

“ကျန်းယွိ မင်းပေါ်လာမယ်ဆိုတာ ငါသိသားပဲ”

သူ၏ရှေ့တွင် ပေါ်လာသော ကျန်းယွိကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

“ကျန်းချန် ငါတို့က ဒီနားကနေ ဖြတ်သွားရုံတင်ပါ.. အခု ငါတို့ထွက်သွားတော့မယ်”

ကျန်းယွိက ကျန်းချန်ကို အနည်းငယ် အထိတ်တလန့် အမူအရာဖြင့် ပြောလိုက်ပြီး သူ့ဘေးရှိ လူနှစ်ယောက်နှင့် အတူ ထွက်ခွာသွားရန် ပြင်လိုက်သည်။

အစောပိုင်းတွင် သူတို့က ပုန်းကွယ်နေခဲ့သော်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

မူလက သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်းကာ ကျန်းချန်က သံမဏိနတ်ဓားဂိုဏ်းနှင့် အမှောင်အရိပ်နတ်ဂိုဏ်းမှ လူများနှင့် တိုက်ခိုက်နေသည်ကို ထိုင်ကြည့်ရန် စီစဥ်ထားခဲ့ပြီး နှစ်ဖက်စလုံး တိုက်ပွဲပန်းသော အချိန်တွင် အခွင့်ကောင်းယူရန် ရည်ရွယ်ခဲ့ကြသည်။

သူတို့၏ အစီအစဥ်က ကောင်းမွန်သော်လည်း လက်တွေ့ အရှိတရားကမူ အလွန်တရာ ခါးသီးလှ၏။

သံမဏိနတ်ဓားဂိုဏ်းနှင့် အမှောင်အရိပ်နတ်ဂိုဏ်းမှ နတ်ဘုရင်တတိယအဆင့် နှစ်ပါးနှင့် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်သတ်မှတ်ခံထားရသော နတ်ဘုရားသားတော် နှစ်ပါးစလုံးသည် ကျန်းချန်၏ လက်ထဲတွင် ဖရဲသီးစိတ် ကဲ့သို့ အသတ်ခံလိုက်ရမည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုထက်ပို၍ အရေးကြီးသည်မှာ သူတို့၏ ရှေ့ရှိ ကောင်းကင်အရှင်အဆင့် လူငယ်လေးသည် သိပ်မကြာခင်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် လုံကျိုးဟန်ကို အနိုင်ယူပြီး ပထမဆုံး တိုက်ပွဲတွင်ပင် နာမည်ကျော်ကြားသွားခဲ့သော ကျန်းချန်ဖြစ်နေခြင်းပင်။

သိထားရမည့်အချက်မှာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်သည် နတ်ကုန်းမြေတိုက်ရှိ ပါရမီရှင် ထောင်ပေါင်းများစွာထဲမှ အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။

လုံကျိုးဟန်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းတွင် အဆင့် ၇ နေရာ၌ ရှိသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင်တတိယအဆင့် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ နတ်ဘုရင် ပဉ္စမအဆင့်ထက်ပင် မနိမ့်ကျပေ။

ကျန်းချန်က လုံကျိုးဟန်ကိုပင် အနိုင်ယူခဲ့သည် ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။

ယခုအခါ သူ၏ ဘေး၌ နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိနေ၍ ကျန်းချန် ကဲ့သို့ ထူးခြားသော ပါရမီရှင်ကို ယှဥ်ပြိုင်ရန်မှာ အလွန်တရာပင် ခဲယဥ်းလွန်းနေခဲ့သည်။

ထို့အပြင် ကျန်းချန်၏ နံဘေးတွင် ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထက် မည်သို့မျှ မနိမ့်ကျသော ကောင်းကင်ဖီးနစ် နတ်ဘုရားမ ကူဖုန်းအာလည်း ရှိနေသေး၏။

ကျန်းယွိသည် ကျန်းချန် ထံကနေ လူသားဧကရာဇ်ဓား၏ အပိုင်းအစနှင့် လနတ်ဘုရားနန်းတော်၏ သော့ကို ချက်ချင်းပင် လုယူချင်ခဲ့‌သော်လည်း သူ၏ အသိဥာဏ်က သူ့ကို သည်းခံစေရန် ရွေးချယ်စေခဲ့သည်။

အကယ်၍ ဤအချိန်တွင် သူတို့သာ ကျန်းချန်နှင့် တိုက်ခိုက်ခဲ့လျှင် သူတို့အတွက် အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

“ဟားဟား ရောက်လာမှတော့ ဘာလို့ အလျင်စလို ထွက်သွားဖို့ ကြိုးစားနေရတာလဲ”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ကျန်းယွိတို့ သုံးယောက်၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

ကျန်းချန်၏ အပြုအမူကြောင့် ကျန်းယွိက ရုတ်တရက်မျက်နှာပျက်သွားခဲ့သည်။

“ငါတို့က ဒီနားကနေ ဖြတ်သွားရုံပါလို့ ငါ မင်းကို ပြောပြီးပြီလေ.. မင်း ဒါက ဘာသဘောလဲ”

“ဘာသဘောမှ မဟုတ်ဘူး”

ကျန်းချန်က‌ အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“မင်းက လူသားဧကရာဇ်ဓားရဲ့ အပိုင်းအစအတွက်ပဲ ဖြစ်ဖြစ်၊လနတ်ဘုရားနန်းတော်ရဲ့ သော့အတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီနားကနေ ဖြတ်သွားရုံလေးပဲ ဖြစ်ဖြစ် မင်းဒီနေရာကို ရောက်လာမှတော့ မင်းရဲ့ အသက်ကို ငါ့ဆီမှာပဲ ထာဝရထားရစ်ခဲ့ရလိမ့်မယ်”

သူ၏ဖခင်ကျန်းဝူရသည် လူသားဧကရာဇ်နန်းတော်သို့ ပြန်ရောက်နေရန် ဖြစ်နိုင်ခြေ များသည်။

ကျန်းယွိသည် လူသားဧကရာဇ်နန်းတော်၏ ကျန်း တော်ဝင်မျိုးနွယ်စုမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်ရာ လူသားဧကရာဇ်နန်းတော်တွင် အဆင့်အတန်း မြင့်မားလှ၏။

ဆိုရလျှင် ကျန်းယွိသည် သူ့ဖခင်၏ သတင်းကို သိရှိထားမည်မှာ သေချာသလောက်ပင်။

ယခုအခါ ကျန်းယွိက သူ့ဘာသာသူ တံခါးဝအထိ ရောက်လာခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ကျန်းယွိကို အလွယ်တကူ ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။

“ကျန်းချန် မင်းက အနိုင်ကျင့်လွန်းတာပဲ”

ကျန်းချန်က သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကိုမြင်လျှင် ကျန်းယွိသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူက လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မိသားစုမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်ကာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် နတ်ဘုရင် အဆင့်အောက်၌ နံပါတ်တစ် ဖြစ်၍ သူ၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မားလှသည်။

အလယ်ပိုင်းဒေသရှိ နတ်ဘုရင် အင်အားစုများစွာပင် သူ၏‌ရှေ့တွင် ယဥ်ကျေးပျူငှာစွာ ဆက်ဆံကြရ၏။

ရှင်းလင်းစွာ ဆိုရလျှင် ဤကဲ့သို့ ဆက်ဆံမှုမျိုးကို သူတစ်ခါမှ မခံခဲ့ရဖူးပေ။

“ငါက မင်းကို အနိုင်ကျင့်တော့ရော မင်းဘာတတ်နိုင်မှာမို့လဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

“မင်း အခြေအနေကို နားလည်တယ်ဆိုရင် လိမ်လိမ်မာမာနဲ့ ငါ့ဆီမှာ အညံ့ခံလိုက်.. မင်းက လူသားဧကရာဇ်နန်းတော်က ကျန်းမိသားစုဝင် ဖြစ်နေတဲ့အတွက် ငါ မင်းကို ခွင့်လွှတ်ဖို့ စဥ်းစားပေးနိုင်တယ်”

“သခင်လေးကျန်းယွိ.. သူတို့ကို ကျွန်တော် တားထားလိုက်မယ်.. သခင်လေး အမြန်ထွက်သွားပါ”

နတ်ဘုရင်တတိယအဆင့် အကြီးအကဲသည် ကျန်းချန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ကျန်းယွိကို အလေးအနက် ပြောလိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် ကောင်းကင်အရှင် အဆင့်သာ ရှိသေးသော်လည်း နတ်ဘုရင် တတိယအဆင့်ကိုပင် မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ သတ်ဖြတ်နိုင်သော ကျင့်ကြံသူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ထိုကောင်လေးအပြင် ကောင်းကင်ဖီးနစ် နတ်ဘုရားမ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည် အားမနည်းလှပေ။

ယခုအချိန်တွင် ကျန်းချန်ကို သူ၏ ခွန်အား ရှိသမျှဖြင့် တားဆီးထားပြီး ကျန်းယွိ ထွက်ပြေးနိုင်ရန် အခွင့်အရေးဖန်တီးပေးရုံသာ တတ်နိုင်တော့၏။

“အကြီးအကဲခွန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

ယခုအချိန်က တွေဝေနေရမည့် အချိန် မဟုတ်မှန်း သိသဖြင့် ကျန်းယွိက အဘိုးအိုကို ဂရုစိုက်ရန် မှာကြားလိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

“ထွက်ပြေးချင်တယ်လား”

ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားခဲ့သည်။

သူက ကျန်းယွိကို လိုက်လံဖမ်းဆီးရန် လှုပ်ရှားတော့မည့်အချိန်မှာပင် နတ်ဘုရင် စတုတ္ထအဆင့် အဘိုးအိုသည် နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်ပြီး သူ၏ ခွန်အားရှိသမျှဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“အစ်ကိုကျန်းချန် ကျန်းယွိတို့ နောက်ကို လိုက်သွားပါ.. ဒီအဘိုးကြီးကိုတော့ ကျွန်မနဲ့ပဲ လွှဲပေးထားလိုက်”

ကူဖုန်းအာ၏ စကားဆုံးသည်နှင့် ကူဖုန်းအာ၏ ကျောဘက်တွင် အဆုံးမဲ့ ပူပြင်းသော နတ်ဘုရင်လမ်းစဥ် ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူအဘိုးအိုနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် တွေဝေနေခြင်းမရှိတော့ပေ။

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ကျန်းယွိ၏ ဦးခေါင်း အထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ထို့နောက်တွင် မိုင်ထောင်ချီ ကျယ်ဝန်းသော ကောင်းကင်ယံကို လွှမ်းခြုံထားသည့် ခုနစ်စဥ်ကြယ်သည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခုနစ်စဥ်ကြယ်မှ ကြယ်စွမ်းအားများသည် ဧရာမ ကြယ်တာရာဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံကိုပင် ပိုင်းဖြတ်နိုင်သော စွမ်းအားကို သယ်ဆောင်၍ အောက်ဘက်ရှိ ကျန်းယွိ ဆီသို့ သက်ရောက်လာခဲ့၏။

“သခင်လေးယွိ အမြန်သွားတော့”

ကျန်းယွိ၏ နံဘေးမှ နတ်ဘုရင်တတိယအဆင့် အကြီးအကဲသည် ကျန်းယွိကို ထွက်ပြေးရန် တိုက်တွန်းလိုက်ပြီးနောက်တွင် သူ၏ ခွန်အားများကို အစွမ်းကုန်ထုတ်ဖော်ကာ ဧရာမ ကြယ်တာရာဓားကို ခုခံလိုက်သည်။

“ဝုန်း..”

သို့သော်လည်း အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်လာသည့် ဧရာမ ကြယ်တာရာဓားကြီးသည် နတ်ဘုရင်တတိယအဆင့် အဘိုးအို၏ အကာအကွယ်ကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်ပြီး အဘိုးအို၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသော ထွက်ပေါ်လာပြီးနောက်တွင် နတ်ဘုရင် တတိယအဆင့် အကြီးအကဲသည် ကျန်းချန်၏ ဓားချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရကာ အောက်ဘက်ရှိ တောင်တန်းများ ပေါ်သို့ လေထုထဲကနေ ပြုတ်ကျသွားခဲ့သည်။

“ကျန်း.. ကျန်းချန်.. ငါက လူသားဧကရာဇ်နန်းတော်က ကျန်းမိသားစုရဲ့ ပါရမီရှင်တပည့် တစ်ယောက်ပဲ.. မင်း ငါ့ကို သတ်မယ်ဆိုရင် လူသားဧကရာဇ်နန်းတော်က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းချန်၏ လက်ချက်ဖြင့် နတ်ဘုရင် တတိယအဆင့် အကြီးအကဲ တစ်ခဏအတွင်း သတ်ဖြတ်ခံလိုက်ရသည်ကိုမြင်လျှင် ကျန်းယွိ၏ မျက်ဝန်းထဲ၌ တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ ကောင်လေးအတွက် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင် တတိယအဆင့်ကို သတ်ဖြတ်ခြင်းမှာ ကြက်သတ်သကဲ့သို့ပင် လွယ်ကူနေပုံ ရသည်။

ထိုလူငယ်နှင့် နှိုင်းယှဥ်လျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် နတ်ဘုရင်အဆင့်အောက်၌ နံပါတ်တစ်ဟု ဆိုသောသူသည် အမှိုက်နှင့် ဘာမှမခြားပေ။

အခန်း(၂၂၃၁)ပြီး၏။

အခန်း(၂၂၃၂)

“ငါ့ကို ခြိမ်းခြောက်ဖို့ လူသားဧကရာဇ်နန်းတော်ရဲ့နာမည်ကို သုံးတာက င့ါအတွက်အပိုပဲ”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းအသက်ရှင်ချင်တယ်ဆိုရင် ငါမေးတဲ့မေးခွန်းတွေကို လိမ်လိမ်မာမာ ဖြေပေးပါ”

“မင်းဘာသိချင်လို့လဲ”

ကျန်းယွိက ကျန်းချန်ကို မေးလိုက်သည်။

သူနှင့် ကျန်းချန်သည် ကျင့်ကြံခြင်း အဆင့်ခြင်း တူညီကြသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ လုံးဝမတူညီပေ။

ဆိုရလျှင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် အနိုင်ရရန် အခွင့်အရေးရှိမည် မဟုတ်ချေ။

ယခု သူ၏ အသက်က ကျန်းချန်၏ လက်ထဲတွင် ရောက်နေခဲ့ရာ အသက်ရှင်ချင်လျှင် တစ်ခုတည်းသော နည်းလမ်းသည် ကျန်းချန်၏ အလိုကို လိုက်လျောရန်သာ ရှိတော့သည် မဟုတ်ပါလော။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ မေးလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က လူသားဧကရာဇ်နန်းတော်ကို ကျန်းဝူရ ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက် ရောက်လာခဲ့ဖူးလား”

ထိုစကားကို ကြားလျှင် ကျန်းယွိသည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်သို့ ပြန်ရောက်လာခဲ့သော ကျန်းဝူရနှင့် အမှန်တကယ်ပင် ပတ်သက်နေခဲ့သည် မဟုတ်ပါလော။

ကျန်းယွိက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကျန်းမိသားစုကို ကျန်းဝူရဆိုတဲ့နာမည်နဲ့ လူတစ်ယောက် တကယ်ပဲ ပြန်ရောက်လာခဲ့ပါတယ်”

“သူ့အကြောင်းသိသမျှ အကုန် ငါ့ကို ပြောပြပါ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“အဲဒီနှစ်က ကျန်းမိသားစုဆီ ကျန်းဝူရ ပြန်ရောက်လာတာက ကျန်းမျိုးနွယ်စု အတွင်းမှာ သဘောထားကွဲလွဲမှုကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်.. နောက်ပိုင်းတော့ ကျန်းမျိုးနွယ်စုရဲ့ဘိုးဘေးတစ်ယောက်က သူ့ကို ကျန်းမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေထဲကို ဝင်သွားစေခဲ့တယ်.. ဘိုးဘွားနယ်မြေထဲ ဝင်သွားပြီးတဲ့နောက်မှာ ကျန်းဝူရရဲ့ သတင်းအစနက ပျောက်သွားခဲ့တယ်.. အခုထိတော့ ဘိုးဘွားနယ်မြေထဲကနေ ပြန်ထွက်လာသေးပုံ မရဘူး”

ကျန်းယွိက ဖုံးကွယ်ထားခြင်းမရှိဘဲ သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

“ငါ့အဖေက ကျန်းမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေထဲ ရောက်နေခဲ့တာကိုး”

ကျန်းချန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

သူ့ဖခင် ကျန်းဝူရနှင့် သူ့မိခင် ကျီဝူရွှယ် တို့သည် လွန်ခဲ့သောနှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်ကနေ ပျောက်ကွယ်သွားသော ပါရမီရှင် နှစ်ယောက်နှင့် နီးစပ်သော ဆက်နွှယ်ပတ်သက်မှု ရှိနေကြ၏။

ကျန်းမျိုးနွယ်စုသို့ ကျန်းဝူရ ပြန်လည် ရောက်ရှိသောအခါတွင် ဒုက္ခများစွာနှင့် ကြုံတွေ့ရနိုင်သည်ဟု သူ မူလက ထင်ခဲ့သော်လည်း ကျန်းဝူရသည် ကျန်းမျိုးနွယ်စု၏ ဘိုးဘွားနယ်မြေထဲသို့ ဝင်ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ကျန်းချန် မင်းသိချင်တာတွေအကုန် ငါပြောပြပြီးပြီ.. ငါ အခုသွားလို့ရပြီလား”

ကျန်းချန် အတွေးနက်နေစဥ်မှာပင် ကျန်းယွိ၏ စကားသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ကျန်းယွိကို ကြည့်ကာ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းကို လွှတ်ပေးစေချင်ရင်ရတယ်.. ငါ့ဆီမှာ အညံ့ခံလိုက်ပါ.. လူသားဧကရာဇ်နန်းတော်မှာ ကိစ္စ ကြီးကြီးမားမား ဖြစ်လာခဲ့ရင်သာ ငါ့ဆီကို အရင်ဆုံးသတင်းပို့ဖို့ မမေ့နဲ့”

“ဒါတော့ မဖြစ်နိုင်ဘူး.. ကျန်းချန် မင်းသိပ်လွန်မလာနဲ့”

ကျန်းယွိ၏ မျက်နှာက အလွန်တရာပင် ဖြူဖျော့သွားခဲ့သည်။

သူက လူသားဧကရာဇ်နန်းတော်မှ ကျန်းတော်ဝင်မျိုးနွယ်စု၏ အထွတ်အထိပ် ပါရမီရှင် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။

ယခုတစ်ကြိမ် လူသားဧကရာဇ်နန်းတော်သို့ ပြန်ရောက်လျှင် သူက မဟာလမ်းစဥ်ဆေးလုံးဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ကာ လူသားဧကရာဇ် နေရာအတွက် ယှဥ်ပြိုင်နိုင်မည့် အရည်အချင်းများကို ပိုင်ဆိုင်တော့မည် ဖြစ်၏။

သို့ဖြစ်ရာ သူက ကျန်းချန်ထံတွင် အဘယ်ကြောင့် အညံ့ခံရပါမည်နည်း။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“အညံ့ခံမလား သေမလား မင်းကိုယ်တိုင် ရွေးချယ်နိုင်တယ်”

သူက လူသားဧကရာဇ်ဓား၏ အပိုင်းအစကို ရရှိထားသည့်သတင်းအား ကျန်းယွိက သိရှိသွားခဲ့ပြီ ဖြစ်သည်။

ကျန်းယွိသာ သူ့ကို အညံ့ခံရန် မရွေးချယ်ခဲ့လျှင် သူက ကျန်းယွိကို လူသားဧကရာဇ်နန်းတော်သို့ အလွယ်တကူ ပြန်သွားခွင့်ပေးမည် မဟုတ်ပေ။

ဆိုရလျှင် လူသားဧကရာဇ်ဓားသည် လူသားဧကရာဇ်နန်းတော် အတွက် အလွန်တရာပင် အရေးကြီး၏။

အကယ်၍ ကျန်းယွိသာ လူသားဧကရာဇ်နန်းတော်သို့ ပြန်လည် ရောက်ရှိပြီး လူသားဧကရာဇ်ဓား၏ အပိုင်းအစအကြောင်း သတင်းပေးလိုက်လျှင် ယင်းသည် သူ့အတွက် ကြီးမားသောဒုက္ခ တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် သူ၏ ယခု လက်ရှိ အင်အားဖြင့် လူသားဧကရာဇ်နန်းတော် ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အရည်အချင်း မရှိသေးပေ။

“ကျန်းချန် ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းက အဲဒီ ကျန်းဝူရနဲ့ နီးစပ်တဲ့ ပတ်သက်မှု ရှိနေမယ်ထင်တယ်.. ကျန်းချန်.. အခုအချိန်မှာ မင်းနဲ့ ငါ့ရဲ့ အကြီးမားဆုံးရန်သူက လူသားဧကရာဇ်ရာထူးကို ရရှိဖို့ ရေပန်းစားနေတဲ့ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ ကျန်းယွမ်ပဲ.. သူ့ကို ရင်ဆိုင်ဖို့ ငါတို့ချင်း အင်အား ပူးပေါင်းဖို့ လိုအပ်တယ်.. လူသားဧကရာဇ်ဓားရဲ့ အပိုင်းအစနဲ့ ပတ်သက်တဲ့ သတင်းကို ငါဘယ်သူ့ကိုမှ မပြောပြဘူးလို့ ကတိပေးပါတယ်”

ကျန်းယွိက လျင်မြန်စွာပင် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ကျန်းချန်က ကျန်းယွိကို အေးစက်စက် ကြည့်လိုက်၏။

“ကျန်းယွိ.. မင်းမှာ အခု ငါနဲ့ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး”

“ကျန်းချန်.. မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ”

ကျန်းချန်က သူ့ကို အလွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကိုမြင်လျှင် ကျန်းယွိ၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

“မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် မင်းကိုယ်တိုင်လည်း အဖိုးအခ ကြီးကြီးမားမား ပေးဆပ်စေရမယ်”

စကားဆုံးသည်နှင့် ကျန်းယွိသည် လက်ဖဝါး အရွယ်အစားရှိ အနီရောင်ကျောက်စိမ်း တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ရုတ်တရက် ချိုးဖဲ့လိုက်သည်။

“ဝုန်..”

ကျောက်စိမ်းတံဆိပ်ပြား ကွဲကြေသွားပြီးနောက်တွင် တောက်ပသော နတ်မီးလျှံများသည် ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့ကာ မီးလျှံနတ်ဘုရား ကဲ့သို့ ပုံရိပ်တစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့သည်။

“ကျန်းယွိ.. ငါမင်းကို ပေးထားတဲ့အဆောင်ကို မသက်သာတဲ့အခြေအနေကို မရောက်မချင်း မသုံးဖို့ အကြိမ်ကြိမ်မှာထားတယ် မဟုတ်လား.. အခု ဘယ်လိုဖြစ်တာလဲ”

ဧရာမ မီးလျှံ ပုံရိပ်က ကျန်းယွိကို ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ငုံ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်သည်။

ကျန်းယွိက တရိုတသေ အမူအရာဖြင့် လျင်မြန်စွာ ပြောလိုက်၏။

“ဘိုးဘေး စန်းယန်ကို လျှောက်တင်ပါတယ်.. ကျွန်တော်က ကျန်းဝူရရဲ့ မျိုးဆက်နဲ့ တွေ့ခဲ့လို့ပါ.. သူ့ဆီမှာ လူသားဧကရာဇ်ဓားရဲ့ အပိုင်းအစ ရှိနေတဲ့ အတွက် ကျွန်တော့်ကို ကူညီပေးဖို့ ဘိုးဘေးကို‌ ခေါ်လိုက်ရတာပါ”

ထိုစကားကိုကြားလျှင် မီးလျှံ ပုံရိပ်သည် အံ့အားသင့်သွားခဲ့ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

“အစ်ကိုကျန်းချန် သတိထားပါ.. ဒီလူက လူသားဧကရာဇ်နန်းတော်ရဲ့ တော်ဝင်ကျန်းမျိုးနွယ်စုက နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ကျန်းစန်းယန်ပဲ”

“ဒါက နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူရဲ့ ကိုယ်ပွားလား”

ကောင်းကင်ယံရှိ ဧရာမမီးလျှံ ပုံရိပ်ကြီးကို ငေးကြည့်ရင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူကို ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိအောင် အသာစီးယူထား‌သော ကူဖုန်းအာ၏ လှပသော မျက်နှာလေးသည် ရုတ်တရက် ပျက်ယွင်းသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။

ကျန်းချန်က ကျန်းစန်းယန်ကို ခံစားချက် ကင်းမဲ့စွာဖြင့် စူးစိုက်ကြည့်နေခဲ့၏။

သူ၏ အမူအရာသည် လုံးဝ ပြောင်းလဲခြင်းမရှိခဲ့ပေ။

သူ၏လက်ရှိအင်အားနှင့် ဝှက်ဖဲများစွာဖြင့် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန် မလုံလောက်သော်လည်း ၎င်းသည် နတ်ဘုရင် သတ္တမအဆင့်၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ရာ သူ့အနေဖြင့် ကြောက်လန့်နေမည် မဟုတ်ချေ။

“မထင်မှတ်ဘဲ ဒီကမ္ဘာပေါ်မှာ ကျန်းဝူရရဲ့ သွေးသား ကျန်နေခဲ့တာပဲ”

ကျန်းစန်းယန်က ကျန်းချန်ကို အနည်းငယ် အကဲခတ်လိုက်ပြီးနောက်တွင် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ကောင်လေး.. လူသားဧကရာဇ်ဓားရဲ့ အပိုင်းအစတွေကို ငါ့လက်ထဲ အပ်လိုက်စမ်း.. ဒါဆို မင်းရဲ့အလောင်းကို အကောင်းပကတိအတိုင်း ငါထားပေးမယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ မထီမဲ့မြင် လှောင်ရယ်သံသည် ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။

“အဘိုးကြီး မင်းကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းနေပြီ.. တကယ်လို့ မင်းကိုယ်တိုင် လာတာ ဆိုရင်တော့ ငါမင်းကို စိုးရိမ်ကောင်း စိုးရိမ်ရလိမ့်မယ်.. ဒီကိုယ်ပွားလေး တစ်ခုတည်းနဲ့တော့ ငါ့ရှေ့မှာ လာပြီး ရမ်းကားဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး”

ကျန်းချန်၏ မောက်မာသော စကားကိုကြားလိုက်ရလျှင် ကျန်းစန်းယန်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ယှက်သန်းသွားခဲ့သည်။

“ကောင်လေး.. ငါ့ရှေ့မှာ မောက်မာရဲတဲ့အထိ မင်းမှာ ဘယ်‌လောက် အရည်အချင်းရှိလဲဆိုတာ ငါကြည့်ချင်သေးတယ်”

ကျန်းစန်းယန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ကျန်းချန်ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

“ပျက်စီးစမ်း”

အဆုံးမဲ့ မီးလျှံနတ်စွမ်းအားများသည် လေထုထဲတွင် ဧရာမမီးလျှံလက်ဝါးကြီး တစ်ခုအဖြစ် တိုက်ရိုက် စုစည်းသွားခဲ့ပြီး မီးလျှံနတ်တောင်ကြီး တစ်လုံးကဲ့သို့ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီ သက်ရောက်လာခဲ့သည်။

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ရုတ်တရက် ကမ္ဘာကို ဖျက်ဆီးမတတ် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်း တစ်ခုသည် ဧရာမ မီးလျှံလက်ဝါးနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

ကောင်းကင်ယံကိုပင် တုန်ခါသွားစေသော ကျယ်လောင်သောပေါက်ကွဲသံကြီးသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် အရောင်မှိန်သွားခဲ့ပြီး နေနှင့်လသည်ပင် ဗြောင်းဆန်သွားခဲ့သည်။

ထိပ်တိုက် ဆုံတွေ့ရာကနေ ဖြစ်ပေါ်လာသော အဖျက်စွမ်းအင်များ၏ ရိုက်ခတ်မှုအောက်တွင် ကျန်းချန်သည် လေထုကို ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ပေထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရသည်။

သူက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်၏။

ဤအခိုက်အတန့်တွင် ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်နေသော မီးလျှံ ပုံရိပ်ကို ကြည့်ကာ သူ၏ အမူအရာသည် အနည်းငယ် လေးနက်သွားခဲ့သည်။

နတ်ဘုရင် သတ္တမအဆင့် ကိုယ်ပွား၏ အင်အားသည် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ် နီးပါး ရှိနေခဲ့၏။

ထို့အပြင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ၏ ကိုယ်ပွားဖြစ်၍ နတ်ဘုရင်လမ်းစဥ် စွမ်းအားများကို ထိုကိုယ်ပွားအသုံးပြုပုံသည် သာမန် နတ်ဘုရင် ပဉ္စမအဆင့်ထက် များစွာသာလွန်နေခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ ကိုယ်ပွားသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ပိုင်မင်ဟန်ထက်ပင် ပိုမို အစွမ်းထက်၏။

အခန်း(၂၂၃၂)ပြီး၏။

All Chapters