← Chapters

အခန်း (၂၂၃၃-၂၂၃၄)

Vol. 164 Ch. 2233-2234

အခန်း (၂၂၃၃-၂၂၃၄)

Vol. 164 Ch. 2233-2234

အခန်း(၂၂၃၃)

“ကောင်လေး မင်းမှာ တကယ်ပဲ စွမ်းရည်တချို့ ရှိနေတာပဲ.. မင်း ငါ့ရှေ့မှာ မောက်မာရဲတာ မဆန်းတော့ဘူး”

သူ၏ တိုက်ခိုက်မှုကို ဒဏ်ရာ အနာတရမရှိဘဲ ခုခံနိုင်ခဲ့သော ကျန်းချန်ကို ကြည့်ကာ ကျန်းစန်းယန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။

ကျန်းယွိကို ပေးထားသော သူ၏ ကိုယ်ပွားသည် နတ်ဘုရင်ပဉ္စမအဆင့် အထွတ်အထိပ်ရှိပြီး တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် နတ်ဘုရင် ပဉ္စမအဆင့်ထက်ပင် ပိုမို၍ အစွမ်းထက်သည်။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်မှုကို ဤမျှအထိ အလွယ်တကူ ခုခံနိုင်ခဲ့ခြင်းသည် အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းနေခဲ့၏။

ကောင်းကင်အရှင်အဆင့်က ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်မျိုးကို ပိုင်ဆိုင်ထား၍ ထိုကောင်လေးသည် နတ်ဘုရင် အဆင့်အောက်တွင် နံပါတ်တစ် ပါရမီရှင်ဟု ညွှန်းဆိုကြသော ကျန်းယွိပင်လျှင် နှိုင်းယှဥ်၍ မရနိုင်လောက်သည် အထိ အစွမ်းထက်နေခဲ့၏။

ဤကဲ့သို့ စွမ်းအားမျိုးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ပိုင်ဆိုင်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။

ကျန်းမိသားစုဝင် တစ်ယောက်က ထိုနေရာသို့ သွားရောက်ပြီး ကြယ်သုံးပွင့် အကန့်အသတ်ကို အဆုံးသတ်၌ ချိုးဖျက်လျှင်ပင် ဤမျှထက်ပို၍ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ချေ။

သို့သော်လည်း ထိုနေရာသည် နှစ်ပေါင်း သောင်းချီမှ တစ်ကြိမ်သာ ပွင့်လေ့ရှိသော နေရာဖြစ်သည်။

နောက်ဆုံး ပွင့်ခဲ့သည်မှာ အလွန်အမင်း ကြာမြင့်ခဲ့ပြီး ထိုနေရာကို နတ်ကုန်းမြေတိုက်ရှိ အထွတ်အထိပ် အင်အားစုများစွာက ထိန်းချုပ်ထား၏။

သူ့ရှေ့မှ ကောင်လေးသည် ကြယ်သုံးပွင့် အကန့်အသတ်ကို ချိုးဖျက်ရန် အတွက် ထိုနေရာကို မည်ကဲ့သို့ ဝင်ရောက်နိုင်ခဲ့ပါသနည်း။

ယင်းသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ကျန်းစန်းယန်၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ပို၍ ပြင်းထန်လာခဲ့သည်။

သူနှင့် ကျန်းဝူရ တို့သည် မျိုးနွယ်တူများ ဖြစ်သော်လည်း မပြေနိုင်သော ရန်ငြိုးရန်စများ ရှိကြသည်။

ကျန်းဝူရ တစ်ယောက် ပေါ်ထွက်လာခြင်းကပင် ခေါင်းခဲစရာဖြစ်နေခဲ့ရာ အကယ်၍သာ ကျန်းဝူရ၏ သွေးသား ဖြစ်သော ဤမိစ္ဆာလေးကိုသာ ကြီးထွားခွင့်ပေးလိုက်လျှင် သူ့အတွက် ကောင်းမွန်သော အရာ ဖြစ်လာလိမ့်မည် မဟုတ်လောက်ပေ။

“သေစမ်း”

ကျန်းစန်းယန်၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ လွှမ်းမိုးလာခဲ့၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် မီးစွမ်းအားများ တိုးထွက်လာခဲ့ပြီး သူ၏ လက်ဖဝါးထဲတွင် လက်တစ်ဝါးစာအရွယ်အစားရှိ ရွှေရောင်မီးလျှံ တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

ထို‌ရွှေရောင်မီးလျှံ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီ၏ အပူချိန်သည် ရုတ်တရက် မြင့်တက်သွားခဲ့သည်။

“ကောင်းကင်လောင်ကျွမ်း ရွှေရောင်မီးလျှံ.. လောင်ကျွမ်းလိုက်စမ်း”

ကျန်းစန်းယန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ချောင်းများကို ခါထုတ်လိုက်ရာ ရွှေရောင်မီးလျှံသည် ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားဖြင့် လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်ကာ ရွှေရောင်မီးလျှံကို ခုတ်ပိုင်းချလိုက်သည်။

လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကနေ ဆင်းသက်လာသော ဓားကွက် ဖြစ်သည်။

ထိုဓားကွက်တွင် ကိန်းအောင်းနေသော စွမ်းအားသည် နတ်ကုန်းမြေတိုက်၏ ကျင့်ကြံခြင်း စွမ်းအားထက် လုံးဝကို သာလွန်နေခဲ့ပြီး မည်သည့် အဆင့်ကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိ၏။

တစ်ခဏအတွင်းမှာပင် ကောင်းကင်လောင်ကျွမ်း ရွှေရောင်မီးလျှံ၏ စွမ်းအား အများစုသည် ကျန်းချန်၏ ဓားချက်ကြောင့် လျော့ပါးသွားခဲ့သည်။

ထို့ကြောင့် ကောင်းကင်လောင်ကျွမ်း ရွှေရောင်မီးလျှံက ကျန်းချန်၏ ဦးခေါင်းနှင့် မီတာတစ်ရာ အကွာသို့ ရောက်ရှိလာသောအခါတွင် ကျန်းချန်သည် ရှေးဟောင်း ရွှေရောင်ဓားဖြင့် အသာအယာပင် ပိုင်းဖြတ်နိုင်ခဲ့၏။

ကျန်းစန်းယန်၏ ကောင်းကင်လောင်ကျွမ်း ရွှေရောင်မီးလျှံသည် အလွန်တရာ အားကောင်းသော်လည်း ကျန်းချန်၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်နှင့် ထိတွေ့ပြီးနောက်တွင် ရွှေရောင်မီးလျှံ၏ စွမ်းအားသည် မယုံနိုင်စရာကောင်းသော အရှိန်အဟုန်ဖြင့် တဖြည်းဖြည်း အားနည်းသွားခဲ့သည်။

“တကယ်ကို ဆန်းကြယ်တဲ့ ဓားပညာပါလား”

ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းစန်းယန်၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက လူသားဧကရာဇ်နန်းတော်၏ ကျန်းမိသားစု ဘိုးဘေးတစ်ဦး ဖြစ်ပြီး နှစ်ပေါင်းသန်းချီ ရှင်သန်လာခဲ့သော မွန်းစတားအိုကြီး ဖြစ်သော်လည်း ဤကဲ့သို့ ဆန်းကြယ်သော ဓားပညာရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။

“ကောင်လေး ငါမင်းကို အထင်သေးခဲ့မိပြီထင်တယ်.. မင်းက ကောင်းကင်အရှင်အဆင့်နဲ့ ဒီလောက်အထိ ပြောင်မြောက်တဲ့တိုက်ခိုက်ရေးစွမ်းရည် ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ပါရမီ ထူးကဲနေပါစေ.. ငါ အဘိုးကြီးရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့တော့ လုံးဝမတွေးနဲ့”

ကျန်းစန်းယန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ မဟာလမ်းစဥ်စွမ်းအားကနေ ထွက်ပေါ်လာသော မီးလျှံနတ်အလင်းတန်းသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။

နောက်ထပ် တစ်ခဏတွင် ရွှေရောင်မီးလျှံ ကိုးခုသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သည့် မီးလျှံနဂါးကိုးကောင် ကဲ့သို့ ကျန်းစန်းယန်ကို ဝန်းရံ၍ ပျံဝဲနေခဲ့သည်။

“နေကိုးစင်း ကောင်းကင်လက်ဝါး.. စုစည်းစမ်း”

ကျန်းစန်းယန်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သူ့ကို ဝန်းရံ၍ ပျံဝဲနေသော မီးလျှံနဂါး ကိုးကောင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ကြီးမားသော မီးလျှံအလင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အချင်းချင်းအဆက်မပြတ် ယှက်နွှယ်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် မီးလျှံအလင်းများသည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်နိုင်သော မီးလျှံလက်ဝါးအဖြစ်သို့ စုစည်းသွားခဲ့၏။

ထိုမီးလျှံလက်ဝါးကို ဗဟိုပြု၍ ပြင်းထန်သော မီးစွမ်းအားများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

“နတ်ဘုရင် သတ္တမအဆင့်ရဲ့ ကိုယ်ပွားလို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”

ထိုမီးစွမ်းအားများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးသည် တစ်ခဏအတွင်းမှာပင် ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားခဲ့သည်။

မီးလျှံလက်ဝါး၏ စွမ်းအားကိုကြည့်ရင်း ကျန်းချန်၏ စိတ်ထဲတွင် အံ့ဩထိတ်လန့်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ ကျောဘက်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားအဖြစ် စုစည်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားသည် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓား၏ တိုက်ရိုက် ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ်နှင့် ပေါင်းစပ်သွားခဲ့သည်။

ရုတ်တရက် ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါ တစ်ခုသည် နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓား ထံကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ဤကာလအတွင်း ကျန်းချန်သည် လနတ်ဘုရားနန်းတော်၏ သော့ကို နားလည်ရန် ထျန်းကျီမျှော်စင်တွင် လေ့လာနေခဲ့ပြီး ရှေးဟောင်း ရွှေရောင်ဓားနှင့် လူသားဧကရာဇ်ဓား၏ အပိုင်းအစကို သိပ်ဂရုမစိုက်ဖြစ်ခဲ့ပေ။

သို့သော်လည်း ရှေးဟောင်းရွှေရောင်ဓားသည် လူသားဧကရာဇ်ဓား၏ အပိုင်းအစနှင့် လုံးဝကို ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူက ယခု ရှေးဟောင်း ရွှေရောင်ဓားကို အသုံးပြု၍ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏ စွမ်းအားသည် သံသယဖြစ်ဖွယ်ရာမရှိ များစွာ ပို၍ အစွမ်းထက်လာခဲ့သည်။

“လူသားဧကရာဇ်ဓား.. ပိုင်းဖြတ်စမ်း”

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လူသားဧကရာဇ်ဓားကို သူ့ထံသို့ ဖိနှိပ်လာသော မီးလျှံလက်ဝါး ဆီသို့ စေလွှတ်လိုက်သည်။

“ဝုန်း..”

ကမ္ဘာကြီးက ပြိုမတတ်ဖြစ်သွားခဲ့ပြီး နေရာလွတ်များ ကွဲအက်ကာ နေနှင့်လပင် ဗြောင်းဆန်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော အင်အားနှစ်ရပ်သည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့နေခဲ့ကြပြီး ယင်းကို စကားလုံးဖြင့် ဖော်ပြရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ဖူး..”

အဆုံးသတ်တွင် ကျန်းချန်သည် လည်ချောင်းထဲတွင် ချိုအီသော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ လက်ရှိခွန်အားဖြင့် သာမန် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန် ဖိအားသိပ်မရှိပေ။

ကျန်းချန်က ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းအောက်တွင် နောက်သို့ ခြေလှမ်း ရာဂဏန်းမျှ ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရပြီး သူခြေလှမ်းတစ်လှမ်း ချလိုက်တိုင်းတွင် လေထုထဲ၌ မီတာတစ်ရာခန့် ရှိသည့် နေရာလွတ် တွင်းနက်ကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။

သူသာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကဲ့သို့ နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူကိုပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိ၏။

သို့သော်လည်း နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင်ပဉ္စမအဆင့် အထွတ်အထိပ်ထက်ပင် ပိုမို သာလွန်နေခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် ကျန်းစန်းယန်၏ ကိုယ်ပွားနှင့် ရင်ဆိုင်ရာတွင် သိသိသာသာပင် အားနည်းနေခဲ့၏။

“တကယ့်ကို အစွမ်းထက်တဲ့ နတ်ခန္ဓာပုံရိပ်ဖြစ်တဲ့ လူသားဧကရာဇ်ဓားပါလား.. ကောင်လေး မင်းရဲ့ပါရမီက လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက ပါရမီရှင်ထက်တောင် ပိုမို ကောင်းမွန်တယ်ဆိုတာ ငါ အသိအမှတ်ပြုရလိမ့်မယ်.. ဒါပေမဲ့ နှမြောစရာပဲ မင်းဘယ်လောက်ပဲ ပါရမီထူးကဲနေပါစေ.. ဒီနေ့က မင်းအတွက် အဆုံးသတ်ဖို့ ကံကြမ္မာ ပါလာခဲ့ပြီ”

ကျန်းစန်းယန်က ကျန်းချန်ကို အေးစက်စက် အကြည့်များဖြင့် ငုံ့ကြည့်လိုက်သည်။

သူ၏ သတ်ဖြတ်လိုသောစိတ်များသည် ကမ္ဘာတစ်ဝန်းလုံးကို လွှမ်းခြုံသွားခဲ့၏။

ဤလူငယ်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသော်လည်း နတ်ဘုရင် ပဉ္စမအဆင့်နှင့် ယှဥ်နိုင်သောခွန်အားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

အကယ်၍ ထိုလူငယ်သာ နတ်ဘုရင် အဆင့်ကို ထိုးဖောက်သွားခဲ့လျှင် သူအနေဖြင့် လူကိုယ်တိုင် ရောက်လာလျှင်ပင် အလွယ်တကူ မကိုင်တွယ်နိုင်တော့မည်ကို စိုးရိမ်နေမိသည်။

ကျန်းစန်းယန်၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ လေထုသည် အ‌တောမသတ် တုန်ခါသွားခဲ့သည်။

ထို့နောက်တွင် ပေငါးသောင်းခြောက်ထောင်ခန့် ရှည်လျားသော မီးလျှံနတ်လမ်းစဥ် တစ်ခုသည် ကျန်းစန်းယန်၏ ကျောဘက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၂၃၃)ပြီး၏။

အခန်း(၂၂၃၄)

“အဘိုးကြီး မင်းရဲ့ကိုယ်ပွားနဲ့ငါ့ကို သတ်ဖို့ မလုံလောက်ဘူးလို့ ငါပြောပြီးပြီလေ”

ကျန်းစန်းယန်၏ နတ်ဘုရင်လမ်းစဥ်ကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ကြည့်ရင်း ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မဟာနဂါးကျောက်တိုင်သည် သူ၏ လက်ဖဝါးထက်တွင် တိုက်ရိုက်ပေါ်ထွက်လာခဲ့သည်။

သူက မဟာနဂါးကျောက်တိုင်ကို သူ၏ ခွန်အားဖြင့် အသက်သွင်းလိုက်ပြီး ပေတစ်သောင်းမြင့်သော နတ်ဘုရားကျောက်တိုင် အဖြစ် ပြောင်းလဲကာ ကျန်းစန်းယန်၏ နတ်ဘုရင်လမ်းစဥ် စွမ်းအားကို ရင်ဆိုင်လိုက်သည်။

အစောပိုင်းက ကျန်းချန်သည် ရှေးဟောင်းရွှေရောင်ဓားကို နတ်ခန္ဓာပုံရိပ်နှင့် ပေါင်းစပ်ကာ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ထားခဲ့၍ အားနည်းနေသော အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေခဲ့ပြီး ကျန်းစန်းယန်နှင့် တိုက်ခိုက်ရန် သဘာဝကျစွာပင် ခက်ခဲနေခဲ့သည်။

ထိုကြောင့် သူက မဟာနဂါးကျောက်တိုင်က တွေဝေမနေဘဲ ထုတ်သုံးခဲ့ခြင်းပင်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကျန်းစန်းယန်၏ နတ်ဘုရင်လမ်းစဥ် စွမ်းအားများသည် မဟာနဂါး ကျောက်တိုင်ကို အဆက်မပြတ် တိုက်ခိုက်နေသော်လည်း မဟာနဂါးကျောက်တိုင်သည် ကောင်းစွာ ခုခံနိုင်ခဲ့သည်။

ဤသည်က ကျန်းစန်းယန်၏ ခွန်အားအလုံးစုံကို အသုံးပြုထားသော တိုက်ကွက် ဖြစ်သော်လည်း ယင်းသည် မဟာနဂါးကျောက်တိုင်ကို အနည်းငယ်မျှပင် တုန်ခါအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းစန်းယန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန် ထုတ်သုံးလိုက်သော မဟာနဂါးကျောက်တိုင်သည် သူ၏ နတ်ဘုရင်လမ်းစဥ် စွမ်းအားကို ဤမျှအထိ အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤသည်က သူ၏ ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း ထိုကိုယ်ပွားသည် နတ်ဘုရင်ပဉ္စမအဆင့် အထွတ်အထိပ်တွင် ရှိသည်။

အစောပိုင်းက အပြင်းထန်ဆုံး တိုက်ကွက်ဆိုလျှင် နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံနိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးကမူ ထူးဆန်းသော ကျောက်တိုင် တစ်ခုကို အသုံးပြုကာ အမှန်တကယ်ပင် ထိုတိုက်ကွက်အား တားဆီးနိုင်ခဲ့သည်။

ယင်းအခိုက်အတန့်တွင် ကျန်းစန်းယန်သည် ကျန်းချန် ထုတ်သုံးလိုက်သော နတ်ဘုရားကျောက်တိုင်ကို စိုက်ကြည့်နေမိသည်။

သူတို့ ကျန်းမိသားစု ဘိုးဘေးများ ချန်ထားရစ်ခဲ့သော အစွမ်းထက်ဆုံး လက်နက်များပင်လျှင် ဤကဲ့သို့ စွမ်းအားမျိုးကို ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ဤထူးဆန်းသော နတ်ဘုရား ကျောက်တိုင်သည် နတ်ဘုရင်အဆင့် လက်နက်ထက် သာလွန်သော သန္ဓေတာအိုနတ်လက်နက် တစ်ခု ဖြစ်နိုင်ပါသလော။

“အဘိုးကြီး.. မင်းရဲ့ကိုယ်ပွားလောက်နဲ့ ငါ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ငါ အစောကြီးကတည်းက ပြောပြီးသားပဲ.. သွားသေလိုက်တော့”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး မဟာနဂါးကျောက်တိုင်ကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်ကာ ကျန်းစန်းယန်ကို ရိုက်ချလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းစန်းယန်သည် သိသိသာသာပင် မျက်နှာပျက်သွားခဲ့ပြီး ကျယ်လောင်စွာ ကြုံးဝါးကာ နတ်ဘုရင်လမ်းစဥ်၏ လက်ကျန် စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်၍ ကျန်းချန်၏ မဟာနဂါးကျောက်တိုင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

လေထုထဲတွင် လှိုင်းထန်သွားခဲ့ပြီး အချိန်များပင် ရပ်တန့်သွားတော့မလို ဖြစ်သွားခဲ့သည်။

မဟာနဂါးကျောက်တိုင်သည် အနှိုင်းမဲ့ ဆန်းကြယ်သော စွမ်းအားတစ်ခုကို သယ်ဆောင်ကာ ကျန်းစန်းယန်၏ နတ်ဘုရင်လမ်းစဥ်ကို တိုက်ရိုက်ပင် ချေမှုန်းလိုက်ပြီး ကျန်းစန်းယန်နှင့် သူ ရှိနေသည့် ပတ်ဝန်းကျင် နေရာလွတ်ကို နေရာလွတ် တွင်းနက်ကြီး အဖြစ် ဖြိုခွဲပစ်လိုက်သည်။

“အား..”

ကျန်းစန်းယန်က နာကျင်စွာ ညည်းညူလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေသည့် မီးလျှံနတ်အလင်းတန်းသည် ထိုအခိုက်အတန့်တွင် အလွန်တရာ မှေးမှိန်သွားခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးသည် ဝေဝါးသွားခဲ့ပြီး ဖောက်ထွင်းမြင်နေရသည့် အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။

“သန္ဓေတာအိုနတ်လက်နက်ပါလား.. မင်းဆီမှာ ဘယ်လိုလုပ်ပြီး သန္ဓေတာအိုနတ်လက်နက် ရှိနေရတာလဲ”

ကျန်းချန်ကို စိုက်ကြည့်နေသည့် ကျန်းစန်းယန်၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သန္ဓေတာအိုနတ်လက်နက် ဆိုသည်မှာ ဤကမ္ဘာလောကတွင်မွေးဖွားလာသည့် အဖိုးတန်ဆုံး ရတနာတစ်ပါး ဖြစ်သည်။

နတ်ကုန်းမြေတိုက်၏ သမိုင်းတစ်လျှောက်တွင် နာမည်ကျော်ကြားသော သန္ဓေတာအိုနတ်လက်နက် ဆယ်ခုသာ ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ဒဏ္ဍာရီလာ ပုံပြင်များသဖွယ် ဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

သူ၏ ရှေ့မှကောင်လေးသည် သန္ဓေတာအိုနတ်လက်နက် တစ်ခုကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မည်ဟု ကျန်းစန်းယန် တစ်ခါမျှ မတွေးမိခဲ့ပေ။

လူသားဧကရာဇ်နန်းတော်၏ ကျန်းမိသားစုဝင် အကြီးအကဲတစ်ဦး အနေဖြင့် ကျန်းစန်းယန်သည် သန္ဓေတာအိုနတ်လက်နက်၏ စွမ်းအားကို ကောင်းစွာ သိရှိထားခဲ့၏။

ရှေးခေတ်ကာလက လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ်တိုင်းသည် သန္ဓေတာအိုနတ်လက်နက် ဆယ်ခုတွင် ထိပ်ဆုံးနေရာ၌ ရှိသော လူသားဧကရာဇ်ဓားကို ကိုင်ဆောင်ခဲ့ကြသည်။

ဒဏ္ဍာရီများအရ ရှေးခေတ်ကာလက လူသားဧကရာဇ်နန်းတော်၏ နောက်ဆုံး လူသားဧကရာဇ်သည် ကြယ်သုံးပွင့်ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင် စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီးနောက်တွင် လူသားဧကရာဇ်ဓားကို ကိုင်‌ဆောင်ကာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူကိုပင် တုန်လှုပ်စေနိုင်ခဲ့သည်ဟု ဆိုကြ၏။

ဤအချက်ကပင် သန္ဓေတာအိုနတ်လက်နက်က မည်မျှပင် အစွမ်းထက်ကြောင်း ဖော်ပြနေပေသည်။

သူ၏ ကိုယ်ပွားက အားမနည်းသော်လည်း သန္ဓေတာအိုနတ်လက်နက်ကို ကိုင်ဆောင်ထားသော ကျန်းချန်ကို ယှဥ်ပြိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ကျန်းချန် ရပ်လိုက်ပါ”

ကျန်းချန်က နောက်ထပ် တိုက်ခိုက်တော့မည်အား မြင်လျှင် ကျန်းစန်းယန်သည် အလျင်အမြန်ပင် ဟန့်တားလိုက်သည်။

“မင်း ငါ့ကိုယ်ပွားကို ဖျက်ဆီးရဲရင် မင်း ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် ငါမင်းကို မရရအောင် လိုက်သတ်မယ်”

ကျန်းစန်းယန်၏ ကိုယ်ပွားသည် သာမန် စွမ်းအင်ကိုယ်ပွားတစ်ခု မဟုတ်ဘဲ လျှို့ဝှက်နည်းစနစ်ဖြင့် ကျင့်ကြံထားသော ကိုယ်ပွား ဖြစ်သည်။

ဆိုရလျှင် ထိုကိုယ်ပွားသည် သူ့အတွက် အလွန်အရေးကြီးသော တည်ရှိမှုတစ်ခု ဖြစ်၏။

ကိုယ်ပွားသာ ပျက်စီးသွားမည် ဆိုလျှင် သူ့အနေဖြင့် ဆုံးရှုံးမှုကြီးမားရုံသာမက သူ၏ ပင်မ ခန္ဓာကိုယ်သည်ပင် ပြင်းထန်သော ထိခိုက် ဒဏ်ရာများကို သေချာပေါက် ရရှိပေလိမ့်မည်။

“သေစမ်း”

ကျန်းချန်က ကျန်းစန်းယန်၏ စကားကို စိတ်မဝင်စားဘဲ မဟာနဂါး ကျောက်တိုင်ဖြင့် ကျန်းစန်းယန်ကို နောက်ထပ် တစ်ကြိမ်ရိုက်ချလိုက်သည်။

သူ့ရှေ့မှ အဘိုးကြီးသည် အစကတည်းကပင် သူ့ကို သေအောင် သတ်ချင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ သူက အဘယ်ကြောင့် ထိုအဘိုးကြီး၏ ခြိမ်းခြောက်မှုလောက်ဖြင့် အလွယ်တကူ လွှတ်ပေးရပါအံ့နည်း။

“ဝုန်း..”

အကယ်၍ သူသာ သန္ဓေတာအိုနတ်လက်နက်နှင့် နှိုင်းယှဥ်နိုင်သော ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် မဟာနဂါးကျောက်တိုင်ကို မပိုင်ဆိုင်ထားခဲ့လျှင် ယနေ့တွင် ထိုအဘိုးကြီး၏ လက်ထဲ၌ သေချာပေါက် ကျဆုံးသွားရလိမ့်မည်ဖြစ်သည်။

မဟာနဂါးကျောက်တိုင်သည် စကားလုံးဖြင့်ပင် ဖော်ပြရန်မဖြစ်နိုင်သော ဆန်းကြယ်သည့် စွမ်းအားကို သယ်ဆောင်ကာ ကျန်းစန်းယန်ကို ရိုက်ချလိုက်သည်။

နောက်တစ်ကြိမ် သူ့ထံသို့ ကျရောက်လာသော မဟာနဂါးကျောက်တိုင်ကို ကြည့်ရင်း ကျန်းစန်းယန်သည် ထိတ်လန့်သွားခဲ့ပြီး လက်ကျန်စွမ်းအားများကို အသုံးပြုကာ မဟာနဂါးကျောက်တိုင်ကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အစောပိုင်းက သူ၏ ကိုယ်ပွားသည် ပြင်းထန်သော ထိခိုက်မှုကို ခံထားရပြီ ဖြစ်ရာ ယခု တိုက်ကွက်ကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။

ကျန်းစန်းယန်၏ လက်ကျန်စွမ်းအားများသည် မဟာနဂါးကျောက်တိုင်ဖြင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝချေမှုန်းခံလိုက်ရပြီး ကျန်းစန်းယန်၏ ဝေဝါးနေသော ပုံရိပ်သည်ပင် ဖုန်မှုန့်များ အဖြစ် ကွဲကြေသွားခဲ့ကာ ကမ္ဘာလောကထဲကနေ မည်သည့် သဲလွန်စမျှ မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်တွင် ကျန်းစန်းယန်၏ ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရှိခဲ့သည်။

“ကျန်းချန် မင်းစောင့်နေလိုက်.. ငါမင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး”

ကျန်းစန်းယန်၏ ပုံရိပ်က လေထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျန်းယွိ၏ မျက်နှာသည် တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

ကျန်းစန်းယန် ဆိုသည်မှာ ကျန်းမိသားစု၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ဦး ဖြစ်သည်။

သူဆင့်ခေါ်လိုက်သည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ထိုကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်နှင့်ပင် သေချာပေါက် နှိုင်းယှဥ်နိုင်၏။

သို့သော်လည်း ယခုအခါတွင် ဘိုးဘေး ကျန်းစန်းယန်၏ ကိုယ်ပွားသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ဖျက်ဆီးခံလိုက်ရချေပြီ။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်က ကျန်းစန်းယန်၏ ကိုယ်ပွားကို သတ်ဖြတ်ရန် မဟာနဂါးကျောက်တိုင်ကို အသုံးပြုပြီးနောက်တွင် အေးစက်စက် မျက်ဝန်းများဖြင့် အောက်ဘက်ရှိ ကျန်းယွိကို တိုက်ရိုက်ပင် စိုက်ကြည့်လိုက်သည်။

“ကျန်းယွိ မင်းမှာ တခြားဘာနည်းလမ်းတွေ ရှိသေးလဲ.. ရှိသေးရင် ထုတ်သုံးလိုက်စမ်း”

“ကျန်း.. ကျန်းချန်.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. မင်း ငါ့ကို တစ်ခုခု လုပ်ဝံ့ရင် လူသားဧကရာဇ်နန်းတော်က မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းယွိက အလွန်အမင်း ဖြူဖျော့နေသော မျက်နှာထားဖြင့် ထိတ်လန့်တကြား အလျင်အမြန် အော်ဟစ်လိုက်သည်။

“ကောင်းပြီလေ.. မင်းက အညံ့မခံချင်မှတော့ သွားသေလိုက်တော့”

ကျန်းချန်၏ အမူအရာက အေးစက်နေခဲ့သည်။

ထိုခဏဝယ် သူ၏ လက်ထဲမှ မဟာနဂါးကျောက်တိုင်သည် သူ၏ လှုံ့ဆော်မှုအောက်တွင် နောက်တစ်ကြိမ် တုန်ခါလာခဲ့သည်။

“မသတ်ပါနဲ့ ငါမင်းကို အညံ့ခံပါ့မယ်.. မင်းဆီမှာ အညံ့ခံဖို့ အဆင်သင့်ပါပဲ”

ကျန်းချန်၏ လက်ထဲတွင် တုန်ခါနေသော မဟာနဂါးကျောက်တိုင်ကို ကြည့်ရင်း ကျန်းယွိသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့ပြီး အဆုံးသတ်တွင် အညံ့ခံရန် ရွေးချယ်လိုက်ရတော့သည်။

ဘိုးဘေးကျန်းစန်းယန်၏ ကိုယ်ပွားသည်ပင် ကျန်းချန်၏ လက်ထဲမှ နတ်ဘုရားကျောက်တိုင်၏ စွမ်အားကို မခုခံနိုင်ခဲ့လျှင် သူက မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် နတ်ဘုရင်အဆင့်အောက်၌ နံပါတ်တစ် ဖြစ်ပြီး လူသားဧကရာဇ်နန်းတော်ရှိ ကျန်းမိသားစု၏ အထွတ်အထိပ် ပါရမီရှင်တစ်ဦး အနေဖြင့် ကျန်းယွိသည် သဘာဝကျစွာပင် အလွယ်တကူ မသေလိုခဲ့ပေ။

ထို့ကြောင့် သေဘေးနှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါတွင် ကျန်းယွိသည် အဆုံးသတ်၌ အညံ့ခံရန် ရွေးချယ်လိုက်ရတော့သည်။

အခန်း(၂၂၃၄)ပြီး၏။

All Chapters