အခန်း (၂၂၃၅-၂၂၃၆)
Vol. 164 Ch. 2235-2236
အခန်း(၂၂၃၅)
ကျန်းယွိ အသနားခံနေသည်ကိုမြင်လျှင် ကျန်းချန်သည် သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မဟာနဂါး ကျောက်တိုင်သည် လေထဲတွင် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
သူက ကျန်းယွိကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဒီအချိန်ကစပြီး မင်းက ငါ့ရဲ့အစေခံ ဖြစ်သွားခဲ့ပြီ”
ထိုစကားကိုကြားလျှင် ကျန်းယွိသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
အဆုံးသတ်တွင် သူ၏ စိတ်ဝိညာဥ်ပေါ်တွင် ကျန်းချန်ကို အမှတ်အသား စည်းတံဆိပ် ရိုက်နှိပ်ခွင့် ပေးလိုက်ရ၏။
ဤအခိုက်အတန့်တွင် သူ့အနေဖြင့် ခေါင်းငုံ့ရုံသာ ရှိပြီး အကယ်၍ ခုခံခဲ့လျှင် တစ်ခုတည်းသော ရလဒ်သည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားရန်သာ ရှိသည်။
သူ၏ အသက်ကို ကာကွယ်ထားနိုင်သရွေ့ မဟာလမ်းစဥ်ဆေးလုံးဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးလျှင် ကျန်းချန်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်ရန် အခွင့်အရေး ရှိလာနိုင်သေးသည် မဟုတ်ပါလား။
“မင်းအခုသွားလို့ရပြီ.. လူသားဧကရာဇ်နန်းတော်မှာ ထူးခြားတဲ့ ကိစ္စ ကြီးကြီးမားမား ဖြစ်လာခဲ့ရင် ငါ့ကို အမြန်ဆုံးအသိပေးဖို့ မှတ်ထားပေးပါ.. အထူးသဖြင့် ကျန်းဝူရနဲ့ ပတ်သက်တဲ့ သတင်းတွေပေါ့.. မဟုတ်ရင်တော့ သေတာထက် ပိုဆိုးတဲ့ အရသာကို မင်းသိစေရမယ်”
စကားဆုံးသည်နှင့် ကျန်းချန်သည် ကျန်းယွိကို တစ်ချက်ပင်လှည့်မကြည့်တော့ဘဲ ကူဖုန်းအာကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ညီမဖုန်းအာ ငါတို့သွားရအောင်”
အစောပိုင်းက ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရမှုများကြောင့် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ချေပြီ။
ထို့ကြောင့် ကျန်းချန်သည် ဤနေရာတွင် အချိန်ကြာကြာနေရန် အစီအစဥ် မရှိပေ။
သို့မဟုတ်လျှင် တစ်ခဏကြာလျှင် တစ်စုံတစ်ယောက်က လနတ်ဘုရားနန်းတော်၏ သော့နှင့် ပတ်သက်၍ ရောက်ရှိလာခဲ့လျှင် သူ့အတွက် အလွန်တရာ ဒုက္ခများသွားနိုင်သည် မဟုတ်ပါလား။
ကျန်းချန်၏ စကားကိုကြားလျှင် နတ်ဘုရင် စတုတ္ထအဆင့်ကို အသာစီးဖြင့် တိုက်ခိုက်နေသည့် ကူဖုန်းအာသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ ကျန်းချန်၏ နံဘေးသို့ အလျင်အမြန် ပြန်လာခဲ့ပြီး ကျန်းချန်နှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“သခင်လေးယွိ ဘာတွေဖြစ်ကုန်တာလဲ.. အဲဒီကောင်က ဘာလို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ”
နတ်ဘုရင် စတုတ္ထအဆင့် အဘိုးအိုသည် ဖြူဖျော့သော မျက်နှာဖြင့် ကျန်းယွိဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ဝေခွဲမရသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူက ကူဖုန်းအာ၏ ဖိနှိပ်ခြင်းကို တစ်ချိန်လုံးခံနေရသော်လည်း ကျန်းယွိ၏ အခြေအနေကို သတိထား၍ ကြည့်နေခဲ့သည်။
ကျန်းယွိသည် ဘိုးဘေး ကျန်းစန်းယန်၏ ကိုယ်ပွားကို ဆင့်ခေါ်သည့်တိုင် ထိုကိုယ်ပွားသည် ကျန်းချန်၏ လက်ထဲတွင် ဖျက်ဆီးခြင်း ခံလိုက်ရမှန်း သူရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သို့သော်လည်း သူ မထင်မှတ်ထားသည်မှာ ကျန်းချန်သည် ဘိုးဘေးကျန်းစန်းယန်၏ ကိုယ်ပွားကို ချေမှုန်းပြီးနောက်တွင် ကျန်းယွိကို လွှတ်ပေးခဲ့ပြီး ထွက်သွားခဲ့ခြင်းပင်။
“သွားစို့.. ကျွန်တော်တို့ပြန်ကြရအောင်”
ကျန်းယွိက ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ဘာမျှ ထပ်မပြောတော့ပေ။
သူက ကျန်းချန်ထံတွင် အညံ့ခံခဲ့၍ အသက်ရှင်ခွင့်ရခဲ့သည်ဟူသော အချက်ကို သူ၏ ဘေးမှ အကြီးအကဲအား သဘာဝကျစွာပင် ပြောပြ၍ မဖြစ်ပေ။
ယခု သူ လုပ်နိုင်သည်မှာ ကျန်းမျိုးနွယ်စု ဆီသို့ ပြန်သွားပြီး မဟာလမ်းစဥ် ဆေးလုံး၏ အကူအညီဖြင့် အာရုံစိုက်၍ ကျင့်ကြံကာ နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ရန်သာ ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကျန်းချန်ထက် ပို၍ မြင့်မားသွားလိမ့်မည် ဖြစ်ပြီး ကျန်းချန်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်ရန် အတွက် မျှော်လင့်နိုင်ပေလိမ့်မည်။
ကျန်းချန်က ကျန်းယွိတို့ကို ဖြေရှင်းပြီးနောက်တွင် ကူဖုန်းအာနှင့် အတူ တစ်ညတာ အနားယူရန်အတွက် ဆိတ်ငြိမ်သောနေရာ တစ်ခုကို ရှာဖွေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လနတ်ဘုရားနန်းတော်ကို စတင်၍ ရှာပုံတော် ဖွင့်ခဲ့သည်။
လနတ်ဘုရားနန်းတော်၏ သော့ကနေ ရရှိခဲ့သော သတင်း အချက်အလက်အများ အရ လနတ်ဘုရားနန်းတော်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေဟု ခေါ်သော နေရာတွင် တည်ရှိသည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် အလယ်ပိုင်းဒေသ၏ အနောက်တောင်ဘက် နယ်စပ်တွင် တည်ရှိ၏။
ရှေးဟောင်းဒဏ္ဍာရီများ အရ ဤနေရာသည် နတ်ကုန်းမြေတိုက်၏ မဟာကပ်ဘေး အတွင်းက စစ်မြေပြင် တစ်ခု ဖြစ်ခဲ့သည်။
ထိုနှစ်က တိုက်ပွဲတွင် မရေမတွက်နိုင်သော ဒဏ္ဍာရီလာကျင့်ကြံသူများသည် ထိုနေရာတွင် ကျဆုံးခဲ့ကြသဖြင့် ထိုနေရာကို နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေဟု ခေါ်တွင်ခဲ့ကြခြင်း ဆိုလည်းမမှားပေ။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် အလွန်ပင်အန္တရာယ်များပြီး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ထိုနေရာသို့ ဝင်ရောက်သွားခဲ့ပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် သေချာမှု မရှိချေ။
ဆိုရလျှင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် နတ်ကုန်းမြေတိုက်တွင် အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်ပြီး ၎င်းထက် ပို၍ အန္တရာယ်ရှိသော အခြားနေရာမျိုး နတ်ကုန်းမြေတိုက်တွင် မရှိတော့ပေ။
ထို နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် ကျန်းချန်တို့ရှိနေသော ထျန်းကျီမြို့တော်နှင့် အလွန်တရာ ဝေးကွာလှ၏။
ကျန်းချန်တို့ နှစ်ယောက်၏ အရှိန်အဟုန်ဖြင့်ပင် မြို့တစ်မြို့နှင့် တစ်မြို့ကြားရှိ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်အကူအညီကို ယူခဲ့သော်လည်း အလယ်ပိုင်းဒေသ၏ အနောက်တောင်ဘက် နယ်စပ်ရှိ မြို့ငယ်လေး ဖြစ်သော နတ်ဘုရားသင်္ချိုင်းမြို့သို့ ရောက်ရှိရန် တစ်ဆယ့်ငါးရက်ကျော် ကြာမြင့်ခဲ့သည်။
ထိုမြို့သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနှင့် အနီးဆုံးမြို့ ဖြစ်သလို ထိုနယ်မြေသို့ ဝင်ရောက်ရန် အတွက် တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။
သို့သော်လည်း ထိုမြို့သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနှင့် နီးကပ်လွန်းသဖြင့် ပုံမှန်အားဖြင့် လူအများအပြား နေထိုင်လေ့ မရှိဘဲ လူသူ အရောက်အပေါက် နည်းပါးသော မြို့လည်း ဖြစ်သည်။
ကျန်းချန်၏ ခရီးတစ်ထောက် နားရမည့်နေရာသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက်တွင် တည်ရှိသော နတ်ဘုရားသင်္ချိုင်းမြို့တော်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် နတ်ကုန်းမြေတိုက်၏ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်ရာ ကျန်းချန်တို့ နှစ်ယောက်သည် အားမနည်းသည့်တိုင် ထိုနေရာသို့ မဆင်မခြင် မဝင်ရောက်ရဲကြပေ။
ထို့ကြောင့် ကျန်းချန်တို့ နှစ်ယောက်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနှင့် ပတ်သက်၍ ထိုမြို့တွင် ခရီးတစ်ထောက်နားကာ စုံစမ်းရန် စီစဥ်ထားကြ၏။
ထို့အပြင် နတ်ဘုရားသင်္ချိုင်းမြို့ထဲတွင် မဟာကပ်ဘေးကတည်းကပင် ဤနေရာတွင် အခြေချနေထိုင်ခဲ့သော အင်အားစုအချို့ ရှိနေခဲ့ပြီး ၎င်းတို့သည် သာမန်လူများထက် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ အကြောင်းကို ပိုမို သိရှိထားကြသည်။
အကယ်၍သာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို ကျွမ်းကျင်သော လမ်းပြတစ်ဦးသာ သူတို့ကို လမ်းပြပေးမည်ဆိုလျှင် လနတ်ဘုရား နန်းတော်ကို ရှာဖွေပြီး ဖွင့်လှစ်ရန်မှာ သိသိသာသာပင် ပိုမို လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
နတ်ဘုရားသင်္ချိုင်း မြို့တော်သို့ ဝင်လိုက်သောအခါတွင် ကျန်းချန်တို့ နှစ်ယောက်သည် ဤမြို့က သူတို့ ထင်ထားသလို ခြောက်ကပ်မနေကြောင်း သတိထားမိလိုက်သည်။
မြို့ထဲတွင် ကျင့်ကြံသူများသည် ပျာပန်းခတ်မျှ သွားလာနေကြပြီး အလွန်တရာ စည်ကားနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။
သူတို့၏ စိတ်ထဲတွင် သံသယအချို့ ရှိနေသော်လည်း ကျန်းချန်တို့ နှစ်ယောက်သည် ဂရုမစိုက်ခဲ့ပေ။
သူတို့က နတ်ဘုရားသင်္ချိုင်းမြို့တွင် အခြေချရန် နေရာတစ်ခု အရင်ရှာဖွေပြီးမှ သတင်းအချက်အလက် တချို့ကို စုံစမ်းရန် ရည်ရွယ်ထားကြ၏။
သို့သော်လည်း နတ်ဘုရားသင်္ချိုင်းမြို့ ထဲတွင် ခဏတာ လှည့်ပတ် ကြည့်ရှုပြီးနောက်၌ ထိုမြို့၏ လူစည်ကားမှုသည် သူတို့ ထင်ထားသည်ထက်ပင် လုံးဝ ကျော်လွန်နေကြောင်း တွေ့ရှိလိုက်ရသည်။
သူတို့က တည်းခိုခန်း တော်တော်များများကို စုံစမ်းခဲ့သော်လည်း တည်းခိုခန်းများသည် ဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်တို့သည် ပုံမှန်ထက် နှစ်ဆနီးပါး ပေးခဲ့ပြီးမှသာ အနည်းငယ် ဝေးလံသောနေရာတွင် တည်းခိုရန် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
“အစ်ကိုကျန်းချန်.. နတ်ဘုရားသင်္ချိုင်းမြို့ရဲ့ အခြေအနေက နည်းနည်းတော့ ပုံမှန် မဟုတ်သလိုပဲ”
မြို့၏ အလွန်တရာ စည်းကားနေသော အခြေအနေကို ခံစားမိလျှင် ကူဖုန်းအာ၏ မျက်ခုံးလေးသည် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
ကျန်းချန်က အလေးအနက်ပင် ခေါင်းညိတ်လိုက်၏။
ဤအခိုက်အတန့်တွင် ကျန်းချန်သည် လနတ်ဘုရားနန်းတော်၏ သော့ဆယ်ခု အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
နတ်ဘုရားသင်္ချိုင်းမြို့သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အနီးဆုံးတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်၍ ထိုရှေးဟောင်းနယ်မြေထဲတွင် ထူးခြားသော ကိစ္စ ကြီးကြီးမားမား တစ်စုံတစ်ရာ မဖြစ်ပျက်ခဲ့လျှင် ဤမျှအထိ လူများပြားနေစရာ အကြောင်း မရှိပေ။
တစ်စုံတစ်ယောက်သည် လနတ်ဘုရားနန်းတော်၏ သော့ကို ရရှိထားပြီး ထိုသော့မှ တစ်ဆင့် သူတို့ ကဲ့သို့ လနတ်ဘုရားနန်းတော်၏ တည်နေရာကို သိရှိသွားခဲ့ကာ လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ရန် အတွက် နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေသို့ ဝင်ရောက်လာကြခြင်း ဖြစ်နိုင်ပါသလော။
သို့သော်လည်း ကျန်းချန်သည် ထိုအတွေးကို လျင်မြန်စွာပင် ပယ်ဖျက်လိုက်သည်။
အကြောင်းရင်းမှာ တစ်ယောက်ယောက်က လနတ်ဘုရားနန်းတော်၏ သော့ကို ရရှိထားလျှင်ပင် ဤမျှအထိ လူအများကို ဆွဲဆောင်နိုင်သော လနတ်ဘုရားနန်းတော်၏ သတင်းကို ထုတ်ဖော်လိမ့်မည် မဟုတ်သောကြောင့်ပင်။
သူတို့နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ သတင်းအချက်အလက်များကို စုံစမ်းရန် ထွက်လာခဲ့ကြသည်။
သိပ်မကြာခင်မှာပင် သူတို့သည် နတ်ဘုရားသင်္ချိုင်း မြို့က အဘယ်ကြောင့် ဤမျှအထိ စည်ကားလာသည်ကို သိလိုက်ကြရ၏။
သိပ်မကြာမီမှာက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာခဲ့ပြီး အဖိုးတန်ရတနာအချို့သည် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်ခဲ့သော လူအများအပြားသည် ကြီးမားသော အခွင့်အလမ်းများကို ရရှိခဲ့ကြ၏။
ထိုလူများထဲတွင် ကောင်းကင်အရှင် အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေသူ တစ်ဦးလည်း ပါဝင်ခဲ့သည်။
ထိုလူက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ကာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် ကျင့်ကြံသူ များစွာသည် နတ်ဘုရားသင်္ချိုင်းမြို့တော်သို့ ပိုမို၍ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။
အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ် အတွင်း တစ်စုံတစ်ယောက်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး ကျဆုံးသည့် နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသတင်းသည် လူပေါင်းများစွာကို ချက်ချင်းဆိုသလို ဆွဲဆောင်နိုင်ခဲ့၏။
“ဒီ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေမှာ ဒီလိုအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်လိုက်မိသည်။
ယခု သူလုပ်နိုင်သည်မှာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ ရောက်လာသော ဤလူများအနေဖြင့် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်မည့် သူ၏ အစီအစဥ်ကို မထိခိုက်စေရန် ဆုတောင်းရုံသာ ရှိတော့၏။
အခန်း(၂၂၃၅)ပြီး၏။
အခန်း(၂၂၃၆)
နတ်ဘုရားသင်္ချိုင်းမြို့၏ အခြေအနေကို စုံစမ်းပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် မြို့လယ်ရှိ ကြီးမားသော ရင်ပြင်တစ်ခုဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ကြသည်။
ထိုနေရာသည် နတ်ဘုရားသင်္ချိုင်းမြို့၏ အကြီးမားဆုံးသော အရောင်းအဝယ် စျေးကွက် ဖြစ်သည်။
ယခုအခါ နတ်ဘုရာသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် အပြောင်းအလဲများ ရှိနေသဖြင့် ကျင့်ကြံသူများကို ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ရာ ကျန်းချန်သည် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့်နေရာနှင့်ပတ်သက်၍မူ ကျန်းချန်သည် သိပ်ဂရုမစိုက်ခဲ့ပေ။
အကြောင်းရင်းမှာ လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အုပ်စိုးသူ အဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ဖူးပြီး ၎င်းထံတွင် ရှိသည့် အခွင့်အလမ်းသည် အုပ်စိုးသူ အဆင့် ကျင့်ကြံသူ ကျဆုံးသော နေရာထက် မနိမ့်ကျသောကြောင့်ပင်။
ထို့အပြင် ဤခရီးစဥ်ကို လာရောက်ရသည့် အဓိက အကြောင်းရင်းသည် မုန့်ချင်းရွှယ် အတွက် လနတ်ကျောက်တုံးကို ရှာဖွေရန် ဖြစ်ကာ လနတ်ဘုရားနန်းတော်ကို စွန့်လွှတ်ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့် နေရာကို အာရုံစိုက်ရန်မှာ သဘာဝကျစွာပင် သူ့အတွက် မဖြစ်နိုင်ပေ။
သူ ရင်ပြင်သို့ ရောက်လာခြင်းသည် နတ်ဘုရား သင်္ချိုင်းရှေးဟောင်းနယ်မြေ၏ မြေပုံတစ်ခုကို ဝယ်ယူရန် ဖြစ်ပြီး ထိုမြေပုံဖြင့် လနတ်ဘုရားနန်းတော်၏ တည်နေရာကို ရှာဖွေရန် ဖြစ်၏။
သူတို့နှစ်ဦးက မြို့အလယ်ရှိ အရောင်းအဝယ်လုပ်သော ရင်ပြင်သို့ ရောက်ရှိလာပြီးနောက်တွင် ရင်ပြင်တစ်ဝိုက်ကို ခဏမျှ လှည့်ပတ် ကြည့်ရှုခဲ့သည်။
သို့သော်လည်း သူတို့ကို စိတ်ကျေနပ်စေမည့် မြေပုံတစ်ခုကိုမျှ မတွေ့ခဲ့ပေ။
ဆိုရလျှင် ရင်ပြင်တွင် ရောင်းချနေသော မြေပုံများသည် သာမန် မြေပုံများသာ ဖြစ်သည်။
မြေပုံအများစုတွင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက် နေရာများသာ ပါဝင်၏။
ကျန်းချန်က အဆင့်မြင့် နတ်ခရစ္စတယ် တစ်ထောင်ကို အသုံးပြု၍ မြေပုံတစ်ခုကို ဝယ်ယူကာ စစ်ဆေးကြည့်ခဲ့သော်လည်း မြေပုံတွင် လနတ်ဘုရားနန်းတော်၏ တည်နေရာကို ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် လနတ်ဘုရားနန်းတော်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက် ဧရိယာတွင် မရှိသည်မှာ ထင်ရှားနေခဲ့၏။
ချိတ်ပိတ်ခံထားရသော လနတ်ဘုရားနန်းတော်၏ တည်နေရာကို ရှာဖွေလိုလျှင် ပိုမို အသေးစိတ်သော မြေပုံတစ်ခုကို မဖြစ်မနေ လိုအပ်လိမ့်မည် မဟုတ်ပါလား။
သူတို့နှစ်ဦးက ရင်ပြင်တစ်ဝိုက်တွင် ခဏမျှ ထပ်မံ လှည့်လည်ခဲ့ကြသော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို အပြင်ဘက်ဧရိယာကနေ အတွင်းဘက် ဧရိယာအထိ အပိုင်း သုံးပိုင်းဖြင့် ခွဲခြားထားသည်။
ဆိုရလျှင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်လာသူ အများစုသည် အပြင်ဘက် ဧရိယာလောက်သာ ဝင်ရောက်ရဲကြ၏။
အကြောင်းရင်းမှာ အတွင်းပိုင်း ဧရိယာသို့ ဝင်ရောက်သွားသည်နှင့် အန္တရာယ်သည် အဆ ၁၀၀ တိုးလာလိမ့်မည် ဖြစ်သောကြောင့်ပင်။
နတ်ဘုရင် သတ္တမအဆင့် မွန်းစတားအိုကြီး တစ်ဦး ဖြစ်နေလျှင်ပင် ထိုနေရာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်ဟု သေချာမှုမရှိပေ။
ထို့ကြောင့် ထူးခြားသော အခြေအနေများ မရှိသရွေ့ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်း ဧရိယာသို့ ဝင်ရောက်လိုသူ နည်းပါးလှ၏။
ဤအချက်ကပင် ကျင့်ကြံသူများကို အတွင်းပိုင်း ဧရိယာနှင့် ပတ်သက်၍ နားလည်မှု နည်းပါးစေခဲ့ပြီး အတွင်းပိုင်းဧရိယာ၏ မြေပုံကို ပြုလုပ်ရန် ခက်ခဲစေခဲ့သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းဘက်အကျဆုံး ဗဟိုဧရိယာနှင့် ပတ်သက်၍မူ လူတိုင်းသည် မသိရှိကြပေ။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ ပေါ်ပေါက်လာကတည်းကပင် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူအချို့သည် ဗဟိုဧရိယာအထိ သွားရောက် စုံစမ်းခဲ့ဖူးသော်လည်း အဆုံးသတ်တွင် မည်သူကမျှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ချေ။
ရှင်းလင်းစွာ ဆိုရလျှင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းဘက်အကျဆုံး ဗဟိုဧရိယာသည် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများအတွက် လျှို့ဝှက်ချက် တစ်ခု ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ထိုနေရာသည် သေခြင်းတရားနှင့် တားမြစ်ချက်တို့၏ ပြယုဂ်ဆိုလည်းမမှားပေ။
“အစ်ကိုကျန်းချန်.. နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့အတွင်းပိုင်းဧရိယာ မြေပုံကို ဝယ်ဖို့က မလွယ်လောက်ဘူး ထင်တယ်”
ကူဖုန်းအာ၏ မျက်ခုံးလေးများသည် တင်းတင်းကျပ်ကျပ်ပင် တွန့်ကွေးသွားခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“ထပ်ပြီး ရှာကြည့်ကြတာပေါ့”
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသည် အလွန်အမင်း အန္တရာယ်များ၏။
အကယ်၍သာ မြေပုံမပါဘဲ မဆင်မခြင် ဝင်ရောက်သွားခဲ့လျှင် လနတ်ဘုရားနန်းတော်၏ ချိတ်ပိတ်ထားသော တည်နေရာကို ရှာဖွေရန် ခက်ခဲမည်သာမက သတိမထားမိလျှင် ဤကမ္ဘာလောကကနေ ထာဝရ ပျောက်ကွယ်သွားနိုင်သည်ကို သူစိုးရိမ်နေမိသည်။
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် သူ့ရှေ့ရှိ လူငယ်တစ်ဦး ဆီသို့ ကျရောက်သွားခဲ့သည်။
ထိုလူငယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားကို ပိုင်ဆိုင်ထား၏။
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိနေခဲ့သည်။
သို့သော်လည်း လူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ကောင်းကင်အရှင်အဆင့်တွင် နံပါတ်တစ်ဟု ညွှန်းဆိုကြသည့် ကျန်းယွိထက် မနိမ့်ကျပေ။
ကျန်းချန်က ထိုလူငယ်၏ ခန္ဓာကိုယ်ကို အနည်းငယ် အကဲခတ်ပြီးနောက်တွင် လူငယ်၏ ရှေ့တွင် ချထားသော ဆိုင်းဘုတ်တစ်ခု ဆီသို့ အကြည့်ရောက်သွားခဲ့သည်။
{နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသို့ ဝင်ရောက်ရန် မိတ်ဖက်များကို ရှာဖွေနေသည်}
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ကူဖုန်းအာကို တိုးတိုးမေးလိုက်သည်။
“ညီမလေး အဲဒီလူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲမှာ ပါလား”
“မပါဘူးထင်တယ် အစ်ကိုကျန်းချန်”
ကူဖုန်းအာက ခေါင်းခါရမ်းလိုက်ပြီး အံ့အားသင့်သော အမူအရာဖြင့် ချက်ချင်းဆိုသလို ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မအမြင် သူက အရမ်းသန်မာလွန်းတယ်.. ကျန်းယွိတောင် သူ့ကို နိုင်မယ် မထင်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် ခါးသက်သလို ခံစားလိုက်ရသည်။
နတ်ကုန်းမြေတိုက်သည် အမှန်တကယ်ပင် ကျား၊နဂါးများ ခိုအောင်းနေသော နေရာတစ်ခု ဖြစ်ပုံရ၏။
ကျန်းယွိ၏ ကောင်းကင်အရှင် အဆင့်တွင် နံပါတ်တစ် ဟူသော ဂုဏ်ပုဒ်သည် အမည်ခံ သက်သက်သာ ဖြစ်နေခဲ့သည် မဟုတ်ပါလော။
“ငါတို့ သူ့ဆီကို သွားရအောင်”
ကျန်းချန်က ကူဖုန်းအာကို ပြောလိုက်ပြီး သူ၏ ခြေလှမ်းကို လူငယ် ဆီသို့ လှမ်းသွားခဲ့သည်။
ထိုလူငယ်သည် ထူးခြားသောပါရမီ ရှိသော်လည်း အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် မဟုတ်ပေ။
ထို့ကြောင့် လူငယ်၏ နောက်ခံမှာ ထူးခြားနေမည်မှာ ထင်ရှားနေခဲ့၏။
လူငယ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသို့ ဝင်ရောက်ရန် အဖော်များ ရှာဖွေနေသည် ဖြစ်ရာ လူငယ်ထံတွင် သေချာပေါက် အထောက်အပံ့တစ်ခုခု ရှိနေလောက်သည်။
ဖြစ်နိုင်သည်မှာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာ မြေပုံသည် လူငယ်၏ လက်ထဲတွင် ရှိနေနိုင်ပေသည်။
“မင်းက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းဧရိယာကို သွားဖို့ အဖော်ရှာနေတာလား”
ကျန်းချန်က အပိုစကားများ ပြောမနေဘဲ လူငယ်ကို ခပ်ပြတ်ပြတ် မေးလိုက်သည်။
လူငယ်က ကျန်းချန်တို့ နှစ်ဦးကို မော့ကြည့်လိုက်ပြီး သူ့ရှေ့မှ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြကာ ပြန်ဖြေလိုက်၏။
“မင်းမြင်ပြီးသားပဲ မဟုတ်လား.. ဘာလို့မေးနေသေးတာလဲ”
ကျန်းချန်က ခဏမျှ စကားစပျောက်သွားခဲ့သည်။
သူက အနည်းငယ် စဥ်းစားလိုက်ပြီးမျှ ပြောလိုက်၏။
“မင်းက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို သွားမယ်ဆိုတော့ မင်းဆီမှာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းဧရိယာ မြေပုံ ရှိနေလို့လား”
လူငယ်က အေးစက်စက် ပြောလိုက်သည်။
“ငါမင်းတို့ အတွင်းပိုင်းဧရိယာအထိ ခေါ်သွားပေးနိုင်တယ်.. နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းဧရိယာအကြောင်းကို ငါ့ထက် ပိုသိတဲ့သူ ဒီကမ္ဘာမှာ တစ်ယောက်မှ မရှိဘူး.. ဒါပေမဲ့ အပြန်အလှန် အနေနဲ့ မင်းတို့က အဲဒီကနေ ပစ္စည်းတစ်ခုကို ငါ့အတွက် ရယူပေးရမယ်”
“မင်းဆီမှာ တကယ်ပဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းဧရိယာမြေပုံ ရှိနေတယ်လား”
ကျန်းချန်က လူငယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်း ဧရိယာမြေပုံသည် အမှန်တကယ်ပင် ရှားပါးလွန်းသည်။
အကယ်၍သာ သူ့ရှေ့မှ လူငယ်တွင် အတွင်းပိုင်းဧရိယာ မြေပုံအမှန်တကယ် ရှိနေခဲ့လျှင် လူငယ်နှင့် အပေးအယူ ပြုလုပ်သည်က သူ့အတွက် မဆိုးလှပေ။
“ငါ့ဆီမှာ မြေပုံတော့မရှိဘူး”
လူငယ်က ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့်ပြောလိုက်သည်။
“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းဧရိယာကို သွားဖို့ အကောင်းဆုံးမြေပုံက ငါကိုယ်တိုင်ပဲ”
“...........”
ကျန်းချန်က ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
ထိုလူငယ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသို့ ဝင်ရောက်ရန် အဖော်ရှာဖွေနေသော်လည်း အဘယ်ကြောင့် မည်သူကမှ ဂရုမစိုက်ကြသည်ကို အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။
အဆုံးသတ်တွင် လူငယ်သည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိနေသေး၏။
သာမန်လူများ အမြင်တွင် ဤကဲ့သို့ ခွန်အားဖြင့် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်ခြင်းသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုမျှသာ ဖြစ်စေလိမ့်မည်။
ထို့အပြင် လူတိုင်းကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာမြေပုံသာ ဖြစ်သည်။
သို့သော်လည်း လူငယ်က မြေပုံကို ထုတ်မပြနိုင်ဘဲ ပါးစပ်ဖြင့်သာ ပြောနေခဲ့ရာ မည်သူက ထိုလူငယ်ကို အလွယ်တကူ ယုံရဲပါမည်နည်း။
“ငါက အတွင်းပိုင်းဧရိယာမှာရှိတဲ့ လခြမ်းပုံစံ တောင်ထွတ်တစ်ခုကို ရှာဖွေဖို့ လိုအပ်နေတယ်.. မင်း ငါ့ကို အဲဒီနေရာအထိ လမ်းပြပေးမယ် ဆိုရင် မင်းရဲ့ တောင်းဆိုမှုကို ငါ သဘောတူတယ်”
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် လူငယ်သည် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး စိတ်ထဲကနေ အသံပို့လွှတ်၍ ပြောလိုက်သည်။
“မင်းရှာနေတဲ့နေရာကို ငါသိတယ်.. အဲဒီနေရာက ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်ခဲ့တဲ့ လနတ်ဘုရားနန်းတော် ချိတ်ပိတ်ခံထားရတဲ့နေရာ ဆိုတာလည်း ငါသိတယ်”
လျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ စကားသံကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
သူက လခြမ်းပုံစံ တောင်ထွတ်တစ်ခု အကြောင်းသာ ပြောခဲ့သော်လည်း ထိုလူငယ်သည် ထိုနေရာက လနတ်ဘုရားနန်းတော် ချိတ်ပိတ်ခံထားရသည့် နေရာ ဖြစ်ကြောင်း အမှန်တကယ်ပင် သိနေခဲ့သည်။
ဆိုရလျှင် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ အကြောင်းကို ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ နားလည်ထားပုံရ၏။
ယခုအခါတွင် ကျန်းချန်သည် မည်သည့် စိုးရိမ်ပူပန်မှုမှ မရှိတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သော လူငယ် ဆီသို့ လက်ကမ်းပေးလိုက်သည်။
“ငါ့နာမည်က ကျန်းချန်ပါ.. ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်ပူးပေါင်း ဆောင်ရွက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်”
အခန်း(၂၂၃၆)ပြီး၏။