အခန်း (၂၂၃၇-၂၂၃၈)
Vol. 164 Ch. 2237-2238
အခန်း(၂၂၃၇)
ထိုလူငယ်က ကျန်းချန် လက်ကမ်းပေးလာသည်ကို လက်ဆွဲမနှုတ်ဆက်ဘဲ အေးစက်စက် ပြောလိုက်သည်။
“ငါ့နာမည်က ဝူရှင်းပါ ငါတို့တွေ ပူးပေါင်းဆောင်ရွက်ကြတာပေါ့”
ကျန်းချန်က လူငယ်၏ အပြုအမူကို ဂရုမစိုက်ဘဲ ပြုံးရွှင်စွာ မေးလိုက်သည်။
“ဒါနဲ့ ညီနောင်ဝူရှင်း.. ငါတို့ ဘယ်အချိန်လောက် ထွက်ခွာကြမလဲဆိုတာ သိပါရစေ”
“ခဏတော့ စောင့်ဦး”
ဝူရှင်းက လေးနက်စွာ ပြောလိုက်သည်။
“မကြာသေးခင်က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေမှာ ထူးဆန်းတဲ့ အပြောင်းအလဲတချို့ ရှိနေခဲ့တယ်.. သိပ်မကြာခင်က အတွင်းပိုင်းဧရိယာကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ လူတစ်စုလုံး အသတ်ခံလိုက်ရတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါဆို ငါတို့တွေ ဘယ်အချိန်အထိ စောင့်ရမှာလဲ”
“နောက်သုံးရက်နေရင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်မှာရှိတဲ့ ကျင့်ကြံသူတွေ စုပေါင်းပြီး နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေထဲကို ဝင်ကြလိမ့်မယ်.. သူတို့ရဲ့ပန်းတိုင်က အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့တဲ့နေရာပဲ အဲဒီနေရာက ငါတို့သွားမဲ့ လမ်းကြောင်းနဲ့ အတူတူပဲဆိုတော့ ငါတို့က သူတို့နောက်ကနေ လိုက်သွားပြီး သူတို့ကို ရှေ့ကနေ လမ်းဖောက်ခိုင်းလိုက်မယ်”
ထိုစကားကို ပြောနေစဥ် ဝူရှင်း၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“ကောင်းပြီလေ.. ဒါဆို နောက်သုံးရက်နေရင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ ဝင်ပေါက်မှာ ဆုံကြတာပေါ့”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ဝူရှင်း၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် နတ်ကုန်းမြေတိုက်၏ တားမြစ်နယ်မြေ တစ်ခု ဖြစ်ရာ မည်သူကမှ ထိုနေရာတွင် လုံးဝ ဘေးကင်းမည်ဟု အာမ မခံနိုင်ပေ။
အထူးသဖြင့် မကြာသေးမီက ဖြစ်ပေါ်နေသော အပြောင်းအလဲများကြောင့် ထိုနေရာ၏ အန္တရာယ်ရှိမှုသည် ယခင်ထက် သုံးဆခန့် ပိုမို မြင့်တက်လာခဲ့သည်။
ဝူရှင်းက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ အကြောင်းကို ကောင်းစွာ သိထားသော်လည်း ပို၍ သတိထားခြင်းသည် အကောင်းဆုံးပင် ဖြစ်သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် တစ်စက်ကလေးမျှ ပေါ့ဆ၍ မဖြစ်ပေ။
အနည်းငယ် ပေါ့ဆမိသည်နှင့် ပြန်လည် နာလန်မထူနိုင်သော အခြေအနေသို့ ဆိုက်ရောက်သွားနိုင်၏။
ဝူရှင်းလို အရှေ့ကနေ လမ်းပြမည့်သူ ရှိလျှင် သူတို့အတွက် ပို၍ ဘေးကင်းမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
နောက်ထပ် နှစ်ရက်အတွင်း ကျန်းချန်နှင့် ကူဖုန်းအာတို့ နှစ်ဦးသည် မြို့ထဲတွင် အနားယူကာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့ကြသည်။
တတိယမြောက်နေ့ နံနက်စောစောတွင် ကျန်းချန်တို့ နှစ်ဦးသည် ဝူရှင်းနှင့် သဘောတူထားသည့်အတိုင်း နတ်ဘုရားသင်္ချိုင်းရှေးဟောင်းမြို့တော်၏ ဝင်ပေါက်သို့ ရောက်လာခဲ့ပြီး ဝူရှင်းနှင့် ပူးပေါင်းလိုက်ကြ၏။
ဤအချိန်တွင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ ဝင်ပေါက်၌ လူပေါင်းရာချီ စုဝေးနေကြသည်ကို သူတို့မြင်လိုက်ရသည်။
ထိုလူရာပေါင်းများစွာထဲတွင် အားအနည်းဆုံးသူပင် ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေကြပြီး နတ်ဘုရင်အရေအတွက်သည်ပင် ငါးဆယ်ကျော်ခန့် ရှိနေခဲ့သည်။
ထိုအထဲတွင် အသန်မာဆုံးသူမှာ နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်၏။
ကျန်းချန်နှင့် ကူဖုန်းအာတို့သည် ဝူရှင်းနှင့်အတူ ထိုလူအုပ်ကြီး၏ နောက်တွင် ရပ်နေခဲ့ကြသည်။
သူတို့၏ စိတ်ထဲတွင် အလွန်အမင်း အံ့အားသင့်နေခဲ့၏။
ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့် နေရာသည် နတ်ကုန်းမြေတိုက်ရှိ မရေမတွက်နိုင်သောကျင့်ကြံသူများ အတွက် အလွန်အမင်း ဆွဲဆောင်မှု ရှိနေခဲ့သည် မဟုတ်ပါလား။
ကူဖုန်းအာက ရှေ့ဆုံးမှ အဘိုးအိုကို မြင်လျှင် ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“အစ်ကိုကျန်းချန်.. ရှေ့ဆုံးက အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုက ရှထျန်းယန်ပဲ”
ကူဖုန်းအာ၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
ရှေ့ဆုံးမှ အဘိုးအိုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦး ဖြစ်နေပါသလော။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ဖျက်ဆီးခဲ့သည့် အဓိက လက်သည်တရားခံ ဖြစ်ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ကနေ ထွက်ပြေးစေခဲ့သည့် တရားခံ ဆိုလည်းမမှားပေ။
ယခုအခါတွင်မူ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခွဲ ဖြစ်သည့် တောင်ပံနက် ခွန်ပန်မျိုးနွယ်စုက သိမ်းပိုက်ထား၏။
သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေထဲသို့ ဝင်ရောက်စဥ်တွင် တောင်ပံနက် ခွန်ပန်မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့ရဖူးသည်။
ဆိုရလျှင် သူနှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတို့၏ ဆက်ဆံရေးအရသူ့အနေဖြင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ရန်သူဖြစ်ရန် ကံကြမ္မာပါလာခဲ့ပြီ ဖြစ်သည်။
“ဟုတ်တယ် သူက ရှထျန်းယန်ပဲ.. နတ်ဘုရင် ဆဋ္ဌမအဆင့်ရှိပြီး အသန်မာဆုံး နတ်ဘုရင်စာရင်းမှာ အဆင့် ၉၈ နေရာမှာ ရှိတဲ့သူပဲ.. ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနဲ့ အနီးဆုံးမှာ တည်ရှိတဲ့ ထိပ်တန်း မျိုးနွယ်စုတစ်စုပဲ.. ပြောရရင် ဒီတစ်ခေါက် စူးစမ်းမှုကို ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုက စတင်ခဲ့တာပဲ”
ထိုအချိန်တွင် ဝူရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။
“အသန်မာဆုံး နတ်ဘုရင်စာရင်း ဟုတ်လား”
“အသန်မာဆုံး နတ်ဘုရင်စာရင်း ဆိုတာက နတ်ကုန်းမြေတိုက်ပေါ်မှာရှိတဲ့ နတ်ဘုရင်အဆင့်တွေ အတွက် အထူးတလည် အဆင့်သတ်မှတ်ထားတဲ့ စာရင်းတစ်ခုပဲ.. အဲဒီစာရင်းထဲမှာ နတ်ကုန်းမြေတိုက်မှာရှိတဲ့ အစွမ်းအထက်ဆုံး နတ်ဘုရင် တစ်ရာကို စာရင်းသွင်းထားတယ်.. ဒီစာရင်းထဲမှာ ပါဝင်တဲ့သူတွေအားလုံးနီးပါးက နတ်ဘုရင် သတ္တမအဆင့်နဲ့ အဲဒီအထက်မှာရှိတဲ့ မွန်းစတားအိုကြီးတွေပဲ.. ငါသိသလောက်တော့ နတ်ဘုရင်ဆဋ္ဌမအဆင့်နဲ့ အသန်မာဆုံး နတ်ဘုရင်စာရင်းထဲမှာ စာရင်းဝင်ဖို့ ဆိုတာက လက်ချိုးရေတွက်လို့ရတဲ့အထိ ရှားပါးတယ်”
ဝူရှင်းက လေးနက်စွာ ရှင်းပြလိုက်သည်။
ဝူရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ရှထျန်းယန်ကို ပို၍ လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။
အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် နတ်ကုန်းမြေတိုက်ရှိ အစွမ်းအထက်ဆုံး နတ်ဘုရင်များကို စာရင်းသွင်းထားခြင်းဖြစ်သည်။
ရှထျန်းယန်သည် ထိုစာရင်းတွင် အဆင့် ၉၈သာ ရှိသော်လည်း ကျန်းချန်သည် မပေါ့ဆရဲပေ။
ဤလူသည် နတ်ဘုရင် ဆဋ္ဌမအဆင့်ဖြင့်ပင် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့်သတ်မှတ်ခံရသည် ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် သတ္တမအဆင့်ထက် များစွာ နိမ့်ကျလိမ့်မည် မဟုတ်ချေ။
ဆိုရလျှင် သူ၏ စွမ်းရည်ဖြင့် မဟာနဂါးကျောက်တိုင်ကို အသုံးပြုလျှင်ပင် ရင်ဆိုင်ရန် မလွယ်ကူလောက်ပေ။
ကျန်းချန်တို့ စကားပြောဆိုနေစဥ်မှာပင် ရှထျန်းယန်သည် ကျင့်ကြံသူ ရာပေါင်းများစွာ ပါဝင်သော အဖွဲ့ကို ဦးဆောင်ကာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ စတင်၍ ခရီးနှင်ခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့လူစုသည် ရှေးဟောင်းအငွေ့အသက်များပြည့်နှက်နေသည့် တောအုပ်ကြီး တစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသည် အကန့်အသတ်မဲ့ ကျယ်ပြောသော ကမ္ဘာကြီးတစ်ခုနှယ် ဖြစ်နေခဲ့သည်။
ဆိုရလျှင် ထိုနေရာတွင် တောင်တန်းပေါင်း သိန်းချီ၍ တည်ရှိကာ မြင့်မားလှသော သစ်ပင်အိုကြီးများသည် နေရာအနှံ့ပေါက်ရောက်နေကြသည်။
ထို့အပြင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော နွယ်ပင်များသည်လည်း လိမ်ယှက်၍ ရှိနေကြ၏။
ဤတောအုပ်ကြီးသည် တုန်လှုပ် ချောက်ချားစရာကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့ပြီး ရံဖန်ရံခါ ထွက်ပေါ်တတ်သည့် ရုန့်ရင်းသော သားရဲများ၏ ဟိန်းဟောက်သံများသည်လည်း လူအများကို ကျောချမ်းစေခဲ့သည်။
“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေက တကယ်ကို ဆန်းကြယ်တာပဲ”
ကျန်းချန်က ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော တောအုပ်ကြီးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသည် နတ်ကုန်းမြေတိုက်တွင် နံပါတ်တစ် အန္တရာယ်အရှိဆုံး နေရာဟု ခေါ်ဆိုထိုက်၏။
သူတို့က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက် ဧရိယာတွင်သာ ရှိသေးသော်လည်း ကျန်းချန်သည် သူ၏ လက်ရှိ ခွန်အားဖြင့်ပင် မလုံလောက်သလို ခံစားနေခဲ့ရသည်။
ကျန်းချန်တို့ သုံးဦးသည် လူအုပ်ကြီး၏ နောက်ဆုံးကနေ သတိမပြတ်ထား၍ လိုက်ပါလာခဲ့ကြ၏။
ရှေးဟောင်းတောအုပ်ကြီး ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်၏ အလင်းရောင်သည် ချက်ချင်းဆိုသလိုပင် မှေးမှိန်သွားခဲ့ပြီး ရှေးဟောင်း အရှိန်အဝါများသည် အရပ်မျက်နှာအနှံ့ကနေ ရိုက်ခတ်လာခဲ့သည်။
သူတို့ လူအုပ်ကြီးက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာ ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ကြသည်။
သူတို့က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက် ဧရိယာတွင်သာ ရှိနေသေးသဖြင့် လမ်းတစ်လျှောက်တွင် အန္တရာယ် ကြီးကြီးမားမားနှင့် မတွေ့ခဲ့ရပေ။
တောအုပ်ကြီးထဲတွင် သားရဲတချို့၏ တိုက်ခိုက်မှုကို တစ်ခါတစ်ရံ ခံရသော်လည်း ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် သားရဲများသည် ဘဝပြောင်းသွားခဲ့ကြသည်။
ဤသို့ဖြင့် ရှထျန်းယန်၏ ဦးဆောင်၏ အောက်တွင် လူအုပ်ကြီးသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ ထဲသို့ ဆက်လက်၍ ဝင်ရောက်လာခဲ့ကြသည်။
တစ်ရက်ကြာပြီးနောက်တွင် သူတို့သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက်ဧရိယာကို ဖြတ်ကျော်ခဲ့ပြီး အတွင်းပိုင်း ဧရိယာသို့ စတင် ဝင်ရောက်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်မှ မတွေ့ခဲ့ရသဖြင့် လူတော်တော်များများသည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေက သူတို့ ထင်သလောက် ကြောက်စရာမကောင်း ဟူသော အထင်အမြင်များပင် ဝင်ရောက်လာခဲ့သည်။
အတွင်းပိုင်းဧရိယာသို့ ဝင်ရောက်လာသည်နှင့်အမျှ လူတော်တော်များများသည် စိတ်လှုပ်ရှားလာကြသည်။
“သိပ်မကြာခင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့တဲ့နေရာကို ရောက်တော့မယ်.. အားလုံးပဲ မြန်မြန်တက်ကြ”
ထိုအချိန်တွင် မည်သူက အရင် စတင်ကြွေးကြော်လိုက်မှန်း မသိရဘဲ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ယင်းအခိုက်အတန့်တွင် မရေမတွက်နိုင်သော ပုံရိပ်များသည် ရှထျန်းယန်၏ အမိန့်ကို ဆက်လက် မလိုက်နာကြတော့ဘဲ ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။
ဤလူအားလုံးသည် အခွင့်အရေးကို ဦးစွာရရှိရန် အတွက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သည့်နေရာကို ပထမဆုံး ရောက်ရှိသူ ဖြစ်ချင်နေကြသည်မှာ ထင်ရှားနေခဲ့၏။
“အား..”
သို့သော်လည်း ထိုပုံရိပ်များက မိုင်တစ်ရာ အကွာအဝေးသို့ မရောက်မီမှာပင် တိတ်ဆိတ်နေသော တောတောင်ထဲတွင် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများသည် အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၂၃၇)ပြီး၏။
အခန်း(၂၂၃၈)
ဖြစ်ပေါ်လာသော အပြောင်းအလဲသည် ရှေ့သို့ သိပ်မသွားရသေးသည့် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့၏ အကြည့်များသည် အရှေ့ဘက်ကနေ ထွက်ပေါ်လာသော ထိတ်လန့်အော်ဟစ်သံများ ဆီသို့ ရောက်ရှိသွားကြသည်။
အားနည်းသော ကောင်းကင်အရှင် အချို့သည် လေထုထဲတွင် သွေးမြူများ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်ကို အားလုံးက မြင်လိုက်ရသည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူတချို့ ပင်လျှင် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် နောက်သို့ ဆုတ်ခွာခဲ့ကြ၏။
“အားလုံးပဲ သတိထားကြ.. ဒီနေရာက လေထုထဲမှာ အရမ်းပြင်းထန်တဲ့အဆိပ်ငွေ့ ရှိနေတယ်.. အဆိပ်ဖြေဆေးကို အရင်သောက်ထားကြပါ”
ရှထျန်းယွမ် အနည်းငယ် မျက်နှာပျက်သွားခဲ့ပြီး အဆင့်မြင့် အဆိပ်ဖြေဆေး တစ်လုံးကို အလျင်အမြန် ထုတ်ယူကာ မျိုချလိုက်သည်။
အခြားသူများကလည်း တွေဝေမနေဘဲ အဆိပ်ဖြေဆေးများကို ကိုယ်စီထုတ်ယူကာ မျိုချလိုက်ကြ၏။
ကျန်းချန်က အဆိပ်ဖြေဆေးကို ထုတ်ယူရန် ပြင်လိုက်သော်လည်း ဝူရှင်းသည် အဖြူရောင်ပုတီးစေ့ နှစ်စေ့ကို ထုတ်ယူကာ ကျန်းချန်တို့ နှစ်ဦးထံ ကမ်းပေးလိုက်သည်။
“ဒီပုတီးစေ့ကို ကိုယ်ပေါ်မှာ ဆောင်ထားပါ.. ဘယ်လိုအဆိပ်မျိုးကမှ မင်းတို့ဆီ ကျူးကျော်လာနိုင်မှာ မဟုတ်ဘူး”
ကျန်းချန်က ဟန်လုပ်မနေဘဲ ပုတီးစေ့ကို ဝူရှင်းထံမှ ယူလိုက်ကာ သတိထား၍ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
ကျန်းချန်တို့လူစု အတွင်းဘက်သို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်လာသည်နှင့်အမျှ လေထုထဲရှိ အဆိပ်မြူများသည် ပိုမို၍ ထူထပ်လာခဲ့သည်။
အဆိပ်ဖြေဆေး သောက်ထားလျှင်ပင် ဤနေရာရှိ အဆိပ်မြူငွေ့များကို ကာကွယ်ရန်မှာ ခက်ခဲလှ၏။
အားနည်းသော ကျင့်ကြံသူတချို့ဆိုလျှင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူတို့၏ ရှေ့မှာပင် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
“ဒီနယ်မြေထဲကနေ အမြန်ကျော်ဖြတ်မှဖြစ်မယ်”
ရှထျန်းယွမ်က ပတ်ဝန်းကျင်ရှိ အဆိပ်များ၏ ပြင်းထန်သောအာနိသင်ကို ခံစားမိလျှင် အရှိန်အဟုန်မြှင့်ကာ အလျင်အမြန်ခရီးဆက်ခဲ့သည်။
“ဒီအဆိပ်မြူတွေက အရမ်းကို ပြင်းထန်လွန်းတာပဲ”
အဆိပ်ဖြေဆေးသည်ပင် လေထုထဲမှ အဆိပ်မြူများအား ခုခံနိုင်စွမ်း မရှိသည်ကိုမြင်လျှင် ကျန်းချန်သည် ထိတ်လန့်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူက ဤခရီးစဥ်တွင် ဝူရှင်းကို ရှာတွေ့ထားခဲ့၏။
“ဒါက အဆိပ်မြူတွေ မဟုတ်ဘူး.. အဆိပ်ရှိတဲ့ ပိုးကောင်တွေပဲ.. ရှေးခေတ်ကာလက အရမ်းကြောက်စရာကောင်းတဲ့ မြူစားပိုးကောင်တွေ ရှိခဲ့တယ်.. သူတို့တွေက အရမ်းကို သေးငယ်လွန်းတဲ့ အတွက် နတ်ဘုရင်အဆင့် ကျင့်ကြံသူတွေတောင် သတိထားမိဖို့ ခဲယဥ်းတယ်.. လေထုထဲက အဆိပ်မြူတွေက တကယ်တော့ မရေမတွက်နိုင်တဲ့ မြူစားပိုးကောင်တွေ စုဝေးနေတာပဲ.. တော်ရုံ အဆိပ်ဖြေဆေးက ဒီအဆိပ်ရှိ ပိုးကောင်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာကို တားဆီးဖို့ မဖြစ်နိုင်ဘူး.. ဒီနယ်မြေမှာ အချိန်အတော်ကြာကြာ နေမိရင် နတ်ဘုရားအဆင့် ကျင့်ကြံသူတွေတောင် ဒီပိုးကောင်တွေရဲ့ ဝါးမျိုတာကို တဖြည်းဖြည်းနဲ့ ခံရလိမ့်မယ်”
ဝူရှင်းက ပတ်ဝန်းကျင် အခြေအနေနှင့် ပတ်သက်၍ ကျန်းချန်တို့ကို ရှင်းပြလိုက်သည်။
ကျန်းချန်သည် အသက်ရှူမဝသလိုပင် ဖြစ်သွားခဲ့သည်။
ဤနေရာရှိ အဆိပ်မြူများသည် မျက်စိဖြင့် မမြင်နိုင်သော အဆိပ်ရှိ ပိုးကောင်းများ စုဝေးနေခြင်း ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍သာ ဝူရှင်း မပါဘဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းသို့ မဆင်မခြင် ဝင်ရောက်မိလျှင် သူ့အနေဖြင့် အလွန် ကြီးမားသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။
“စိတ်မပူပါနဲ့.. ငါမင်းတို့ကို ပေးထားတဲ့ ပုတီးစေ့က ဒီမြူစားပိုးကောင်တွေကို နှိမ်နင်းနိုင်တယ်.. ဒီမြူစားပိုးကောင်တွေက မင်းတို့ရဲ့ ခန္ဓာကိုယ်နားကို ကပ်လာနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ဝူရှင်းသည် သူတို့ ရှေ့ကနေ ဦးဆောင်ကာ ထွက်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ မြူစားပိုးကောင်များဖြင့် ဖွဲ့စည်းထားသော မြူများသည် သူတို့၏ ခန္ဓာကိုယ် အနီးသို့ ချဥ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်သွားခဲ့ကြပြီး နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်ကို ကျန်းချန် သတိပြုမိလိုက်သည်။
ဤမြင်ကွင်းသည် ကျန်းချန်ကို အတော်လေး အံ့အားသင့်စေခဲ့၏။
ဝူရှင်းဟု ခေါ်သော လူငယ်သည် သူထင်ထားသည်ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်နေပုံ ရ၏။
ကျန်းချန်တို့တွင် ဝူရှင်း ပေးထားသည့် လျှို့ဝှက်ဆန်းကြယ်သော ပုတီးစေ့ ရှိသဖြင့် ပတ်ဝန်းကျင်ရှိ မြူစားပိုးကောင်များကို လျစ်လျူရှုထားနိုင်သော်လည်းအခြားသူများကမူ သူတို့လောက် ကံမကောင်းကြပေ။
အချိန်ကြာလာသည်နှင့်အမျှ မြူစားပိုးကောင်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသော အရေအတွက်သည် တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။
ဆိုးဆိုးဝါးဝါး နာကျင်စွာ အော်ဟစ်သံများသည် လေထုထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့ပြီး ဤရှေးဟောင်းတောအုပ်ကြီးကို ကြောက်မက်ဖွယ် နေရာတစ်ခုလို ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မြူစားပိုးကောင်များ စိုးမိုးထားသော ဧရိယာသည် အရမ်းမကျယ်ပြန့်ပေ။
ရှထျန်းယွမ်က အရှိန်အဟုန်ကို မြှင့်လိုက်သဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်အတွင်းမှာပင် လူအုပ်ကြီးသည် မြူစားပိုးကောင်များ ထူထပ်သော ဧရိယာကနေ လွတ်မြောက်လာခဲ့ကြသည်။
သို့ရာတွင် ထိုသို့ လွတ်မြောက်ခဲ့သည့်တိုင် ကျင့်ကြံသူ သုံးပုံတစ်ပုံခန့်သည် မြူစားပိုးကောင်များထံတွင် ကျဆုံးခဲ့ကြရသည်။
ကျန်းချန်တို့က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ ကြောက်စရာကောင်းမှုကို တွေးမိကာ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့၏။
ဆိုရလျှင် မြူစားပိုးကောင်များ လွှမ်းခြုံနေသည့် ဤနေရာသည်ပင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို တားဆီးရန် လုံလောက်နေခဲ့သည် မဟုတ်ပါလော။
ထိုဧရိယာကနေ ကျန်းချန်တို့ သုံးဦး ထွက်လာပြီးနောက်တွင် သူတို့ အရှေ့ဘက်ရှိ မြင်ကွင်းသည် ထူးခြားစွာဖြင့် လင်းထိန်နေခဲ့သည်။
သူတို့ရှေ့တွင် ပေါ်လာသည်မှာ ကြီးမားလှသည့် စမ်းချောင်းတစ်ခု ဖြစ်သည်။
ထိုစမ်းချောင်း၏ အဆုံးတွင် မြင့်မားသော တောင်တန်းကြီးများ ရှိနေခဲ့ပြီး ထိုတောင်တန်းများသည် ဧရာမ နဂါးတစ်ကောင်နှင့် ဆင်တူလှ၏။
ရှေးခေတ်ကာလမှ အငွေ့အသက်များသည် ထိုနေရာကနေ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာခဲ့သည်။
“ဒီရှေ့က ဧရိယာက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ တကယ့် အတွင်းပိုင်း ဧရိယာပဲ”
စမ်းချောင်း၏ အဆုံးရှိ တောင်တန်းများကို ကြည့်ကာ အမြဲတစေ တည်ငြိမ်မှု ရှိသော ဝူရှင်း၏ အမူအရာသည် တစ်ခဏအတွင်း လေးနက်သွားခဲ့သည်။
ကျန်းချန်က ရှေးဟောင်း တောင်တန်းကြီးကို အကဲခတ် စိုက်ကြည့်လိုက်သည်။
သူတို့နှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာနေသေးသော်လည်း ထိုရှေးဟောင်း တောင်တန်းကြီးများတွင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများ ဖုံးကွယ်နေသည်ဟု သူခပ်ရေးရေး ခံစားမိခဲ့သည်။
ထိုအရှိန်အဝါအချို့သည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများထက် မနိမ့်ကျလောက်ပေ။
“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေက ကမ္ဘာလောကကြီးနဲ့ သီးခြားလို ဖြစ်နေတဲ့နေရာပဲ.. ဒီနေရာမှာ ထူးခြားတဲ့ သွေးမျိုးဆက် ရှိတဲ့ အနှိုင်းမဲ့သားရဲတွေ အများအပြားရှိတယ်.. နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ ပတ်ဝန်းကျင်ကြောင့် ဒီသားရဲတွေရဲ့ ဥာဏ်ရည်က ပြင်ပက ကျင့်ကြံသူတွေနဲ့ မယှဥ်နိုင်ပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ အဆင့်တူကျင့်ကြံသူတွေထက် ပိုမို သာလွန်တယ်.. ဒါကြောင့် လုံးဝ ပေါ့ဆလို့မဖြစ်ဘူး”
ဝူရှင်းက ကျန်းချန်တို့ နှစ်ဦးကို မပေါ့ဆရန် သတိပေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းဧရိယာသည် နတ်ကုန်းမြေတိုက်၏ စစ်မှန်သော တားမြစ်နယ်မြေ ဖြစ်ရာ ဝူရှင်း သတိမပေးလျှင်ပင် သူက အလေးအနက် သတိထားရလိမ့်မည် မဟုတ်ပါလော။
“ဒီစမ်းချောင်းက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့တဲ့နေရာပဲ ဖြစ်ရမယ်”
သူတို့ရှေ့မှ စမ်းချောင်းကို ကြည့်ရင်း ရှထျန်းယွမ် အပါအဝင် လူတိုင်း၏ မျက်ဝန်းထဲ၌ တပ်မက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ရှေ့က မြူတောအုပ်တွင် သင်ခန်းစာရခဲ့ကြသဖြင့် လူတိုင်းသည် သတိထားနေခဲ့ကြပြီး စမ်းချောင်းထဲသို့ အလျင်စလို မဝင်ခဲ့ကြပေ။
နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ရုပ်သေးရုပ် တစ်ရုပ်ကို အသုံးပြုကာ စမ်းချောင်းကို ခဏမျှ စစ်ဆေးလိုက်သည်။
အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက်တွင် ထိုနတ်ဘုရင်အဆင့် ကျင့်ကြံသူသည် စမ်းချောင်းထဲသို့ တိုက်ရိုက်ပင် ဆင်းသွားခဲ့၏။
ထိုကျင့်ကြံသူ စမ်းချောင်းထဲသို့ ဆင်းသွားသည်နှင့် တစ်ပြိုင်နက် အခြားသူများသည်လည်း မအောင့်အီးနိုင်တော့ပေ။
သူတို့အားလုံးသည် အရှိန်အဟုန်ကို အစွမ်းကုန် မြှင့်တင်ကာ စမ်းချောင်းထဲသို့ အရူးအမူး ပြေးဝင်သွားခဲ့ကြသည်။
ဤတစ်ကြိမ် ရှထျန်းယွမ်ကို ခေါင်းဆောင်တင်၍ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ ဝင်ရောက်လာကြခြင်းသည် အတွင်းပိုင်းဧရိယာ ထဲသို့ အဆင်ပြေပြေ ဝင်ရောက်နိုင်ဖို့ အတွက်သာ ဖြစ်သည်။
ယခုအခါ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျဆုံးခဲ့သော နေရာသည် ကျင့်ကြံသူများ၏ မျက်စိရှေ့မှာပင် ရှိနေခဲ့ရာ ရှထျန်းယွမ်သည် အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။
သူက ဘာစကားမျှ မပြောဘဲ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ လူအနည်းငယ်ကို ဦးဆောင်ကာ စမ်းချောင်းထဲသို့ အလျင်အမြန် ဆင်းသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ဝူရှင်းကို ကြည့်၍ မေးလိုက်သည်။
“ငါတို့လည်း သူတို့နောက် လိုက်သွားကြမှာလား”
“သွားကြစို့.. ငါတို့ရဲ့ပန်းတိုင်က ဒီစမ်းချောင်း မဟုတ်ပေမဲ့လည်း နောက်က တောင်တန်းတွေဆီ သွားဖို့ဆိုရင် ဒီစမ်းချောင်းက ငါတို့ ကျော်ဖြတ်ရမဲ့ တစ်ခုတည်းသောလမ်းပဲ”
ထိုစကားကို ပြောပြီးသည်နှင့် ဝူရှင်းသည် သူတို့ရှေ့မှ စမ်းချောင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
အခန်း(၂၂၃၈)ပြီး၏။