အခန်း (၂၂၃၉-၂၂၄၀)
Vol. 164 Ch. 2239-2240
အခန်း(၂၂၃၉)
ရှေးဟောင်း အရှိန်အဝါများ ပြည့်နှက်နေသည့် တောအုပ်ထဲတွင် ရုန့်ရင်းသော သားရဲများ၏ ဒေါသတကြီး ဟိန်းဟောက်သံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
“ဝုန်း..”
တောက်ပသော ဓားအလင်းတစ်ခုသည် လေထုကို ဖြတ်သန်းသွားခဲ့ပြီး ပေရာချီ မြင့်မားသည့် သားရဲတစ်ကောင် ပေါ်သို့ သက်ရောက်သွားခဲ့သည်။
ထိုသားရဲသည် ညည်းညူသံပင် မထွက်လိုက်ရဘဲ ဓားအလင်းကြောင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ ၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာခဲ့သည်။
ထိုသားရဲကို သတ်ဖြတ်လိုက်သူမှာ တခြားသူ မဟုတ်ပေ။
စမ်းချောင်းထဲသို့ ဝင်ရောက်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။
ဤစမ်းချောင်းသည် စမ်းချောင်းဟုသာ ခေါ်ဆိုသော်လည်း မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သည်။
ဆိုရလျှင် ဤနေရာတွင် အစွမ်းထက် သားရဲအများအပြား ရှိနေခဲ့၏။
ကျန်းချန်တို့ သုံးဦးပင်လျှင် အလွန်အမင်း သတိထား၍ သွားလာနေခဲ့ရသည်။
ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်မိသည်။
“ညီနောင်ဝူရှင်း.. ငါတို့ ဒီစမ်းချောင်းကနေ ခြေလျင် သွားမှပဲ ဖြစ်မှာလား”
“ဒီစမ်းချောင်းက ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာ မင်းသိလား”
ဝူရှင်းက ကျန်းချန်ကို ကြည့်ကာ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ဒီနေရာက တစ်ချိန်တုန်းက အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲစစ်မြေပြင် ဖြစ်ခဲ့ဖူးတယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေက ဒီနေရာမှာ ကျဆုံးခဲ့ကြတယ်.. ဒီစမ်းချောင်းတစ်ခုလုံးက အဲဒီ တိုက်ပွဲအတွင်းမှာ ဖြစ်ပွားခဲ့တာပဲ.. အုပ်စိုးသူအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားက နှစ်ပေါင်းသန်းရာချီ တည်မြဲနေနိုင်တယ်.. ဒါကြောင့် ဒီစမ်းချောင်းရဲ့ ပတ်ဝန်းကျင် လေထုထဲမှာ ကြောက်စရာကောင်းတဲ့ စွမ်းအား အကြွင်းအကျန်တွေ ရှိနေသေးတယ်.. နတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူတွေတောင် အဲဒီစွမ်းအားကို အလွယ်တကူ မထိတွေ့ဝံ့ကြဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
စမ်းချောင်း၏ အဆုံးရှိ တောင်တန်းဆီ သွားချင်လျှင် သူတို့ရှေ့မှ စမ်းချောင်းကို ခြေလျင် ဖြတ်သွားရုံသာ ရှိတော့သည် မဟုတ်ပါလား။
“ကျွန်မ သိသလောက်တော့ နတ်ကုန်းမြေတိုက်က အင်အားကြီး ကျင့်ကြံသူတွေ အများအပြား ဒီထဲကို ဝင်ရောက်ခဲ့ကြတယ်.. သူတို့က ဒီနေရာရဲ့အခြေအနေကို မသိခဲ့ကြလို့များလား.. ဒါ့အပြင် ဘာလို့ အခုမှ အုပ်စိုးသူအဆင့် ကျဆုံးခဲ့တဲ့နေရာရဲ့ သတင်းက ထွက်ပေါ်လာရတာလဲ”
ကူဖုန်းအာ၏ ချစ်စဖွယ် မျက်နှာလေးတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေမှာ ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာလို့ လူတွေက သတိထားမိပြီး သတင်းတွေ ပြန့်လာတာပဲ.. ဒီအထဲကို အရင်က ဝင်ခဲ့ကြတဲ့ ကျင့်ကြံသူတွေလည်း ဒီထူးခြားတဲ့ အပြောင်းအလဲကို ရှာတွေ့ခဲ့ကြမှာပါ.. ဒါပေမဲ့ နောက်ဆုံးမှာ သူတို့အားလုံး ဒီနေရာမှာပဲ ထာဝရ ခေါင်းချခဲ့ကြရပြီး သတင်းပို့ဖို့ အခွင့်အရေးတောင် မရခဲ့ကြပုံပဲ”
ဝူရှင်းက ရှင်းပြလိုက်သည်။
ကျန်းချန်တို့ သုံးယောက်သည် စကားစမြည် ပြောဆိုရင်းဖြင့် စမ်းချောင်းထဲတွင် တဖြည်းဖြည်း ရှေ့ဆက်လာခဲ့ကြသည်။
စမ်းချောင်း အတွင်းဘက်သို့ ရောက်လေလေ၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် ပိုမို ပြင်းထန်လာလေလေ ဖြစ်ပြီး ထူးခြားသော ရနံ့များပင် ခပ်ရေးရေး ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်တို့ လူစုက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ ပြင်ပကမ္ဘာတွင် ရှားပါးလှသော ဆေးဖက်ဝင် အပင်များစွာကို တွေ့ရှိခဲ့ရသည်။
ထိုဆေးပင်များသည် အနည်းဆုံး နှစ်ပေါင်း သိန်းချီ သို့မဟုတ် သန်းချီ သက်တမ်း ရှိကြပြီး တချို့ဆိုလျှင် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိကြ၏။
ဤနေရာ၏ ပတ်ဝန်းကျင်သည် မရေမတွက်နိုင်သော ဆေးပင်များကို ဖြစ်ပေါ်စေရုံတင်မက အင်အားကြီးမားသော သားရဲများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ဆိုရလျှင် ဤနေရာရှိ ကြွက်တစ်ကောင်ပင်လျှင် ကောင်းကင်နတ်ဘုရားအဆင့် သို့မဟုတ် နယ်မြေနတ်ဘုရားအဆင့်နှင့် ယှဥ်နိုင်သည် အထိ ဆင့်ကဲ ပြောင်းလဲနေကြချေပြီ။
အင်အားကြီးသော သားရဲတချို့ ဆိုလျှင် နတ်ဘုရင်အဆင့်နှင့်ပင် ယှဥ်နိုင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း သဘာဝကျစွာပင် ထိုသားရဲများသည် ကျန်းချန်တို့ သုံးဦးအတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ပေ။
ကျန်းချန်တို့က ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ် ဆေးပင်များကို ခူးဆွတ် သိမ်းဆည်းရင်းရှေ့သို့ အလျင်အမြန် ခရီးဆက်လာကြသည်။
အချိန်အတော်ကြာ ခရီးဆက်ပြီးနောက်တွင် ရှေ့ကနေ ဦးဆောင်လာသော ဝူရှင်းသည် ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ကျန်းချန်၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဝူရှင်းက အရှေ့ရှိ မီတာတစ်ရာခန့် အကွာအဝေးကို စိုက်ကြည့်ကာ ပြောလိုက်၏။
“အဲဒီနေရာကနေ အရမ်းကို ပြင်းထန်တဲ့ ရနံ့တစ်ခု ထွက်လာတာကို မင်းတို့တွေ သတိထားမိကြလား”
ဝူရှင်း၏ စကားကြောင့် ကျန်းချန်တို့ နှစ်ဦး အံ့အားသင့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာ တစ်ခုလုံးသည် ထူးခြားသောရနံ့များ ထွက်ပေါ်နေသည့် ဆေးပင်များနှင့် ပြည့်နှက်နေသဖြင့် သူတို့၏ အနံ့ခံအာရုံသည် ထုံထိုင်းနေခဲ့ပြီး ဝူရှင်း ပြောသောရနံ့ကို သတိမထားမိခဲ့သောကြောင့်ပင်။
ဝူရှင်၏ စကားကိုကြားပြီးနောက်တွင် သူတို့သည် ဝူရှင်း ညွှန်ပြသည့် နေရာကို အာရုံစူးစိုက်၍ ခံစားကြည့်လိုက်သည်။
တစ်ခဏအကြာတွင် အလွန်ထူးခြားသော ရနံ့တစ်ခုသည် ထိုနေရာ၌ ပျံ့နှံ့နေသည်ကို သူတို့ ခံစားမိလိုက်၏။
သို့သော်လည်း ကျန်းချန် တို့ကို အံ့အားသင့်စေသည်မှာ ထိုရနံ့ထွက်ပေါ်လာသည့်နေရာသည် ပြန့်ပြူးနေသော နေရာတစ်ခုဖြစ်နေပြီး မည်သည့် ထူးခြားမှုမှ ရှိမနေခြင်းပင်။
သို့သော်လည်း ထိုကဲ့သို့ ပြန့်ပြူးနေသော နေရာတွင် ထူးခြားသောရနံ့ ထွက်ပေါ်နေခြင်းသည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည် မဟုတ်ပါလား။
“ညီနောင်ဝူရှင်း.. ဒါက ဘာကြောင့်လဲဆိုတာ ရှင်းပြလို့ရမလား”
သူ၏ မျက်စိရှေ့မှ အခြေအနေကိုကြည့်ကာ ကျန်းချန်က နားမလည်နိုင်သော အမူအရာဖြင့် ဝူရှင်းကို မေးလိုက်သည်။
“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် အဲဒီနေရာမှာ ဒဏ္ဍာရီလာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး ရှိနေတာ ဖြစ်လောက်တယ်”
အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး ဆိုသည်မှာ မရေမတွက်နိုင်သော လမ်းစဥ်စွမ်းအားများကို စုပ်ယူပြီးမှ ဖြစ်ပေါ်လာနိုင်သည့် အထွတ်အထိပ် နတ်သစ်သီး ဖြစ်သည်။
သူတို့ရှေ့မှ စမ်းချောင်းသည် တစ်ချိန်က အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲစစ်မြေပြင် ဖြစ်ခဲ့သောကြောင့် ၎င်းတို့၏ မဟာလမ်းစဥ် စွမ်းအားများ ကျန်ရှိနေခဲ့ကာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်လောက်၏။
ဤသစ်သီးတွင် မဟာလမ်းစဥ်၏ ခမ်းနားသော စွမ်းအားများ ပါဝင်နေသဖြင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူအတွက်ပင် အထွတ်အထိပ် ရတနာတစ်ပါးဟု ဆို၍ ရ၏။
ဒဏ္ဍာရီများအရ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးတစ်လုံးသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို အဆင့်တစ်ဆင့် တိုက်ရိုက် မြှင့်တင်ပေးရန် လုံလောက်သည်ဟု ဆိုကြသည်။
သိထားရမည့်အချက်မှာ နတ်ဘုရင်လမ်းစဥ်တွင် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက် မဟာလမ်းစဥ်စွမ်းအားကို နားလည်သဘောပေါက်ရန်မှာ အလွန်တရာပင် ခက်ခဲသည်။
နှစ်ပေါင်း သိန်းချီ သို့မဟုတ် သန်းချီ ကျင့်ကြံလျှင်ပင် အဆင့်တက်ရန် မလွယ်ကူပေ။
ဤအခိုက်အတန့်တွင် ပြန့်ပြူးနေသော နေရာကို စိုက်ကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် တပ်မက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးသည် သူ့ကို အလွန်တရာ ဆွဲဆောင်နေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အကယ်၍ သူသာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး တစ်လုံးကို ရရှိခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်ပြီး နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တစ်ထိုင်တည်း မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။
သူက အသက်ကခပ်ပြင်းပြင်း ရှူရှိုက်ကာ ဝူရှင်းကို လေးနက်စွာ မေးလိုက်သည်။
“ညီနောင်ဝူရှင်း.. ဒီ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ဘယ်လိုရယူရမလဲ”
“အနှိုင်းမဲ့လမ်းစဥ်နတ်သစ်ပင်မှာ အစောင့်ဝိညာဥ်ရှိတယ်.. သူက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ချိတ်ဆက်ပြီး နတ်ဘုရင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ စွမ်းရည်ကို ထုတ်ဖော်နိုင်တယ်.. ဒါ့အပြင် အနှိုင်းမဲ့လမ်းစဥ်နတ်သစ်ပင်က ပုန်းကွယ်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်ပြီး သာမန်လူတွေ ရှာတွေ့ဖို့ ခက်ခဲတယ်.. မဆင်မခြင်လုပ်မိလို့ ထွက်ပြေးသွားရင် ပြန်ရှာဖို့ အရမ်းကို ခက်ခဲသွားလိမ့်မယ်.. ဒီအသီးကို ရချင်ရင် အရင်ဆုံးလုပ်ရမှာက နတ်ဘုရားတားမြစ် အစီအရင်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားဖို့ပဲ.. အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်နဲ့ ကမ္ဘာကြီးကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တာနဲ့ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်က အလိုအလျောက် ထွက်ပေါ်လာလိမ့်မယ်”
ဝူရှင်းက လေးနက်စွာ ရှင်းပြလိုက်သည်။
“အစ်ကိုကျန်းချန်.. အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်ရဲ့ ပတ်ဝန်းကျင်ကို ညီမ ပိတ်ဆို့ထားပေးမယ်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ နေရာလွတ်ကို ပိတ်ဆို့နိုင်တဲ့ ရတနာတစ်ပါး ရှိတယ်”
စကားဆုံးသည်နှင့် ကူဖုန်းအာက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်နေသော အနီရောင်အမွေးသည် သူမ၏ လက်ဖဝါးထဲကနေ ကြိုးတစ်ချောင်းလို ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၂၃၉)ပြီး၏။
အခန်း(၂၂၄၀)
“ဖီးနစ်ငှက်မွေးအချုပ်အနှောင်ပါလား”
ကူဖုန်းအာ၏ လက်ဖဝါးထဲမှ အနီရောင်အမွေးကို မြင်လျှင် ဝူရှင်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဖီးနစ်ငှက်မွေး အချုပ်အနှောင်သည် ရှေးဟောင်း နတ်ဖီးနစ်သားရဲ၏ အမွေးများဖြင့် ပြုလုပ်ထားသည့် ရတနာတစ်ပါးဖြစ်ပြီး အရာအားလုံးကို ပိတ်ဆို့ တားဆီးနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ရှိသည်။
ကျန်းချန်တို့နှစ်ဦး၏ စွမ်းအားဖြင့် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်ကို ဖမ်းဆီးရန်မှာ မလွယ်ကူလှဟု မူလက သူ ထင်ထားခဲ့သည်။
သို့သော်လည်း ယခု ဖီးနစ်ငှက်မွေးအချုပ်အနှောင်ရှိနေပြီ ဖြစ်ရာ ပြဿနာကြီးကြီးမားမား ရှိနိုင်မည် မဟုတ်တော့ပေ။
ကူဖုန်းအာ၏ လက်ဖဝါးထဲမှ ဖီးနစ်ငှက်မွေးသည် အနီရောင်အလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး အနှိုင်းမဲ့နတ်သစ်ပင် ရှိသည့် နေရာလွတ် ဆီသို့ ပစ်လွင့်သွားခဲ့သည်။
ထို့နောက်တွင် ထိုနေရာ၏ အချင်းမီတာ တစ်ရာအတွင်းရှိ နေရာလွတ်တစ်ခုလုံးကို လွှမ်းခြုံထားသော အနီရောင်အလင်းကန့်လန့်ကာ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကူဖုန်းအာက ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို အသုံးပြု၍ အချင်းမီတာတစ်ရာ ပတ်ပတ်လည်ရှိ နေရာလွတ်ကို ပိတ်လှောင်လိုက်သည်နှင့် တစ်ပြိုင်နက် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်သည် ပတ်ဝန်းကျင်၏ အပြောင်းအလဲကို သိသိသာသာပင် ခံစားမိသွားခဲ့သည်။
ထိုခဏဝယ် ထူးခြားသော စွမ်းအင်လှိုင်း တစ်ခုသည် နေရာလွတ်ထဲတွင် လှိုင်းထန်လာခဲ့သည်ကို ကျန်းချန်တို့ မြင်လိုက်ရသည်။
မကြာမီမှာပင် ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်နေသော သစ်ပင်ပေါက်လေး တစ်ပင်သည် ဖီးနစ်ငှက်မွေးအချုပ်အနှောင်ဖြင့် တားမြစ်ထားသော နေရာလွတ်ထဲရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
“ဒါက အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်လား”
လေထဲတွင် ပေါ်လာသော သစ်ပင်ပေါက်လေးကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤသစ်ပင်ပေါက်လေးသည် မကြီးမားလှဘဲ ကြည်လင်တောက်ပကာ လူတစ်ရပ်ခန့်သာ မြင့်၏။
သစ်ပင်ပေါက်လေး၏ ထိပ်ဆုံးတွင် လက်သီးဆုပ်ခန့် ရှိသော အသီးတစ်လုံးသည် အထင်အရှားပင် သီးနေခဲ့သည်။
ထိုသစ်သီးသည် သလင်းကျောက်ကဲ့သို့ပင် ကြည်လင်တောက်ပနေခဲ့၏။
သစ်သီးကနေ ခမ်းနားသော မဟာလမ်းစဥ် စွမ်းအားများသည် ခပ်ရေးရေး ထွက်ပေါ်နေခဲ့သည်။
သစ်ပင်ပေါက်လေးသည် မြေကြီးပေါ်တွင် ပေါက်နေခြင်းမဟုတ်ဘဲ လေထဲတွင် ဝဲပျံနေကာ ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့သည်။
သို့သော်လည်း ဖီးနစ်ငှက်မွေး အချုပ်အနှောင်က ပတ်ဝန်းကျင် နေရာလွတ်ကို ပိတ်ဆို့ထားသဖြင့် သစ်ပင်ပေါက်လေးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို မချိတ်ဆက်နိုင်တော့ပေ။
ဆိုရလျှင် သူမည်မျှပင် ရုန်းကန်ပါစေ၊ ဤနေရာကနေ ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။
“ညီနောင်ဝူရှင်း.. ဒီအနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို ငါယူလို့ရမလား”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဝူရှင်းကိုကြည့်ကာ မေးလိုက်သည်။
ဤနတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ဝူရှင်း ရှိနေခြင်းသည် သူတို့အတွက် သေချာပေါက် အရေးပါလှ၏။
ထို့ကြောင့် ကျန်းချန်သည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ရယူလိုသော်လည်း သစ်သီး၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဝူရှင်းနှင့် ဆွေးနွေးရန် ပြင်ဆင်ခဲ့သည်။
“ဒီအနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးက မင်းအပိုင်ပါပဲ.. မင်းမှတ်ထားရမှာက ခဏနေလို့ အဲဒီ တောင်တန်းဆီ ရောက်ရင် ငါ့အတွက် ပစ္စည်းတစ်ခု ယူလာပေးဖို့ပဲ”
ဝူရှင်းက လက်ဝှေ့ယမ်းပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အနှိုင်းမဲ့နတ်သစ်သီးကို ခူးပြီးရင် ဒီနေရာကနေ အမြန် ထွက်သွားကြစို့.. ဒီနေရာက အချိန်မရွေး အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”
“အစ်ကိုကျန်းချန်.. ညီမ ဖီးနစ်ငှက်မွေးအချုပ်အနှောင်ရဲ့စွမ်းအားကို မြှင့်တင်လိုက်မယ်.. အစ်ကိုက အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို ခူးဆွတ်ဖို့ အသင့်ပြင်ထားလိုက်ပါ”
ကူဖုန်းအာက ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီ”
ထို့နောက်တွင် ကူဖုန်းအာသည် အပိုစကားများ ပြောမနေတော့ဘဲ ဖီးနစ်ငှက်မွေး အချုပ်အနှောင်၏ စွမ်းအားကို မြှင့်တင်ရန် ပြင်ဆင်လိုက်၏။
ယင်းအချိန်မှာပင် အင်အားကြီးသော အရှိန်အဝါ တချို့သည် သူတို့၏ အနောက်ဘက်ကနေ ရောက်ရှိလာခဲ့သည်။
ကျန်းချန် တို့က သူတို့နားသို့ အရှိန်အဝါတချို့ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သည်။
မကြာမီမှာပင် ပုံရိပ်သုံးခုသည် သူတို့၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ပေါ်လာခဲ့၏။
ထိုသုံးဦး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုသုံးဦး၏ အကြည့်သည် အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး ဆီသို့ အလျင်အမြန်ပင် ကျရောက်သွားခဲ့ကြသည်။
ယင်းအခိုက်အတန့်တွင် ပုံရိပ်သုံးခုသည် ချက်ချင်းဆိုသလိုပင် မှင်တက်သွားခဲ့ကြသည်။
“ဒါ.. ဒါက ဒဏ္ဍာရီလာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီး မဟုတ်လား”
တစ်ခဏမျှ မှင်တက်နေပြီးနောက်တွင် နတ်ဘုရင် တတိယအဆင့် အဘိုးအိုသည် မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
သူနှင့်အတူ လိုက်ပါလာကြသည့် နတ်ဘုရင်နှစ်ပါး၏ မျက်ဝန်းတွင်လည်း အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို အလွန်တရာ တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးသည် နတ်ဘုရင်အဆင့်၏ ကျင့်ကြံခြင်း အဆင့်ကို အနည်းဆုံး အဆင့်တစ်ဆင့် တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ထူးခြားသော နတ်သစ်သီးဖြစ်သည် မဟုတ်ပါလော။
“ဖုန်းအာ.. မင်းနဲ့ ညီနောင်ဝူက အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ခူးဆွတ်လိုက်ကြ.. ဒီသုံးယောက်ကိုတော့ ငါရှင်းပစ်လိုက်မယ်”
ကျန်းချန်၏ အကြည့်က အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက် လှုပ်ရှားလိုက်ကာ ထိုသုံးဦး၏ ရှေ့တွင် ပိတ်ဆို့လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အဘိုးအိုသည် ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်၏။
“ကောင်လေး.. အခြေအနေကို နားလည်ရင် အခုချက်ချင်းငါ့ရဲ့ရှေ့ကဖယ်စမ်း.. မဟုတ်ရင် မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ဆုံးရှုံးရလိမ့်မယ်”
သူတို့ရှေ့မှ လူငယ်သုံးယောက် ထဲတွင် နတ်ဘုရင်အဆင့်အမျိုးသမီးက လွဲလျှင် ကျန်နှစ်ယောက်သည် ကောင်းကင်အရှင်အဆင့်တွင်သာ ရှိ၍ သူတို့သည် လုံးဝ အလေးမထားခဲ့ကြပေ။
“အသက်ဆယ်ရှိုက်စာ အချိန်အတွင်း မထွက်သွားရင် မင်းတို့အားလုံး သေရမယ်”
ကျန်းချန်က ထိုသုံးဦးကို အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူ၏ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
“ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ သွားသေလိုက်တော့”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ရှေးဟောင်း ရွှေရောင်ဓားဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ထိုသုံးဦးကို တိုက်ခိုက်လိုက်သည်။
“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမဓားကွက်ကို အသုံးပြုလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို တစ်ခဏအတွင်း ဖြတ်သန်းသွားခဲ့ပြီး ထိုသုံးဦး၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
ရုတ်တရက် သူတို့သုံးဦးသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်က ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျဆင်းသွားသည်ကို ထိတ်လန့်တကြား သတိပြုမိလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သုံးဦးသည် ကျင့်ကြံခြင်းအဆင့် အနည်းငယ်မျှ မရှိတော့သော သာမန်လူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာခဲ့ကြသည်။
“မင်း.. မင်းဘယ်သူလဲ”
ကောင်းကင်အရှင်အဆင့်သာ ရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
ထိုလူငယ်သည် ဓားကွက် တစ်ကွက်တည်းဖြင့်ပင် သူတို့ နတ်ဘုရင် သုံးပါးကို သာမန်လူများ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
ကျန်းချန်က အဘိုးအို၏ မေးခွန်းကို ပြန်ဖြေမနေဘဲ သူ၏ ဓားကို ဝှေ့ယမ်းကာ ထိုသုံးဦး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်များကို လုံးဝ ချေမှုန်းပစ်လိုက်သည်။
ဤအချိန်တွင် ကူဖုန်းအာက ဖီးနစ်ငှက်မွေး အချုပ်အနှောင်ကို အသုံးပြုကာ အနှိုင်းမဲ့လမ်းစဥ် နတ်သစ်ပင်ကို ပိတ်ဆို့ထားခဲ့၏။
ဝူရှင်းက ဤအခွင့်အရေးကို အသုံးချကာ အနှိုင်းမဲ့လမ်းစဥ်နတ်သစ်သီးကို အလွယ်တကူပင် ခူးဆွတ်လိုက်သည်။
“ဒီနေရာမှာ အချိန်အကြာကြီးနေဖို့ မသင့်တော်ဘူး.. အရင်ဆုံးထွက်သွားကြစို့”
ဝူရှင်းက သူခူးဆွတ်ထားသော အနှိုင်းမဲ့လမ်းစဥ် နတ်သစ်သီးကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။
ထို့နောက်တွင် ဝူရှင်းသည် စမ်းချောင်းထဲသို့ ဆက်လက်တိုးဝင်သွားခဲ့ပြီး သူတို့ နှစ်ယောက်သည်လည်း ဝူရှင်း၏ နောက်သို့ လိုက်ပါသွားခဲ့ကြသည်။
အခန်း(၂၂၄၀)ပြီး၏။