အခန်း (၃၁)
Vol. 4 Ch. 31
ယန်ရုန်ရုန် သတိပြန်လည်လာသောအခါ ခြေတွေလက်တွေ သံချင်းခတ်ခံထားရပြီး အကျဉ်းခန်းတစ်ခုထဲသို့ ရောက်ရှိနေခဲ့သည်။
သူမ လှုပ်ရှားဖို့ ကြိုးစားလိုက်သည်နှင့် ခြေသံချင်းများမှ တချွင်ချွင်မြည်သံ ထွက်ပေါ်လာပါသည်။
ထိုစဉ် မိန်းကလေးတစ်ဦး၏အသံကို ယန်ရုန်ရုန် ရုတ်တရက်ကြားလိုက်ရသည်။
“တစ်ရက်အတွင်း ပြန်သတိရလာတာပဲ၊ ဘယ်ဆိုးလို့လဲ”
မူးဝေနေသည့် နဖူးကို ယန်ရုန်ရုန် ပွတ်သပ်လိုက်ပြီး အသံလာရာအရပ်သို့ ကြည့်လိုက်ပါသည်။ ထိုအခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးအား သူမ မြင်လိုက်ရသည်။
“နင်က ချမ့်ထုံရှန်းဘေးက အစေခံမဟုတ်ဘူးလား”
အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေး ပြုံးလိုက်သည်။
“မိန်းကလေးယန်က မှတ်ဉာဏ်ကောင်းသားပဲ၊ ဒီအစေခံနာမည်က ချင်းလီလို့ ခေါ်ပါတယ်”
ယန်ရုန်ရုန် နံရံကိုအားပြုပြီး ကြမ်းပြင်ပေါ်မှ ထထိုင်လိုက်ပါသည်။ ထိုအခါ သံခြေချင်းများက တချွင်ချွင်မြည်သံ ထွက်ပေါ်လာပြန်သည်။ ထိုခြေချင်းများကို ကိုင်ကြည့်ရင်း ယန်ရုန်ရုန်မေးလိုက်သည်။
“နင်ငါနဲ့ ဘာအငြှိုးအတေးရှိလို့ ဒီလိုလုပ်ရတာလဲ”
ချင်းလီ အေးအေးလူလူ ရှင်းပြလိုက်ပါသည်။
“မိန်းကလေးယန်ပြောတာ မှန်ပါတယ်၊ ကျွန်မတို့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး၊ အဲ့တာကြောင့် ကြီးတဲ့ပြဿနာကို ငယ်အောင်လုပ်လို့ရတယ်၊ မိန်းကလေးယန်သာ ကျင်းချွီမြို့ကနေ ချက်ချင်းထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူးလို့ သဘောတူနိုင်ရင် လွှတ်ပေးမယ်”
ယန်ရုန်ရုန် တွန့်ဆုတ်မှုမရှိ ခေါင်းညိတ်လိုက်သည်။
“သဘောတူတယ်”
ချင်းလီ ဆွံ့အသွားခဲ့သည်။ ယန်ရုန်ရုန်ခေါင်းမာစွာဖြင့် အဆုံးထိ တောင့်ခံသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါသည်။
ယခုလို မေးခွန်းတစ်ခုတောင် ပြန်မမေးဘဲ ချက်ချင်းသဘောတူလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ချင်းလီ လေသံအနည်းငယ်မာသွားပြီး ထပ်မေးလိုက်သည်။
“နင့်ကလေးကို ပြန်မလိုချင်ဘူးလား”
ယန်ရုန်ရုန်ခေါင်းညိတ်လိုက်သည်။
“လိုချင်ပါတယ်”
ချင်းလီ နားမလည်နိုင်တော့ပေ။
“အဲ့တာဆို ဘာလို့ အလွယ်တကူ အညံ့ခံလိုက်ရတာလဲ”
ယန်ရုန်ရုန်ကလည်း နားမလည်နိုင်စွာ ပြန်ဖြေလိုက်သည်။
“နင်တို့ငါ့ကို တွန်းအားပေးနေတာ မဟုတ်ဘူးလား ? ငါ့အသက်နဲ့ ကလေးအသက်ကို ရွေးရမယ်ဆိုရင် သေချာ ပေါက် ငါ့အသက်ငါပဲ ရွေးမှာပေါ့”
ချင်းလီအေးစက်စွာ ရယ်မောလိုက်ပြီး အထင်အမြင်သေး စက်ဆုပ်စွာ ပြောလိုက်သည်။
“တခြားမိခင်တွေဆိုရင် သူတို့ သားသမီးတွေအတွက် အရာရာစတေးဝံ့တယ်၊ နင်ကတော့ နင့်အသက်ကိုကယ်ဖို့ ကလေးကို စတေးမယ့်လူမျိုးပဲ၊ နင့်ကလေး နင့်ဆီမှာ လူလာဖြစ်ရတာ တကယ်ကံဆိုးတာပဲ”
ယန်ရုန်ရုန် ရိုးသားစွာ ပြောလိုက်သည်။
“အဲ့ဒီကလေးက အခုတော်တော်ပျော်နေလောက်မှာပါ”
‘အရသာရှိတာတွေ ဘူဖေးလို စားနေရမှာ မပျော်ဘဲနေမလား’
အစကတော့ ထောင်ထျဲ လူတွေအများကြီး မသတ်ဖြတ်မိစေဖို့ ယန်ရုန်ရုန် အမြန်ရှာဖွေ တားဆီးချင်ခဲ့သည်။ သို့သော် ယခုတော့ သူမ မတတ်နိုင်တော့ပေ။ ထို့ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူကိုသာ အဓိကထား ရှာဖွေရပါတော့မည်။
ထောင်ထျဲကို ပြန်ပေးဆွဲသွားသူတွေကတော့… သူတို့ထိုက်နှင့်သူတို့ကံဟု ဆိုနိုင်ပါသည်။
ချင်းလီ မတ်တပ်ရပ်ကာ ငေါက်လိုက်သည်။
“ဒီလိုအချိန်မျိုးမှာတောင် ကိုယ့်ကလေးအတွက်ကိုယ် လုံးဝ ဂရုမစိုက်ဘူးပဲ၊ နင်တော်တော် သွေးအေးရက်စက်တဲ့မိန်းမ၊ နင့်လို အမှိုက်သရိုက်မျိုးက ဒီလိုအကျဉ်းခန်းထဲမှာပဲ ပုပ်သွားသင့်တာ”
ယန်ရုန်ရုန် စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
“နင်တို့က ငါ့ကလေးကိုလည်း ခိုးသေးတယ် ငါ့ကိုလည်း အပြစ်ပြန်တင်နေသေးတယ်နော်”
ချင်းလီ မျက်နှာပျက်သွားသည်။
“နင်ဘာတွေလာပြောနေတာလဲ!”
အခြေအနေတွေ ဒီအထိရောက်လာပြီဖြစ်သဖြင့် ယန်ရုန်ရုန် ဘာကိုမှဖုံးကွယ်မထားတော့ပါ။ အရာအားလုံး ချပြဖို့ ဆုံးဖြတ်လိုက်သည်။
“ဆုကြေးငွေတွေထုတ်ထားတာ ချမ့်ထုံရှန်း မဟုတ်ဘူးလား၊ ငါက ကလေးတွေကို ကူရှာပေးချင်ခဲ့တာ၊ ဒါပေမယ့် ဆေးခတ်ခံရပြီး ဖမ်းဆီးခံလိုက်ရတယ်၊ ချမ့်ထုံရှန်းကို ငါမသိဘူး၊ ငါတို့ကြားမှာ ရန်ငြှိုးရန်စလည်း မရှိဘူး၊ အဲ့တာကြောင့် သူငါ့ကို ဒုက္ခပေးစရာ ဘာအကြောင်းမှမရှိဘူး၊ နင်တို့လုပ်ရပ်အတွက် ဖြစ်နိုင်ချေတစ်ခုတည်းက အဲ့ဒီကလေးတွေပျောက်ဆုံးနေတဲ့ကိစ္စ ချမ့်ထုံရှန်းနဲ့ ပတ်သတ်နေလို့ပဲ! ကလေးတွေကို ငါရှာတွေ့သွားမှာစိုးလို့ ဒီလို ဖမ်းချုပ်ထားတာမလား”
ထိုသုံးသပ်ချက်ကို ကြားပြီး ချင်းလီလှောင်ပြုံးပြုံးလိုက်သည်။
“ဟင်း… နင်က အားလုံးကို သိနေတာဆိုတော့ ကျိန်းသေပေါက် လွှတ်ပေးလို့မဖြစ်တော့ဘူးပဲ”
ယန်ရုန်ရုန်လည်း ပြုံးလိုက်သည်။
“ဟား! နင်တို့ငါ့ကို လွှတ်ပေးဖို့ အစကတည်းက အစီအစဉ်မရှိတာ၊ ကလေးကို အသုံးချပြီး ငါ့ကို ဒီမှာ တိတ်တိတ်ဆိတ်ဆိတ်နေအောင် ခြိမ်းခြောက်ဖို့ ကြံစည်ထားကြတာမလား၊ ငါ့ကို အမှိုက်သရိုက်လို့ လာခေါ်နေတဲ့ နင်တို့ကမှ တကယ့် အမှိုက်သရိုက်တွေ!”
ပြောပြောဆိုဆိုနှင့် ချင်းလီအား ယန်ရုန်ရုန် တံတွေးဖြင့် လှမ်းထွေးလိုက်သည်။
ချင်းလီမျက်နှာစက္ကန့်နှင့်အမျှ မှောင်မိုက်အကျည်းတန်လာခဲ့ပြီး ရင်ထဲမှာလည်း သတ်ချင်ဖြတ်ချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့ပါသည်။
“နင်သေချင်နေပြီပဲ…”
ယန်ရုန်ရုန် ခါးထောက်ကာ ဘာကိုမှမကြောက်ရွံ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ဒါဆို သတ်ကြည့်လိုက်လေ! တစ်ခုတော့ သတိပေးထားမယ်နော်၊ ငါတို့ ဟွေ့လုံဂိုဏ်းမှာ လူတိုင်းရဲ့ နှလုံးသားတွေကို ချိတ်ဆက်ပေးနိုင်တဲ့ ပညာတစ်ခု ရှိတယ်လို့ ပြောထားတယ်မလား၊ ငါနှလုံးခုန်ရပ်သွားတာနဲ့ ငါ့ဆရာတွေ၊ ရောင်းရင်းတွေအကုန် ချက်ချင်း သိသွားကြလိမ့်မယ်၊ ငါ့အတွက် ကလဲ့စားချေပေးဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မယ်၊ လုပ်လိုက်စမ်းပါ၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပေါ့၊ ငါ့ဘက်က ဆုံးရှုံးစရာမရှိဘူး!”
ချိုးလီ သူမကို အမှန်တကယ် သတ်ချင်နေသည်။ သို့သော် ထိုစကားကို ကြားပြီးနောက် တွန့်ဆုတ်သွားခဲ့ပါသည်။ ‘ဟွေ့လုံဂိုဏ်း’က လူတွေသာ အခုချက်ချင်း ချီတက််လာကြလျှင် မြို့စားကြီး၏ မဟာအကြံအစည် ကျရှုံးသွားပါလိမ့်မည်။
ယန်ရုန်ရုန်ကတော့ အော်ကြီးဟစ်ကျယ် စိန်ခေါ်နေဆဲပင်။
“သတ်လိုက်လေ! လုပ်စမ်းပါ! ငါတို့ဟွေ့လုံဂိုဏ်းသားတွေက အကောင်းအတိုင်းရှိနေမယ့် အုတ်ကြွပ်ပြားအဖြစ်ခံမယ့်အစား ကျိုးပဲ့နေတဲ့ ကျောက်စိမ်းအဖြစ်ပဲ အသေခံလိုက်မှာ!”
ချင်းလီအသက်ဝဝ ရှူလိုက်ပြီး စိတ်ကို လျှော့ထားလိုက်သည်။ မြို့စားကြီး၏ အကြံအစည်အောင်မြင်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။ ဒီလိုအရေးကြီးသည့်အချိန်မှာ အရှုပ်တွေရောက်လာလို့ မဖြစ်ပေ။
မြို့စားကြီး၏ မဟာအကြံအစည်အောင်မြင်သွားသည်နှင့် ဒီမိန်းမယုတ်ကို သူမ စာရင်းရှင်းပါမည်။
ထိုအတွေးဖြင့် ယန်ရုန်ရုန်အား ချင်းလီတစ်ချက်ကလေးပင် လှည့်မကြည့်တော့ဘဲ ထွက်သွားခဲ့သည်။ ယန်ရုန်ရုန် သူမနောက်ကို ပြေးလိုက်ဖို့ ကြိုးစားသော်လည်း ရုတ်တရက် ယိမ်းယိုင်သွားခဲ့သည်။
ခေါင်းတွေ မူးဝေသွားပြီးနောက် ယန်ရုန်ရုန် နံရံကို ကျောမှီလျက်သား ဖြစ်သွားသည်။ ထိုအခါမှ သူမ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ မရှိတော့မှန်း သတိပြုမိသွားပါသည်။ သူမလက်ကောက်ဝတ်ပေါ်က သံလက်ချင်းများကို ငုံ့ကြည့်လိုက်သည်။
“ငါ့ဝိညာဉ်စွမ်းအင်တွေ ဘာဖြစ်သွားတာလဲ”
ချင်းလီအေးစက်စွာ ပြောလိုက်သည်။
“အဲ့တာ ဝိညာဉ်ချုပ်နှောင်ကြိုးတွေပဲ၊ နတ်ဝိညာဉ်သန္ဓေအဆင့်အောက်ရှိတဲ့ ကျင့်ကြံသူတိုင်းကို အဲ့ဒီခြေချင်းတွေနဲ့ တုပ်နှောင်လိုက်ရင် ဝိညာဉ်စွမ်းအင်တွေ ပိတ်မိသွားလိမ့်မယ်၊ ဘာအစွမ်းမှ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး”
ထို့နောက် ချင်းလီ အကျဉ်းခန်းထဲမှ ထွက်သွားလေတော့သည်။
ယန်ရုန်ရုန်ပြေးလိုက်ဖို့ ကြိုးစားသော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။ အကျဉ်းခန်းတံခါးကို အပြင်မှ တင်းတင်းကြပ်ကြပ် ပိတ်သွားခဲ့ပါပြီ။
“နင်တို့ကို သတိပေးနေတာနော်! ငါ့ကို ထုတ်မပေးရင် နင်တို့အကုန် သေတော့မှာ! နင်တို့ နောင်တရလိမ့်မယ်နော်!”
သူမကို ထောင်ထျဲသားရဲ ရှာမတွေ့ပါက ဒီတစ်နေရာလုံး သွေးချောင်းစီးသွားနိုင်ပါသည်။
ယန်ရုန်ရုန်လေလုံးထွားနေတာဟုသာ ချင်းလီမှတ်ယူလိုက်ပြီး လှောင်ပြုံးပြုံးလျက် အကျဉ်းထောင်ထဲမှ ထွက်လာခဲ့တော့သည်။
ခြေသံတွေ ပျောက်ကွယ်သွားသောအခါ ယန်ရုန်ရုန်လည်း အော်ဟစ်နေသည်ကို ရပ်တန့်လိုက်ပါသည်။ ထို့နောက် ရင်ဘတ်ကို လက်ဖြင့်ဖိလျက် သက်ပြင်းရှည်ကြီးချလိုက်ပါသည်။
‘ကြောက်ဖို့ကောင်းလိုက်တာဟယ်’
ကံကောင်းစွာဖြင့် သူမဉာဏ်ရွှင်ခဲ့ပြီး ဟွေ့လုံဂိုဏ်းကို လုပ်ကြံဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင် ချင်းလီကို ယာယီ ခြောက်လှန့်ထားနိုင်ခဲ့ပါသည်။ သို့သော် ထိုနည်းလမ်းက ရှေရှည်အတွက် အသုံးဝင်မှာ မဟုတ်ပေ။ ကုန်းမြေတိုက်ကြီးကိုးခုမှာ ‘ဟွေ့လုံဂိုဏ်း’ဟူသည် မရှိမှန်း သိသွားသည်နှင့် သူမကို ချင်းလီ စာရင်းလာရှင်းပါလိမ့်မည်။
ယန်ရုန်ရုန် ညာဘက် လက်မကို ကိုက်ရင်း သေသေချာချာစဉ်းစားလိုက်သည်။ သူမ ဒီကနေထွက်သွားဖို့ နည်းလမ်းအမြန်ရှာဖွေရမည်။
ရုတ်တရက် အကျဉ်းခန်းအပြင်ဘက်မှ ရင်းနှီးနေသော ကျလိကျလိအော်သံကို ယန်ရုန်ရုန်ကြားလိုက်ရပါသည်။
ယန်ရုန်ရုန် တံခါးကို နားရွက်ဖြင့်ကပ်ကာ သေသေချာချာ နားထောင်လိုက်သည်။ ကျလိကျလိအော်သံများက သူမအာရုံထဲ ရောက်သောအခါ စနစ်၏အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
“စနစ်ပိုင်ရှင်!”
ယန်ရုန်ရုန်ချက်ချင်း ပျော်ရွှင်သွားပြီး အမြန်ပြောလိုက်သည်။
“ငါဒီမှာရှိတယ်! ငါ့ကို ဒီထဲက ထုတ်ပေးဖို့ နည်းလမ်းမြန်မြန် ရှာစမ်းပါ!”
ယန်ရုန်ရုန် ဆေးခတ်ခံခဲ့ရစဉ်က ဘယ်သူမှကြည့်မနေချိန်တွင် ငှက်ပေါက်လေး ပျံသန်းလွတ်မြောက်လာခဲ့သည်။ ယန်ရုန်ရုန် အကျဉ်းခန်းထဲ အချုပ်ခံထားရတာကို မြင်ပြီး ဘယ်သူမှ မရှိခါမှ ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။
ငှက်ပေါက်လေး: “တံခါးကို သော့ခတ်ထားတယ်၊ သော့က ချင်းလီဆီမှာ၊ ကျွန်ုပ် ခိုးဖို့ ကြိုးစားပေမယ့် လူမိသွားတော့မလို့၊ အပြေးမြန်လို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငှက်ကင်ဖြစ်နေလောက်ပြီ”
ယန်ရုန်ရုန် လက်မကို ထပ်ကိုက်လိုက်ပြီး ခက်ခက်ခဲခဲ စဉ်းစားလိုက်ပါသည်။ သူမတစ်ယောက်တည်း လွတ် မြောက်အောင် ကြိုးစားဖို့ ခက်ခဲသဖြင့် ပြင်ပအကူအညီ ယူရပါတော့မည်။
သူမ ကိုယ်ပေါ်က အဝတ်အစားတစ်စကို ဆွဲဖြဲလိုက်ပြိး လက်မကို အားပြင်းပြင်းကိုက်လိုက်ကာ ထွက်လာသည့်သွေးနှင့် စာတစ်စောင် ရေးလိုက်သည်။
‘ကျင်းချွီမြို့စားကြီးက အပြစ်မဲ့တဲ့ ကလေးတွေကို ဖမ်းဆီးပြီး မကောင်းတဲ့အရာတစ်ခု ကြံစည်နေတယ်၊ တစ်မြို့လုံး အန္တရာယ်ရှိနေနိုင်တာမို့ အကူအညီချက်ချင်း ပို့ဆောင်ပေးပါ’
ယန်ရုန်ရုန် ထိုအဝတ်စကို တံခါးအောက်မှ တွန်းပေးလိုက်သည်။
“ဒီစာကို နင့်မိဘတွေ(ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်)ဆီ ယူသွားလိုက်၊ ပြီးရင် ထျန်းပေကျောင်းတော်ကြီးဆီ သွားပို့ခိုင်းလိုက်၊ အဲ့ဒီက ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတွေက ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုရင် သူတို့တာဝန်လို့ မှတ်ယူထားကြတာ၊ ဒုက္ခရောက်နေတဲ့သူကို ကူညီပေးမှာ သေချာတယ်၊ သူတို့သာဆိုရင် ကျိန်းသေပေါက် လာကူညီပေးလိမ့်မယ်!”
“ဟုတ်ပြီ!”