အခန်း (၃၂)
Vol. 4 Ch. 32
ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်က အလွန်လျှင်မြန်ပါသည်။ ကျင်းချွီမြို့ဝန်းကျင်မှ ထျန်းပေကျောင်းတော်ကြီးသို့ ပျံသန်းသွားဖို့ဆိုလျှင် နေ့တစ်ဝက်သာ ကြာလိမ့်မည်။ ထို့ကြောင့် အမှားအယွင်းမရှိပါက ထျန်းပေကျောင်းတော်ကြီးမှ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများ ဒီနေ့ည ကျင်းချွီမြို့သို့ ရောက်ရှိလာပါလိမ့်မည်။
သို့သော် ယန်ရုန်ရုန်က သူများအပေါ်မှာသာ မျှော်လင့်ချက်တွေ ပုံအပ်ထားတတ်သူမဟုတ်ပေ။ ဘယ်သူ့ကိုပဲ အားကိုးပါစေ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းလောက် သက်ရောက်မှုရှိမှာ မဟုတ်ပါ။ ထို့ကြောင့် ဘေးကင်းဖို့အတွက် သူမ အရံအစီအစဉ်တစ်ခု ကြိုဆွဲထားရပါမည်။
ယန်ရုန်ရုန် ခါးကို စမ်းကြည့်လိုက်သည်။ သူမ ချန့်ခွင်းအိတ်မရှိတော့ပေ။ ချင်းလီသိမ်းသွားတာ ဖြစ်နိုင်ပါသည်။
အသုံးချစရာ မှော်ဝင်ပစ္စည်းများ မရှိသဖြင့် စိတ်ကိုအားတင်းပြီး လက်ချောင်းကို နောက်တစ်ဖန် ထပ်ကိုက်လိုက်ပြန်သည်။ ယခင်က အနာမကျက်သေးသော ဒဏ်ရာလည်း ပိုနက်သွားခဲ့ပြီး သွေးတွေ စိမ့်ထွက်လာခဲ့သည်။
ထို့နောက် ကြမ်းပြင်ပေါ် ဒူးထောက်ကာ လက်ချောင်းထိပ်က သွေးများကို အသုံးပြုလျက် စည်းဝိုင်းမျဉ်းများ စတင်ဆွဲသားလိုက်သည်။ ငှက်ပေါက်လေး ပြန်ရောက်လာသောအခါ သူမလည်း ကြမ်းပြင်ပေါ် စည်းဝိုင်းငယ်လေးတစ်ခု ဆွဲသားပြီးခဲ့ပါပြီ။
ငှက်ပေါက်လေး တံခါးအပြင်ဘက်မှ ပြောလိုက်သည်။
“စာကို ပို့လိုက်ပြီ စနစ်ပိုင်ရှင်”
ယန်ရုန်ရုန် အားနည်းစွာ ပြန်ထူးလိုက်ပါသည်။ အားနည်းနေသည့် သူမအသံကိုကြားပြီး ငှက်ပေါက်လေး စိတ်ပူပန်သွားခဲ့ပါသည်။
“စနစ်ပိုင်ရှင် ဘာဖြစ်လို့လဲ၊ အနှိပ်စက်ခံထားရတာလား၊ စနစ်ပိုင်ရှင်က ကိုယ့်အသက်ကိုယ် မြတ်နိုးတဲ့လူမျိုး မဟုတ်ဘူးလား၊ သူတို့ခိုင်းတာသာ လုပ်ပေးလိုက်စမ်းပါ ခေါင်းမာမနေနဲ့! တောင်တန်းတွေ ရှိနေသေးသရွေ့ ထင်းမီးအတွက် စိတ်ပူစရာမလိုဘူး၊ နောက်ကျရင် ကလဲ့စားချေနိုင်မယ့် အခွင့်အရေးတွေ ရောက်လာလိမ့်မယ်!”
သွေးထွက်လွန်မှုကြောင့် ယန်ရုန်ရုန်မျက်နှာ ဖြူရော်နေပြီး ခေါင်းတွေလည်း မူးဝေနေပါပြီ။ ကြမ်းပြင်ပေါ်မှာ ထိုင်ကာ သူမ ခေတ္တအနားယူလိုက်သည်။
“နင်ဘယ်တုန်းက အဲ့လောက်စကားများတတ်လာတာလဲ၊ အရင်တုန်းက စက်ရုပ်တစ်ကောင်လို အေးတိအေးစက်နဲ့ နေခဲ့တာ မဟုတ်ဘူးလား”
ငှက်ပေါက်လေး ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်သည်။
“စနစ်ပိုင်ရှင်ကို စိတ်ပူလို့ပေါ့!”
ယန်ရုန်ရုန် တိုးညှင်းစွာ ရယ်မောလိုက်သည်။
“စိတ်ပူပေးလို့ ကျေးဇူးပဲ ငါဘာမှမဖြစ်သေးဘူး”
“အဲ့တာဆို ဘာလို့ သေခါနီးတစ်ယောက်လို အသံမျိုး ဖြစ်နေတာလဲ”
“သေစကားမပြောနဲ့ဟဲ့! နိမိတ်မရှိတာ!”
ယန်ရုန်ရုန် ဆုံးမလိုက်ပြီး သေချာ ရှင်းပြလိုက်ပါသည်။
“ငါ့သွေးတွေကို သုံးပြီး အတိတ်ပြန်စည်းဝိုင်းကို ရေးဆွဲလိုက်တာ”
ငှက်ပေါက်လေး ဇဝေဇဝါဖြစ်သွားသည်။
“ဘာလို့လဲ”
အတိတ်ပြန်စည်းဝိုင်းက အချိန်ကို နောက်ပြန်ဆုတ်နိုင်စွမ်းရှိသည်။ သို့သော် ဝိညာဉ်အသွင်းပြောင်းအဆင့်နှင့် အထက်ရှိသည့် ကျင့်ကြံသူတွေသာ အသုံးပြုနိုင်သော အဆင့်မြင့် အစီအရင်တစ်ခုပင်။
ယန်ရုန်ရုန် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်ခဲ့စဉ်က ထိုအစီအရင်ကို အားကြိုးမာန်တက် လေ့လာခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကလည်း အခြေခံအုတ်မြစ်ချအဆင့်ထိ ကျဆင်းသွားပြီ ဖြစ်သော်ငြား ထိုအစီအရင်နှင့်ပတ်သတ်သည့် အသိပညာများကတော့ သူမခေါင်းထဲ စွဲမြဲနေဆဲပင်။
ရှုပ်ထွေးလှသော စည်းဝိုင်းကြီးကို ကြည့်ရင်း ယန်ရုန်ရုန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကို ပြန်သွားချင်လို့”
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ ခန့်က ယန်ရုန်ရုန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော ဝိညာဉ်အသွင်းပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သည်။လက်ချောင်း တစ်ချောင်း မြှောက်လိုက်ရုံနှင့် ဒီအကျဉ်းထောင်ကို တစ်စစီဖြစ်သွားအောင် ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်။
ငှက်ပေါက်လေး စိတ်ပူသွားပါသည်။
“ဒါပေမယ့် စနစ်ပိုင်ရှင်က အခု အခြေခံအုတ်မြစ်ချကျင့်ကြံခြင်းအဆင့်မှာလေ၊ အဲ့လို အဆင့်မြင့် အစီအရင်မျိုးကို ခံနိုင်ရည်ရှိပါမလား၊ ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ဘူးလား”
ဒီလောက်စွမ်းအားကြီးသည့် အစီအရင်၏ဘေးထွက်ဆိုးကျိုးများက သေဆုံးခြင်းသို့မဟုတ် ဒုက္ခိတဖြစ်သွားခြင်းတို့သာ ဖြစ်နိုင်လိမ့်မည်။ ယန်ရုန်ရုန် လက်တွေကို လှုပ်ရှားလိုက်သည်။ ထိုအခါ သံကြိုးများအချင်းချင်း ရိုက်ခတ်ပြီး တချွင်ချွင်မြည်သံ ထွက်ပေါ်လာခဲ့ပါသည်။
“ကြိုးစားကြည့်ရမှာပဲ၊ ငါသေမလား ရှင်မလားဆိုတာ ကံကြမ္မာ ဘယ်လောက်ခေါင်းမာသလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
-
မြို့စားကြီး စံအိမ်၏ ခြံနောက်ဖေးတွင် လျှို့ဝှက်နယ်မြေတစ်ခုရှိသည်။ ထိုနေရာသို့ မြို့စားကြီးကိုယ်တိုင်ကလွဲပြီး အခြား ဘယ်သူမှ မဝင်နိုင်ပါ။ သူ့လူယုံတော် အစေခံ ချင်းလီပင် ဝင်ရောက်ခွင့် မရှိပေ။ ထိုလျှို့ဝှက်လျှောက်လမ်းထဲ မြို့စားကြီး ဝင်သွားသောအခါ ချိုးလီ အပြင်မှာသာ စောင့်နေရပါသည်။
ထိုလျှောက်လမ်းထဲတွင် အလင်းရောင်က အလွန်မှေးမှိန် သည်။ သို့သော် ချမ့်ထုံရှန်းက ဒီနေရာနှင့် အလွန်ရင်းနှီးနေသဖြင့် အလင်းမရှိလျှင်ပင် ချောချောမွေ့မွေ့ လှုပ်ရှားနိုင်စွမ်းရှိသည်။
သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေပါပြီ။ ရံဖန်ရံခါ ချောင်းတွေ ဆိုးနေသော်လည်း ခြေလှမ်းများ နှေးကွေးမသွားခဲ့ပေ။
ချမ့်ထုံရှန်းက နတ်ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း အထုံပါရမီသိပ်မပါလှပေ။ ဒီအဆင့်ထိ ရောက်လာခဲ့ရသည့် အကြောင်းအရင်းက စည်းစိမ်အမြောက်အများကို အသုံးချပြီး ဆေးလုံးတွေ ဝယ်ယူကာ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ခဲ့ခြင်းကြောင့်သာ။
သို့သော် သူလမ်းဆုံးကို ရောက်နေပါပြီ။ ယခု ဆေးလုံးတွေ ဘယ်လောက်များများ သောက်သုံးပါစေ ရှေ့သို့ ဆက်မလှမ်းနိုင်တော့ပေ။
ထို့အပြင် ဆေးလုံးများ အလွန်အကျွံသောက်သုံးမှုကြောင့် သူ့ခန္ဓာကိုယ်ထဲမှာလည်း ‘ဆေးလုံးအဆိပ်’များ ပြည့်နှက်နေပါပြီ။ သာမန် နတ်ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများက နှစ်ပေါင်း ၉၀၀ တိုင်အောင် အသက်ရှင်နိုင်သည်။ သို့သော် ဆေးလုံးအဆိပ်များကြောင့် သူ့ခန္ဓာကိုယ် ယိုယွင်းလာခဲ့ပြီဖြစ်သဖြင့် အသက် ၅၀၀ ဝန်းကျင်ထိသာ ရှင်သန်နိုင်လိမ့်မည်။ သို့သော် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က သူ့အသက် ၅၀၀ ပြည့်ခဲ့ပါပြီ။
သူ့သက်တမ်း ကုန်ဆုံးနေပြီဖြစ်သည်။ သို့သော် သူ မသေချင်သေးပါ။ ထို့ကြောင့် တန်ဖိုးကြီးကြီးမားမားတစ်ခုကို ပေးဆပ်ပြီး ယုတ်ညံ့သည့် အကြံအစည်တစ်ခုကို ကြံစည်ခဲ့ရသည်။
သူ့သက်တမ်းကို တိုးချဲ့ဖို့အတွက် အခြားသူများ၏ အသက်ကို ခိုးယူဖို့ပင်။ လူ့အသက်တစ်ချောင်းက သက် တမ်း ၁ နှစ်နှင့် ညီမျှသည်။ ကျင်းချွီမြို့ကြီးမှာ လူဦးရေများပြားလွန်းသဖြင့် တစ်နှစ်ကို လူတစ်ယောက်လောက် သေဆုံးသွားခြင်းက သိသာမည် မဟုတ်ပါ။ သို့သော် ဒီနည်းလမ်းက ရေငတ်ပြေဖို့ အဆိပ်ကို သောက်သုံးရသလိုမျိုး လက္ခဏာကိုသာ ကုသပေးပြီး ရောဂါကို ကုသပေးခြင်းမဟုတ်ပေ။
လွန်ခဲ့သည့် သုံးလခန့်က ကျင်းချွီမြို့ကြီးသို့ ‘ပညာရှင်’ တစ်ဦး ရောက်ရှိလာပြီး သူ့ကို လျှို့ဝှက်နည်းလမ်းတစ်ခု သင်ကြားပေးသွားသည်။
ယင်ဓာတ်ပြည့်ဝသော အသက် ၃ နှစ်မှ ၅ နှစ်အတွင်း ကလေး ၉၉ ဦးကို စုဆောင်းပြီး သွေးယုတ်စည်းဝိုင်းကွက်ထဲမှာ ထည့်သွင်းနိုင်ပါက မသေဆေးလုံးတစ်လုံးကို ဖော်စပ် ဖန်တီးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ ထိုဆေးလုံးကို သောက်သုံးလိုက်လျှင် သူမသေမျိုး ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် ချမ့်ထုံရှန်း လူတွေလွှတ်ပြီး ကလေးများအား ခိုးယူ ဖမ်းဆီးခိုင်းခဲ့သည်။ ဒီနေ့ နောက်ဆုံးကလေးကို ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကာ ကလေးစုစုပေါင်း ၉၉ ဦး ပြည့်သွားခဲ့ပါပြီ။ သူ မသေမျိုးဖြစ်ချိန် တန်လေပြီ။
တောက်ပနေသော မျက်လုံးများဖြင့် ချမ့်ထုံရှန်း ခြေလှမ်းတွေ မြန်ဆန်လာခဲ့သည်။ လျှောက်လမ်း၏ အဆုံးတွင် တံခါးတစ်ချပ်ရှိနေပါသည်။ ထိုတံခါးကို တွန်းဖွင့်လိုက်ရာ လှောင်အိမ်များစွာ ဝန်းရံထားသည့် ဧရာမ ယဇ်ပလ္လင်ကြီးတစ်လုံး ပေါ်လာခဲ့သည်။ လှောင်အိမ်တိုင်းမှာ ကလေးတစ်ဦးစီရှိနေပြီး ဆေးခတ်ခံထားရသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။
အခန်းထဲကို ချမ့်ထုံရှန်း သေချာအကဲခတ်လိုက်သည်။ ထိုအခါ လှောင်အိမ်တစ်လုံးက ဗလာကျင်းဖြစ်နေသည်ကို မြင်လိုက်ရပါသည်။
ချမ့်ထုံရှန်း ကြက်သေသေသွားသည်။ ဒီနေရာမှာ လှောင်အိမ် ၉၉ လုံးရှိနေပြီး လှောင်အိမ်တိုင်းမှာ ကလေးတစ်ဦးစီ ရှိရမှာဖြစ်သည်။ ကလေးဦးရေက ၉၉ ဦး အတိအကျဖြစ်ရမည်ဟု ထိုပညာရှင်ကြီးက သေချာမှာကြားသွားသည်။ တစ်ဦးလောက် လျော့နည်းသွားသည်နှင့် မသေဆေးကို ဖော်ဆပ်နိုင်တော့မှာ မဟုတ်ပါ။
ချမ့်ထုံရှန်း မျက်နှာ ချက်ချင်း မှောင်မိုက်သွားခဲ့ပြီး အပြင်သို့ အမြန်ပြန်ထွက်လာခဲ့ပါသည်။
ချင်းလီက ဝင်ပေါက်မှာ စောင့်နေဆဲပင်။ မြို့စားကြီး မသေဆေးဖော်ဆပ်သည်မှာ အချိန်ကြာမြင့်နိုင်သည်ဟု သူမ ထင်ထားခဲ့သော်လည်း မြို့စားကြီးက ချက်ချင်း ပြန်ထွက်လာခဲ့သဖြင့် ချင်းလီ အံ့အားသင့်သွားခဲ့ရသည်။
“မြို့စားကြီး ဘာလို့အစောကြီး ပြန်ထွက်လာတာလဲ”
ချမ့်ထုံရှန်း စိတ်တ်ဖိစီးစွာ ပြောလိုက်သည်။
“ကလေးတစ်ယောက် လိုနေတယ်”
ချင်းလီ တုန်လှုပ်သွားခဲ့သည်။
“မဖြစ်နိုင်တာ! အဲ့ဒီနောက်ဆုံးကလေးကို ဖမ်းပြီးရင် ဒီကို ချက်ချင်းခေါ်လာဖို့ လျှို့ဝှက်အစောင့်တွေကို သေချာမှာကြားထားတာ၊ သူတို့ရောက်သင့်နေသင့်ပြီလေ၊ လမ်းမှာတစ်ခုခုများ ဖြစ်လို့လား”
“မြန်မြန်သွားစစ်စမ်း! ဒီနေ့ နေမဝင်ခင် အဲ့ဒီနောက်ဆုံးကလေးကို ငါမြင်ရမှဖြစ်မယ်!”
“ဟုတ်ကဲ့!”
ချင်းလီ အမြန်ထွက်လာခဲ့သည်။ ထို့နောက် စံအိမ်အတွင်းရှိ လျှို့ဝှက်အစောင့်များကို ဆင့်ခေါ်ပြီး သေချာ ရေတွက်ကြည့်လိုက်သည်။ ထိုအခါ နောက်ဆုံးကလေးကို ဖမ်းဆီးဖို့ စေလွှတ်ထားသည့် အစောင့်နှစ်ယောက် ပျောက်နေမှန်း သိလိုက်ရပါသည်။
တစ်မြို့လုံး ပိုက်စိပ်တိုက်ရှာဖွေရန် ချင်းလီ အမိန့်ပေးဖို့ ကြံလိုက်သည်။ သို့သော် မြို့စားစံအိမ် ခြံတံခါးရှေ့ရှိ အစောင့်များက အနီရောင်ဝတ်စုံများ ဆင်မြန်းထားသော ကလေးတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရလေသည်။
ဒါသူတို့ ရှာဖွေနေကြတဲ့ ကလေးပဲ မဟုတ်လား…
အစောင့်တွေ ပျော်သွားပြီး ထိုကလေးလေးကိုအမြန်ဝန်းရံလိုက်ကြသည်။
လျို့လန် ကြောင်စီစီဖြစ်သွားခဲ့ပါသည်။
“ဘာလုပ်နေကြတာလဲ”
ကလေးလေး အော်ဟစ်ပြီး လူသိရှင်ကြားဖြစ်အောင်လုပ်မှာကို စိုးရိမ်သဖြင့် အစောင့်များ တိုးညှင်းစွာ ချော့ပြောလိုက်သည်။
“အစ်ကိုကြီးတို့ရဲ့ မြို့စားကြီးက ကလေးလေးတွေကို အရမ်းချစ်တတ်တာ၊ စံအိမ်ထဲကို အစ်ကိုကြီးတို့နဲ့အတူတူ လိုက်ခဲ့နော်၊ သူ ညီလေးကိုသကြားလုံးတွေ အများကြီး ကြွေးလိမ့်မယ်”
လျို့လန်လည်း သူ့ ‘မေမေ’ကို မတွေ့ရတာ အတော်ကြာပြီဖြစ်သဖြင့် အာရုံခံနိုင်စွမ်းကို အားကိုးပြီး ဒီနေရာအထိ ရောက်လာခဲ့သည်။ သူ့ ‘မေမေ’ ဒီစံအိမ်ထဲမှာ ရှိနေသည်ဟု အာရုံထဲမှာခံစားနေရပါသည်။
သူ့ကို အထဲခေါ်သွားပြီး အစားအသောက်တွေကျွေးမည်ဟု ကြားသောအခါ လျို့လန်ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“သွားကြမယ်လေ”
ဒီလောက်ထိ လွယ်ကူလိမ့်မည်ဟု အစောင့်တွေ ထင်မထားခဲ့ကြပေ။ သူတို့ပြုံးကာ ချီးကျူးလိုက်ကြသည်။
“လိမ္မာလိုက်တဲ့ကလေးလေး၊ မြို့စားကြီးက ညီလေးကို ချစ်မှာပါ”