← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

စံအိမ်အတွင်းသို့ လျို့လန် ဝင်လာပြီး ချင်းလီလက်ထဲ ရောက်ရှိသွားခဲ့သည်။

မြို့စားကြီးပေးအပ်ထားသည့် တာဝန်က အလျှင်အမြန်အောင်မြင်သွားသဖြင့် ချင်းလီလည်း ပျော်ရွှင်သွားခဲ့ပါသည်။ ကြွေရုပ်လေးလို လှပသည့် ဒီကလေးလေးက ယန်ရုန်ရုန်၏ သားဖြစ်နေသည်ကို ချင်းလီ မယုံကြည်နိုင်ခဲ့ပါ။

‘ဝါးညံ့ကနေ မျှစ်ကောင်းထွက်တယ်ဆိုတာ ဒါမျိုးလား’

ပျောက်ဆုံးနေသည့် အစောင့်နှစ်ယောက်ကို သတိရသွားပြီး ချင်းလီ မေးလိုက်သည်။

“သားလေး၊ အစ်ကိုကြီး နှစ်ယောက်ကို မြင်မိသေးလား”

လျို့လန် အမှန်အတိုင်း ခေါင်းညိတ်လိုက်ပါသည်။

“အွန်း”

ထိုအစောင့်နှစ်ယောက်က သူ့ကို အတင်းအကြပ်ဖမ်းချုပ်ပြီး ပါးစပ်ထဲ ဆေးတွေလောင်းထည့်ဖို့ ကြိုးစားခဲ့သည်။ ထိုဆေးတွေက အလွန်ခါးသဖြင့် သူ သဘောမကျခဲ့ပါ။

ချင်းလီ ထပ်မေးလိုက်သည်။

“အဲ့ဒီအစ်ကိုကြီးနှစ်ယောက် ဘယ်မှာလဲ၊ သားနဲ့အတူတူ ပါမလာဘူးလား”

လျို့လန် နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး မဆီဆိုင်သည့် အဖြေကို ပေးလိုက်ပါသည်။

“ဗိုက်ဆာတယ်”

သူ့ ‘မေမေ’က သူ့ကို ကတိသုံးခုပေးခိုင်းထားသည်။ ထိုကတိတွေထဲ လူတွေကို စားချင်တိုင်းမစားဖို့လည်း ပါဝင်ပါသည်။

ပထမတော့ သူသည်းခံထားခဲ့သော်လည်း ထိုလူနှစ်ယောက်က အလွန်စိတ်ရှုပ်ဖို့ကောင်းကြသည်။ သူ့ မက်မွန်သားဓား၊ ရှစ်ပွင်ကြယ်ဒင်္ဂါးနှင့် ပဒုမ္မာကြာပဝါတို့ကို လုယူဖို့ ကြိုးစားခဲ့ကြသည်။

ထိုပစ္စည်းတွေကို သူ့ ‘မေမေ’ လက်ဆောင်ပေးထားခြင်းဖြစ်ကာ သူ့အတွက် ရတနာတွေလို အဖိုးတန်သည်။ ထို့ကြောင့် သူများတွေကို လုံးဝ မပေးနိုင်ပေ။

ထိုလူနှစ်ယောက် အင်အားသုံးပြီး လုယူဖို့ ကြိုးစားသောအခါ လျို့လန် စိတ်မထိန်းနိုင်တော့ဘဲ စားပစ်လိုက်ပါသည်။ စိတ်ရှုပ်ဖို့ကောင်းကြသော်လည်း အနည်းဆုံးတော့ အရသာရှိကြသည်။

သို့သော် လျို့လန် ဗိုက်မဝသေးပေ။ သူ့ရှေ့က အမျိုးသမီးထံ မျက်လုံးရောက်သွားခဲ့သည်။ ဒီအမျိုးသမီးကလည်း အလွန်အရသာရှိမည့်ပုံပေါက်ပါသည်။

ကလေးလေး မုန့်စားချင်နေသည်ဟု ထင်ပြီး ချင်းလီ မုန့်ဗန်းတစ်ခုကို ယူဆောင်လာခိုင်းခဲ့သည်။

ထိုမုန့်တွေထဲမှာ ရက်တစ်ရာ မူးယစ်ဆေးများ ထည့်သွင်းထားသဖြင့် စားလိုက်သည်နှင့်တစ်ပြိုင်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မည်။

ထိုဗန်းကို ကိုင်ရင်း ချင်းလီ ချော့ပြောလိုက်သည်။

“သားဗိုက်ဆာရင် ဒီမှာ မုန့်တွေရှိတယ်လေ”

လျို့လန်၏ မျက်လုံးများကတော့ ဗန်းကိုကိုင်ထားသည့် ချိုးလီ၏ လက်ပေါ်မှာသာ ရှိနေပါသည်။ သူ့ရင်ထဲ ဆန္ဒတွေ ဆူပွက်လာခဲ့သည်။

‘ငါတကယ် စားချင်လာပြီ…’

သူမကိုယ် သူမ သားရဲကြီးတစ်ကောင်၏ အစာဖြစ်လာလိမ့်မည်ဟု ချင်းလီကတော့ ထင်မထားခဲ့ရှာပေ။ ကလေးလေး ရှက်နေသည် အထင်နှင့် သူမ စိတ်ရှည်လက်ရှည်ထားပြီး ဆက်ချော့လိုက်ပါသည်။

“မရှက်ပါနဲ့၊ သားအိမ်လို့ သဘောထားပြီး စားချင်သလောက်စားနော်”

လျို့လန် ပန်းရောင်သန်းနေသော သူ့မျက်နှာလေးကို စောင်းလိုက်ပြီး မျှော်လင့်ချက်ဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

“တကယ်လား၊ စားချင်သလောက် စားလို့ရတာလား”

‘ဒီလောက်သေးတဲ့ ကလေးလေးက ဘယ်လောက်စားနိုင်မှာမို့လို့လဲ’ ဟု ချိုးလီ တွေးလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေါ့ ဒီမှာစားချင်သလောက် စားလို့ရတယ်၊ စားချင်တာလည်း စားလို့ရတယ်”

လျို့လန် မျက်လုံးများ အရောင်တောက်သွားသည်။ ‘ကမ္ဘာပေါ်မှာ ဒီလောက်ကောင်းတဲ့နေရာတစ်ခု ရှိနေတာလား!’

ဘာကြောင့်မှန်းမသိဘဲ ချင်းလီရုတ်တရက် အန္တရာယ်ရှိသွားသလို ခံစားလိုက်ရဿည်။ ကျင့်ကြံသူတစ်ဦး၏ အန္တရာယ်သိမြင်စိတ်မှ သတိပေးနေသကဲ့သို့ပင်။

သို့သော် ယခု သူမ ဘေးကင်းလုံခြုံသည့် နေရာမှာ ရှိပါသည်။

‘အန္တရာယ် ဘယ်နေရာက ရောက်လာမှာလဲ’

သူမ မျက်လုံးများ ကလေးလေးထံ ရောက်ရှိသွားသည်။

‘ဧကန္တ ကလေးလေးက တစ်ခုခု မူမမှန်တာများလား’

လျို့လန် အားတက်သရော မေးလိုက်သည်။

“အဲ့တာဆို မေမေ့ကို ပြန်မပြောဖို့ ကတိပေးပါလား၊ သူက သားကို လျှောက်မစားခိုင်းဘူး”

ချင်းလီ ရယ်မောလိုက်သည်။ ‘တကယ့်ကလေးလေးပါပဲ’

သူမ အတွေးလွန်နေတာသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကလေးလေး၏ ဦးခေါင်းကို သူမ ပုတ်ပေးလိုက်သည်။

“စိတ်မပူနဲ့နော်၊ သားမေမေကို ပြန်မပြောဘူး”

သူမ ပြန်ပြောလျှင်‌တောင် အရေးကြီးမှာ မဟုတ်ပေ။ သားအမိနှစ်ယောက်စလုံး မကြာခင် သေရတော့မည်။

လျို့လန် စိတ်အေးသွားပါသည်။ သူဗိုက်ဆာနေတာ အတော်ကြာပြီဖြစ်ကာ ဒီနေ့တော့ ဝဝလင်လင်စားနိုင်ပါတော့မည်။ ဗိုက်ဖြည့်ပြီးမှ သူ့ ‘မေမေ’ကို သွားရှာလို့ နောက်မကျနိုင်ပေ။

ချင်းလီ မုန့်ဗန်းကို အနားတိုးပေးလိုက်ပြီး နူးညံ့သိမ်မွေ့သည့် လေသံဖြင့် ဟန်ဆောင်ပန်ဆောင် ပြောလိုက်သည်။

“စားနော်၊ စားလို့ကုန်သွားရင် အများကြီး ထပ်လုပ်ပေးမယ်”

လျို့လန် ပါးစပ်ကို ဖြည်းညှင်းစွာ ဟလိုက်သည်။

ကလေးက ခွံ့ကျွေးခံချင်နေတာဖြစ်မည်ဟု ချင်းလီ ထင်သွားသည်။ အလိုလိုက်ခံထားရသည့်ပုံစံပေါက်သဖြင့် အနည်း ငယ် အမြင်ကပ်သွားသည်။ သို့သော် မြို့စားကြီးပေးအပ်ထားသည့် တာဝန်ဖြစ်သဖြင့် ချင်းလီ သည်းခံလိုက်ပြီး မုန့်တစ်ခုကို ယူကာ သူ့ပါးစပ်နား ကပ်ပေးလိုက်ပါသည်။

သို့သော် ကလေးလေး၏ပါးစပ်က ကျယ်သထက် ကျယ်သထက်… ကျယ်လောင်လာတာကို ချင်းလီ မြင်လိုက်ရသည်။

သာမန်လူတစ်ယောက် ဟနိုင်သည့် အကျယ်မျိုး မဟုတ်တော့ပေ။

ချင်းလီရင်ထဲ ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။ သို့သော် သူမ မတုန့်ပြန်နိုင်ခင် ကလေးလေးက သူမလက်ကို ကိုက်ချပစ်လိုက်ပါသည်။

စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရကာ ချင်းလီ အာ ခေါင်ခြစ် အော်ဟစ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူမ ညာဘက်လက်တစ်ချောင်းလုံး ပျောက်ဆုံးသွားခဲ့ပါပြီ။

ချင်းလီ ကယောင်ချောက်ချားဖြစ်ကာ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ စုစည်းလျက် ကလေးကို အားကုန်တိုက်ခိုက်ဖို့ ကြံရွယ်လိုက်သည်။ သာမန်လူသာဆို ထိုတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ထုတ်ချင်းပေါက်သွားနိုင်သည်။

သို့သော် ထောင်ထျဲက သာမန်လူမဟုတ်ပေ။ ရှေးဟောင်းနတ်သားရဲတစ်ကောင်သာ ဖြစ်သည်။

လောလောဆယ် အားနည်းချည့်နဲ့နေပြီး ခွန်အားတွေ လျော့နည်းနေသော်လည်း နတ်ဝိညာဉ်သန္ဓေအဆင့် အောက်ရှိ ကျင့်ကြံသူတိုင်းကို အလွယ်တကူ အနိုင်ယူပစ်နိုင်စွမ်းတော့ ရှိနေပါသေးသည်။

ထောင်ထျဲက မရှောင်သည့်အပြင် ပါးစပ်ကိုဟပြီး ချင်းလီ၏ ဘယ်ဘက်လက်ကိုပါ ကိုက်ခဲပစ်လိုက်သည်။ လက်တစ်ဖက်လုံးကိုကော ဝိညာဉ်စွမ်းအင်တွေကိုကော ထောင်ထျဲ ဝါးမျိုပစ်လိုက်ပါသည်။

လက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသဖြင့် ချင်းလီ ခုခံဖို့ ခွန်အားမရှိတော့ပေ။ ထောင်ထျဲသားရဲ သူမခန္ဓာကိုယ်ပေါ် ခုန်တက်လာခဲ့သည်။

လျို့လန် မျက်နှာပေါ်မှာ အလွန်မာကျောသည့် အကြေးခွံများပေါ်လာပြီး ကြည်ကြည်လင်လင် မျက်လုံးလေးတွေကလည်း ဆာလောင်နေသော ရွှေရောင်မျဉ်းဖြောင့်များအဖြစ် ပြောင်း လဲသွားခဲ့သည်။

ထို့နောက် အလွန်စူးရှသည့် အစွယ်များကို ဖြဲပြရင်း ပြောလိုက်သည်။

“ကတိပေးထားတယ်လေ၊ ငါစားချင်သလောက် စားလို့ရတယ်ဆို”

ချင်းလီ စိတ်ချောက်ချားစွာ အော်ဟစ်လိုက်သည်။ သို့သော် အသုံးမဝင်ခဲ့ပေ။

သူမ သတိလစ်ခါနီးဆဲဆဲအချိန်တွင် ယန်ရုန်ရုန်၏ သတိပေးစကားကို ပြန်အမှတ်ရသွားခဲ့ပြီး သူမ နားလည်သွားခဲ့ရပါသည်။

ယန်ရုန်ရုန် လေလုံးထွားခဲ့ခြင်းမဟုတ်ဘဲ သူမပြောခဲ့တာတွေအကုန် အမှန်တရားတွေသာ…

သူမတို့အားလုံး သေရပါတော့မည်။

-

ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီး ထျန်းပေကျောင်းတော်ကြီးဆီ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာခဲ့သည်။

ယခု ထျန်းပေကျောင်းတော်ကြီးသို့ ဧည့်သည်တစ်ဦး ရောက်ရှိနေပါသည်။ အခြားသူမဟုတ်ဘဲ ရှမ့်ယွင်ဂိုဏ်း၏ အတွင်းစည်းတပည့်သား ယွင်ကျဲပဲ ဖြစ်သည်။

ချင်းရှားလျှို့ဝှက်နယ်မြေထဲမှ ထွက်လာပြီးကတည်းက ယွင်ကျဲ အလွန်ပိန်ပါးသွားခဲ့သည်။ သူ့မျက်နှာတွေ အလွန် ကြမ်းတမ်းသွားခဲ့ပြီး နေ့ရက်တိုင်းကို စိတ်ဓာတ်ကျစွာ ဖြတ်သန်းခဲ့ရသည်။

ဒါတွေအားလုံးက စန်းချွမ်၏ အနစ်နာခံစတေးမှုကို သူမျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရတာကြောင့်ပင်…

တစ်ချိန်တုန်းက သူအထင်အမြင်သေးခဲ့ဖူးသည့် ရှစ်ကျဲက သူနှင့် တပည့်သား ရောင်းရင်းများကို ကာကွယ်ဖို့အတွက် ရှေးဟောင်းသားရဲကြီးနှင့်အတူတူ ပျောက်ကွယ်သွားခဲ့ရသည်။ သူကတော့ ဘာမှ မစွမ်းဆောင်နိုင်ခဲ့ဘဲ သတ္တိကြောင်စွာ ထွက်ပြေးလာခဲ့ရပါသည်။

နောင်တစိတ်၊ အပြစ်ရှိစိတ်၊ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်စိတ်နှင့် အရှက်ရစိတ်…

ထိုစိတ်များက သူ့ခန္ဓာနှင့်ဝိညာဉ်ကို နေ့နေ့ညည နှိပ်စက်နေခဲ့သည်။ ထို့ကြောင့် ယွင်ကျဲ ဘဝကို အရှုံးပေးလုနီးပါး ဖြစ်နေပါပြီ။ တစ်ချိန်တုန်းကလို စိတ်လက်တက်ကြွခဲ့သည့် လူငယ်တစ်ဦး မဟုတ်တော့ပေ။

သားဖြစ်သူကို ဒီလိုပုံစံမျိုးနှင့် မကြည့်ရက်သဖြင့် ရှမ့်ယွင်ဂိုဏ်းခေါင်းဆောင်ကြီးက လူတွေစေလွှတ်ပြီး သူ့သားကို ထျန်းပေကျောင်းတော်ကြီးသို့ ပို့ဆောင်စေခဲ့သည်။

ထျန်းပေကျောင်းတော်ကြီးရှိ ဆရာကြီးဝူချန်းက သားဖြစ်သူကို လမ်းညွှန်ပြသပေးနိုင်လိမ့်မည်ဟု ဂိုဏ်းခေါင်းဆောင်ကြီး မျှော်လင့်ထားပါသည်။ ဒီခရီးစဉ်ကြောင့် သားဖြစ်သူ စိတ်တွေကြည်လင်ရှင်းလင်းသွားလိမ့်မည်ဟု မျှော်လင့်ထားသည်။

ယွင်ကျဲနှင့် ဆရာကြီးဝူချန်း စကားပြောနေစဉ် တံခါးခေါက်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဝူချန်း စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး အပြင်ကလူကို ဝင်ခွင့်ပြုလိုက်သည်။

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ တပည့်သားတစ်ဦး ဝင်ရောက်လာပြီး လက်အုပ်ချီလျက် ဂါဝရပြုလိုက်သည်။

“ဆရာကြီး၊ ကျောင်းတော်ထံကို ခေါင်းနှစ်လုံးငှက်တစ်ကောင် ပျံသန်းလာပြီး စာတစ်စောင် ပို့ဆောင်လာပါတယ်”

ထိုစကားလုံးတွေကို ကြားသောအခါ စိတ်ဓာတ်ကျနေသည့် ယွင်ကျဲ ရုတ်တရက် ‌ခေါင်းထောင်သွားခဲ့သည်။

“အဲ့ဒီငှက် ဘယ်မှာလဲ!”

ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်က သာမန်ငှက်မဟုတ်ပေ။ အလွန်ရှားပါးသည့် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်။ ယခု ထျန်းပေကျောင်းတော်ကြီးကို ရောက်ရှိလာသည့် ငှက်က ချင်းရှားလျှို့ဝှက်နယ်မြေထဲ သူတို့ ဆုံခဲ့ရသည့် ငှက်နှင့် အတူတူပဲ ဖြစ်နေမလား ယွင်ကျဲ တွေးမိသည်။

ဒီလိုသာဆို ထိုငှက်ကြီး လျှို့ဝှက်နယ်မြေအတွင်းမှ အသက်ရှင်လျက်ထွက်လာနိုင်ခဲ့သည့်သဘောပင်။

‘ငှက်ကြီး အသက်ရှင်နေသေးရင်… စန်းချွမ်လည်း အသက်ရှင်နိုင်ချေရှိတဲ့သဘောလား…’

ထိုအတွေးဖြင့် ယွင်ကျဲ ရင်ထဲ စည်တော်ကြီးတီးခတ်လိုက်သကဲ့သို့ တုန်ယင်သွားခဲ့သည်။ သူအလွန် စိတ်လှုပ်ရှားသွားခဲ့ပါသည်။

တပည့်သားက ဆရာကြီးဝူချန်းကို ကြည့်လိုက်သည်။ ဆရာကြီးဝူချန်း ခေါင်းညိတ်ပြလိုက်သည်ကို မြင်မှ သူပြန်ဖြေလိုက်ပါသည်။

“အဲ့ဒီငှက်ကြီး အခု မဉ္ဇူသီရိခန်းမရှေ့မှာ ရောက်…”

သူစကားဆုံးအောင် မပြောနိုင်ခင် ယွင်ကျဲ လေလိုအလျှင်ဖြင့် ပြေးထွက်သွားခဲ့သည်။

ဆရာကြီးဝူချန်းလည်း ဖြည်းညှင်းစွာ ထလိုက်သည်။

“ငါတို့လည်း သွားကြည့်ကြရအောင်”

တပည့်သား လေးစားသမှုဖြင့် နာခံလိုက်ပါသည်။

“ဟုတ်ကဲ့ပါ”

All Chapters