အခန်း (၃၄)
Vol. 4 Ch. 34
ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး ရုတ်တရက် ရောက်ရှိလာမှုကြောင့် ထျန်းပေကျောင်းတော်ကြီးတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားခဲ့ကြသည်။ ဗုဒ္ဓကျင့်စဉ်တပည့်သားများစွာ ရောက်ရှိလာကြပြီး ငှက်ကြီးကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေကြပါသည်။
မဉ္ဇူသီရိခန်းမရှေ့သို့ ယွင်ကျဲ ရောက်ရှိလာသောအခါ လူတွေအများကြီး စုပြုံနေကြလေပြီ။ ခေါင်းနှစ်လုံး ရွှမ်နျောင် ငှက်ကြီးကလည်း လူတွေအများကြီး ဝိုင်းကြည့်ခံရတာကို သဘောမကျသည့်ဟန်ဖြင့် အမြီးကို ဒေါသတကြီး လှုပ်ရမ်းနေပါသည်။
ယွင်ကျဲကို မြင်သောအခါ လျှို့ဝှက်နယ်မြေထဲမှာ သူ့ငှက်ပေါက်လေးကို အနိုင်ကျင့်ခဲ့သည့်လူဖြစ်မှန်း ရွှမ်နျောင်ငှက်ကြီး ချက်ချင်း မှတ်မိသွားခဲ့သည်။ ထို့ကြောင့် ဧရာမ အတောင်နှစ်ဖက်ကို ခတ်လျက် လေပြင်းများပစ်လွှတ်လိုက်ပါသည်။
ထိုလေပြင်းများကြောင့် ယွင်ကျဲ လွင့်ထွက်သွားပြီး မြေကြီးပေါ် လဲကျသွားခဲ့သည်။
သို့သော် ဒေါသထွက်ရမည့်အစား ယွင်ကျဲ အလွန်ပျော်ရွှင်သွားခဲ့ပါသည်။ မြေကြီးပေါ်မှာထိုင်ရင်း မျက်လုံးများ နီမြန်းသွားသည်အထိ အရူးတစ်ယောက်လို အော်ရယ်နေခဲ့သည်။
ဆရာကြီးဝူချန်းနှင့် တပည့်သားတို့ ရောက်ရှိလာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ကြရသည်။ ယွင်ကျဲ ခေါင်းထိသွားခြင်း ဖြစ်မည်ဟု အားလုံးထင်နေကြချိန်တွင် ဆရာကြီးဝူချန်းတစ်ဦးတည်းသာ အမှန်တရားကို နားလည်ခဲ့သည်။
ဒီလူငယ် ပျော်ရွှင်ဝမ်းမြောက်နေရခြင်းက ပျောက်ဆုံးသွားပြီဟု ထင်မှတ်ထားသည့် ရတနာတစ်ပါးကို ပြန်လည်ရှာတွေ့ခဲ့ခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။
ယွင်ကျဲကို ထူပေးလိုက်ဖို့ တပည့်သားများကို ဆရာကြီးဝူချန်း အမိန့်ပေးလိုက်သည်။
ယွင်ကျဲ ရယ်လည်းရယ် ငိုလည်းငိုရင်း စိတ်တွေထိန်းချုပ်မရတော့ပေ။
“ဆရာကြီး! အဲ့ဒီငှက်ကြီး အသက်ရှင်နေသေးတယ်! ကျွန်တော့်ကိုလည်း မှတ်မိနေသေးတယ်! ရှစ်ကျဲစန်းချွမ်လည်း အသက်ရှင်နိုင်ချေ ရှိသေးတယ်! ဝမ်းသာစရာပဲ!”
ဝူချန်းအပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းမှုကို လုပ်ရင် ကောင်းကျိုးကို ခံစားရမှာပါပဲ၊ မင်းရဲ့ ရှစ်ကျဲက အနာဂတ်မှာ သက်ရှည်ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမှာပါ”
ယွင်ကျဲ မျက်ရည်များကိုသုတ်ရင်း အရူးလို သွားဖြီးနေပါသည်။
“ကျိန်းသေတာပေါ့!”
ဒီလူသားကျင့်ကြံသူ ဘာကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်နေမှန်း ရွှမ်နျောင်ငှက်ကြီး နားမလည်နိုင်ပေ။
ယွင်ကျဲကို ဆက်ဆုံးမချင်သော်လည်း ဘေးနားရှိ ကတုံးအဘိုးကြီးက ကျင့်ကြံခြင်းအဆင့် အတော်မြင့်မားမည့်ပုံစံဖြစ်သဖြင့် သူယှဉ်နိုင်စွမ်း မရှိလောက်ပါ။ ထို့ကြောင့် ယွင်ကျဲကို ဆုံးမချင်စိတ်များ မနည်းချုပ်တည်းထားလိုက်ရပါသည်။
တပည့်သားတစ်ဦးက အဖြူရောင်အဝတ်စတစ်စကို ယူလာခဲ့ပါသည်။
“ခေါင်းနှစ်လုံးငှက်ကြီး ယူဆောင်လာတဲ့ စာကဒီစာပါ။ စစ်ဆေးကြည့်ပေးပါဦး ဆရာကြီး”
ဝူချန်း အဝတ်စကိုယူကာ သေချာဖြန့်ကြည့်လိုက်သည်။ ထိုအဝတ်စပေါ်မှာ သွေးနှင့် ရေးသားထားသော စာတချို့ ပါလာပါသည်။ ထိုစာကို ဖတ်ရှုပြီးနောက် ဆရာကြီးဝူချန်း အနည်းငယ် သုန်မှုန်သွားခဲ့သည်။
“ကျင်းချွီမြို့မှာ မကောင်းတာ တစ်ခုခုဖြစ်နေပြီထင်တယ်”
မျှော်လင့်တကြီးကြည့်နေသည့် ယွင်ကျဲကို မြင်သောအခါ ဆရာကြီးဝူချန်း အဝတ်စကို ကမ်းပေးလိုက်ပါသည်။
သွေးနှင့်ရေးသားထားသည့် စာတွေကို မြင်ပြီး ယွင်ကျဲ ချောက်ချားသွားခဲ့ကာ စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
“ဒါ…ဒါ… ရှစ်ကျဲစန်းချွမ်ရဲ့ လက်ရေးပဲ! သူအန္တရာယ်ရှိနေပြီ!”
ကျင်းချွီမြို့သို့ သူချက်ချင်း သွားချင်ခဲ့သည်။ သို့သော် ဆရာကြီးဝူချန်းက တားဆီးခဲ့ပြီး စိတ်ငြိမ်ငြိမ်ထားဖို့ ဆုံးမခဲ့ပါသည်။
“ကျင်းချွီမြို့စားကြီး ချမ့်ထုံရှန်းက နတ်ဝိညာဉ်သန္ဓေအဆင့်ရှိတဲ့ ကျင့်ကြံသူပဲ၊ မင်းတစ်ယောက်တည်းသူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့အတူ လိုက်ခဲ့ဖို့ တပည့်သားနှစ်ယောက်ကို ငါစေလွှတ်ပေးမယ်၊ ပြီးတော့ မင်းရှစ်ကျဲနဲ့ ပတ်သတ်တဲ့ ကိစ္စဆိုတော့ မင်းတို့ရှမ့်ယွင်ဂိုဏ်းကို အသိပေးဖို့ ရည်ရွယ်ထားသေးလား”
ဝူချန်း၏ စကားကိုကြားမှ အလွန်အရေးကြီးသည့်ကိစ္စတစ်ခုကို ယွင်ကျဲ သတိရသွားခဲ့ပါသည်။ ဆက်သွယ်ရေး အဆောင်တစ်ခုကို အမြန်ထုတ်လိုက်ပြီး ရှစ်ကျဲစန်းချွမ် အသက်ရှင်နေသေးသည့်အကြောင်းကို ဦးလေးရှန်းအား အမြန်အကြောင်းကြားလိုက်သည်။
ယွင်ကျဲ အသိစိတ်ပြန်ကပ်နေပြီဖြစ်သဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ပြန်လည်ပြည့်ဝလာခဲ့ပါပြီ။ သူအဓိပ္ပာယ်ကောက် မှားယွင်းသွားခဲ့ပါက ဦးလေးရှန်းကို မျှော်လင့်ချက်အတုအယောင်များ ပေးလိုက်မိသလို ဖြစ်သွားမှာကိုလည်း စိတ်ပူမိပါသေးသည်။
ထို့ကြောင့် ယွင်ကျဲ အကြံပြုလိုက်သည်။
“ဦးလေးရှန်း၊ ကျင်းချွီမြို့ကို ကျွန်တော်အရင်သွားပြီး အခြေအနေတွေ အကဲခတ်ကြည့်လိုက်မယ်၊ ရှစ်ကျဲအဲ့မှာ တကယ်ရှိနေတယ်ဆိုရင် ဦးလေးရှန်းကို အသိပေးမယ်၊ မရှိဘူးဆိုရင်တော့ ဦးလေးရှန်း အပင်ပန်းခံစရာမလိုတော့ဘူးပေါ့”
“မလိုဘူး၊ ငါကိုယ်တိုင် သွားရှာမယ်”
ထို့နောက် ရှန်းဝမ်ချင်း ဆက်သွယ်ရေးအဆောင်ကို မဆိုင်းမတွ ဖြတ်တောက်ပစ်လိုက်သည်။
ယွင်ကျဲလည်း ရွေးချယ်စရာမရှိတော့ဘဲ ဗုဒ္ဓရုပ်ပွားတော်ကို အမြန်အဆန် ဦးချလျက် မျှော်လင့်ထားသမျှ မမှား ယွင်းဖို့၊ ရှစ်ကျဲစန်းချွမ်အမှန်တကယ် အသက်ရှင်နေသေးဖို့ ဆုတောင်းခဲ့ပါသည်။
ထို့နောက် ယွင်ကျဲနှင့် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ တပည့်သားနှစ်ဦးတို့ ကျင်းချွီမြို့သို့ ချက်ချင်းထွက်ခွာလာခဲ့တော့သည်။
-
မြို့စားကြီး၏ စံအိမ်အတွင်း အားလုံး ဗရုတ်သုက္ခဖြစ်နေပါပြီ။
ချင်းလီကို စားသောက်ပြီးနောက် လျို့လန် ခွန်အားတွေ အနည်းငယ်ပြန်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
ဗိုက်မဝသေးဟန်ဖြင့် သူ့လက်သည်းများကို လျက်လိုက်ပြီး တံခါးအပြင်ဘက်မှာ စောင့်နေသည့် လက်နက်အပြည့်အစုံနှင့် ကျင့်ကြံသူများကို လှည့်ကြည့်လိုက်သည်။
ချမ့်ထုံရှန်းက စည်းစိမ်မြောက်များစွာကို အကုန်အကျခံပြီး ကျင့်ကြံသူပေါင်းများစွာကို ငှားရမ်းထားခဲ့သည်။ သို့သော် ထိုလူတွေ အားလုံး စုပေါင်းလိုက်လျှင်တောင် ဒီရှေးဟောင်းသားရဲကြီးကို ယှဉ်နိုင်စွမ်းရှိမည် မထင်ပေ။ ဒီတိုင်းသာဆိုလျှင် စံအိမ်တစ်ခုလုံး ဝါးမျိုခံရပါတော့မည်။
စံအိမ်ထဲက လူတွေအားလုံး စိတ်ချောက်ချားနေကြပါပြီ။ သို့သော် ချမ့်ထုံရှန်းကတော့ တည်ငြိမ်နေဆဲပင်။ သားရဲကြီးကို ကြည့်ရင်း ချမ့်ထုံရှန်း သေသေချာချာ ပြန်စဉ်းစားခဲ့သည်။ သို့သော် ဒီလိုသတ္တဝါမျိုး သူတစ်ခါမှ မမြင်ဖူးမှန်း သေချာပါသည်။
အမည်ကို မသိသော်လည်း အပြုအမူကို ကြည့်ခြင်းအား ဖြင့် ကောင်းမွန်သည့် သတ္တဝါမဟုတ်မှန်း နားလည်ခဲ့ရသည်။ ထို့ကြောင့် ခွန်အားထက် ဉာဏ်ရည်ကို အသုံးပြုခြင်းက သက်ရောက်မှု ပိုရှိနိုင်ပါလိမ့်မည်။
ချမ့်ထုံရှန်း မေးလိုက်သည်။
“မင်းအမေကို မတွေ့ချင်ဘူးလား၊ မင်းအမေ ဘယ်မှာလဲ ငါသိတယ်”
ထိုစကားကြားသောအခါ လျို့လန် သူ့ကို ချက်ချင်း လှည့်ကြည့်လိုက်ပါသည်။
“မေမေ ဘယ်မှာလဲ”
‘ထင်တဲ့အတိုင်းပဲ… ဒီမကောင်းဆိုးဝါးက အဲ့ဒီမိန်းမကို လာရှာတာကိုး’
ချမ့်ထုံရှန်း ယုံကြည်ချက် ပြည့်ဝသွားခဲ့သည်။ ထို့နောက် ဖော်ဖော်ရွေရွေအပြုံးဖြင့် သူချော့ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့လေ၊ သူ့ဆီ ခေါ်သွားပေးမယ်”
အရသာရှိမည့်ပုံစံနှင့် ထို‘ခြေနှစ်ချောင်းသိုး’ကို လျို့လန် စိုက်ကြည့်လိုက်ပြီး မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သို့သော် ဆာလောင်စိတ်များကို အမြန်ချုပ်တည်းလိုက်ပါသည်။
သူ့မေမေကို အရင်ရှာဖွေရမည်။ အစားအသောက်တွေက အများကြီး ရှိသော်လည်း မေမေကတော့ တစ်ယောက် တည်းသာရှိသည်။ ထို့ကြောင့် အစားအသောက်တွေထက် မေမေက ပိုအရေးကြီးပါသည်။
သားရဲကြီး ငါးစာဟပ်လာသည်ကို မြင်ပြီး ချမ့်ထုံရှန်း ရင်ထဲမှ လှောင်ပြောင်လိုက်ပါသည်။ သို့သော် သူ့မျက်နှာပေါ်မှ အပြုံးကတော့ ပိုမိုတောက်ပလာခဲ့သည်။
“သွားကြစို့လေ၊ အခုချက်ချင်းသွားရှာကြမယ်”
ထောင်ထျဲသားရဲ လေးဖက်ထောက်ကာ ချမ့်ထုံရှန်းထံ လျှောက်လာခဲ့သည်။ လူတွေအားလုံး ကြောက်လန့်တ ကြား နောက်ဆုတ်ကုန်ကြပါသည်။
ချမ့်ထုံရှန်းလည်း စက်ဆုပ်ရွံရှာမှုကို ချုပ်တည်းရင်း လမ်းပြခေါ်ဆောင်သွားခဲ့သည်။
ချမ့်ထုံရှန်း အလွန်အားနည်းနေပြီဖြစ်ကာ အနည်းငယ် လမ်းလျှောက်လိုက်ရုံနှင့် မောဟိုက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် လျှို့ဝှက်နေရာဆီရောက်ရှိဖို့ မဝေးလှပါ။ လျှောက်လမ်းတံခါးကို တွန်းဖွင့်လိုက်ပြီး လျို့လန်အား ချမ့်ထုံရှန်း လှည့်ပြောလိုက်သည်။
“မင်းအမေ ဟိုးနားက အခန်းထဲမှာ စောင့်နေတယ်၊ အဲ့ဒီအခန်းထဲ ဝင်သွားရင် မင်းအမေကို တွေ့လိမ့်မယ်”
လျို့လန် မလှုပ်ရှားသေးပေ။ သူ့ရွှေရောင်မျက်လုံးများဖြင့် ချမ့်ထုံရှန်းကို စိုက်ကြည့်နေပြီး ယုံကြည်ရကောင်း မယုံ ကြည်ရကောင်း သုံးသပ်နေသည့်ပုံစံပေါက်သည်။
‘ဒီသတ္တဝါက ဦးနှောက်မရှိတာတော့ မဟုတ်ဘူးပဲ’ ချမ့်ထုံရှန်း တွေးလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ ချန့်ခွင်းအိတ်တစ်လုံးကို ထုတ်ပြလိုက်ပါသည်။
“ဒီမှာကြည့်၊ ဒါမင်းအမေရဲ့ အိတ်မလား”
ထိုအိတ်ကို ထောင်ထျဲသားရဲထံသို့ ပစ်ပေးလိုက်သည်။
လျို့လန်လက်သည်းဖြင့် ဖမ်းလိုက်ပြီး ခေါင်းငုံ့ကာ အနံ့ခံလိုက်သည်။ အမှန်တကယ်ပဲ သူ့မေမေ၏ ရနံ့ကိုရသည်။ ထောင်ထျဲ ထိုအိတ်ကို ပွတ်သပ်လိုက်ပြီး ပါးစပ်ဟလျက် မျိုချလိုက်လေသည်။
ချမ့်ထုံရှန်း ပြုံးသွားသည်။
“တွေ့လား၊ ငါမင်းကို မလိမ်ဘူး၊ မင်းအမေ အထဲမှာ တကယ်ရှိတယ်”
ဒီတစ်ခါတော့ လျို့လန် မတွန့်ဆုတ်တော့ဘဲ လျှောက်လမ်းထဲဝင်သွားခဲ့ပါသည်။ ချမ့်ထုံရှန်း လိုက်မသွားဘဲ အပြင်ဘက်မှာ ရပ်ကာ လျို့လန်အား အော်ပြောလိုက်သည်။
“အဲ့အတိုင်းဆက်သွား! လမ်းဆုံးမှာရှိတဲ့ တံခါးကို တွန်းဖွင့်လိုက်ရင် မင်းအမေကို မြင်ရလိမ့်မယ်!
လျို့လန် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသော အခါ ချမ့်ထုံရှန်း လှောင်ပြုံးပြုံးလိုက်သည်။
“မင်းအမေလို မင်းလည်း ငတုံးပဲ!”
ထို့နောက် တံခါးကို ဆွဲပိတ်လိုက်ပြီး အနက်ရောင်ကျောက်စိမ်း အစီအရင်ချပ်ပြားတစ်ခုကို ထုတ်လိုက်သည်။ ထိုချပ်ပြားပေါ်မှာ ရှုပ်ထွေးသည့် သင်္ကေတများနှင့် ဖုံးလွှမ်းနေပြီး အလယ်တည့်တည့်မှာ စက်ဝိုင်းသဏ္ဌာန် ချိုင့်ကွက်လေးတစ်ခု ရှိနေပါသည်။ ထို ‘ပညာရှင်’ချန်ထားပေးခဲ့သည့် ရတနာတစ်ခုလည်း ဖြစ်သည်။
လျှို့ဝှက်အခန်းထဲတွင် သွေးယုတ်စည်းဝိုင်းကွက်များ ခင်းကျင်းထားသည်။ ထိုစည်းဝိုင်းများကို အသက်သွင်းဖို့အတွက် ဒီချပ်ပြားက သော့ချက်ဖြစ်ပါသည်။ စည်းဝိုင်းများအသက်ဝင်လာသည်နှင့် သားရဲကောင်နှင့်အတူတူ ကလေးတွေအားလုံး မသေဆေးလုံးအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ကလေး ၉၉ ဦးလိုအပ်သည်ဟု ထို ‘ပညာရှင်’က ပြောကြားခဲ့သည်။ သို့သော် လူသားဖြစ်ရမည်ဟု မပြောခဲ့ပါ။ ထိုသားရဲ၏ အမျိုးအစားကို ချမ့်ထုံရှန်း မသိသော်လည်း အရွယ်အစားကို အကဲခတ်ကြည့်ရသလောက်တော့ သားပေါက်တစ်ကောင်ဖြစ်နိုင်ပါသည်။ သားပေါက်ဆိုသည်မှာလည်း ကလေးတစ်ဦးပင်။
အရေးအကြီးဆုံးက ချမ့်ထုံရှန်းမှာ အချိန်သိပ်မကျန်တော့ပါ။ သူ့သက်တမ်းကို တိုးချဲ့ဖို့အတွက် မသေဆေးလုံးကို အသည်းအသန်လိုအပ်နေပါပြီ။ သူအချိန်ထပ်မစောင့်နိုင်တော့ပေ။
ထို့ကြောင့် လက်ချောင်းတစ်ချောင်းကို သွားဖြင့်ကိုက်ကာ ချပ်ပြားပေါ်ရှိ ချိုင့်ကွက်လေးထဲ သွေးစက်တွေ ညှစ်ချလိုက်ပါသည်။ ချပ်ပြားပေါ် သွေးစက်များကျသွားသောအခါ မှေးမှိန်နေသည့် သင်္ကေတများ အရောင် တောက်လာခဲ့သည်။
ချပ်ပြားပေါ် သွေးကြာများကဲ့သို့ ရှုပ်ထွေးနီရဲသော အလင်းကြောင်းများ ယှက်ဖြာလာသည်မှာ ကြက်သီးထဖွယ် ကောင်းလွန်းလှသည်။
သွေးယုတ်စည်းဝိုင်းကွက်ကြီး အသက်ဝင်လာခဲ့ပါပြီ။