← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

ငှက်ပေါက်လေး အတောင်ပံကို အသည်းအသန်ခတ်ရင်း အကျဉ်းထောင်ထဲ သုတ်သုတ်ပျာပျာ ဝင်လာခဲ့သည်။ ထို့နောက် အကျဉ်းခန်းတံခါးရှေ့ကပ်ကာ စူးစူးဝါးဝါး အော်ပြောလိုက်ပါသည်။

“စနစ်ပိုင်ရှင်! ဒုက္ခတော့ရောက်ပြီ! စနစ်ပိုင်ရှင်ရဲ့သား မြို့စားစံအိမ်ထဲကို ရောက်လာပြီ!”

ယန်ရုန်ရုန်ခေတ္တကြက်သေသေသွားခဲ့ကာ ‘သား’ဟူသည်မှာ ဘယ်သူ့ကို ဆိုလိုမှန်း နားလည်သွားခဲ့ပါသည်။ ထို့ကြောင့် သူမ ခက်ထန်စွာ သတိပေးလိုက်သည်။

“သူက ငါ့သားမဟုတ်ဘူးဟဲ့! ငါ့လို လူသားစစ်စစ်က ထောင်ထျဲသားရဲတစ်ကောင်ကို ဘယ်လို မွေးပေးရမှာလဲ နည်းနည်းပါးပါး စဉ်းစားပါဦး!”

ငှက်ပေါက်လေး စိတ်ဖိစီးစွာ ပြောလိုက်သည်။

“အဲ့တာတွေ စိတ်ပူမနေစမ်းပါနဲ့! ခုနက စံအိမ်ထဲ ထောင်ထျဲသားရဲ ဝင်လာပြီး ချင်းလီကို စားပစ်လိုက်တာ ကျွန်ုပ်မြင်ခဲ့ရတယ်!”

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“တွေ့လား ငါသတိပေးခဲ့သားပဲ၊ သူမှ နားမထောင်တာ၊ အခုမှ နောင်တရဖို့ နောက်ကျသွားပြီ”

ယန်ရုန်ရုန်၏ စကားကို ငှက်ပေါက်လေး ဂရုမစိုက်အားဘဲ ဆက်ပြောလိုက်ပါသည်။

“ချင်းလီသေသွားတော့ ချမ့်ထုံရှန်း ရောက်လာပြီး အဲ့ဒီငတုံးကောင် လျို့လန်ကို လှည့်စားပြီး ခေါ်သွားတယ်”

ထိုစကားကိုကြားမှ ယန်ရုန်ရုန် တည်တံ့သွားခဲ့သည်။

“လျို့လန်ကို ဘယ်ခေါ်သွားတာလဲ”

“စံအိမ်အနောက်ဘက်မှာရှိတဲ့ လျှို့ဝှက်နေရာတစ်ခုပဲ၊ အဲ့ဒီနေရာမှာ အကာအရံတစ်ခုရှိလို့ ကျွန်ုပ်ဖြတ်သွားလို့ မရဘူး၊ ဒါပေမယ့် ကလေးတွေအကုန်လုံးကို အဲ့ဒီထဲမှာ ဖမ်းထားတယ်လို့ ခန့်မှန်းမိတယ်”

ယန်ရုန်ရုန် မျက်နှာပျက်သွားခဲ့သည်။

“ချမ့်ထုံရှန်းကကော”

“သူက အပြင်ဘက်မှာပဲ ရှိနေတာ၊ သူ့လက်ထဲက အနက်ရောင်ကျောက်စိမ်းပြားတစ်ခုပေါ် သွေးတွေ ညှစ်ချနေတာ မြင်ခဲ့တယ်၊ ကြည့်ရတာ မကောင်းတဲ့အရာတစ်ခုခုကို အသက်သွင်းနေသလိုပဲ၊ မျက်နှာပေါ်မှာလည်း လူယုတ်မာအပြုံးနဲ့…၊ မကောင်းတာတစ်ခုခုလုပ်ဖို့ ကြံနေတာ သေချာတယ် စနစ်ပိုင်ရှင်! ကျွန်ုပ်တို့ အမြန်တားမှ ဖြစ်မယ်!”

သို့သော် ယန်ရုန်ရုန်၏ အခြေအနေကို ငှက်ပေါက်လေး သတိရသွားခဲ့သည်။ သူမကိုယ်သူမပင် မကယ်တင်နိုင်သေးသဖြင့် ချမ့်ထုံရှန်းကို တားဆီးဖို့ မဖြစ်နိုင်လှပေ။ ထို့ကြောင့် ငှက်ပေါက်လေး စိတ်ဓာတ်ကျသွားခဲ့ပါသည်။

ချမ့်ထုံရှန်း ဘာတွေကြံစည်နေသလဲ ယန်ရုန်ရုန် မသိပေ။ သို့သော် ချမ့်ထုံရှန်းထက် ထောင်ထျဲသားရဲကို သူမ ပိုကြောက်ရွံ့ပါသည်။

ထိုသတ္တဝါက စွမ်းအားအကြီးဆုံး ရှေးဟောင်းသားရဲမျိုးနွယ်စုလေးစု၏ အနွယ်ဝင်ဖြစ်သည်။ ဦးနှောက်ပျက်နေလျှင်ပင် သာမန် သားရဲတွေထက် အဆပေါင်းများစွာ စွမ်းအားကြီးမားလိမ့်မည်။ ချမ့်ထုံရှန်း၏ လုပ်ရပ်ကြောင့် ထောင်ထျဲသားရဲ သေနိုင်မှာ မဟုတ်သော်လည်း အမျက်ဒေါသ အလွန် ကြီးမားသွားနိုင်ပါသည်။

ထောင်ထျဲသားရဲတစ်ကောင် အမျက်ဒေါသကြီးမားသည့်အခါ ကပ်ဆိုက်သွားလိမ့်မည်။

ယန်ရုန်ရုန်၏ အတွေးများကို အတည်ပြုလိုက်သည့်အလား ကြောက်စရာကောင်းသည့် သားရဲဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေကြီးတွေပါ တုန်ယင်သွားခဲ့သည်။ ယန်ရုန်ရုန် ကြမ်းပြင်ကို လက်ဖြင့်ထောက်ကာ လဲကျမသွားအောင် အမြန်ထိန်းလိုက်ရပါသည်။

ငှက်ပေါက်လေးလည်း စိတ်ချောက်ချားသွားသည်။

“အဲ့တာ ဟိုငတုံးကောင်ရဲ့အသံပဲ! သူရူးသွပ်သွားမှာတော့ မဟုတ်လောက်ပါဘူးနော်”

ယန်ရုန်ရုန် စိတ်တွေလေးလံသွားခဲ့သည်။ သူမက ထောင်ထျဲသားရဲနှင့် သခင်-အစေခံ စာချုပ်ကို ချုပ်ဆိုထားသူဖြစ်သည်။

ထို့ကြောင့် ထောင်ထျဲသားရဲ စိတ်လွတ်သွားပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်မိပါက အပြစ်ဒဏ်တွေ သူမခေါင်းပေါ်သာ ကျလာပါလိမ့်မည်။ ကောင်းကင်ဘုံ၏ ငြှိုးတေးမှုကိုခံရပြီး ကောင်းကင်ဘုံ မိုးကြိုးများဖြင့် ဒဏ်ခတ်ခြင်းကို ထပ်ခံရမှာ သေချာပါသည်။

ထိုသို့ ဒဏ်ခတ်ခံရသည့်အခါ သူမ၏ကျင့်ကြံခြင်း ခရီးလမ်းက အလွန်ခက်ခဲသွားလိမ့်မည်။

ယန်ရုန်ရုန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ စောင့်နေလို့ မဖြစ်တော့ပေ။ အခုချက်ချင်း လှုပ်ရှားမှ ဖြစ်ပါတော့မည်။

အတိတ်ပြန်စည်းဝိုင်းကို ခင်းကျင်းပြီးသွားပါပြီ။ Plan B အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း ယခုက မသုံးမဖြစ် အခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။ သူမဝိညာဉ်စွမ်းအင်တွေ ဖိနှိပ်ခံထားရသဖြင့် အစီအရင်ကို အသက်သွင်းဖို့ အခြားနည်းလမ်း ရှာဖွေရပါတော့မည်။

ဥပမာအားဖြင့် ဝိညာဉ်စွမ်းအင်အစား သူမ၏ အသက်စွမ်းအင်ကို အစားထိုး အသုံးချထိုင်သည်။

စည်းဝိုင်း၏ အလယ်တွင် ယန်ရုန်ရုန် တင်ပလ္လင်ခွေကာ ထိုင်လျက် လျှာထိပ်ကို ကိုက်လိုက်ပြီး သွေးကို လက် ချောင်းဖြင့်ယူကာ နဖူးပေါ် သုတ်လိုက်သည်။ ထိုသွေးစက်ကြောင့် ဖြူရောင်နေသည့် သူမ မျက်နှာလည်း ပြန်လည် တောက်ပလာခဲ့သည်။ ထို့နောက် လက်သင်္ကေတတွေပြုရင်း မန္တန်များ စတင်ရွတ်ဆိုလေတော့သည်။

သူမ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအင်များ တစ်စတစ် စ ထွက်ခွာသွားပြီး အောက်ဘက်ရှိ အတိတ်ပြန်စည်းဝိုင်းထဲ ဝင်ရောက်သွားသည်ကို ခံစားနေရသည်။

ကြမ်းပြင်ပေါ်မှာ သွေးနှင့် ရေးဆွဲထားသည့် စည်းဝိုင်းကြီးလည်း အသက်ဝင်လာခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ ယန်ရုန်ရုန်၏ ဘေးပတ်လည်ရှိ လေထုများ စတင်တွန့်ခါလာခဲ့သည်။

အကျဉ်းခန်းအပြင်ဘက်မှ ငှက်ပေါက်လေးလည်း ပုံမှန်မဟုတ်သည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် အော်မေးလိုက်သည်။

“စနစ်ပိုင်ရှင် ဘာတွေလုပ်နေတာလဲ”

ယန်ရုန်ရုန်ထံမှ အဖြေမကြားရပေ။ ငှက်ပေါက်လေး စိတ်ပိုချောက်ချားသွားခဲ့ပြီး ထပ်မေးလိုက်ပါသည်။

“စနစ်ပိုင်ရှင် ဘာလုပ်နေတာလဲလို့၊ စကားပြောတာ မရပ်လိုက်နဲ့လေ!”

တံခါးအောက်ဘက်မှ ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာသည်။ တစ်ချိန်က မချိုးဖျက်နိုင်အောင် မာကျောခဲ့သည့် အကျဉ်းခန်းတံခါးကြီး ရုတ်တရက် တုန်ယင်လာလေသည်။ အလွန်အားကောင်းပြီး ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို ငှက်ပေါက်လေး ခံစားမိသွားပြီး ရုတ်တရက် သဘောပေါက်သွားခဲ့ပါသည်။

“စနစ်ပိုင်ရှင် အတိတ်ပြန်စည်းဝိုင်းကို အသက်သွင်းလိုက်တာလား!”

တံခါးအနောက်ဘက်မှ ယန်ရုန်ရုန်၏ တိုးညှင်းခြောက်သွေ့ သောအသံ ထွက်ပေါ်လာခဲ့သည်။

“ဝေးဝေးကိုသွား”

ငှက်ပေါက်လေး အတောင်ပံခတ်ပြီး အကျဉ်းထောင်ထဲမှ ထွက်ပြေးလာခဲ့သည်။ စက္ကန့်ပိုင်းခန့်ကြာပြီးနောက် မိုးခြိမ်းသံနီးပါး ကျယ်လောင်သည့် အသံနက်ကြီးတစ်သံထွက်ပေါ်လာပြီး အကျဉ်းထောင်တစ်ခုလုံး ပေါက်ကွဲသွားခဲ့တော့သည်။

ပေါက်ကွဲမှုက အားကောင်းလွန်းသဖြင့် တံခါးများ၊ ပြူတင်းပေါက်များနှင့် ကျောက်တုံးအစိုင်အခဲများ နေရာပေါင်းစုံသို့ လွင့်စင်သွားခဲ့သည်။ ထို့နောက် အပျက်အစီးများကြားထဲမှ လူတစ်ယောက် ထွက်လာခဲ့ပါသည်။

ထိုလူက ယန်ရုန်ရုန်ပင်။

ယန်ရုန်ရုန် မူလအသွင်ကို ပြန်လည်ပြောင်းလဲသွားပြီဖြစ်ကာ ကျော့ရှင်းသည့် မျက်ခုံးများ၊ ဇာမဏီငှက်လို မျက်လုံးများ၊ နှင်းလိုဖြူဖွေးသည့်အသားအရည်၊ နှင်းဆီလို နီရဲသည့် နှုတ်ခမ်းဖူးတို့ကို ပြန်လည် ပိုင်ဆိုင်လိုက်ရလေပြီ။ သူမ နဖူးပေါ်ရှိ ကြက်သွေးရောင်အမှတ်အသားမှာ မီးတောက်ကြာပွင့်နီတစ်ပွင့်နှင့် တူညီလှသည်။

သူမ ခန္ဓာကိုယ်မှ ပြင်းထန်အားကောင်းသည့် ဖိအားတစ်ခု ဖြာထွက်နေသဖြင့် သူမကို မျက်လုံးချင်းဆုံအောင် ကြည့်နိုင်ဖို့ ခဲယဉ်းလွန်းလှပါသည်။

သူမ လက်တွေ၊ ခြေတွေကို ချုပ်နှောင်ထားခဲ့သည့် ဝိညာဉ်ချုပ်သံကျင်းဝတ်များလည်း ကျိုးပဲ့ပျက်စီးသွားခဲ့လေပြီ။

ယန်ရုန်ရုန် လက်ချောင်းများကို လှုပ်ရှားရင်း ပျောက်ဆုံးခဲ့သွားသည်မှာ အလွန်ကြာပြီဖြစ်သည့် စွမ်းအားများကို ပြန်လည် ခံစားကြည့်လိုက်သည်။ သူ့ နှုတ်ခမ်းနီနီများထက် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

“ဟုတ်ပြီ”

‘စွမ်းအားကြီးမားတဲ့လူတစ်ယောက်အဖြစ် ရှင်သန်ရတာ တကယ်ကောင်းတာပဲ! စနစ်အစုတ်ပလုတ်ရဲ့ မစ်ရှင်တွေကြောင့်သာမဟုတ်ရင် အစောကြီးကတည်းက သူများတွေဆီမှာ အောက်ကျို့ပြီး နေခဲ့ရစရာအကြောင်း လုံးဝမရှိဘူး!’

အကျဉ်းထောင်အစောင့်က ဆူညံသံများကို စစ်ဆေးကြည့်ဖို့ ကြံခဲ့သော်လည်း ယန်ရုန်ရုန်ကို မြင်လိုက်သည်နှင့် ခြေထောက်တွေ ပျော့ခွေသွားခဲ့ရသည်။ အစောင့်တပ်သား ဒူးထောက်လျက်သား လဲကျသွားပြီး ကြောက်ရွံ့မှုဖြင့် မလှုပ်မရှားနိုင် ဖြစ်သွားခဲ့ပါသည်။

‘ဘာလို့လဲ… ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ!’

‘သူ ဘယ်သူလဲ!’

ခပ်လှမ်းလှမ်းမှ ထွက်ပေါ်နေသည့် သားရဲဟိန်းသံကြီးကလည်း ကြောက်စရာ ပိုကောင်းလာပြီဖြစ်ကာ စံအိမ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ယန်ရုန်ရုန် ပိုးပဝါတစ်ထည်ကို အသုံးပြုပြီး သူမ မျက်နှာအောက်ပိုင်းကို အုပ်လိုက်သည်။

“စနစ် ငါ့ကို လမ်းပြစမ်း”

ယန်ရုန်ရုန်နှင့် ငှက်ပေါက်လေးတို့ မြို့စားကြီး၏လျှို့ဝှက်နေရာသို့ အလျှင်အမြန် ပြေးလာခဲ့ကြသည်။

ယန်ရုန်ရုန်မရှိတော့ခါမှ အကျဉ်းထောင်အစောင့်လည်း စံအိမ်ထဲမှ အမြန်ဆုံး ထွက်ပြေးလာခဲ့ပါသည်။ ပထမတော့ လူသားစား သားရဲကြီးတစ်ကောင် ရောက်ရှိလာပြီး ယခုလည်း ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဘယ်ကမှန်းမသိ ရောက်ရှိလာခဲ့သည်။ ဒီစံအိမ်ကြီးထဲမှာ တစ်စက္ကန့်လေးတောင် ဆက်နေချင်စိတ် မရှိတော့ပါ။

သူက ဝိညာဉ်ကျောက်တုံးအနည်းငယ် ရဖို့အတွက် အလုပ်လုပ်ရသည့် သာမန်အလုပ်သမားတစ်ဦးပင်။ ထို့ကြောင့် ဒီအလုပ်အတွက် သူ့အသက်ကို စတေးရမှာ မတန်လှပါ။ ထွက်ပြေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မည်။

သို့သော် စံအိမ်ပြင်ပမှာလည်း အခြေအနေတွေက ပုံမှန်မဟုတ်မှန်း သူမြင်လိုက်ရလေသည်။ ထျန်းပေကျောင်းတော်ကြီးမှ ကျင့်ကြံသူများနှင့် ရှမ့်ယွင်ဂိုဏ်းသားတွေလည်း ကျင်းချွီမြို့ကို ရောက်ရှိလာကြပါပြီ။

စံအိမ်ကြီးတစ်ခုလုံးကို ဝန်းရံထားသဖြင့် အကျဉ်းထောင်အစောင့် ထွက်လာသည်နှင့် ချက်ချင်း တန်းမိသွားခဲ့ကြသည်။

ယွင်ကျဲ ထိုအစောင့်တပ်သားကို အင်္ကျီကော်လံမှ ဆွဲပြီး ခက်ထန်စွာ မေးမြန်းလိုက်သည်။

“ငါ့ရှစ်ကျဲကို မြင်မိသေးလား”

အစောင့်တပ်သားက ထစ်ငေါ့စွာ ပြန်ဖြေလိုက်သည်။

“မင်း-မင်းရှစ်ကျဲက ဘယ်သူတုန်း… ငါမသိဘူး”

စန်းချွမ် ပုံတစ်ပုံကို ယွင်ကျဲ ထုတ်ပြလိုက်သည်။ ထိုမိန်းကလေး၏ ရုပ်ပုံကို မြင်သောအခါ အစောင့်တပ်သား တွန့်ဆုတ်စွာ ပြောလိုက်ပါသည်။

“သူ့… သူ့ကိုမြင်မိတယ်ထင်တာပဲ”

ယွင်ကျဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ထင်တယ်ဆိုတာ ဘာစကားလဲ၊ မြင်ရင် မြင်တယ် မမြင်ရင် မမြင်ဘူးပေါ့!”

ယွင်ကျဲမျက်နှာက အလွန်ခက်ထန်လွန်းသဖြင့် အစောင့်တပ်သား ထိတ်လန့်သွားပြီး တိုးညှင်းစွာ ရှင်းပြလိုက်ပါသည်။

“ခုနက စံအိမ်ထဲမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာတယ်၊ အဲ့ဒီကျင့်ကြံသူက ရုပ်ပုံထဲက မိန်းကလေးနဲ့ ၇၀ - ၈၀ ရာခိုင်နှုန်းလောက်တူတယ်၊ သူက မင်းတို့ရှာနေတဲ့လူလားဆိုတာတော့ မသေချာဘူး”

ယွင်ကျဲ ကြက်သေသေသွားခဲ့သည်။

“ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”

ရှစ်ကျဲစန်းချွမ်က အခြေခံအုတ်မြစ်ချအဆင့်မှာသာ ရှိသေးသည်။

‘ဧကန္တ လျှို့ဝှက်နယ်မြေထဲကနေ လွတ်မြောက်လာပြီး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ ရောက်သွားခဲ့တာလား၊ မဖြစ်နိုင်တာ…!’

အနီးနားရှိ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“ဟုတ်တယ်… စံအိမ်ကြီးထဲကနေ ဝိညာဉ်အသွင် ပြောင်း လဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အရှိန်အဝါတွေ ဖြာထွက်နေတယ်”

ယွင်ကျဲလည်း စံအိမ်ကြီးကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။

‘ငါခန့်မှန်းတာများ မှားသွားတာလား၊ စန်းချွမ် အသက်ရှင်နေသေးရုံတင်မကဘဲ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတာလား’

All Chapters