အခန်း (၃၆)
Vol. 4 Ch. 36
ချမ့်ထုံရှန်း တစ်သက်လုံး အိပ်မက်မက်ခဲ့ရသည့် မသေဆေးလုံးကို မဖန်တီးနိုင်ခဲ့ပါ။ ထို့အပြင် ထိုသားရဲကြီးကြောင့် သွေးယုတ်စည်းဝိုင်းကွက်လည်း ပျက်ဆီးသွားခဲ့လေပြီ။ ချမ့်ထုံရှန်း လက်ထဲရှိ အနက်ရောင်ကျောက်စိမ်းချပ်ပြားပင် အက်ကွဲသွားခဲ့ပါပြီ။
ချမ့်ထုံရှန်းတစ်ယောက် လက်ထဲမှာ နှစ်ခြမ်းကွဲသွားသည့် ချပ်ပြားကို ကြည့်ရင်း မျက်လုံးများ သွေးပျက် ချောက်ချားသွားခဲ့သည်။
“ဘယ်လိုဖြစ်ရတာလဲ… ဘာလို့ မအောင်မြင်ရတာလဲ”
ထိုစဉ် လျှို့ဝှက်အခန်းတံခါးကြီး လွင့်ထွက်သွားပြီး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသော ထောင်ထျဲသားရဲ ပြန်ထွက်လာခဲ့ပါသည်။ ၎င်း၏ ရွှေရောင်မျက်လုံးများဖြင့် ချမ့်ထုံရှန်းကို စိုက်ကြည့်နေပြီး လည်ချောင်းအတွင်းမှ မာန်ဖီသော အသံများလည်း ထွက်နေခဲ့သည်။
“အထဲမှာ မေမေ မရှိဘူး၊ မင်းငါ့ကို လှည့်စားတယ်! ငါမင်းကို သတ်စားပစ်မယ်!”
ချမ့်ထုံရှန်း ကြောက်လန့်တကြားဖြစ်ကာ ခြေလှမ်းများနောက်ဆုတ်သွားခဲ့သည်။
“ငါအခုမှ သတိရတယ်! မင်းအမေက အခြားတစ်နေရာမှာရှိနေတာ! ငါလူလွှတ်ပြီး ဒီကို ချက်ချင်း ခေါ်လာခိုင်းလိုက်မယ်၊ ဒေါသမထွက်ပါနဲ့!”
ထောင်ထျဲသားရဲ တစ်ခါအလှည့်စားခံခဲ့ရပြီးပြီဖြစ်သဖြင့် သူ့စကားတွေကို ထပ်မယုံကြည်နိုင်တော့ပေ။ ၎င်း၏ သွေးစွန်းနေသော ပါးစပ်ကြီးကို ဟလျက် ချမ့်ထုံရှန်းအား ခုန်အုပ်ပစ်လိုက်ပါသည်။
ချမ့်ထုံရှန်းလည်း မှော်ဝင်လက်နက်တစ်ခုကို အမြန်ဆင့်ခေါပြီး ကိုယ့်ကိုယ့်ကိုယ် ကာကွယ်လိုက်သည်။ ထို့နောက် သားရဲကြီးကိုဝန်းရံထားဖို့ သူ့လူများအား အမိန့်ပေးလိုက်သည်။
သားရဲကြီးကို မသတ်နိုင်လျှင်တောင် သူထွက်ပြေးလွတ်မြောက်ဖို့ အချိန်ဆွဲထားနိုင်ပါသည်။ စံအိမ်အစောင့်များ၊ ပုန်းလျှိုနေသည့် လုပ်ကြံသတ်ဖြတ်သူများနှင့် ကြေးစားကျင့်ကြံသူများအားလုံး သားရဲကြီးကို လက်နက်များဖြင့် ရွယ်ထားလိုက်ကြသည်။
ထောင်ထျဲသားရဲက လူသားကျင့်ကြံသူတွေကို အလွန်မုန်းတီးပါသည်။ သူ့ကို လိမ်ညာခဲ့ကြပြီး သူ့မေမေကို ရှာဖွေမည့်လမ်းမှာ လာနှောင့်ယှက်နေကြသည်။ ထို့ကြောင့် မုန်းတီးစရာကောင်းသည့် လူသားတွေအားလုံးကို တစ်ယောက်မကျန် အကုန်စားပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ျ
ထိုစဉ် အနောက်ဘက်မှ အလွန်အားကောင်းသည့် ဝိညာဉ်စွမ်းအင်အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့သည်။ အလွန်အားကောင်းလွန်းသဖြင့် ကျင့်ကြံသူများအားလုံး အသက်ရှူပင် ကြပ်သွားခဲ့ရသည်။ အားလုံးမျက်နှာထားတွေ အကြီးအကျယ် ပြောင်းလဲသွားပြီး အနောက်ဘက်သို့ တစ်ပြိုင်တည်း ဝိုင်းကြည့်လိုက်ကြသည်။
အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြားထဲမှ လေနှင့်အတူ ဆင်းသက်လာခဲ့သည်။ မျက်နှာပေါ်မှာ ခပ်ပါးပါး ပဝါတစ်ထည်ဖြင့် ဖုံးအုပ်ထားသဖြင့် ရုပ်ရည်ကို သေချာ မမြင်ရပေ။ တန်ဖိုးကြီး လက်ဝတ်တန်ဆာတွေ ဆင်မြန်းထားခြင်းမရှိသလို လက်နက်ပစ္စည်းတွေလည်း ပါမလာခဲ့ပါ။ သို့သော် သူမကို ဘယ်သူမှ အထင်မသေးရဲကြသည်ကတော့ သေချာသည်။
ထိုမိန်းကလေးထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီးတစ်ခု ဖြာထွက်နေတာကြောင့်ပင်။
မြို့စားကြီးစံအိမ်ထဲတွင် အမြင့်ဆုံးကျင့်ကြံသူဖြစ်သည့် မြို့စားကြီးကိုယ်တိုင်တောင် အလယ်တန်း နတ်ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ဒီမိန်းကလေးကတော့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်လောက် ရောက်ရှိနေပါသည်။
သူတို့အားလုံးထက် အဆပေါင်းများစွာ စွမ်းအားပိုကြီးသဖြင့် ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။
အားလုံး၏ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်သည်။ ထောင်ထျဲသားရဲကြီးထံသို့ သူမ အေးအေးလူလူ လျှောက်သွားလိုက်ပြီး ညာဘက်လက်ကို ဆန့်တန်းလိုက်ပါသည်။
အားလုံး၏ စောင့်ကြည့်မှုအောက်တွင် လူတိုင်းကို ဝါးမျိုဖို့ ကြံစည်နေခဲ့သည့် ကြောက်စရာ သားရဲကြီး ချက်ချင်းဆိုသလို ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ၎င်း ဦးခေါင်းကိုငုံ့ရင်း ယန်ရုန်ရုန်လက်ကို ပွတ်သပ်နေပါသည်။
ထောင်ထျဲသားရဲ ခေါင်းပေါ်မှ အဖြူရောင်သားမွေးများကို ယန်ရုန်ရုန် ပွတ်ကြည့်လိုက်ရာ ထင်မထားလောက်အောင် နူးညံ့နေပါသည်။
“နင် ငါ့ကို ကတိပေးထားတာ မေ့သွားပြီလား”
ထောင်ထျဲသားရဲလည်ချောင်းထဲမှ တအီအီမြည့်သံထွက်ပေါ်လာပြီး ဝမ်းနည်းသွားပုံရသည်။
‘အဲ့ဒီလူသားတွေက အရင် အနိုင်ကျင့်ခဲ့တာ!’
ယန်ရုန်ရုန်: “ဟင်”
ထောင်ထျဲသားရဲ အလျှော့ပေးလိုက်ပါသည်။
“ကျွန်တော်မှားပါတယ်၊ လူတွေကို မစားခဲ့သင့်ဘူး”
အနီးနားရှိ လူတွေအားလုံးကို ယန်ရုန်ရုန် အကဲခတ်ကြည့်လိုက်သည်။ အားလုံးအသက်ရှင်နေကြသေးသဖြင့် သူမ အချိန်မီ ရောက်လာခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် ထောင်ထျဲသားရဲ ကြီးကြီးမားမားအပြစ်ကို မကျူးလွန်ရသေးပေ။
သူမ မေးကြည့်လိုက်သည်။
“နင်ဘယ်နှယောက် စားခဲ့တာလဲ”
ထောင်ထျဲသားရဲ သနားစရာကောင်းစွာ ပြန်ဖြေလိုက်သည်။
“တစ်ယောက်တည်းပါ”
ချင်းလီတစ်ယောက်တည်းကိုပဲ သူစားရသေးပုံပေါ်သည်။ ထိုမိန်းမက လူကောင်းမဟုတ်သဖြင့် သေသွားလည်း တန်ပါသည်။
ယန်ရုန်ရုန်: “ဒီတစ်ခါတော့ လျစ်လျူရှုပေးလိုက်မယ်၊ နောက်တစ်ခါ ထပ်မလုပ်နဲ့ကြားလား”
ထောင်ထျဲ ခေါင်းညိတ်ပြလိုက်သည်။
“အွန်းအွန်း!”
ယန်ရုန်ရုန် ဝတ်ရုံစများကို အသုံးပြုလျက် ၎င်းမျက်နှာပေါ်က သွေးများကို သုတ်ပေးလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရုပ်ဆိုးလိုက်တာ၊ ကလေးပုံစံနဲ့မှ ပိုကြည့်ကောင်းတာ”
ဝှစ်!
ထောင်ထျဲသားရဲကြီး ကလေးလေးတစ်ယောက်အဖြစ် အသွင်ပြန်ပြောင်းသွားခဲ့သည်။ ထို့နောက် ယန်ရုန်ရုန်ခြေသလုံးကို ကော်နှင့်ကပ်ထားသကဲ့သို့ ဖက်ထားလိုက်ပါသည်။
ထိုစဉ်ထွက်ပြေးဖို့ ကြိုးစားနေသည့် ချမ့်ထုံရှန်းကို သတိထားမိသွားပြီး ယန်ရုန်ရုန် လက်ဖဝါးပေါ်က ဝိညာဉ်စွမ်းအင်များကို အသုံးပြုလျက် သူ့နောက်ကျောကို ရိုက်ချပစ်လိုက်ပါသည်။
အလွန်ကွာဝေးသော်လည်း လက်ဖဝါးရိုက်ချက်က ကျောရိုးတည့်တည့်ကိုထိမှန်ပြီး ချမ့်ထုံရှန်း လွင့်ပျံသွားခဲ့ကာ မြေပေါ်ပြန်ကျချိန်တွင် ပါးစပ်မှသွေးများပန်းထွက်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့ပါသည်။
ဒါကိုမြင်တော့ အခြားကျင့်ကြံသူတွေလည်း အသံမထွက်ရဲကြတော့ပေ။ ကျင့်ကြံခြင်းလောကထဲမှာ အားကြီးသူကို အားနည်းသူက လေးစားရစမြဲပင်။ စွမ်းအားကြီးမားသည့်လူကို ဘယ်သူမှ နှောင့်ယှက်ရဲကြမည် မဟုတ်ပါ။ လူသတ်မှု ကျူးလွန်မည်ဆိုလျှင်တောင် တားဆီးကြမည်မဟုတ်ပေ။
ချမ့်ထုံရှန်း ခက်ခက်ခဲခဲခေါင်းမော့လာပြီး မျက်နှာတစ်ခုလုံး ဖြူဆုပ်သွားခဲ့သည်။ ရုတ်တရက်ရောက်လာသည့် မိန်းကလေးကိုကြည့်ရင်း သူထစ်ငေါ့စွာ မေးလိုက်ပါသည်။
“မင်း…မင်းဘယ်သူလဲ”
ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်ပါသည်။
“ကျွန်မက ဟွေ့လုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ”
ချမ့်ထုံရှန်း ကြက်သေသေသွားခဲ့သည်။
‘ဟွေ့လုံဂိုဏ်းဆိုတာ အဲ့ဒီမိန်းကလေးယန်ပြောတဲ့ ဂိုဏ်းလား… ဒါဆို ဟွေ့လုံဂိုဏ်းက တကယ်ရှိတာပေါ့!’
အားလုံးကိုဝေ့ကြည့်လိုက်ပြီး ယန်ရုန်ရုန် သတိပေးလိုက်သည်။
“ငါ့ဟွေ့လုံဂိုဏ်းက တပည့်သားတစ်ယောက်ကို အနိုင်ကျင့်ရဲတဲ့လူရှိရင် ငါကိုယ်တိုင်ရောက်လာပြီး အကုန်လုံးကိုဇီဝိန်ချွေပစ်မယ်!”
ထို့နောက် ယန်ရုန်ရုန် နောက်ထပ် လက်ဖဝါးသိုင်းတစ်ခုကို ထုတ်သုံးလိုက်သည်။ ဒီတစ်ခါ ချမ့်ထုံရှန်း၏ဒန်တျန်တည့်တည့်ကိုထိမှန်သွားခဲ့သည်။ ချမ့်ထုံရှန်း ဒန်တျန်တစ်ခုလုံးပျက်စီးသွားခဲ့ပြီး အာခေါင်ခြစ်အော်ဟစ်လျက် မျက်လုံများမှိတ်သွားလေတော့သည်။ သူသေသလား ရှင်သလား မသေချာတော့ပေ။
ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူအားလုံးဆွံ့အသွားခဲ့ကြသည်။ ရင်ထဲမှာလည်း ‘ဟွေ့လုံဂိုဏ်း’ကို တစ်သက်လုံးသွားမရှုပ်တော့ဟု ကျိန်ဆိုလိုက်ကြလေသည်။
ခြိမ်းခြောက်မှုက အာနိသင်ရှိသဖြင့် ယန်ရုန်ရုန် ကျေနပ်စွာပြုံးလိုက်ပါသည်။ ထိုစဉ် အစေခံတစ်ဦး အသည်းအသန် ပြေးဝင်လာခဲ့သည်။
“မြို့စားကြီး! ပြဿနာတက်ပြီ! အပြင်မှာ…”
ကြမ်းပြင်ပေါ် မလှုပ်မယှက် လဲနေသည့် ချမ့်ထုံရှန်းကို မြင်သောအခါ အစေခံ ကြက်သေသေသွားခဲ့သည်။ သူ ကယောင်ချောက်ချားဖြစ်သွားပြီး ဘာဆက်လုပ်ရမှန်း မသိတော့ချေ။
ယန်ရုန်ရုန် မေးလိုက်သည်။
“အပြင်မှာ ဘာဖြစ်လို့လဲ”
ထိုမိန်းကလေး ဘယ်သူဘယ်ဝါမှန်း အစေခံမသိပေ။ သို့သော် သူမ အရှိန်အဝါက လူသားတစ်ဦးအတွက် အလွန် ကြီးမားလွန်းပါသည်။ သူမမျက်လုံးများကို စေ့စေ့ပင် မကြည့်ရဲတော့ဘဲ အစေခံ ဒူးထောက်လျက် တုန်ယင်စွာ ဖြေလိုက်ပါသည်။
“အပြင်မှာ ကျင့်ကြံသူတွေအများကြီး ရောက်နေတယ်၊ စံအိမ်ထဲမှာ ယုတ်ညံ့တဲ့ ကျင့်ကြံသူတွေရှိနေတယ်ဆိုတဲ့ သတင်းတစ်ခုရထားလို့ စံအိမ်ကို ရှာဖွေချင်တယ်တဲ့”
ထျန်းပေကျောင်းတော်မှ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများ ရောက်လာကြပြီဟု ယန်ရုန်ရုန် တွေးလိုက်သည်။ ဒီစံအိမ်ကြီး သူမအတွက် မလုံခြုံတော့သဖြင့် ယန်ရုန်ရုန် စနစ်ကို ခေါ်လိုက်ပါသည်။
ငှက်ပေါက်လေးလည်း နားလည်သွားပြီး ခေါင်းမော့လျက် စူးစူးဝါးဝါး အော်လိုက်သည်။ ထိုအခါ ခပ်လှမ်းလှမ်းမှ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး၏အော်သံ ထွက်ပေါ်လာခဲ့ပါသည်။
အတန်ကြာသောအခါ ရွှမ်နျောင်ငှက်ကြီး စံအိမ်အထက်သို့ ပျံသန်းရောက်ရှိလာခဲ့သည်။ ထို့နောက် အရှိန်အဟုန်ပြင်းစွာဖြင့် မြေပေါ်သို့ ထိုးဆင်းလာခဲ့ရာ ပြင်းထန်သည့် လေဖိအားများကြောင့် စံအိမ်အနီးနားတစ်ဝိုက်ရှိ ပစ္စည်းများ လွင့်ထွက်ကုန်ကြပါသည်။
ကျင့်ကြံသူတွေလည်း အသည်းအသန်ထွက်ပြေးကြသည်။ ယန်ရုန်ရုန်ကတော့ လျို့လန်ကို ဆွဲခေါ်ပြီး ငှက်ကြီး၏ကျောပေါ်တက်လိုက်သည်။
စံအိမ်ထဲ ယွင်ကျဲတို့ ဝင်ရောက်လာသောအခါ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးနှင့်အတူ ပါသွားသည့် လူရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။ ယွင်ကျဲ အာခေါင်ခြစ်လျက် အော်ခေါ်လိုက်လေသည်။
“ရှစ်ကျဲစန်းချွမ်!”
သို့သော် ငှက်ကြီးက မရပ်တန့်ခဲ့ပေ။ စန်းချွမ် ထပ်ပျောက်ကွယ်သွားမှာကို စိုးရိမ်သဖြင့် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများကို ယွင်ကျဲ လှည့်ပြောလိုက်သည်။
“ဒီစံအိမ်ကို ခင်ဗျားတို့ပဲ တာဝန်ယူလိုက်ပါ”
ထို့နောက် ဓားပျံပေါ်ခုန်တက်လျက် ရွှမ်နျောင်ငှက်ကြီးနောက်သို့ ယွင်ကျဲ လိုက်လာခဲ့ပါသည်။
ထိုအချိန်တွင် ယန်ရုန်ရုန်အခြေအနေက အလွန်ဆိုးရွားနေလေပြီ။ အတိတ်ပြန်အစီအရင်၏ အာနိသင်က အချိန်အလွန် တိုတောင်းလွန်းပါသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေခံအုတ်မြစ်ချအဆင့်သို့ ပြန်လည်ရောက်ရှိသွားရုံသာမကဘဲ ခန္ဓာကိုယ်လည်း အလွန်အားနည်းသွားပြီဖြစ်ကာ အသက်ရှူဖို့ပင် ခဲယဉ်းလာခဲ့သည်။
ငှက်ပေါက်လေး မျက်လုံးပြူးသွားပြီး အော်ပြောလိုက်သည်။
“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင်မျက်နှာ အရမ်းအိုမင်းနေပြီ!”
အသက်စွမ်းအင်ကို အသုံးချပြီး စည်းဝိုင်းကို အသက်သွင်းခဲ့သည့် တန်ဖိုးကြောင့် သူhသက်တမ်းကို အလျှင်အမြန် ဆုံးရှုံးသွားစေသည်။ မျက်လုံးဖြင့်သိသိသာသာ မြင်နိုင်လောက်အောင် သူမဆံနွယ်တွေ ဖြူသွားပြီး မျက်နှာပေါ်မှာလည်း အရေးအကြောင်းတွေ ချက်ချင်းပေါ်လာခဲ့ပါသည်။
မကြာသေးခင်ကမှ အသက် ၁၈ နှစ်အရွယ်ဝန်းကျင်သာ ရှိခဲ့သည့် မိန်းကလေးတစ်ဦး မျက်စိတစ်မှိတ်အချိန်အတွင်း နွမ်းလျသည့် အဘွားအိုကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့လေတော့သည်။