အခန်း (၃၇)
Vol. 4 Ch. 37
ရွှမ်နျောင်ငှက်ကြီး ကျင်းချွီမြို့မှ ထွက်သွားဖို့ ပြင်လိုက်စဉ် ဓားသိုင်းကျင့်ကြံသူများ ရုတ်တရက် ပေါ်လာခဲ့ကြသည်။ ဝတ်ရုံများကို ကြည့်လိုက်ရုံနှင့် ရှမ့်ယွင်ဂိုဏ်းကဖြစ်မှန်း သိနိုင်သည်။
ငှက်ကြီးကို အခြားတစ်ဖက်သို့ ပြောင်းကာ ပျံသန်းခိုင်းဖို့ ယန်ရုန်ရုန် ကြံလိုက်သည်။ သို့သော် သူမ ခေါင်းလှည့်လိုက်သည်နှင့် ဓားပျံစီးပြီး သူမတို့ထံ တန်းတန်းမတ်မတ် ပျံသန်းလာသော ယွင်ကျဲအား မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် နားမလည်နိုင်တော့ပေ။ သူမ ထျန်းပေကျောင်းတော်ကြီးကိုသာ ဆက်သွယ်ခဲ့တာ ဖြစ်သော်လည်း ရှမ့်ယွင်ဂိုဏ်းကပါ ရောက်ချလာခဲ့သည်။
အဖမ်းမခံရစေဖို့အတွက် ရွှမ်နျောင်ငှက်ကြီးကို ချက်ချင်း မြေပေါ် ဆင်းသက်ခိုင်းလိုက်ပါသည်။ ထို့နောက် ငှက်ပေါက်လေးနှင့် လျို့လန်တို့ကို ခေါ်ကာ ယန်ရုန်ရုန် ပုန်းခိုဖို့ နေရာရှာလိုက်သည်။ ရွှမ်နျောင်ငှက်ကြီးကတော့ ကောင်းကင်ပေါ် ပြန်လည်ပျံတက်သွားခဲ့ပြီး တည်ကြက်အဖြစ် ကျင့်ကြံသူများကို အာရုံလွှဲဖို့ ကြိုးစားလိုက်သည်။
သို့သော် ရွှမ့်ယွင်ဂိုဏ်းက ရွှမ်နျောင်ငှက်ကြီးကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
ယွင်ကျဲလည်း ရှစ်ကျဲစန်းချွမ်ကို မြင်ရတော့မည်ဟူသော မျှော်လင့်ချက်ဖြင့် အမြန်ဆုံး ရောက်ရှိလာခဲ့သည်။ သို့သော် ရွှမ်နျောင်ငှက်ကြီး၏ ကျောပေါ်မှာ ဗလာကျင်းဖြစ်နေခဲ့ပါသည်။
ယွင်ကျဲ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
“ရှစ်ကျဲဘယ်မှာလဲ!”
ရွှမ်နျောင်ငှက်ကြီးက ယွင်ကျဲကို မျက်လုံးချင်းဆုံအောင်ပင် မကြည့်ဘဲ ခေါင်းမော့ ရင်ကော့ထားလိုက်သည်။ လူစကားသာ ပြောနိုင်လျှင် ယွင်ကျဲကို သူလှောင်ပြောင်မိမှာ သေချာပါသည်။
‘အခုတော့ အရူးလုပ်ခံလိုက်ရပြီမလား!’
-
ယန်ရုန်ရုန် အလွန်အားနည်းနေပါသည်။ လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့ဘဲ နံရံကို အားပြုထားရသည်။
လျို့လန်က သူမခြေသလုံးကိုဖက်ပြီး ပြောလိုက်သည်။
“မေမေ မသေပါနဲ့ဦး”
ယန်ရုန်ရုန် ခွန်အားချည့်နဲ့စွာ ပြုံးလိုက်ပါသည်။
“စိတ်မပူနဲ့ ငါမသေသေးဘူး”
ငှက်ပေါက်လေးကမူ ယန်ရုန်ရုန်လမ်းလျှောက်ရန် လွယ်ကူစေဖို့အတွက် သစ်သားတုတ်ကောက်တစ်ချောင်းကို ရှာပေးခဲ့သည်။
ယန်ရုန်ရုန်တစ်ယောက် ခါးအလွန်ကုန်းနေပြီး လက်တစ်ဖက်မှာလည်း တုတ်ကောက်တစ်ချောင်းနှင့်၊ ဆံပင်ဖြူဖြူ အရေးအကြောင်းများပြည့်နေသော မျက်နှာတစ်ခုဖြင့် အမှန်တကယ် အဘွားအိုကြီးတစ်ဦးလို ဖြစ်နေပါပြီ။
ပျောက်ဆုံးနေသော ကလေးများအား မြို့စားကြီး၏ စံအိမ်ထဲတွင် ရှာတွေ့ပြီဖြစ်ကြောင်း ကျင်းချွီမြို့သားများ သတင်းရသွားကြကာ စံအိမ်ကြီးထံ အပြေးအလွှားရောက်လာကြသည်။ အထူးသဖြင့် ကလေးပျောက်ဆုံးနေသည့် ကလေးမိဘများက စိတ်လှုပ်ရှားလွန်းသဖြင့် အတောင်ပံပေါက်ပြီး ပျံသန်းသွားချင်စိတ်ပင် ပေါ်လာခဲ့ကြသည်။
အသည်းအသန်ပြေးလွှားနေသည့် လင်မယားနှစ်ဦးက ယန်ရုန်ရုန်အား မတော်တဆ ဝင်တိုက်မိကြလေသည်။ နဂိုကတည်းက အားနည်းနေသည့် ယန်ရုန်ရုန်တစ်ယောက် ဟန်ချက်ပျက်သွားပြီး ခြေလှမ်းများ နောက်ဆုတ်ကာ လဲကျသွားတော့မလို ဖြစ်သွားခဲ့သည်။
ထိုစဉ် အဆစ်အပေါက် ထင်ရှားသော လက်တစ်ဖက်က သူမ၏ ခါးနောက်ပိုင်းကို အသာအယာ လှမ်းထိန်းပေးခဲ့သည်။
ယန်ရုန်ရုန် ဟန်ချက်ပြန်တည်ငြိမ်သွားသောအခါ အကူအညီပေးခဲ့သည့် သူစိမ်းအား ကျေးဇူးတင်ဖို့အတွက် တုတ်ကောက်ကို အားပြုပြီး နောက်လှည့်လာခဲ့သည်။ သို့သော် ထိုသူစိမ်း၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ယန်ရုန်ရုန် ကြက်သေသေသွားခဲ့တော့သည်။
နေဝင်ချိန်ရောက်ပြီဖြစ်သဖြင့် ကောင်းကင်ကြီးက မှောင်ရီပျိုးလာခဲ့လေပြီ။ လမ်းမပေါ်ရှိ ဈေးဆိုင်တန်းများကလည်း ၎င်းတို့၏ မီးအိမ်များကို စတင်ချိတ်ဆွဲနေကြပါပြီ။
အလောတကြီးဖြစ်နေကြသည့် လမ်းသွားလမ်းလာများအနက် ရှန်းဝမ်ချင်းတစ်ဦးတည်း တည်ငြိမ်စွာ ရပ်တည်နေခဲ့သည်။ မီးရောင်မှိန်ပျပျက ထင်ရှားသော သူ့မျက်နှာသွင်ပြင်ပေါ်သို့ ကျရောက်နေပြီး နူးညံ့သိမ်မွေ့သည့် ရောင်ဝါတစ်ခုကို ပေးစွမ်းနေပါသည်။
သူ့ရှေ့က အဘွားအိုကို ရှန်းဝမ်ချင်း နူးညံ့သိမ်မွေ့စွာ ကြည့်နေခဲ့သည်။ သူပြောချင်သည့် စကားလုံးထောင်သောင်းမက ရှိနေခဲ့သော်လည်း နှုတ်ခမ်းထက်မှ တစ်လုံးမှ ထွက်မလာခဲ့ပေ။
နောက်ဆုံးတော့ တိတ်ဆိတ်မှုကို ယန်ရုန်ရုန်ဘက်မှ ဦးစွာ ချိုးဖျက်လိုက်ရသည်။
“ဘယ်သူလဲဟင်”
သူမ အသံက လိပ်ပြာမလုံမှုဖြင့် လေးလံနေခဲ့သည်။ သို့သော် ရှန်းဝမ်ချင်းကတော့ မေးခွန်းနှင့် မဆီဆိုင်သည့် အဖြေတစ်ခုကိုသာပေးခဲ့သည်။
“ငါ မင်းကို ရှာနေတာကြာပြီ”
ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန် မျက်လုံးချင်းဆုံအောင် မကြည့်ရဲတော့ဘဲ တိုးညှင်းစွာ ပြောလိုက်သည်။
“လူမှားနေပြီထင်တယ်၊ အဘွားက လူလေးရှာနေတဲ့လူ မဟုတ်ဘူး”
လက်ရှိတွင် ယန်ရုန်ရုန်၏ပုံစံက အိုမင်းမစွန်းဖြစ်နေကာ မူလအသွင်နှင့် ကမ္ဘာခြားလောက်အောင် ကွဲပြားလွန်းနေသည်။ သာမန်လူတွေသာဆို သူမကို မှတ်မိနိုင်မှာမဟုတ်ပေ။
“မင်းသေသွားပြီလို့ အားလုံးကဝိုင်းပြောခဲ့ကြတယ်… ဒါပေမယ့် ငါမယုံကြည်ခဲ့ဘူး၊ ချင်းရှားလျှို့ဝှက်နယ်မြေထဲက နေရာတိုင်းမှာ မင်းကို လိုက်ရှာခဲ့တယ်၊ ဒါပေမယ့် အစအနတောင် မတွေ့ခဲ့ရဘူး၊ ဒါပေမယ့် ငါလက်မလျှော့ဘဲ အဲ့ဒီနေရာမှာ နေ့ညမနား ဆက်ရှာနေခဲ့တာ”
ယွင်ကျဲထံမှ သတင်းသာမရခဲ့လျှင် ရှန်းဝမ်ချင်း လျှို့ဝှက်နယ်မြေအတွင်းမှာပဲ ရှိနေဦးမှာ သေချာပါသည်။
ယန်ရုန်ရုန် ခပ်တောင့်တောင့် ငြင်းလိုက်သည်။
“လူလေး တကယ်မှားနေပြီနော်၊ အဘွားတို့က သူစိမ်းတွေ-…”
ယန်ရုန်ရုန် စကားဆုံးအောင် မပြောနိုင်ခင် ရှန်းဝမ်ချင်းက သူမလက်ကို ဆွဲကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် သူမ မျက်ဝန်းတွေထဲ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ လေးနက်သည့်အသံဖြင့် ခေါ်ဆိုလိုက်သည်။
“စန်းချွမ်…”
လူတစ်ယောက်၏ပုံပန်းသဏ္ဌာန်နှင့် မျက်နှာအသွင်အပြင်တို့က ပြောင်းလဲနိုင်စွမ်းရှိသည်။ သို့သော် မျက်ဝန်းတွေကတော့ တစ်သက်လုံး မပြောင်းလဲနိုင်ပေ။
တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် သူကြိုးစားပမ်းစား ရှာဖွေခဲ့ရသည့် တပည့်လေးဖြစ်မှန်း ရှန်းဝမ်ချင်း မှတ်မိနိုင်သည်။ လုံးဝ မမှားနိုင်ပါ။
ယန်ရုန်ရုန် လက်ကို ပြန်ဆွဲယူဖို့ ကြိုးစားသော်လည်း တစ်ကိုယ်လုံး အင်အားချည့်နဲ့နေသဖြင့် အားကုန်ထုတ်သုံးလျှင်ပင် မအောင်မြင်နိုင်ပေ။
ထို့ကြောင့် ယန်ရုန်ရုန် စိတ်ပျက်လက်ပျက်သာ ပြောနိုင်သည်။
“သေချာကြည့်ပါဦး၊ အဘွားက တကယ့် သာမန်အဘွားအိုတစ်ယောက်ပါ၊ လူလေးရှာနေတဲ့လူ လုံးဝ မဟုတ်ဘူး”
သက်သေပြဖို့အတွက် ယန်ရုန်ရုန် ခေါင်းမော့လိုက်ပြီး သူမ၏ ပါးရေတွေ တွန့်နေသည့် မျက်နှာကြီးအား မြင်သာအောင် ပြလိုက်ပါသည်။
ယောက်ျားတစ်ယောက်က ဒီလို ရုပ်ဆိုးပန်းဆိုး မျက်နှာကြီးကို မြင်ပြီး ဆက်သဘောကျနိုင်ဦးမည်ဟု ယန်ရုန်ရုန် မယုံကြည်ပေ။
သို့သော် ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့ရသည်။ တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ရှန်းဝမ်ချင်းက သူမကို တင်းကြပ်စွာပွေ့ဖက်လိုက်လေသည်။
ရုတ်ခြည်းဆန်သည့် အပြုအမူကြောင့် ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့ပါသည်။ အဘွားအိုကြီး ဖြစ်နေသော်လည်း သူမကို ရှန်းဝမ်ချင်း ရွံရှာမသွားသေးသည်မှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။
‘ဒီကောင့်အကြိုက်က တော်တော်ဆန်းကြယ်ပါလား!’
ရှန်းဝမ်ချင်းကို ယန်ရုန်ရုန် အသည်းအသန်တွန်းထုတ်ဖို့ ကြိုးစားသည်။ သို့သော် သူမ ခြေတွေလက်တွေထဲ အားမပါသဖြင့် ရှန်းဝမ်ချင်း တုပ်တုပ်ပင် မလှုပ်ချေ။
ထို့ကြောင့် ယန်ရုန်ရုန် ရွေးချယ်စရာမရှိတော့ဘဲ သံကုန် အော်ဟစ်လိုက်ရတော့သည်။
“ကယ်ကြပါဦးတော်! ကာမအကြမ်းဖက်ဖို့ ကြိုးစားနေပါတယ်!”
ထိုအော်သံကြောင့် လမ်းသွားလမ်းလာများ ရပ်တန့်သွားကြပြီး ဝိုင်းကြည့်ကုန်ကြသည်။ ပထမတော့ ကလေကချေတစ်ကောင်က သူဌေးသမီးတစ်ယောက်ကို နှောင့်ယှက်နေသည်ဟု ထင်ပြီး ဝင်ကူညီဖို့ ကြံရွယ်ထားခဲ့ကြသည်။
သို့သော် ယောက်ျားပီသပြီး ငယ်ရွယ်နုပျိုသည့် ကောင်လေးတစ်ဦးက အသက် ၈၀ ဝန်းကျင်အရွယ် အဘွားကြီးတစ်ဦးကို ပွေ့ဖက်နေခြင်းဖြစ်မှန်း မြင်လိုက်ရလေသည်။
အကူအညီအော်တောင်းနေသူက အဘွားကြီးဖြစ်သည်။
အဖြစ်က အလွန်ဆန်းကြယ်သဖြင့် အားလုံး ကြက်သေသေသွားကြပြီး ဘာဆက်လုပ်ရမှန်း မသိတော့ချေ။
အရေးကြီးသည့်အချိန်တွင် လျို့လန်တစ်ယောက်တည်းသာ လှုပ်ရှားနိုင်ခဲ့သည်။ ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့အကြား အတင်းဝင်တိုးပြီး နှစ်ယောက်ကို ဆွဲခွာပစ်လိုက်ပါသည်။
ဘယ်ကမှန်းမသိ ပေါ်လာသည့် ပဲပင်ပေါက်လေးကို ရှန်းဝမ်ချင်း ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီကလေးက သာမန်လူသားတစ်ဦး ဖြစ်ပုံမပေါ်ဘဲ အနည်းငယ်ထူးဆန်းနေပါသည်။ ရှန်းဝမ်ချင်း သေချာ မစစ်ဆေးနိုင်ခင် ထိုကလေးက အော်ဟစ်ကာ သတိပေးလိုက်သည်။
“လူဆိုးကောင်! ငါ့မေမေကို လွှတ်လိုက်!”
ထိုသို့အော်ပြီးနောက် ကလေးလေးက ရှန်းဝမ်ချင်းအား အစွယ်ဖြဲပြလိုက်ပါသည်။ ရန်သူတစ်ယောက်ကို သားရဲတစ်ကောင်က မာန်ဖီနေသကဲ့သို့ ဖြစ်သော်လည်း ချစ်စရာကောင်းနေပါသည်။
ရှန်းဝမ်ချင်း မျက်မှောင်ပိုကြုတ်သွားခဲ့သည်။
“မင်းမေမေက ဘယ်သူလဲ”
“သူက ငါ့မေမေလေ! ငါက သူ့အဖိုးတန်သားလေး!”
ယန်ရုန်ရုန်၏ ခြေသလုံးကို လျို့လန် ပြန်ဖက်လိုက်ပြီး ခေါင်းမော့ကာ ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်ပါသည်။
ရှန်းဝမ်ချင်း မယုံကြည်ပေ။ ယန်ရုန်ရုန်ကိုကြည့်ရင်း သူမေးလိုက်သည်။
“ဒီကလေး ဘယ်ကနေရောက်လာတာလဲ”
ယန်ရုန်ရုန်လည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး မျက်တောင်ပင်မခတ်ဘဲ လိမ်ညာလိုက်ပါသည်။
“နင်မကြားဘူးလား၊ ဒါငါ့သားဟဲ့! ငါ့မှာလင်ကြီးငုတ်တုတ်လည်းရှိတယ်၊ သားလည်းရှိတယ်၊ နင်နဲ့ဘာမှမဆိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုမနှောင့်ယှက်ဘဲ သွားခွင့်ပေးစမ်းပါ”
ရှန်းဝမ်ချင်းက သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ရေခဲတမျှအေးစက်သော စကားလုံးများကို ဆိုလိုက်သည်။
“ငါမယုံဘူး! မင်းငါ့ကို ထပ်လိမ်ဖို့ ကြိုးစားနေတာ!”
ယန်ရုန်ရုန် အကြွင်းမဲ့အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
“ငါပြောနေတာတွေ အကုန် အမှန်တရားပဲ”
“အဲ့တာဆို ပြောစမ်းပါ၊ ကလေးအဖေက ဘယ်သူလဲ”
ယန်ရုန်ရုန် သင့်လျော်သူတစ်ယောက်ကို အမြန်မစဉ်းစားနိုင်သဖြင့် ဗလုံးဗထွေး ညည်းတွားလိုက်ပါသည်။
“ဘယ်သူဖြစ်ဖြစ် နင့်အပူပါလား၊ ဘာပဲဖြစ်ဖြစ် နင်မဟုတ်တာတော့ သေချာတယ်”
ယန်ရုန်ရုန်လက်ကို ရှန်းဝမ်ချင်း ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းပါးများ စည်းတင်းသွားခဲ့သည်။ မှောင်မိုက်နေသည့် သူ့မျက်ဝန်းတွေထဲ နီမြန်းမှုတချို့ပေါ်လွင်လာခဲ့သည်။
သူ့နှလုံးသားထဲမှာ သိုဝှက်ထားခဲ့သည့် မိစ္ဆာစိတ်များ စတင်သောင်းကျန်းလာပြန်ပါပြီ။