← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

ယန်ရုန်ရုန့်လက်တစ်ဖက် ကျိုးကြေမတတ်နာကျင်သွားပါသည်။

ထိုနာကျင်မှုကို သည်းခံရင်း ယန်ရုန်ရုန် ပြန်ငေါက်ဖို့ ကြံလိုက်သည်။ သို့သော် ရှန်းဝမ်ချင်း၏ မျက်လုံးများ သွေးချင်းနီလာတာကိုမြင်သောအခါ သူမကျောက်ရုပ်လို ရပ်တန့်သွားရသည်။

ယန်ရုန်ရုန်ဝတ်ရုံလည်ခွံထဲဝင်ပုန်းနေသည့် ငှက်ပေါက်လေးလည်း ရှန်းဝမ်ချင်းအခြေအနေကို မြင်သွားပြီး အသည်းအသန်အော်လိုက်ပါသည်။ သာမန်လူတွေအတွက်တော့ သာမန်ငှက်အော်သံဖြစ်သော်လည်း ယန်ရုန်ရုန့် နားထဲရောက်သောအခါ စနစ်၏အသံအဖြစ် အလိုလျောက် ပြောင်းလဲသွားခဲ့သည်။

“ပြဿနာတက်ပြီ! ရှန်းဝမ်ချင်း မိစ္ဆာစိတ်တွေ ဝင်လာတော့မယ်!”

ရှန်းဝမ်ချင်း ခန္ဓာကိုယ်အတွင်းမှ သွေးဆိုးဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည်ကို လျို့လန်လည်း အာရုံခံမိသည်။

လောဘရမ္မက်များ၏ ဖုံးလွှမ်းမှုကို ခံထားရပြီး သွေးဆိုးမိစ္ဆာစိတ်များကြောင့် ရူးသွပ်ခါနီးဆဲဆဲအခြေအနေ ဖြစ်နေသော ကျင့်ကြံသူတစ်ဦးက ထောင်ထျဲသားရဲများအတွက် အလွန်အရသာရှိသည့် အစားအသောက်တစ်ခုပင်။

ထို့အပြင် သူ့ရှေ့က ဓားသိုင်းကျင့်ကြံသူကလည်း ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားသည်။ ထိုကျင့်ကြံသူကိုသာ လျို့လန် စားနိုင်လျှင် သူ့စွမ်းအားတွေ အဆမတန် မြင့်တက်သွားမှာ သေချာသည်။

ထိုအတွေးဖြင့် လျို့လန် အစွယ်များဖြဲပြလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွားရည်များလည်း ကျလာခဲ့ပါသည်။

လမ်းသွားလမ်းလာ ပွဲကြည့်ပရိတ်သတ်များလည်း ကြက်သေသေသွားခဲ့ကြသည်။ ယောက်ျားပီသပြီး ချောမောလှပသည့် လူငယ်လေးတစ်ဦးက လမ်းလည်ခေါင်မှာ အဘွားအိုတစ်ဦးကို ဖက်ထားခဲ့သည်။

ထို့အပြင် အဘွားအိုမှာ အသက် ၄ - ၅ နှစ်ဝန်းကျင် က‌လေးလေးတစ်ယောက်ရှိနေပြီး ခင်ပွန်းယောက်ျားလည်းရှိသည်ဟု ဆိုနေပါသည်။ သို့သော် လူငယ်လေးက လက်မလျှော့ဘဲ အဘွားအိုကို ဆက်နှောင့်ယှက်နေခဲ့သည်။

‘ဒါဘယ်လို ခွေးသွေးဇာတ်လမ်းမျိုးလဲ!’

လျို့လန် ဆာလောင်တပ်မက်မှုကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ခြေဖျားထောက်ကာ ပါးစပ်ကို အကျယ်ကြီးဟလိုက်ပြီး ရှန်းဝမ်ချင်း၏ ညာဘက်လက်ကို ကိုက်စားဖို့ ကြိုးစားလိုက်ပါသည်။

ရှန်းဝမ်ချင်းကလည်း အလွန်လျှင်မြန်သည်။ လျို့လန်ပါးစပ်ကို အမြန်ရှောင်ရှားလိုက်ပြီး အင်္ကျီလည်ဂုတ်ကိုဆွဲကာ ကောင်လေးကို လေထဲသို့ မြှောက်လိုက်သည်။

ဒီကောင်လေးတစ်ခုခု မူမမှန်တာကို ရှန်းဝမ်ချင်း ခံစားနေရတာ ကြာပါပြီ။ စူးရှထက်မြက်နေသည့် အစွယ်ကြီးများကို မြင်ပြီး‌နောက် သူ့သံသယတွေကို အတည်ပြုနိုင်ခဲ့သည်။ ဒီကလေးက သာမန်လူသားမဟုတ်နိုင်ပေ။

ရှန်းဝမ်ချင်း ဘေးပတ်လည်ရှိ ဓားစွမ်းအင်များ ပြင်းထန်စွာလှုပ်ခါလာခဲ့သည်။ သူ့မျက်လုံးများလည်း ပိုမို နီမြန်းလာခဲ့ပြီး သတ်ဖြတ်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။

“မင်း ဘာကောင်လဲ”

လျို့လန် လေထဲမှာ ခြေတွေလက်တွေ ယက်ကန်ယက်ကန်ဖြစ်နေပြီး အသည်းအသန်ရုန်းကန်နေသည်။ သို့သော် ရှန်းဝမ်ချင်းလက်မှ မလွက်မြောက်နိုင်ပေ။ နောက်ဆုံးမှာ‌တော့ ရွေးချယ်စရာမရှိတော့ဘဲ သူ့ ‘မေမေ’ကိုသာ အာခေါင်ခြစ် အော်ခေါ်ရတော့သည်။

အပြင်လူများ အမြင်မှာတော့ ချစ်စိတ်မွှန်နေသည့် လူငယ်က အပြစ်မဲ့သည့် ကလေးတစ်ယောက်အပေါ် ဒေါသပုံချနေခြင်းနှင့် တူနေသည်။

ထို့ကြောင့် ကြားဝင်ရခြင်းကို နှစ်သက်သည့် အဒေါ်ကြီးတစ်ဦးက ဝင်ပြောလိုက်ပါသည်။

“သခင်လေးက မျိုးကောင်းရိုးကောင်းကနေ ဆင်းသက်လာပြီး စွမ်းရည်ပါရမီပြည့်စုံမယ့် ပုံစံမျိုးပါ၊ ဘာလို့ အပြစ်မရှိတဲ့ ကလေးကို အနိုင်ကျင့်နေရတာလဲ”

ထိုစကားကို အားလုံးနီးပါး ထောက်ခံကြသည်။

“အမှန်ပဲ! လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာလား၊ အဓိပ္ပာယ်မဲ့လိုက်တာ!”

“ခံစားချက်ဆိုတာ အတင်းလုပ်ယူလို့မရဘူးကွ၊ တစ်ယောက်ယောက်က မင်းကို သဘောမကျဘူးဆိုရင် သဘောကျလာအောင် အတင်းလုပ်ယူလို့ မရဘူး”

“အတင်းလုပ်ယူလို့ ရလာတဲ့အရာကလည်း မချိုမြိန်ပါဘူး၊ ကျုပ်အမြင်အရ ပြောရမယ်ဆိုရင်တော့ အဲ့ဒီအဘွားအိုကို သခင်လေး မနှောင့်ယှက်သင့်တော့ဘူး၊ ကျုပ်မှာ အပျိုစစ်စစ် တူမလေးတစ်ယောက်ရှိတယ်၊ သခင်လေးနဲ့ဆို အရမ်း လိုက်ဖက်မှာ၊ ကျုပ်အိမ်ကို ခဏလောက် လာလည်ပါလား၊ ကျုပ်တူမလေးကို တွေ့တာနဲ့ အဲ့ဒီအဘွားအိုကို သခင်လေး မေ့သွားမှာ အာမခံရဲတယ်”

ပွဲကြည့်ပရိတ်သတ်များကို ယန်ရုန်ရုန် အမှန်တကယ် လေးစားမိပါသည်။

‘ဓားသခင်ရဲ့ မျက်လုံးတွေ ဒေါသထွက်လွန်းလို့ နီရဲနေတာကို မမြင်ကြဘူးလား’

ရှန်းဝမ်ချင်းတစ်ယောက် လူသတ်မိလုနီးပါးဖြစ်နေသော်လည်း ဒီလူတွေကတော့ ပွဲကြည့်လို့ကောင်းနေကြဆဲပင်။ ပွဲကြည့်ရုံတင်မကဘဲ ဓားသခင်ကို သူတို့ဆွေမျိုးများနှင့် အောင်သွယ်တော်လုပ်ပေးဖို့ပင် ကြိုးစားနေကြသေးသည်။

‘အတင့်ရဲလိုက်ကြတာ!’

ကံကောင်းစွာဖြင့် ရှန်းဝမ်ချင်းတွင် ဆင်ခြင်တုံတရားများ အနည်းငယ်ရှိနေပါသေးသည်။ သာမန်လူသားများနှင့် ရန်ဖက်ဖြစ်ရလောက်သည့်အထိ သူ့အဆင့် မနိမ့်သေးပေ။

လျို့လန်ကို လက်တစ်ဖက်ဖြင့် ချုပ်နှောင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ယန်ရုန်ရုန်ခါးကိုဖက်ကာ ဓားပျံပေါ် ရှန်းဝမ်ချင်း ခုန်တက်လျက် တိမ်တွေထဲ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း သုံးယောက်စလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအခါမှ လူငယ်လေးက မသေမျိုးတစ်ယောက်ဖြစ်မှန်း အားလုံးနားလည်သွားခဲ့ကြသည်။ ထို့ကြောင့်လည်း ရုပ်ရည်အသွင်အပြင်က အလွန်နူးညံ့သိမ်မွေ့နေခြင်း ဖြစ်ပါလိမ့်မည်။

သို့သော် မသေမျိုးတစ်ယောက်က အဘွားအိုတစ်ယောက်ကို အဘယ်ကြောင့် စွဲလမ်းနေရခြင်းကိုတော့ ဘယ်သူမှ နားမလည်နိုင်ကြသေးပေ။

‘မသေမျိုးတွေမှာ ထူးထူးဆန်းဆန်း ဝါသနာတွေရှိနေတာများလား’

-

ရှမ့်ယွင်ဂိုဏ်းသို့ ရှန်းဝမ်ချင်း တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။ ရှမ့်ယွင်ဂိုဏ်းတွင် ပင်မတောင်ထိပ် ၁၂ လုံးနှင့် တောင်ထိပ်ငယ် ၉၉ လုံးတို့ ရှိကြသည်။ ပင်မတောင်ထိပ် ၁၂ လုံးရှိသည့်အနက် ယွီကျမ့်တောင်ထိပ်တွင် ရှန်းဝမ်ချင်း နေထိုင်သည်။

သူမကို ရှန်းဝမ်ချင်း စည်းကမ်းထိန်းသိမ်းရေးခန်းမထဲ ပစ်ထည့်ပြီး အပြစ်ပေးလိမ့်မည်ဟု ယန်ရုန်ရုန်ထင်ထားခဲ့သည်။ သို့သော် ရှန်းဝမ်ချင်းက သူမကို ယွီကျမ့်တောင်ထိပ်အထိ ခေါ်ဆောင်လာခဲ့ပါသည်။

ယွီကျမ့်ထောင်ထိပ်မှာ ထာဝရ ဆီးနှင်းများ၊ ရေခဲများနှင့် ဖုံးလွှမ်းနေသဖြင့် ခြေချလိုက်သည်နှင့် အရိုးထဲထိ စိမ့်သည့် အအေးဒဏ်ကို ခံစားရသည်။ ထို့အပြင် တောင်ပေါ်မှာ သစ်ပင်ပန်းပန်များ ဘာမှ မပေါက်ရောက်ဘဲ လွင်တီးခေါင်ဖြစ်နေခဲ့သည်။

ရှန်းဝမ်ချင်းနေထိုင်သည့် လှိုဏ်ဂူက ပိုလို့တောင် ရှေးကျပါသေးသည်။ ရှန်းဝမ်ချင်းက ဇိမ်ခံမှုတွေ၊ အပေါ်ယံ သာယာမှုတွေကို ဘာမှ ဂရုမစိုက်ဘဲ ဓားလမ်းစဉ်ကျင့်ကြံခြင်းအပေါ်မှာသာ စိတ်နှစ်ထားခဲ့သူတစ်ယောက်ဖြစ်သည်။

မကြာခဏ ဂူအောင်းကျင့်ကြံတတ်သဖြင့် ရှန်းဝမ်ချင်း၏ နေ့စဉ်ဘဝမှာ အလွန်ရိုးရှင်းလှပါသည်။ ထို့ကြောင့် လှိုဏ်ဂူထဲမှာ ကုတင်တစ်လုံးကလွဲပြီး ဘာမှမရှိသလောက်ပင်။

ယခင်တုန်းက ဒီနေရာကြီးကို အသက်ဝင်လာစေဖို့ ယန်ရုန်ရုန် ကြိုးစားအားထုတ်ခဲ့ဖူးသည်။ အအေးဒဏ်ကို ခံနိုင်စွမ်းရှိသည့် သစ်ပင်ပန်းပန်များ၊ ဝိညာဉ်သားရဲများကို ရှာဖွေခဲ့သည်။ သို့သော် ရှန်းဝမ်ချင်းက အသိအမှတ်လုံးဝမပြုခဲ့ပါ။

သူ့အမြင်မှာတော့ ယန်ရုန်ရုန် ယူဆောင်လာပေးသည့်အရာများက ဝန်ထုပ်ဝန်ပိုးတွေသာဖြစ်ပြီး ဓားလမ်းစဉ်ကျင့်ကြံသူတစ်ဦးအတွက် အာရုံလွဲမှားစရာတွေသာ…

ဓားလမ်းစဉ်ကျင့်ကြံသူတစ်ဦးအဖို့ ဓားတစ်လက်ကိုသာ တန်ဖိုးထားသင့်သည်။ ကျန်တာဘာမှ မလိုအပ်ပေ။ ထို့ကြောင့် ယန်ရုန်ရုန်၏ နွေးထွေးသည့် စေတနာများကို အေးစက်မှုဖြင့်သာ သူတုန့်ပြန်ခဲ့သည်။

ယခင်တုန်းက မစ်ရှင်အောင်မြင်ဖို့အတွက် ယန်ရုန်ရုန် စိတ်မပါသော်လည်း အချစ်ရူးတစ်ယောက်သဖွယ်ဟန်ဆောင်ခဲ့ရသည်။ ယခု ဘာမစ်ရှင်မှ မရှိတော့သဖြင့် ဟန်ဆောင်ဖို့ပင် ပျင်းရိလွန်းနေပါပြီ။

ရှန်းဝမ်ချင်း လက်မှ လွတ်သည်နှင့်တစ်ပြိုင်တည်း ထွက်ပေါက်ထံသို့ ထွက်ပြေးဖို့ ယန်ရုန်ရုန်ကြိုးစားလိုက်သည်။

ရှန်းဝမ်ချင်းကတော့ ထွက်ပြေးသွားသည့် ယန်ရုန်ရုန်ကို တိတ်တဆိတ် တည်ငြိမ်စွာ ငေးကြည့်နေပါသည်။ အတန်ကြာပြီးနောက် စိတ်ဓာတ်ကျစွာပြန်လာသည့် ယန်ရုန်ရုန်ကို သူမြင်လိုက်ရသည်။

သူမ စိတ်ပြောင်းသွားလို့မဟုတ်ပါ။ လှိုဏ်ဂူဝင်ပေါက်မှာ အတားအဆီးတစ်ခုဖြင့် ကာရံထားခြင်းကြောင့်သာ။

ယန်ရုန်ရုန် ဘယ်လောက်ပဲ ကြိုးစားပါစေ မလွတ်မြောက်နိုင်ပေ။ ဒီလှိုဏ်ဂူကြီးက သူမအတွက် အကျဉ်းထောင်တစ်ခုလိုပင်။

လျို့လန် အမြန်ပြေးလာပြီး ယန်ရုန်ရုန်၏ ခြေသလုံးကို ဖက်ကာ တိုင်လိုက်ပါသည်။

“မေမေ အဲ့ဒီလူက အရမ်းယုတ်မာတာပဲ! ကျွန်တော့်ကို အနိုင်ကျင့်တယ်၊ ကလဲ့စားချေပေးပါ!”

ယန်ရုန်ရုန်လည်း ကလဲ့စားချေပေးချင်ပါသည်။ သို့သော် ရန်သူက သန်မာလွန်းသဖြင့် သူမ မတတ်နိုင်ပေ။ အနီးနားမှာ ရပ်နေသည့် ဓားသခင်ကို ယန်ရုန်ရုန် လှမ်းကြည့်လိုက်သည်။

ဓားသခင်၏ မျက်နှာအနေအထား၊ အမူအရာများက သူမ ထွက်ပြေးဖို့ ကြိုးစားစဉ်ကတည်းက မပြောင်းလဲသေးပေ။ အစွန်းအထင်းမဲ့သည့် အဖြူရောင် ဝတ်ရုံများနှင့် မျက်ဝန်းနက်နက်များကလည်း တည်ငြိမ်လေးနက်နေခဲ့သည်။

ဒီလိုတည်ငြိမ်နေပုံကို ကြည့်ခြင်းအားဖြင့် သူမ ပြန်ရောက်လာမှာကို အစောကြီးကတည်းက မျှော်လင့်ထားမှန်း သေချာပါသည်။

ယန်ရုန်ရုန် ဒေါသလည်းထွက် စိတ်လည်းပင်ပန်းနေပါပြီ။ အရာရာကို ကံကြမ္မာလက်ထဲမှာသာ ပုံအပ်ထားချင်တော့သည်။

သို့သော် သူမအသက်ကိုသူမ ချစ်မြတ်နိုးလွန်းသဖြင့် အရှုံးမပေးချင်သေးပါ။ ထို့ကြောင့် လျို့လန် ခေါင်းကို ပုတ်ပေးရင်း ယန်ရုန်ရုန် ပြောလိုက်သည်။

“သူက လူဆိုးမဟုတ်ဘူး၊ ငါ့ဆရာလေ၊ ဝါ အရဆိုရင် နင်သူ့ကို ဆရာကြီးလို့ ခေါ်သင့်တာ”

လျို့လန် မကျေမနပ် နှုတ်ခမ်းစူလိုက်သည်။

ယန်ရုန်ရုန် နူးညံ့သိမ်မွေ့စွာ ချော့ပြောလိုက်သည်။

“စကားနားထောင်နော် လျို့လန်၊ လိမ္မာရင် အရသာရှိတာတွေ ကျွေးမယ်”

အစားအသောက်မျက်နှာကြောင့် လျို့လန် စိတ်မပါစွာ ခေါ်ဆိုလိုက်ပါသည်။

“ဆရာကြီး…”

ကံမကောင်းစွာဖြင့် ရှန်းဝမ်ချင်းကတော့ ဒီလို ‘တပည့်လေး’ကို အသိအမှတ်ပြုဖို့ အစီအစဉ်မရှိပေ။

“ငါတို့ ရှမ့်ယွင်ဂိုဏ်းမှာ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ သားရဲတွေကို တပည့်သားအဖြစ် လက်မခံဘူး”

လျို့လန် ချက်ချင်း အစွယ်ဖြဲပြကာ မာန်ဖီလိုက်သည်။ သို့သော် ပြဿနာထပ်မရှာနိုင်အောင် သူ့ခေါင်းကို ယန်ရုန်ရုန်အမြန်ဖိထားလိုက်ပါသည်။

ထို့နောက် ရှန်းဝမ်ချင်းကို မျက်နှာလိုမျက်နှာရ ပြုံးပြလိုက်သည်။

“နင် မှားနေပြီ၊ သူက ရိုင်းစိုင်းကြမ်းကြုတ်တဲ့ သားရဲမဟုတ်ဘူး၊ ငါ့သားလေးပါ”

All Chapters