အခန်း (၃၉)
Vol. 4 Ch. 39
ရှန်းဝမ်ချင်းရင်ထဲ အဖြေတစ်ခုကို ကောက်ချက်ချပြီးပါပြီ။
ထို့ကြောင့် ယန်ရုန်ရုန် အလိမ်အညာများကို သူဒေါသမထွက်တော့ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။
“ထောင်ထျဲသားရဲက ရိုင်းစိုင်းကြမ်းကြုတ်တဲ့သားရဲမဟုတ်လို့ ဘာကောင်ဖြစ်ရမှာလဲ”
ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းမှာ ရှိစဉ်တုန်းက ရှုယင်၏ ဝိညာဉ်မျက်လုံးစည်းဝိုင်းမှတဆင့် ထောင်ထျဲသားရဲကို ရှန်းဝမ်ချင်း မြင်ခဲ့ရသည်။ သို့သော် ကောင်းကင်ဘုံနန်းတော်သို့ သူတို့ရောက်ရှိသွားကြသောအခါ သားရဲကြီးက ပျောက်ကွယ်သွားခဲ့လေပြီ။
ကောင်းကင်ဘုံ၏မိုးကြိုးဒဏ်ခတ်မှုက ကြောက်မက်ဖွယ်ကောင်းသော်လည်း စွမ်းအားအကြီးမားဆုံး ရှေးဟောင်း သားရဲမျိုးနွယ်စုကြီး လေးစု၏ အနွယ်ဝင်ကို အလွယ်တကူ သတ်နိုင်မှာ မဟုတ်ပါ။ ထို့ကြောင့် သားရဲကြီး ထွက်ပြေးလွတ်မြောက်သွားခြင်းသာ ဖြစ်ပါလိမ့်မည်။
သူ့ကို ဒီကောင်လေး ကိုက်ဖို့ ကြိုးစားခဲ့စဉ်က ထူးခြားပြီး ယုတ်ညံ့သည့် သားရဲရောင်ဝါတစ်ခုကို ရှန်းဝမ်ချင်း အာရုံခံမိခဲ့သည်။
ချင်းရှားလျှို့ဝှက်နယ်မြေမှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ပေါင်းစည်းကြည့်လိုက်ပြီးနောက် ဒီကောင်လေးက ပျောက်ဆုံးနေသည့် ထောင်ထျဲသားရဲဖြစ်မည်ဟု ရှန်းဝမ်ချင်း ကောက်ချက်ချနိုင်ခဲ့ပါသည်။
ပထမတော့ ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းမှ လွတ်မြောက်သွားပြီး ဒီထောင်ထျဲသားရဲကြီး တစ်လောကလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားမှာကို ရှန်းဝမ်ချင်း စိတ်ပူနေခဲ့သည်။
သို့သော် ယခုသူ့ရှေ့မှာ ခေါင်းငုံ့ပြီး သူ့ကို စိတ်မပါလက်မပါဖြင့် ‘ဆရာကြီး’ဟု ခေါ်ဆိုနေသည့် ကောင်လေးကို ကြည့်ရင်း သူ မလိုအပ်ဘဲ စိုးရိမ်ခဲ့မိခြင်းသာဖြစ်မှန်း ရှန်းဝမ်ချင်း နားလည်သွားခဲ့ပါသည်။
ယန်ရုန်ရုန် ဆွံ့အသွားသည်။ လျို့လန် သရုပ်ဖျက်ထားသည်ကို ရှန်းဝမ်ချင်း ဒီလောက်မြန်မြန်သိသွားလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ယန်ရုန်ရုန် ချက်ချင်း ကပ်ဖားရပ်ဖားအပြုံးပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ချီးကျူးလိုက်ပါသည်။
“ထင်တဲ့အတိုင်းပဲ ဆရာက ဉာဏ်ပညာကြီးမားလိုက်တာ!”
ယန်ရုန်ရုန်၏ စကားလုံးချိုချိုများကို ရှန်းဝမ်ချင်း လျစ်လျူရှုကာမေးလိုက်သည်။
“အဲ့ဒီကောင် မင်းကိုစားပစ်လိုက်မှာ မကြောက်ဘူးလား”
ထောင်ထျင်သားရဲက ဦးနှောက်ပျက်ယွင်းသွားလျှင်တောင် အန္တရာယ်များဆဲပင်။ အမှန်တကယ် စိတ်ရူးပေါက်သွားခဲ့လျှင် စန်းချွမ်လို အခြေခံအုတ်မြစ်ချအဆင့် ကျင့်ကြံသူတစ်ဦးက ထိန်းချုပ်နိုင်စွမ်းရှိမည်မဟုတ်ပါ။
အစွယ်ဖြဲပြနေဆဲဖြစ်သည့် လျို့လန်၏ ခေါင်းကို ယန်ရုန်ရုန်ပုတ်လိုက်ပြီး ရှင်းပြလိုက်ပါသည်။
“သူ ကျွန်မနဲ့ သခင်-အစေခံ စာချုပ်ချုပ်ထားတယ်၊ ကျွန်မ သေသွားရင် သူလည်း ရှင်သန်နိုင်မှာမဟုတ်ဘူး”
ရှန်းဝမ်ချင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“မင်းတော်တော် သတ္တိကောင်းပါလား”
သူ့လို မဟာအောင်မြင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးတောင် ကြမ်းကြုတ်သည့် ထောင်ထျဲသားရဲနှင့် အလွယ်တကူ စာချုပ်ချုပ်ရဲမှာ မဟုတ်ပေ။
သို့သော် အခြေခံအုတ်မြစ်ချအဆင့်သာသာရှိသည့် ယန်ရုန်ရုန်ကတော့ ထောင်ထျဲသားရဲကို ကျေးကျွန်အဖြစ် သိမ်းပိုက်ခဲ့လေသည်။
ယန်ရုန်ရုန် ခေါင်းမော့ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“နွားပေါက်က ကျားမကြောက်တတ်ဘူး ဆိုသလိုပေါ့”
ယန်ရုန်ရုန်ဘာတွေ ဂုဏ်ယူနေသလဲ ရှန်းဝမ်ချင်း နားမလည်သဖြင့် တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာမှ ရှုံ့တွနေသည့် သူမမျက်နှာကို ကြည့်ရင်း ရှန်းဝမ်ချင်း စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“ဒီအခြေအနေ ဘယ်လိုရောက်သွားခဲ့တာလဲ”
ယန်ရုန်ရုန်ညီးတွားလိုက်သည်။
“ပြောရရင်တော့ အရှည်ကြီးပါပဲ”
ရှန်းဝမ်ချင်း: “အဲ့တာဆို အတိုချုံးပြီးပြော”
ယန်ရုန်ရုန် မတ်တပ်ရပ်ရသည်မှာ ညောင်းလာပြီဖြစ်သော်လည်း လှိုဏ်ဂူထဲမှာ ထိုင်ခုံလေးတစ်ခုံပင်မရှိသဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ အေးစက်စက် ကြမ်းပြင်ပေါ်မှာသာ ထိုင်ချလိုက်ရတော့သည်။
သူမ အပြုအမူကို မြင်ပြီးနောက် ရှန်းဝမ်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။
ယန်ရုန်ရုန်လည်း သူမဣန္ဒြေမဲ့နေခြင်းကို ရှန်းဝမ်ချင်း သည်းမခံနိုင်မှန်းသိသဖြင့် သူဘာမှ မဆုံးမနိုင်ခင် စကားအရင်ဖြတ်ပြောလိုက်သည်။
“ကျင်းချွီမြို့မှာ ကြားခဲ့ရတဲ့ ကောလဟာလတစ်ခုကနေစခဲ့တာ၊ ကလေးတွေအများကြီး ပျောက်နေကြတယ်လို့ တစ်မြို့လုံးက လူတွေပြောခဲ့ကြတယ်၊ မြို့စားကြီးက စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပေမယ့် ဘာအကြောင်းမှ မထူးခဲ့ဘူး…”
သူမစကားကို ရှန်းဝမ်ချင်း အမှန်တကယ် စိတ်ဝင်စားသွားခဲ့သည်။ ထို့ကြောင့် ဘာမှဖြတ်မပြောတော့ဘဲ တိတ်တဆိတ် နားထောင်နေလိုက်ပါသည်။
ပထမတော့ ယန်ရုန်ရုန် အမှန်တရားတွေကို ပြောနေခြင်းဖြစ်သော်လည်း အတိတ်ပြန်အစီအရင်ကို အသုံးပြုခဲ့သည့် အပိုင်းကို ရောက်ရှိသောအခါ လုပ်ကြံဇာတ်လမ်းများ စတင်ထွင်လေတော့သည်။
“ကျွန်မ အကျဉ်းထောင်ထဲမှာ အဖမ်းခံထားခဲ့ရတာ၊ လွတ်လမ်းလည်း မရှိဘူး၊ အဲ့တာကြောင့် ရွေးချယ်စရာမရှိဘဲ စည်းဝိုင်းတစ်ခုကို အသုံးပြုပြီး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးကို ဆင့်ခေါ်ခဲ့ရတယ်၊ အဲ့ဒီ ကျင့်ကြံသူက အရမ်းတော်တယ်၊ ကျွန်မကို ကယ်တင်ပေးခဲ့ရုံတင်မကဘူး ချမ့်ထုံရှန်းကိုပါ သင်ခန်းစာကောင်းကောင်း ပေးခဲ့သေးတယ်”
ရှန်းဝမ်ချင်းက အရူးလုပ်ဖို့လွယ်ကူသူ မဟုတ်ပေ။
“ဘာစည်းဝိုင်းလဲ၊ ဘယ်နေရာကနေ သင်ယူလာတာလဲ”
“နတ်နဂါးမင်း သက်ဆင်းခြင်းစည်းဝိုင်းလို့ ခေါ်တယ်၊ အဲ့ဒါကို ရှမ့်ယွင်ဂိုဏ်း စာကြည့်တိုက်ထဲကနေ လေ့လာ သင်ယူခဲ့တာလေ၊ အဲ့ဒီစည်းဝိုင်းက နတ်နဂါးတစ်ကောင်ကိုတောင် ဆင့်ခေါ်နိုင်တယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ကျွန်မ အဆင့်က နိမ့်လွန်းတော့ နဂါးကို မခေါ်နိုင်ဘဲ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပဲ ဆင့်ခေါ်နိုင်ခဲ့တာပါ”
ယန်ရုန်ရုန် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ရှန်းဝမ်ချင်း သွားစစ်ကြည့်မှာကို သူမ မကြောက်ပေ။ ရှမ့်ယွင်ဂိုဏ်း စာကြည့်တိုက်ထဲမှာ ‘နတ်နဂါးသက်ဆင်းခြင်းစည်းဝိုင်း’အမှန်တကယ် ရှိနေပါသည်။
ယန်ရုန်ရုန်အား ရှန်းဝမ်ချင်း စူးစူးဝါးဝါး စိုက်ကြည့်ပြီး ယုံရကောင်း မယုံရကောင်း ဝေခွဲရခက်သွားခဲ့သည်။ အချိန်အတော်ကြာမှ လေးလံသည့်အသံဖြင့် သူပြောလိုက်သည်။
“မင်း အဲ့လိုပုံစံနဲ့ ထိုင်ပြီး ဘာလုပ်နေတာလဲ”
ယန်ရုန်ရုန် တွေးလိုက်သည်။ ‘လာပြန်ပြီ၊ ငါကို မဆုံးမရရင် မနေနိုင်တဲ့ကောင်”
ရှန်းဝမ်ချင်းက ဒီလိုလူမျိုးပင်။ စာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး စည်းမျဉ်းစည်းကမ်းများကို အလေးထားကာ အလွန်ဇီဇာကြောင်သည်။
သူ့စည်းကမ်းများအား မလိုက်နာနိုင်သည့် လူတိုင်းကို အပြစ်ပေးလေ့ရှိသည်။ ပုံမှန်ဆို ယန်ရုန်ရုန်က စည်းမျဉ်းစည်းကမ်းများကို မုန်းတီးတတ်သည့် လူမျိုးဖြစ်သော်လည်း ရှန်းဝမ်ချင်း၏ ကြင်နာမှုကို ရရှိဖို့အတွက် နှစ် ၃၀ နီးပါး ချုပ်တည်းခဲ့ရပြီး လိမ္မာသည့် တပည့်လေးတစ်ဦးသဖွယ် ဟန်ဆောင်ခဲ့ရသည်။
ယခုမူ သူမ ဘာမှ ထိန်းထားစရာမလိုတော့ပေ။
ရှန်းဝမ်ချင်းက ဆူလိုက်သော်လည်း ယန်ရုန်ရုန် ပြန်မထသေးပါ။ မထသည့်အပြင် ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပြီး ဗိုက်ပေါ် လက်တင်လျက် ရှန်းဝမ်ချင်းကို မျက်နှာသေဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မကို ထိုင်ခွင့်မပေးဘူးဆိုရင် လှဲအိပ်နေလိုက်မယ်”
ရှန်းဝမ်ချင်း: “…”
‘ထိုင်ခွင့်မပေးဘူးလို့ ပြောမိလို့လား’
ကြမ်းပြင်ပေါ်မှာထိုင်လျှင် အလွန်အေးမည်ဖြစ်ကာ သူမခန္ဓာကိုယ်ကလည်း အားနည်းနေသဖြင့် ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း ရှန်းဝမ်ချင်း သတိပေးချင်ခဲ့ခြင်းဖြစ်သည်။
ရှန်းဝမ်ချင်း ဘာမှရှင်းမပြနိုင်ခင် လှိုဏ်ဂူအပြင်ဘက်သို့ တစ်စုံတစ်ယောက် ရောက်လာခဲ့ပါသည်။
“အချိန်ရလား ညီလေး”
ဂိုဏ်းခေါင်းဆောင်ကြီး နန်ခယ့်၏ အသံပင်။
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေဆဲဖြစ်သည့် ယန်ရုန်ရုန်ကိုကြည့်ရင်း ရှန်းဝမ်ချင်း တိုးညှင်းစွာမေးလိုက်သည်။
“မင်း မထသေးဘူးလား”
ယန်ရုန်ရုန် မျက်စပစ်လိုက်သည်။
“မထဘူး”
ရှန်းဝမ်ချင်းက သူမကို ‘ချစ်’သည်ဟု ဆိုသဖြင့် သူမဘက်ကလည်း ကောင်းကောင်းကြီး ပညာပြပေးရပါမည်။ သူ့ရင်ထဲက ‘လရောင်ဖြူရှစ်ကျဲ’နှင့် သူမ ဘာတစ်ခုမှ မတူညီကြောင်းကို မြင်အောင် ပြသရမည်။
ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း ငုံ့ကြည့်လိုက်သည်။
ယန်ရုန်ရုန်ကတော့ နောက်ဆုံးအချိန်အထိ ခုခံသွားမည့်အလား မလှုပ်မယှက်ငြိမ် သက်နေပါသည်။ ရှန်းဝမ်ချင်း ဒေါသပေါက်ကွဲသွားလိမ့်မည်ဟု ယန်ရုန်ရုန်ထင်ထားခဲ့သော်လည်း ထင်မှတ်မထားသည့် မေးခွန်းမျိုးကို သူတိုးညှင်းစွာ မေးလိုက်သည်။
“မင်းကို ပွေ့ချီစေချင်လို့လား”
ယန်ရုန်ရုန်: “…”
ရှန်းဝမ်ချင်း လေလုံးထွားနေခြင်းဖြစ်မည်ဟု ယန်ရုန်ရုန်တွေးလိုက်သည်။
သူ့လို တည်ကြည်လေးနက်သည့် စရိုက်မျိုးနှင့် သူများကို အမှန်တကယ် ပွေ့ချီခြင်းမျိုး လုပ်နိုင်မှာ မဟုတ်ပါ။
သို့သော် ရှန်းဝမ်ချင်း ရုတ်တရက် ခါးကုန်းလာသည်ကို သူမ မြင်လိုက်ရသည်။ သူမကို အမှန်တကယ် ပွေ့ချီတော့မည့်ပုံစံ ပေါက်နေသဖြင့် ယန်ရုန်ရုန် သုတ်သုတ်ပျာပျာ ပြန်ထလာခဲ့ပါသည်။
နက်ရှိုင်းသည့် သူ့အကြည့်ကို မြင်သောအခါ ယန်ရုန်ရုန် ခြေလှမ်းများ နောက်ဆုတ်သွားခဲ့ပြီး လျို့လန်ကို လူသားဒိုင်းအဖြစ် အရှေ့မှာ ကာလျက် သတိကြီးကြီး ထားလိုက်ပါသည်။
ရှန်းဝမ်ချင်းလည်း မတ်တပ်ပြန်ရပ်လိုက်သည်။ ထို့နောက် ညာဘက်လက်ကို ဝှေ့ရမ်းကာ လှိုဏ်ဂူအဝင်ဝရှိ အကာအရံကို ဖျက်သိမ်းလိုက်ပါသည်။
ထိုအခါ တာအိုဆရာကြီးနန်ခယ့် ဝင်လာခဲ့သည်။ သူက ရှမ့်ယွင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ရုံသာမကဘဲ ရှန်းဝမ်ချင်း၏ဒုတိယအစ်ကိုလည်းဖြစ်သည်။
အသက် ၂၀ ဝန်းကျင် ရှိမည်ဟု ထင်ရသော်လည်း အမှန်တကယ်က အသက် ၁,၀၀၀ ကျော်နေပါပြီ။ သူက ယောက်ျားပီသပြီး လေးနက်တည်ငြိမ်မှုရှိသည်။
ငွေရောင်ဆံနွယ်များကို ရိုးရှင်းသည့် ကျောက်စိမ်းဆံထိုးဖြင့် ထိန်းသိမ်းထားသည်။ အစိမ်းရောင်ဖျော့ဖျော့ ဝတ်ရုံကို ဆင်မြန်းထားပြီး လက်ထဲမှာလည်း ငွေရောင်မြင်းမြီးယပ်တစ်ချောင်းကို ကိုင်ထားကာ မသေမျိုးပညာရှိကြီးတစ်ဦးနှင့် တူညီလှပါသည်။
နန်ခယ့်ဝင်ရောက်လာသည်နှင့် တစ်နေရာလုံးကို အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ယန်ရုန်ရုန်ထံ အကြည့်ရောက်သွားခဲ့သည်။
“ဒါက…?”
ရှန်းဝမ်ချင်း တစ်စုံတစ်ယောက်ကို ခေါ်ဆောင်ပြီး ဂိုဏ်းထံ ပြန်ရောက်လာသည်ဟု သူသတင်းကြားခဲ့သည်။ စန်းချွမ်ဖြစ်မည်ဟု ယူဆလျက် နန်ခယ့် အမြန်ဆုံးရောက်လာခဲ့သော်လည်း အဘွားအိုတစ်ဦးကိုသာ မြင်လိုက်ရသည်။
ရှန်းဝမ်ချင်း ဖြည်းညှင်းစွာ ဖြေလိုက်သည်။
“စန်းချွမ်ပါ”
နန်ခယ့် မှင်သက်သွားခဲ့သည်။ ယန်ရုန်ရုန်ရှေ့သို့ သူလျှောက်သွားခဲ့ပြီး ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။
သူ့ညီကို ရူးသွပ်သွားလောက်အောင် ညှို့ယူနိုင်ခဲ့သည့် တပည့်သားက ဒီလို… လူမျိုးဖြစ်နေလိမ့်မည်ဟု နန်ခယ့် မထင်ထားခဲ့မိပေ။
နန်ခယ့် အလွန်မယုံကြည်နိုင် ဖြစ်သွားခဲ့ပါသည်။
“မင်းဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေ ရောက်သွားတာလဲ”