← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

ယန်ရုန်ရုန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ‘နတ်နဂါးသက်ဆင်းခြင်းစည်းဝိုင်း’အကြောင်းကို အစမှ အဆုံးအထိ ပြန်ပြောပြလိုက်ရသည်။

စကားပြောရလွန်းသဖြင့် လည်ချောင်းများပင် ခြောက်လာခဲ့ပါပြီ။

‘လက်ဘက်ရည်လေး သောက်လိုက်ရရင်တော့…’

ယန်ရုန်ရုန်ခေါင်းထဲ ထိုအတွေးဝင်လာသည်နှင့် သူမရှေ့သို့ ပူပူနွေးနွေး ဝိညာဉ်လက်ဘက်ရည်တစ်ခွက် ရောက်လာပါသည်။ ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်ရာ ရှန်းဝမ်ချင်း၏ ပြစ်ချက်ကင်းပြီး ချောမောလှပသည့် မျက်နှာကို မြင်လိုက်ရသည်။

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။

“ကျွန်မအတွက်လား”

ရှန်းဝမ်ချင်း ပြန်မေးလိုက်သည်။

“အခြားဘယ်သူရှိလို့လဲ”

ယန်ရုန်ရုန်ရင်ထဲ ဖော်ပြရခက်သည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှန်းဝမ်ချင်းလက်အောက်မှာ တပည့်အဖြစ် နေထိုင်ခဲ့ရသည့် နှစ်ပေါင်းများစွာအတွင်း ဒီလို အလိုက်သိမှုမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

လက်ဘက်ရည်ခွက်ကို ယန်ရုန်ရုန် လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။

“ကျေးဇူးပါ”

သူတို့နှစ်ယောက်ကို နန်ခယ့် အပြန်ပြန်အလှန်လှန်ကြည့်လိုက်သည်။ တွန့်ဆုတ်နေသည့် သူ့မျက်နှာကို မြင်သောအခါ ရှန်းဝမ်ချင်း မေးလိုက်ပါသည်။

“ဒုတိယအစ်ကို ဘာပြောချင်တာရှိလို့လဲ”

နန်ခယ့်မဝံ့မရဲ မေးလိုက်ပါသည်။

“မင်းတို့နှစ်ယောက်… ပြန်အဆင်ပြေသွားကြပြီလား”

လက်ဘက်ရည်ငုံ့သောက်နေသည့် သူ့တပည့်လေးကို ကြည့်ရင်း ရှန်းဝမ်ချင်း တိုးညှင်းစွာ ဖြေလိုက်သည်။

“အင်း…”

နယ်ခယ့်မျက်နှာပေါ် အလွန်ကျယ်ပြောသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“အဲ့တာဆိုလည်း လက်ဆက်ထိန်းမြှားဖို့ နေ့ကောင်းနေ့မြတ် အမြန်ရွေးလိုက်တော့လေ!”

‘ဖွီး!!!’

ထိတ်လန့်လွန်းသဖြင့် ယန်ရုန်ရုန် လက်ဘက်ရည်သီးသွားခဲ့သည်။

ရှန်းဝမ်ချင်းနှင့် နန်ခယ့်တို့ အမြန်ရှောင်လိုက်နိုင်သဖြင့် ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် လက်ဘက်ရည်နှင့် မျက်နှာသစ်ပြီးသား ဖြစ်သွားနိုင်သည်။

ယန်ရုန်ရုန် နှုတ်ခမ်းပေါ်က လက်ဘက်ရည်များကို သုတ်ရင်း မကျေမနပ် ပြောလိုက်ပါသည်။

“ကျွန်မတို့ လက်ထပ်မယ်လို့ ဘယ်တုန်းကပြောမိလို့လဲ!”

နန်ခယ့် မှင်သက်သွားခဲ့သည်။

“မင်းတို့နှစ်ယောက် စေ့စပ်ထားပြီးသားမဟုတ်ဘူးလား၊ တကယ်ဆို မင်းတို့ လက်ထပ်သင့်တာကြာနေပြီ၊ အဲ့ဒီ…”

ထိုလူသုံးယောက်၏အမည်ကို ရွတ်ပြလိုက်ပါက သူ့ညီ ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် နန်ခယ့် စကားအမြန်ဖြတ်လိုက်ပါသည်။

“ဘာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေက ပြီးသွားပြီ၊ မင်းလည်း အသက်ငယ်သေးတာပဲ၊ အမှားမလုပ်ဖူးတဲ့လူဆိုတာ မရှိဘူး၊ အမှန်ပြင်ရကောင်းမှန်းသိပြီး အခုကစလို့ ဝမ်ချင်းအပေါ်မှာ သစ္စာစောင့်သိမယ်ဆိုရင် လုံလောက်ပါပြီ”

အကြီးအကဲတစ်ဦးဖြစ်သည့် သူ့မျက်နှာကြောင့် ‘စန်းချွမ်’အလျှော့ပေးလိမ့်မည်ဟု နန်ခယ့် ထင်ထားခဲ့သည်။ သို့သော် စန်းချွမ်က ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။

“ကျွန်မ မမှားဘူး!”

နန်ခယ့် ဒေါသထွက်သွားလိမ့်မည်ဟု ယန်ရုန်ရုန်ကလည်း ထင်ထားခဲ့သည်။ သို့သော် နန်ခယ့် ရယ်မောလိုက်ပြီး ခေါင်းတွေ ဆက်တိုက် ညိတ်လိုက်ပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ငါစကားပြောမှားသွားတာပါ၊ မင်းမမှားပါဘူး၊ မင်းကို ဖြားယောင်းဖို့ ကြိုးစားတဲ့ အဲ့ဒီကောင်တွေရဲ့အမှားပါ”

ယန်ရုန်ရုန်: “…”

နန်ခယ့်အရွဲ့တိုက်နေသည်ဟု သူမ ခံစားရသည်။

နန်ခယ့် သိမ်မွေ့စွာ ပြောလိုက်ပါသည်။

“မင်းရဲ့ သက်တမ်းတွေကုန်ခမ်းသွားလို့ အခုလို အခြေအနေမျိုး ဖြစ်သွားတာနေမယ်၊ ဘာပဲဖြစ်ဖြစ်ပါ ငါ မင်းခန္ဓာကိုယ်ကို စစ်ကြည့်ပြီး ဘယ်လို ကုသပေးရမလဲ စဉ်းစားပေးမယ်”

ယန်ရုန်ရုန် ငြင်းလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုဘူး”

ထိုကုသမှုကို အကြောင်းပြပြီး ရှန်းဝမ်ချင်းနှင့် သူမကို အတင်းအကြပ်ပေးစားမှာ ယန်ရုန်ရုန် စိတ်ပူမိသည်။

သူမအတွေးကို ဖောက်ထွင်းမြင်နိုင်သည့်အလား နန်ခယ့်ပြုံးကာ ပြောလိုက်သည်။

“စိတ်ချပါ၊ ငါက မင်းနဲ့ ဝမ်ချင်းတို့ကြားက ကိစ္စတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ နှလုံးသားရေးကိစ္စတွေမှာ ကိုယ့်ခံစားချက်နဲ့ကိုယ်ပဲ ဆုံးဖြတ်တာ ကောင်းတယ်၊ အပြင်လူတွေ ဝင်စွက်ဖက်လို့မကောင်းဘူးလေ”

ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။ ရှမ့်ယွင်ဂိုဏ်းခေါင်းဆောင်ကြီး ဒီလောက်ထိ သဘောကောင်းပြီး မောက်မာမှု ကင်းမဲ့လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဒါ့ကြောင့်လည်း ရှမ့်ယွင်ဂိုဏ်းသားအားလုံးက သူ့လက်အောက်မှာ နာနာခံခံ ရှိနေကြခြင်းဖြစ်ပါလိမ့်မည်။

နန်ခယ့်က ဆက်ဖြောင်းဖြလိုက်သည်။

“မင်းရှမ့်ယွင်ဂိုဏ်းမှာ မနေချင်မှန်း ငါသိတယ်၊ အဲ့တာကြောင့် မင်းဒဏ်ရာတွေ ပျောက်ကင်းသွားပြီဆိုတာနဲ့ ထွက်သွားခွင့်ပေးမယ်လို့ ငါကတိပေးတယ်”

ထိုစကားကို ကြားသောအခါ ရှန်းဝမ်ချင်း နှုတ်ခမ်းများလှုပ်သွားပြီး ကန့်ကွက်ဖို့ ကြံလိုက်သည်။ သို့သော် နန်ခယ့်၏စူးရှသည့်အကြည့်တစ်ချက်ကြောင့် သူနှုတ်ဆိတ်သွားခဲ့ရသည်။

ယန်ရုန်ရုန်လည်း အနည်းငယ် စိတ်ယိမ်းယိုင်သွားခဲ့သည်။ ယခုအချိန်မှာ သူမခန္ဓာကိုယ်က ထွက်ပြေးဖို့အတွက်တောင် အားနည်းလွန်းနေပါသည်။

ထို့ကြောင့် အရင်ဆုံး ကုသခံလိုက်ပြီး ခွန်အားတွေ ပြန်ပြည့်ဝလာခါမှ လွတ်လမ်းရှာသင့်သည်။

“ဒါဆို ဂိုဏ်းခေါင်းဆောင်ကြီးကို အားကိုးပါတယ်…”

နန်ခယ့် ညာဘက်လက်ကို မြှောက်လိုက်ပြီး ယန်ရုန်ရုန်နဖူးပေါ် လက်ညှိုးနှင့် လက်ခလယ်နှစ်ဖက် တင်လိုက်သည်။ သူ့လက်ဖျားထိပ်မှ သိမ်မွေ့သည့် ဝိညာဉ်စွမ်းအင်များ ယန်ရုန်ရုန်ခန္ဓာကိုယ်ထဲ စီးဆင်းသွားခဲ့သည်။

အန္တရာယ်ကို အာရုံမခံမိသဖြင့် ယန်ရုန်ရုန်လည်း မခုခံဘဲ ထိုစွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ခွင့် ပြုလိုက်ပါသည်။

အချိန်အတန်ကြာသောအခါ နန်ခယ့်လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာ သိပ်မကောင်းလှပေ။

“နတ်နဂါးသက်ဆင်းခြင်းစည်းဝိုင်းကို အတင်းအကြပ်အသုံးပြုခဲ့လို့ သက်စောင့်စွမ်းအားတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားပြီ၊ ချီစီးဆင်းမှုတွေပါ အားနည်းကုန်တယ်၊ မြန်မြန်မကုသရင် အသက်အန္တရာယ်ရှိလာလိမ့်မယ်”

ဒီရလဒ်ကို ယန်ရုန်ရုန် မျှော်လင့်ထားပြီးသား ြစ်သည်။ သက်စောင့်စွမ်းအားဟူသည်မှာ လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါသည့် စွမ်းအင်တစ်မျိုးဖြစ်ကာ ကုန်ခမ်းသွားပါက လူတစ်ဦး၏သက်တမ်းလည်းတိုတောင်းသွားမှာ သေချာသည်။

အရေးကြုံခဲ့ရခြင်းကြောင့်သာမဟုတ်လျှင် သူမသက်စောင့်စွမ်းအားများကို အသုံးချခဲ့မိမည်မဟုတ်ပေ။

ရှန်းဝမ်ချင်း မေးလိုက်သည်။

“ကုသဖို့ နည်းလမ်းရှိလား”

နန်ခယ့် ခေါင်းညိတ်လိုက်သည်။

“ရှိတာတော့ ရှိတယ်၊ ဒါပေမယ့် အရမ်းခက်ခဲလိမ့်မယ်”

ရှန်းဝမ်ချင်း လေးနက်စွာ မေးလိုက်ပါသည်။

“နတ်ရတနာတွေဘာတွေ လိုအပ်လို့လား၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် သွားရှာပေးမယ်”

“မင်းထင်သလောက် မရိုးရှင်းဘူး၊ စန်းချွမ်ရဲ့ သက်တမ်းကို ပြန်ဖြည့်တင်းဖို့အတွက် အခြားလူတစ်ယောက်ရဲ့ သက်တမ်းကို လိုအပ်နေတာ၊ ရတနာတွေဆိုတာ ဘယ်လောက်ပဲရှားပါးပါစေ ရှာတွေ့နိုင်ချေရှိသေးတယ်၊ ဒါပေမယ့် အခြားလူတစ်ယောက်ရဲ့ သက်တမ်းကို ဘယ်လိုရှာမလဲ၊ ဒီကမ္ဘာကြီးထဲမှာ အခြားလူတစ်ယောက်အတွက် သူတို့ရဲ့ သက်တမ်းတွေကို ဖဲ့ပေးနိုင်တဲ့လူမျိုးဆိုတာ မရှိဘူး၊ ဒါလမ်းဆုံးတစ်ခုပဲ”

ရှန်းဝမ်ချင်း နှစ်ခါပြန်မတွေးဘဲ ပြောလိုက်သည်။

“ကျွန်တော့်သက်တမ်းကို ယူပါ!”

ယန်ရုန်ရုန်နှင့် နန်ခယ့်တို့နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြသည်။

နန်ခယ့် အတည်ပြုဖို့ ထပ်မေးလိုက်ပါသည်။

“မင်းသေချာရဲ့လား”

ရှန်းဝမ်ချင်း မျက်လုံးများ တည်ငြိမ်ပြတ်သားနေသည်။

“သေချာပါတယ်”

ထို့နောက် ယန်ရုန်ရုန်အား နန်ခယ့်လှည့်ကြည့်လိုက်သည်။ ရှန်းဝမ်ချင်းကို စိုက်ကြည့်နေသည့် သူမ ပုံစံကို မြင်ပြီးနောက် ယန်ရုန်ရုန်တစ်ယောက် မျက်ရည်ကျရလောက်သည်အထိ ဝမ်းနည်းကြည်နူးသွားလိမ့်မည်ဟု သူထင်ထားခဲ့သည်။

ကမ္ဘာပေါ်မှာ ကိုယ့်အတွက် အသက်ပေးဝံ့သည့် ယောက်ျားတစ်ယောက်ကို ဘယ်လို မိန်းကလေးမျိုးကမှ ဥပေက္ခာပြုနိုင်စွမ်းရှိမည် မထင်ပါ။

ယန်ရုန်ရုန်လည်း ခြွင်းချက် မရှိလောက်ပေ။

ဒုတ်!

ရှန်းဝမ်ချင်းရှေ့တွင် ယန်ရုန်ရုန် ရုတ်တရက် ဒူးထောက်ချလိုက်သည်။ ထို့နောက် သူ့ခြေထောက်ကိုဖက်ရင်း မျက်ရည်များကျလျက် ငိုကြွေးမြည်တမ်းလေတော့သည်။

“ဆရာ! ဆရာက ကျွန်မအပေါ် အရမ်းကောင်းတာပဲ! ဒီဘဝမှာ ဆရာ့ကျေးဇူးတွေကို ပြန်ဆပ်ဖို့ မြင်းလို၊ နွားလို ရုန်းကန်ပြီး ကြိုးစားပါ့မယ်!”

သူမကို ရှန်းဝမ်ချင်း ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

“ငါမ ြင်းလည်းမလိုဘူး နွားလည်း မလိုဘူး”

နန်ခယ့်လည်း ရင်ထဲမှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ‘အမှန်ပဲ၊ သူဘာအကောင်မှ မလိုဘူး၊ မိန်းမတစ်ယောက်ပဲ လိုတာ’

ယန်ရုန်ရုန်ကတော့ ကြည်နူးစွာ ဆက်ညည်းတွားလိုက်ပါသည်။

“ဒါဆို ကျွန်မကို ဆရာ့ရဲ့သမီးအဖြစ် မွေးစွားပေးပါ! ကျွန်မက ဆရာ့ထက် အသက်ငယ်တယ်၊ ဆရာ အိုမင်းမစွမ်းဖြစ်သွားပြီး မလှုပ်ရှားနိုင်တော့တဲ့အခါ ဆရာလိုအပ်သမျှကို ကျွန်မ ဖြည့်ဆည်းပြုစုပေးပါ့မယ်၊ ဆရာကွယ်လွန်သွားတဲ့အခါမှာလည်း ဈာပနမှာ ငိုကြွေးပြီး နှစ်တိုင်းနှစ်တိုင်း အုတ်ဂူမှာ လာရောက်ဆုတောင်းပေးပါ့မယ်! အဖေ… အဖေ့အပေါ် သမီးကျိန်းသေပေါက် ဝတ္တရားကျေပွန်ပါ့မယ်!”

ရှန်းဝမ်ချင်း: “…”

နန်ခယ့်: “…”

‘ဘယ်လိုတွေဖြစ်သွားတာလဲ…’

ကြင်ယာအဖြစ်တော်ဖို့ ခေါ်ဆောင်လာသည့် မိန်းကလေးက မျက်စိတစ်မှိတ်အချိန်အတွင်း သူ့သမီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ညီဖြစ်သူ၏မျက်နှာကို နန်ခယ့် ကြည့်ပင်မကြည့်ရဲတော့ချေ။ သူ မဝံ့မရဲ ပြောလိုက်ပါသည်။

“စန်းချွမ်… ဝမ်ချင်းက မင်းရဲ့ ဆရာလေ၊ ဘေးကြုံတဲ့အခါ မင်းကို ကယ်တင်ပေးရမှာ သူ့တာဝန်ပဲ၊ အဲ့ဒီအတွက်နဲ့ သူ့ကို အဖေတော်စရာမလိုပါဘူး”

ယန်ရုန်ရုန် မျက်ရည်များကို သုတ်ရင်းရှိုက်ငင်စွာ ပြောလိုက်သည်။

“တစ်ရက်ဆရာဆိုတာ တစ်သက်အဖေပါပဲ၊ သူက ကျွန်မရဲ့ ဆရာဖြစ်တဲ့အတွက် အဖေဆိုလည်း ဟုတ်တယ်၊ ကျွန်မကို သမီးအဖြစ် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျွန်မကတော့ နောက်ဆုံးအချိန်အထိ အဖေအဖြစ် အသိအမှတ်ပြုသွားမှာပဲ”

နန်ခယ့် ခေါင်းတွေအကြီးအကျယ် ကိုက်လာခဲ့ပါသည်။

“ငါပြောတာနားထောင်… တကယ်တော့ ခုနက ငါအလကား ကျီစယ်တာပါ”

သူ့ကို ယန်ရုန်ရုန် ကြောင်စီစီ ကြည့်လိုက်သည်။

“ဦးလေးကြီး ဘာတွေပြောနေတာလဲ”

‘ဦးလေးကြီး’ဟူသည့် ခေါ်သံကို ကြားလိုက်ရသည့်အခါ နန်ခယ့်ခေါင်းထဲ ဗလာကျင်းဖြစ်သွားခဲ့သည်။ မိနစ်အနည်းငယ်လောက် ကြက်သေသေသွားခဲ့ပြီးမှ သူ ခက်ခက်ခဲခဲ ပြန်ပြောနိုင်ခဲ့သည်။

“ငါ့ကို ဦးလေးကြီးလို့ မခေါ်စမ်းနဲ့”

All Chapters