အခန်း (၁၂၁)
Vol. 13 Ch. 121
ကျိုးရှန်းရှန့် သစ်သားသေတ္တာကိုဖွင့်လိုက်ပြီးနောက် ခေတ္တမျှမှင်သက်သွားလေသည်။ ငွေနားကပ်တစ်ရံသည် သေတ္တာထဲတွင် တိတ်တဆိတ်လဲလျောင်းနေသည်ကိုတွေ့လိုက်ရသောကြောင့်ပင်။ ငွေနားကပ်မှာ အဆင်တန်ဆာအဖြစ် ဝတ်ဆင်နိုင်သလို တန်ဖိုးလည်းရှိသည်ဖြစ်ရာ လက်ထဲတွင်ငွေသားကိုင်ထားသည်နှင့်အတူတူပင်ဖြစ်ပြီး ပိုက်ဆံအဖြစ်သုံးစွဲနိုင်ပေသည်။ ကျိုးရှန်းရှန့်မျက်လုံးများ ချက်ချင်းနီရဲလာပြီး သူမအသံတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေ၏။
"ညီမထောင်ဟွား ညီမရဲ့စေတနာကတန်ဖိုးကြီးလွန်းတယ်"
ဒါက ပိုက်ဆံပဲလေ။
ငွေနားကပ်ကို မြင်လိုက်ရသောအခါ ကျန်လူများ၏မျက်လုံးများထဲတွင် အားကျမှုများပြည့်နှက်သွားလေသည်။ စောစောက ရန်စကားပြောနေသော အဒေါ်လည်း ပါးစပ်ပိတ်သွား၏။ ဤငွေနားကပ်မှာ ငွေသားနှစ်တေးနှင့်ညီမျှသည်လေ။
ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ တော်တော်ရက်ရောတာပဲ။ ရှန့်ရှန့်ကဒီလို ချမ်းသာတဲ့သူငယ်ချင်းမျိုးရှိတာ တစ်ကယ်ကံကောင်းတယ်။
"အစ်မရှန့်ရှန့် အစ်မနဲ့ခဲအိုတို့ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါစေလို့ ညီမဆုတောင်းပေးပါတယ် လက်ခံပေးပါနော်"
ကျိုးထောင်ဟွားပြုံးလျက် ပြောလိုက်သည်။ ကျိုးရှန့်ရှန့်သာ ယန်ကျားရွာသို့ရောက်သွားပြီးလျှင် သူမလည်းအစ်မရှန့်ရှန့်ကို မကြာခဏတွေ့ရတော့မည်မဟုတ်ပေ။
"ထောင်ဟွား ညီမမင်္ဂလာဆောင်ကျရင်လဲ အစ်မလက်ဆောင်ကောင်းကောင်းပြန်ပေးမယ်နော်"
ထောင်ဟွားပေးသော ငွေနားကပ်သည် အလွန်တန်ဖိုးရှိသဖြင့် သူမသေတ္တာအောက်ဆုံးတွင်ထားရပေမည်။ ဤဓလေ့ကို ကျားကျွမ်းရှန်းဟုခေါ်ဆိုကြသည်။
ကျိုးရှန်းရှန့် သူမအဒေါ်ထံ မျက်စောင်းထိုးကာကြည့်လိုက်၏။
"ဟမ့် ထောင်ဟွားက သမီးအပေါ်ဘယ်လောက်ကောင်းလဲဆိုတာကို အဒေါ်မြင်ပြီလား"
ထိုညတွင် ကျိုးရှန်းရှန့်သည် ကျိုးထောင်ဟွားကို သူမနှင့်အတူအိပ်ရန် တောင်းဆိုလိုက်သည်။ ကျိုးကျားရွာတွင် သတို့သမီးတစ်ဦးမင်္ဂလာမဆောင်မီ တစ်ညတွင် သူမကုတင်ကိုနွေးထွေးစေခြင်းဓလေ့တစ်ခုရှိပြီး ကျိုးထောင်ဟွားသည် ဤကိစ္စအတွက် ကျိုးရှန်းရှန့်၏ရွေးချယ်ခြင်းကိုခံလိုက်ရ၏။ ထိုည၌ ရှန်းမင်သည် ပုံမှန်အတိုင်း ချမ်ရှီထံဟင်းချက်နည်းသင်ရန် ကျိုးမိသားစုအိမ်သို့ရောက်လာသော်လည်း ကျိုးထောင်ဟွားအိမ်မှာမရှိသဖြင့် အကြောင်းပြချက်မရှိစိတ်ဂနာမငြိမ်ဖြစ်သွားရသည်။
အိမ်၌သူချစ်ရသည့်သူမရှိရာ အခြားမည်သူ့ကိုမှမြင်ချင်စိတ်မရှိသလိုခံစားလိုက်ရ၏။ ကျိုးရှန်းရှန့်အိမ်တွင် ညစာစားပြီးနောက် ကျိုးထောင်ဟွားအခန်းထဲသို့ပြန်ရန်ပြင်လိုက်စဉ် ခြံဝင်းအပြင်ဘက်မှ လေချွန်သံတစ်သံကို ရုတ်တရက်ကြားလိုက်ရသဖြင့် သူမခြေလှမ်းများ ရပ်တန့်သွားသည်။
ဟမ်
ရှန်းမင် ရောက်နေတာလား။
သူမ တံခါးပေါက်ဆီသို့ လျှောက်သွားပြီး ဖွင့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ လရောင်အောက်တွင် အရပ်ရှည်ရှည် သွယ်သွယ်လျလျလူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဆံနွယ်ဖြူဖြူတို့မှာ လရောင်အောက်တွင်လှပနေတော့၏။ ကျိုးထောင်ဟွား မှင်သက်သွားရသည်။ ကျိုးထောင်ဟွားကို ပြန်တွေ့လိုက်ရသောအခါ ရှန်းမင်အလျင်စလိုရှေ့တိုးလာပြီး သူမလက်ကိုဆုပ်ကိုင်လိုက်၏။
"ထောင်ဟွား ကိုယ်ညီမကိုအရမ်းလွမ်းနေတာ"
သူ သူမကိုမတွေ့ရသည်မှာတစ်နေ့တာလုံးရှိပြီဖြစ်ပြီး ယခုမှသာ သူမလက်ကိုကိုင်ခွင့်ရတော့သည်။ သူ့အသံထဲ၌ ဝမ်းနည်းသံပါနေသည်ကိုကြားလိုက်ရသဖြင့် ကျိုးထောင်ဟွားနှစ်သိမ့်ပေးလိုက်ရ၏။
"ဒီတစ်ညတည်းပါ မနက်ဖြန်ရှန့်ရှန့်မင်္ဂလာဆောင်ပြီးရင် ညီမလဲသူ့ကုတင်ကို နွေးအောင်လုပ်ပေးစရာ မလိုတော့ပါဘူး"
"ကိုယ့်ကိုနမ်းပါဦး"
ရှန်းမင် ခေါင်းငုံ့ပြီးသူ့နှုတ်ခမ်းကိုထိပြလိုက်သည်။ သူ့နှုတ်ခမ်းထက်မှနွေးထွေးသောအထိအတွေ့ကိုခံစားလိုက်ရမှ ရှန်းမင်စိတ်ကျေနပ်သွားလေ၏။ ထောင်ဟွားကိုသာလက်ထပ်ပြီးသွားလျှင် သူလည်းသူမကိုနေ့တိုင်းတွေ့ရတော့မည်ပင်။
"ထောင်ဟွား နင်တို့နှစ်ယောက် အိုး တောင်းပန်ပါတယ် ငါအနှောင့်အယှက် ပေးမိပြီ"
ကျိုးရှန်းရှန့်မှာ ခြံဝင်းတံခါးပွင့်နေသည်ကိုမြင်၍လာပိတ်စဉ် အပြင်ဘက်၌ လက်ချင်းချိတ်ထားသော သူတို့နှစ်ဦးကို မမျှော်လင့်ဘဲတွေ့လိုက်ရသဖြင့် ရှက်ရွံ့စွာပင် အိမ်ထဲသို့ပြန်ဝင်သွားလိုက်သည်။
"ညီမ ပြန်ဝင်တော့မယ်နော်၊ အစ်ကိုရှန်းမင်လဲ အိမ်ပြန်ပြီးအိပ်တော့"
ကျိုးရှန်းရှန် မိသွားသဖြင့် ကျိုးထောင်ဟွားလည်း ရှက်သွားရသည်။
….....
"ထောင်ဟွား တောင်းပန်ပါတယ်နော် နင်တို့နှစ်ယောက်ကို ငါခွဲချင်လို့ထွက်လာတာမဟုတ်ပါဘူး၊ ရှန်းမင်ခမျာ နင့်ကို တစ်နေ့လုံးမတွေ့ရသေးဘူးလေ"
ကျိုးထောင်ဟွား အခန်းထဲပြန်ရောက်လာသည်နှင့် ကျိုးရှန်းရှန့်ပြောလိုက်သည်။
"ရပါတယ်"
ကျိုးရှန်ရှန့်ပြောလာ၏။
"ဒါပေမယ့် ရှန်းမင်က နင့်အပေါ်အရမ်းကောင်းတယ်နော်၊ သူနင့်ကိုတော်တော် ချစ်ပုံရတယ်"
သူမစကားကြောင့် ကျိုးထောင်ဟွား မျက်နှာရဲသွားရသည်။ မိန်းကလေးနှစ်ယောက်သည် မန်ဒရင်းဘဲများရေကစားနေပုံပန်းထိုးထားသော စောင်နီကြီး လွှမ်းခြုံထားသည့် အိပ်ရာခင်းနီနီပေါ်တွင် အတူတူလှဲလျောင်းနေကြ၏။ ကျိုးရှန်းရှန့်မှာ မျက်နှာကြက်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ငါ မနက်ဖြန်မင်္ဂလာဆောင်ရတော့မယ်လို့ တွေးတောင်မတွေးဖူးဘူး"
တစ်ကယ်တော့ မနက်ဖြန်ဆိုလျှင် မရင်းနှီးသည့်နေရာတစ်ခု၌သွားနေရတော့မည်ဟုတွေးမိရင်း သူမနည်းနည်းတော့စိတ်လှုပ်ရှားမိသည်။ ကျိုးထောင်ဟွားပြောလိုက်၏။
"နောက်သုံးလမပြည့်ခင်လေးတင် ညီမလဲမင်္ဂလာဆောင်ရတော့မှာပါ"
"နင်က ရှန်းမင်နဲ့လက်ထပ်မှာဆိုတော့ ငါတို့ကျိုးကျားရွာမှာပဲ ဆက်နေရမှာလေ ငါကကျယန်ကျားရွာကိုသွားရမှာ ပြန်လာချင်ရင် တောင်တစ်လုံးကျော်ရဦးမယ်၊ အဲ့တော့ပြန်လာဖို့က သေချာပေါက် အဆင်မပြေတော့ဘူးလေ၊ ငါအိမ်ကနေထွက်မသွားချင်ဘူး"
ကျိုးရှန်းရှန့် သူမဘေးမှကျိုးထောင်ဟွားကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ပြောလိုက်သည်။ သူမ စိတ်မကောင်းဖြစ်၍လျှောက်ပြောနေမှန်း ကျိုးထောင်ဟွားနားလည်၏။
မနက်ဖြန်ကျ ယန်ဖုန်းရှို့နဲ့မင်္ဂလာဆောင်ရတော့မှာလေ။ ပြီးတော့ ရှေးခေတ်မှာဆို အရွယ်ရောက်ပြီးတဲ့ ဘယ်မိန်းကလေးကများ အိမ်ထောင်မပြုဘဲနေလို့လဲ။
ကျိုးရှန်းရှန့်ပြောလာ၏။
"ယန်ဖုန်းရှို့ကို ငါတစ်ခေါက်ပဲတွေ့ဖူးသေးတာ၊ သူကပေါင်းသင်းဆက်ဆံရ လွယ်လား မလွယ်လားလဲ ငါမသိဘူး၊ နင်နဲ့ရှန်းမင်လို မဟုတ်ဘူးလေ၊ နင်တို့ကတော့ နေ့တိုင်းတွေ့နေရတာမလား၊ လက်မထပ်ရသေးပေမယ့် တော်တော် ရင်းနှီးနေကြပြီ"
မိန်းကလေးနှစ်ယောက် စကားကောင်းနေစဉ် အခန်းတံခါးရုတ်တရက်ပွင့်လာလေသည်။ ကျန်းရှီ သည် စာအုပ်တစ်အုပ်ကိုင်လျက်ဝင်လာပြီး ကျိုးရှန်းရှန့်ထံကမ်းပေးလိုက်သည်။
"ရှန့်ရှန့် ဒီညဒီစာအုပ်ကိုဖတ်လိုက် ထောင်ဟွားလဲဖတ်ကြည့်ပေါ့၊ ညည်းတို့ မိန်းကလေးနှစ်ယောက် အတူတူလေ့လာလိုက်ကြ၊ ဘာပဲဖြစ်ဖြစ် ထောင်ဟွားလဲနောက်လနည်းနည်းကြာရင် မင်္ဂလာဆောင်ရတော့မှာပဲမလား"
ကျန်းရှီသည် စာအုပ်ကိုချထားပေးပြီး တံခါးပိတ်ကာထွက်ခွာသွားလေသည်။
"စာအုပ်ဟုတ်လား ငါကဘာလို့စာအုပ်ကိုလေ့လာရမှာလဲ၊ အမေ မှားနေတာများလား ငါမှစာမဖတ်တတ်တာ"
ကျိုးရှန်းရှန့်မှာ ကုတင်ပေါ်တွင်လှဲရင်း နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
ကျိုးထောင်ဟွားသည် ရင်းနှီးနေသော စာအုပ်၏ဗလာမျက်နှာဖုံးကိုကြည့်လိုက်သည်နှင့် သူမမှတ်ဉာဏ်များ ချက်ချင်း ပြန်ပေါ်လာ၏။ ဤသည်မှာမည်သည့်စာအုပ်မျိုးဆိုသည်ကို သူမချက်ချင်းသိလိုက်သည်။ ဒေါ်လေးကျန်းမှာ မင်္ဂလာမဆောင်ခင် အိမ်ထောင်မှုဆက်ဆံရေးအကြောင်း ကျိုးရှန်းရှန့်အားသင်ပေးဖို့ ကြံစည်နေသည်ပင်။ ထင်ထားသည့်အတိုင်းပင် ကျိုးရှန်းရှန့်မှစာအုပ်၏ပထမဆုံးစာမျက်နှာကို ဖွင့်လိုက်သောအခါ ပါဝင်သော အကြောင်းအရာများသည် ကျိုးထောင်ဟွားနှင့်အလွန် ရင်းနှီးနေလေသည်။
"!!!"
"ဒါ ဒါကဘာကြီးလဲ၊ အမေက ငါ့ကိုဘာလို့ ဒါကြီးကြည့်ခိုင်းရတာလဲ"
တစ်ခဏချင်းမှာပင် ကျိုးရှန်းရှန့်မျက်နှာ နီရဲလာပြီး ရုပ်ပြစာအုပ်ကိုချက်ချင်းပိတ်ဖို့လုပ်လိုက်သည်။ ကျိုးထောင်ဟွား သူမကို တားကာပြောလိုက်၏။
"အစ်မရှန့်ရှန့် ဒေါ်လေးကျန်းကအစ်မကို ဒီညအပြီးလေ့လာစေချင်တာလေ"
ကျိုးရှန်းရှန့်မျက်နှာမှာ နီရဲနေတော့သည်။ ကျိုးထောင်ဟွားနှင့် ဒေါ်လေးကျန်းတို့မှာ သူမကောင်းဖို့အတွက်သာ လုပ်ပေးနေမှန်း သူမသိ၏။ မနက်ဖြန်ဆိုလျှင် သူမမင်္ဂလာဆောင်ရတော့မည်ဖြစ်၍ ဤအချက်များကိုသာ နားမလည်ထားလျှင် မင်္ဂလာဦးည၌အမှားလုပ်မိမည်ကို ကြောက်နေမိသည်။ ကျိုးရှန်းရှန့်အကြည့်များသည် ရုပ်ပြစာအုပ်ဆီပြန်ရောက်သွားပြီး ကျိုးထောင်ဟွားကိုပါတောင်းဆိုလာ၏။
"ထောင်ဟွား ဒါဆို နင်ငါနဲ့ အတူတူဖတ်ပေးနော်"
"အင်းပါ"
မုဆိုးမဖန်း ပေးထားသောစာအုပ်ကို သူမ ခေါင်းအုံးအောက်၌ထားပြီးကတည်းမှ ပြန်မကြည့်ဖြစ်သေးပေ။ ပြန်ဖတ်မိပါက သူမစိတ်များထဖောက်လာပြန်မည်ကိုလည်း ကြောက်ရသေးသည်။ ကြည့်ရသည်မှာ ဤညတော့ရှောင်လွှဲရမည့်ပုံမပေါ်ပါပေ။ ဒုတိယအကြိမ်ဖတ်ပြီးသည်နှင့် စာအုပ်ပါအကြောင်းအရာများကို ပိုမှတ်မိလာကြောင်း သူမသိလိုက်ရသည်။
နောက်ဆုံးတော့ မိန်းမငယ်လေးနှစ်ယောက်သည် စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးသွားကြ၏။ ကျိုးရှန့်ရှန့်မျက်နှာမှာ နီရဲနေတော့သည်။ ကျိုးထောင်ဟွားမျက်နှာကို စိုက်ကြည့်ရင်း သူမမေးလိုက်၏။
"ထောင်ဟွား နင်က ဘာလို့ဘာမှမဖြစ်သလို နေနိုင်ရတာလဲ၊ နင်က ဒီစာအုပ်ထဲက အကြောင်းအရာတွေကို လုံးဝစိတ်မဝင်စားသလိုပဲ၊ နင်သေချာရောဖတ်ရဲ့လား"
"မဖတ်ပါဘူး ဘယ်လိုလုပ်ဖတ်မှာလဲ"
ကျိုးထောင်ဟွား အမြန်ရှင်းပြလိုက်သည်။
"မနက်ဖြန် မင်္ဂလာဆောင်မှာက ညီမမှမဟုတ်တာ၊ အဲ့တော့ ကျွန်မသေချာမကြည့်ပါဘူး"
"ကဲပါ စာအုပ်လဲဖတ်ပြီးပြီဆိုတော့ အိပ်ကြရအောင်"
နောက်တစ်နေ့မနက် မိုးမလင်းခင်မှာပင် ကျိုးထောင်ဟွားနှင့်ကျိုးရှန်းရှန့်တို့ အိပ်ရာထရလေသည်။ ဒေါ်လေးကျန်း ဝင်လာပြီး ကျိုးရှန်းရှန့်ကိုမိတ်ကပ်လိမ်းခြယ်ပြင်ဆင်ပေးလေ၏။ ယန်ဖုန်းရှို့မှာ သတို့သမီးအားလာကြိုတော့မည်ပင်။ ဤတစ်ခေါက်တော့ ကျိုးထောင်ဟွားသည် ကျိုးရှန်းရှန့်မင်္ဂလာပွဲကို နီးနီးကပ်ကပ်တက်ရောက်ခွင့်ရခဲ့သဖြင့် ရှေးခေတ် အမျိုးသမီးများ၏မင်္ဂလာဆောင်အကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်ခွင့် ရရှိခဲ့သည်။
ကျိုးရှန်းရှန့်နှင့် ယန်ဖုန်းရှို့တို့နှစ်ဖက်စလုံးတွင် ဆွေမျိုးများ,များပြားကြ၏။ ယန်ဖုန်းရှို့သည် ကြင်နာရိုးသားတတ်သော လူတစ်ယောက်ပုံပေါက်သည်။ ကျိုးရှန်းရှန့်မှ ဤကဲ့သို့လူမျိုးနှင့်လက်ထပ်ခွင့်ရသည်ကို သူမဝမ်းသာမိ၏။ ယန်မိသားစုအိမ်မှ မင်္ဂလာဧည့်ခံပွဲ ပြီး၍ပြန်လာသောအခါ သူမလက်ထဲတွင် သူတို့ပေးလိုက်သော မင်္ဂလာသကြားလုံးများကို ကိုင်ထားဆဲ ဖြစ်သည်။
သူမ တစ်လုံးမှမစားရသေးပေ၊ သူမမိဘများနှင့် အစ်ကိုရှန်းမင်ကိုဝေမျှပြီး ပျော်ရွှင်မှုကို အတူခံစားချင်သောကြောင့်ပင်။
ချမ်ရှီနှင့် ကျိုးအာ့ရှုတို့တစ်လုံးစီ ယူစားပြီးနောက် ရှန်းမင်ပြန်ရောက်လာသည်။
ကျိုးထောင်ဟွားသည် သကြားလုံးတစ်လုံးကိုခွာလိုက်ပြီး ရှန်းမင်နှုတ်ခမ်းနား တေ့ပေးလိုက်၏။
"အစ်ကိုရှန်းမင် မင်္ဂလာသကြားလုံးလေး စားပါဦး"
သကြားလုံးမှနှုတ်ခမ်းကို ထိလိုက်သည်နှင့် ရှန်းမင်ရင်ထဲထိ နွေးထွေးသွားစေသော ချိုမြိန်မှုကိုခံစားလိုက်ရသည်။
ညီမထောင်ဟွားက ကိုယ်တိုင်ခွာကျွေးတာပဲ။
"ညီမရော စားပြီးပြီလား"
ကျိုးထောင်ဟွား ပြန်ဖြေရန်ပြင်လိုက်စဉ်မှာပင် ရှန်းမင်နှုတ်ခမ်းများသည် သူမနှုတ်ခမ်းပေါ်သို့ ဖိကပ်လာတော့၏။ ချိုမြိန်သောအရသာသည် သူမပါးစပ်ထဲတွင်ပြည့်နှက်သွားလေသည်။ ခဏအကြာတွင် ရှန်းမင်မတ်တတ်ရပ်ကာပြောလာ၏။
"အရမ်းချိုတာပဲ"