← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

ပန်းထိုးအလုပ်ရုံ အတွင်းတွင်

ရာသီသွေးမိစ္ဆာထံမှ တစ်လကျော်ကြာ သင်ကြားပို့ချမှုရရှိပြီးနောက် အခြေခံရှိပြီးသား ပန်းထိုးသမားများသည် ယခင်ကထက် ပိုမိုသေသပ်လှပသော ပန်းထိုးလက်ရာများကို ဖန်တီးလာနိုင်ကြသည်။

​ပန်းထိုးအလုပ်ရုံ၏စည်းကမ်းမှာ ပန်းထိုးပစ္စည်းတစ်ခုရောင်းရပါက အလုပ်ရုံအနေဖြင့် အမြတ်ငွေ၏ငါးရာခိုင်နှုန်းကိုသာရယူမည်ဖြစ်ပြီး ကျန်ငွေအားလုံးကို ပန်းထိုးသမားများ ရရှိမည်ဖြစ်၏။

​ထို့ကြောင့် တစ်လအတွင်းမှာပင် လူတိုင်းသည် အလုပ်ရုံ၌အလုပ်လုပ်ရင်း ငွေအတော်အတန်ရှာဖွေနိုင်ခဲ့ကြသည်။

​သူတို့သည် တဖြည်းဖြည်းနှင့်နွားလှည်းဝယ်ရန် လုံလောက်သောငွေပမာဏကို စုဆောင်းနိုင်ခဲ့ကြပြီပင်။ ​ကျိုးအိမ်ဟောင်းသည် ချမ်းသာလာခဲ့ပြီး ယခုအခါ ကျိုးလျန်ဟွားမှလွဲ၍ အမွှာမောင်နှမများဖြစ်ကြသော ကျိုးရှင်းဟွာ နှင့်ကျိုးယွီတို့သာ အရွယ်ရောက်ပြီးအိမ်ထောင်ပြုရန် ကျန်ရှိတော့သည်။

​ဝမ့်ရှီသည် ရှောင်ယွီအနေဖြင့် ကျန်းချွေ့အာကဲ့သို့ သီလရှိပြီးယဉ်ကျေးသိမ်မွေ့သောချွေးမမျိုးနှင့် လက်ထပ်နိုင်ရန် မျှော်လင့်နေမိ၏။ သို့မှသာ သူမအနေဖြင့် ပျော်ရွှင်ချမ်းမြေ့သောဘဝကို ခံစားရမည်ဖြစ်ပြီး မည်သည့်ဒုက္ခပြဿနာမှရှိလာမည်မဟုတ်ပေ။

​ထို့ကြောင့် ဝမ့်ရှီသည် အောင်သွယ်တော်ယိုအား ကျိုးယွီအတွက်သင့်တော်သော အိမ်ထောင်ဖက်ရှာဖွေပေးရန် ပြောဆိုထားသည်။ ​ကျိုးရှင်းဟွာအတွက်မူ ယောကျာ်းလေးဘက်မှ မိသားစုသည် ချမ်းသာလျှင် ပိုကောင်းသော်လည်း မချမ်းသာလျှင်တောင် အလွန်အမင်းမဆင်းရဲလျှင် တော်ပါပြီဟုသာသတ်မှတ်ထား၏။ ​သေချာသည်မှာ ယောကျာ်းလေး၏မိဘများသည် လူကောင်းများ ဖြစ်ရမည့်အပြင် ချွေးမကိုနှိပ်စက်တတ်သူမျိုးမဖြစ်ရပေ။ ထိုအချက်များပြည့်စုံမှသာ ရှင်းဟွာကိုထိုမိသားစုထံ စိတ်ချလက်ချထည့်ပေးနိုင်မည်ဖြစ်သည်။

​အောင်သွယ်တော်ယိုသည် ဝမ့်ရှီ ရွေးချယ်ထားသောမိသားစုမှာ အရည်အသွေးမြင့်မားမည်ကို သိရှိသဖြင့် လိုလိုလားလားသဘောတူလိုက်၏။

​ထိုနေ့တွင် ရထားလုံးတစ်စီး ကျိုးကျားရွာထဲသို့ ဖြည်းညှင်းစွာမောင်းဝင်လာလေသည်။ ရထားလုံးတစ်စီးလုံးကို ကြက်သွေးရောင်ဆေးသုတ်ထားပြီး နံရံများပေါ်တွင် မင်္ဂလာရှိသောတိမ်တိုက်ပုံစံများ ရေးဆွဲထားလေ၏။ ​ရထားလုံးသည် ပန်းထိုးအလုပ်ရုံရှေ့တွင် ရပ်တန့်သွားပြီး အစေခံမလေးယွီဟယ်သည် လိုက်ကာကို ချက်ချင်းဖွင့်ပေးလိုက်သည်။

​"သခင်မရောက်ပါပြီ"

ယွီဟယ်အသိပေးလိုက်သည်။ ​ဟယ်ရှီသည် ရထားလုံးအတွင်းမှအလားတူ လှပတင့်တယ်စွာဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ဆွဲခေါ်ကာဆင်းလာရင်း အနည်းငယ်နားမလည်နိုင်ဟန်ဖြင့်ပြောလာ၏။

​"ရွာလမ်းတွေက မြို့လမ်းမတွေနဲ့မတူဘူးလေ၊ ဒီလောက်လမ်းကြမ်းတာကို ညည်းက ဘာလို့ဇွတ်အတင်း လိုက်လာချင်ရတာလဲ၊ ညည်းဘာသာစိတ်ကြိုက်လိုက်ကြည့်လို့ရပါတယ် ကျွန်မကတော့ မိန်းကလေးကျိုးနဲ့ စကားသွားပြောလိုက်ဦးမယ်"

​ထိုသို့ပြောပြီးနောက် ဟယ်ရှီသည် ကျိုးထောင်ဟွားကို ရှာဖွေရန်တန်းတန်းမတ်မတ် ဝင်သွားလေသည်။

​တစ်လကျော်ကြာ ကြိုးစားလေ့လာပြီးနောက် ကျိုးထောင်ဟွား၏ပန်းထိုးစွမ်းရည်သည် အနည်းငယ်တိုးတက်လာခဲ့၏။

​ဟယ်ရှီရောက်လာကြောင်း ကြားလိုက်ရသောအခါ ကျိုးထောင်ဟွားသည် လုပ်လက်စကို ချက်ချင်းချထားလိုက်ပြီး ပန်းထိုးအလုပ်ရုံအတွင်းပိုင်းရှိ သီးသန့်အခန်း၌စကားပြောရန် ဖိတ်ခေါ်လိုက်သည်။

​အကင်းပါးသော မှိုနတ်ဆိုးသည် သူတို့နှစ်ဦးအတွက် လက်ဖက်ရည်ဖျော်ပေးလေ၏။ ​ဟယ်ရှီသည် ကျိုးထောင်ဟွားအနီးမှ ဤနတ်ဆိုးများကို ယခင်ကတည်းက မြင်ဖူးထားသဖြင့် အသားကျနေပြီ ဖြစ်သည်။ ဤရက်များ၌ လယ်ထဲတွင်အလုပ်သိပ်မရှိကြပေ။ ကွမ်းကွမ်းတောင်တွင် တောင်စောင်းကာကွယ်ရေးစီမံကိန်း၌ ပါဝင်လုပ်ကိုင်နေသော လူသန်ကြီးမှလွဲ၍ ကျန်နတ်ဆိုးလေးကောင်စလုံးပန်းထိုးအလုပ်ရုံတွင် ရှိနေကြသည်။

​"မိန်းကလေးကျိုး ပြီးခဲ့တဲ့တစ်ခေါက်က ပို့လိုက်တဲ့ ပစ္စည်းတွေအကုန်လုံး တော်တော်ကောင်းပါတယ်၊ ပန်းထိုးလက်ရာက ထူးခြားကောင်းမွန်ပြီး ပုံစံတွေကလဲ ဆန်းသစ်တယ်၊ ဒီနေ့ ကျွန်မ လာတာက ကုန်ပစ္စည်းအသစ်မှာဖို့အတွက် စပေါ်ငွေလာပေးတာပါ၊ နွေရာသီရောက်တော့မယ်ဆိုတော့ အပူသက်သာဖို့ ယပ်တောင်ဝိုင်းလေးတွေက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တယ်လေ၊ ဒါကြောင့် သတိလာပေးတာပါ၊ ပုံစံတွေနဲ့ပတ်သက်ရင်တော့ မိန်းကလေးကျိုးရဲ့ ဖန်တီးနိုင်စွမ်းအသစ်တွေကို ကျွန်မယုံကြည်ပါတယ်"

​ဟယ်ရှီပြောပြီးသည်နှင့် သူမအစေခံယွီဟယ်သည် ရွှေတုံးများပါဝင်သော သေတ္တာတစ်လုံးကို ချက်ချင်းထုတ်ပေးလိုက်သည်။ ဤသည်မှာ စပေါ်ငွေသက်သက်သာ ရှိသေး၏။ ​ပိုက်ဆံကိုမြင်လိုက်ရသောအခါ ကျိုးထောင်ဟွားမျက်လုံးများမှာ ချက်ချင်းပြုံးရိပ်သန်းသွားလေသည်။

​"ထောင်ဟွားက သခင်မစိတ်ပျက်အောင် လုံးဝလုပ်မှာမဟုတ်ပါဘူး"

​ကျိုးထောင်ဟွားသည် ဟယ်ရှီနှင့် လက်တွဲလုပ်ကိုင်ရသည်ကို သဘောကျသည်။ သူမတွင် ဖြန့်ချိရေးလမ်းကြောင်းရှိသလို စီမံခန့်ခွဲရလွယ်ကူပြီး ငွေပေးချေမှုလည်း အမြဲတမ်းမြန်ဆန်၏။

​"ဒါဆို သဘောတူလိုက်ပြီနော်၊ ပြီးသွားတဲ့အခါလာယူဖို့ လူလွှတ်လိုက်ပါ့မယ်"

​နှစ်ဦးသားစကားပြောပြီးနောက် သီးသန့်အခန်းထဲမှ ထွက်လာကြသည်။ ​ကျိုးထောင်ဟွားသည် ပန်းထိုးအလုပ်ရုံထဲတွင် ဟယ်ရှီကဲ့သို့ပင် လှပတင့်တယ်စွာ ဝတ်ဆင်ထားသော အခြားအမျိုးသမီးတစ်ဦးရှိနေသည်ကို ချက်ချင်းသတိထားမိလိုက်၏။

​"ဒီမိန်းကလေးက ဒီနှစ်ဘယ်နှစ်နှစ် ရှိပြီလဲ"

ဖုန့်ရှီ ကျိုးရှင်းဟွားအားကြည့်ကာမေးလာ၏။ ​ကျိုးရှင်းဟွာမှာပြန်ဖြေရန် အနည်းငယ်ရှက်ရွံ့နေသဖြင့် ဝမ့်ရှီမှသူမကိုယ်စား ဖြေပေးလိုက်သည်။

​"ဆယ့်ငါးနှစ်ပါ ဒါပေမယ့် မွေးနေ့မရောက်သေးပါဘူး"

​ဖုန့်ရှီသဘောပေါက်သွားပြီး ထပ်မေးလိုက်သည်။

"စေ့စပ်ထားပြီးပြီလား"

​ဝမ့်ရှီပြန်ဖြေပေးလိုက်သည်။

"မလုပ်ရသေးပါဘူး ရှာနေတုန်းပါပဲ၊ ကျွန်မတို့မှာ သမီးဆိုလို့သူတစ်ယောက်တည်း ရှိတာလေ၊ ကျွန်မတို့လဲစိတ်ချရအောင် သူ့အတွက်မိသားစုကောင်းကောင်း ရှာပေးချင်လို့ပါ"

​ဝမ့်ရှီတွင် သားနှစ်ယောက်နှင့်သမီးတစ်ယောက်ရှိသည်။ ​သမီးဖြစ်သူမှာ တစ်နေ့တွင် ရွာထဲမှထွက်ခွာပြီး အိမ်ထောင်ပြုရမည်ဖြစ်သဖြင့် သူမကိုမကြာခဏတွေ့ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် မိသားစုရွေးချယ်မှုသည် အလွန်ဂရုစိုက်ရမည့်ကိစ္စဖြစ်သည်။ ​ပေါ့ပေါ့တန်တန် လုပ်၍မရပေ။ သားသမီး၏အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး အလောင်းအစားလုပ်၍မရနိုင်ပေ။

​ဖုန့်ရှီသည် သူမဘေးနားရှိကျိုးရှင်းဟွာကို ကြည့်လိုက်သည်။ သူမသည် မျက်နှာဝိုင်းဝိုင်းနှင့် အသားအရေဖြူဝင်း၍ ပန်းရောင်သမ်းနေကာ ကြည်ကြည်လင်လင်နှင့်အပြစ်ကင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။ ​ဖုန့်ရှီ ချက်ချင်းပြုံးလိုက်ပြီး ဝမ့်ရှီကိုမေးလိုက်သည်။

​"ကျွန်မမိသားစုအတွက် ကောင်းမွန်တဲ့ချွေးမတစ်ယောက် ဖြစ်လာနိုင်မလား၊ ကျွန်မမှာ ဒီနှစ်ဆယ့်ငါးနှစ်ပြည့်မယ့် သားတစ်ယောက်ရှိတယ်၊ ဒီကောင်မလေးထက် လနည်းနည်းပဲကြီးတာပါ၊ သူက အရပ်ရှည်ရှည်နဲ့ ချောမောပြီး စာပေနည်းနည်းလဲ သင်ဖူးပါတယ်"

​ထိုစကားကိုကြားလိုက်ရသောအခါ ဝမ့်ရှီမှင်သက်သွားလေသည်။ ​ဝမ့်ရှီမှာဖုန့်ရှီအနေဖြင့် သာမန်ကာလျှံကာမေးလိုက်ခြင်းဖြစ်မည်ဟုသာ ထင်မှတ်ထားခြင်းပင်။ ​ကျိုးကျားရွာ၏လူနေမှုဘဝ တိုးတက်လာခဲ့သော်လည်း အရင်အခြေအနေကိုသူမ,မမေ့လျော့သေးပေ။ ​အများဆုံးအနေဖြင့် သူတို့တဲများသည် အုတ်အိမ်များဖြစ်လာကြပြီး ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်မည့်အစား နွားလှည်းစီးလာနိုင်ကြကာ ဖာထေးထားသောအဝတ်ကြမ်းများအစား လီနင်အဝတ်သစ်များကို ပြောင်းလဲဝတ်ဆင်လာနိုင်ကြသည်။ သို့သော် ပိုးထည်ဖဲသားများဝတ်ဆင်ပြီး ရွှေငွေရတနာများ ဆင်မြန်းထားသည့် မြို့ပြအမျိုးသမီးကြီးများနှင့်မူ ကွာခြားနေဆဲပင်။ ဤကဲ့သို့လူမျိုးမှာ ရှင်းဟွာကို သူမချွေးမအဖြစ် အလိုရှိနေသည်ပင်။ ​ဝမ့်ရှီ အလျင်အမြန်ခေါင်းယမ်းကာပြောလိုက်၏။

"ကျွန်မရဲ့ရှင်းဟွာမှာ ထူးခြားတဲ့အရည်အချင်းတွေမရှိပေမယ့် သူက ဘယ်သူ့ရဲ့ကိုယ်လုပ်တော်မှ မဖြစ်စေချင်ပါဘူး"

​ဖုန့်ရှီ ပြုံးလိုက်သည်။

"ကိုယ်လုပ်တော်မဟုတ်ပါဘူး ဇနီးမယားအရာပါ၊ ကျွန်မတို့က ရှင်တို့ရဲ့ရှင်းဟွာကို ကျွန်မရဲ့ချွေးမအဖြစ် တရားဝင် လက်ထပ်ယူမှာပါ"

​ထိုစကားများသည် ဝမ့်ရှီနှင့်သူမသမီးကိုသာမက ပန်းထိုးအလုပ်ရုံရှိ အခြားလူများကိုပါ အံ့အားသင့်သွားစေသည်။

​ဒီအမျိုးသမီးက ချမ်းသာတဲ့ပုံပေါက်နေတာအသိသာကြီးလေ။ ကျိုးရှင်းဟွာသာ သူမရဲ့ချွေးမဖြစ်ခွင့်ရမယ်ဆိုရင် အဲ့ဒါကတစ်ကယ့်ကံကောင်းခြင်းပဲ။ သခင်မလေးအဖြစ်နဲ့ စည်းစိမ်ယစ်ပြီးနေရမယ့် ကံပါလာတာပဲမလား။ ​သူမက သူတို့လို လယ်ထဲမှာရော ပန်းထိုးအလုပ်ရုံမှာရော ပင်ပင်ပန်းပန်းလုပ်စရာ ဘာလိုတော့မှာလဲ။ ​အစေခံတွေဝန်းရံပြီး ရွှေတွေငွေတွေဝတ်ပြီး ဇိမ်ကျကျနေရတော့မှာလေ။ ​ထိုစကားကိုကြားသောအခါ ဟယ်ရှီလျှောက်လာပြီးပြောလိုက်သည်။

"အိုး ကျင်းယတစ်ယောက် ကျိုးကျားရွာကို ဘာလို့လိုက်လာချင်နေလဲဆိုတာ အခုမှသိတော့တယ်၊ ညည်းအတွက် ချွေးမ လာရွေးတာကိုး"

​တစ်ကယ်တော့ ဖုန့်ကျင်းယကဲ့သို့သော သူဌေးကတော်တစ်ဦးမှ ရွာသူလေးတစ်ယောက်ကို ဘာကြောင့်ချွေးမအဖြစ် ရွေးချယ်ချင်ရသည်ကို ဟယ်ရှီလည်းနားမလည်နိုင်ပေ။ ​သူမသားဖြစ်သူလန်ယွမ်သည် သူမပြောသကဲ့သို့ပင် အရပ်ရှည်ရှည်ဖြင့်ချောမောသလို ပညာလည်းအတော်အတန်တတ်သည်။ ​သူသည် နန်းတွင်းစာမေးပွဲမအောင်မြင်ခဲ့သော်လည်း မြို့နယ်ထဲတွင်တော့ သင့်တော်သောဇနီးတစ်ယောက်ကို ရှာဖွေနိုင်သည်လေ။ ​ဟယ်ရှီ၏စနောက်မှုကို တုံ့ပြန်သောအားဖြင့် ဖုန့်ရှီမှပြောလာသည်။

​"ရှင်းဟွာက ချစ်စရာကောင်းပြီး အပြစ်ကင်းတယ်လေ၊ မြင်မြင်ချင်းပဲ သဘောကျသွားပြီး ကျွန်မရဲ့ချွေးမအဖြစ် ပြီးပြည့်စုံတယ်လို့ ခံစားလိုက်ရလို့ပါ"

​ထိုသို့ပြောပြီးနောက် ဖုန့်ရှီသည် သူမမိသားစုအခြေအနေကို ဝမ့်ရှီထံလေးလေးနက်နက် ပြောပြလိုက်သည်။

​လန်မိသားစုသည် မြို့ထဲတွင် စားသောက်ဆိုင်တစ်ဆိုင်ပိုင်ဆိုင်ထားပြီး ဖူလိုင်စားသောက်ဆိုင်သည် သူတို့ပိုင်ဆိုင်မှုဖြစ်၏။

​"!!!"

​"စားသောက်ဆိုင်ပိုင်တယ် ဟုတ်လား၊ ဒါဆို ပိုက်ဆံအများကြီးရှိမှာပဲ"

​"မြို့ထဲက သူဌေးတွေပဲလေ၊ ပိုက်ဆံအများကြီးရှိမှာ သေချာတာပေါ့"

​"ရှင်းဟွာတော့ ဖီးနစ်ငှက်ဖြစ်ပြီဟေ့"

All Chapters