အခန်း (၁၂၃)
Vol. 13 Ch. 123
ကျိုးရှင်းဟွာသည် ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများကို ကြားလိုက်ရသောအခါ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။ မကြာသေးမီက အောင်သွယ်တော်ယိုသည် သူမအား အိမ်ထောင်ဖက် ရှာပေးနေခဲ့သော်လည်း အားလုံးမှာ အနီးအနားရွာများမှ လူငယ်များသာဖြစ်ကြပြီး အများစုမှာ သူမမိသားစုလောက် မပြေလည်ကြပေ။ ထို့ကြောင့် သူမသဘောမတူခဲ့ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမထက် နိမ့်ကျတဲ့သူကိုတော့ယူမည်မဟုတ်ပေ။
ကိုယ့်ချစ်သူနဲ့မပေါင်းဖက်ရရင်တောင် ဆင်းရဲတဲ့သူကိုယူရသည်မှာ မတရားသလိုခါးသီးလွန်းလှသည်။ ထို့ကြောင့် စားသောက်ဆိုင်အကြောင်း ဖုန့်ရှီပြောပြသည်ကိုကြားလိုက်ရသောအခါ သူမ အံ့သြထိတ်လန့်သွားပြီး မျက်ဝန်းအိမ်များကျယ်သွားရ၏။ သူမ ဒီလိုမိသားစုမျိုးနှင့်လက်ထပ်ရမည်ဟု မယုံကြည်နိုင်အောင်ဖြစ်နေရသည်။ မြို့ထဲမှမိသားစုနှင့် လက်ထပ်ရရင်တောင် အဆင့်အတန်း မြင့်တက်လာပြီဟု သူမယူဆခဲ့သော်လည်း မြို့ထဲမှသူဌေးကတော်တစ်ဦး သူမကိုသဘောကျပြီး ချွေးမတော်ချင်နေလိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့မိပေ။ ဝမ့်ရှီနှင့်ကျိုးအိမ်ဟောင်းမှလူတိုင်း ဖုန့်ရှီစကားကြောင့် မှင်သက်နေကြသည်။
ရှင်းဟွာက မြို့ထဲမှာစားသောက်ဆိုင်ပိုင်တဲ့ မိသားစုနဲ့ လက်ထပ်ရတော့မှာလား။
ဒါဆို ကျိုးမိသားစုမှာ မြို့ထဲကဆွေမျိုးတွေ ရှိလာတော့မှာပေါ့။
ဖုန့်ရှီသည် ပြောရုံသက်သက်ပြောခဲ့ခြင်း မဟုတ်ပေ။ နောက်တစ်နေ့တွင် သူမသည် မြင်းလှည်းဖြင့် ကျိုးအိမ်ဟောင်းသို့ တင်တောင်းငွေများ ပို့ဆောင်ရန် အောင်သွယ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ တင်တောင်းငွေတွင် ငွေတေးနှစ်ဆယ်၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေနားကပ် တစ်ရံ၊ ရွှေဆွဲကြိုး တစ်ကုံး၊ နဂါးနှင့် ဖီးနစ် နှစ်ထပ်ကွမ်းပျော်ရွှင်ခြင်းကိတ်မုန့်နှစ်ခြင်း၊ အရောင်လေးမျိုးပါသော သကြားလုံးများ၊ ပိုးထည်များ၊ အိပ်ရာခင်းနှင့် ခေါင်းအုံးများ၊ ကြက်အရှင် တစ်စုံနှင့် ငန်းဖြူတစ်စုံတို့ ပါဝင်လေသည်။ ကျိုးရှင်းဟွာသည် ရွှေထည်ပစ္စည်းသုံးမျိုးကို စိုက်ကြည့်နေပြီး မျက်လုံးမခွာနိုင်အောင် ဖြစ်နေရသည်။
အဘွားစွင်းမှာ အံ့သြတကြီးပြောလာ၏။
"ဘုရားရေ ဘယ်မိသားစုကများ တင်တောင်းငွေအဖြစ် ရွှေတွေဒီလောက်အများကြီး ပေးဖူးလို့လဲ၊ ဒီပစ္စည်းတွေအားလုံးပေါင်းရင် ငွေတေးတစ်ရာကျော်လောက်တန်မှာပဲ"
ဝမ့်ရှီမှိုရသလိုပြုံးနေခဲ့သည်၊ သူမရှင်းဟွာတွင် ဤမျှကောင်းမွန်သောအိမ်ထောင်ရေးရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အောင်သွယ်တော်လု အဘွားစွင်းကို ချက်ချင်းပြောလိုက်သည်။
"အဘွား ဒါတွေက ငွေတေးတစ်ရာထက် အများကြီး ပိုပါတယ်၊ အဘွားတို့က မိန်းကလေးကျိုးကို ကောင်းကောင်းမွန်မွန်ပျိုးထောင်ပေးထားလို့ လန်မိသားစုက ဒီလောက်အများကြီးပေးတာပါ၊ ကျွန်မ အောင်သွယ်သက်တမ်းတစ်လျှောက်လုံးမှာ ဘယ်မိသားစုကမှ တင်တောင်းငွေကို ဒီလောက် ရက်ရက်ရောရောပေးတာမျိုး မတွေ့ဖူးသေးဘူး၊ ရွှေလက်ဝတ်ရတနာတွေဆိုတာ ဒီတိုင်းပေးလိုက်တာနော်၊ မြို့ထဲမှာဆို ခန်းဝင်ပစ္စည်းကကျေးလက်ဘက်ကထက် များတယ်ဆိုပေမယ့် ပုံမှန်အားဖြင့် ဆယ့်ငါးတေးလောက်ပဲရှိတာ ဘယ်တော့မှ မပိုဘူး၊ ဒါပေမယ့်ကြည့်ပါဦး လန်မိသားစုရဲ့ ခန်းဝင်ပစ္စည်းနဲ့ လက်ဆောင်တွေပေါင်းရင် တေးတစ်ရာကျော်နေပြီ"
အဘွားစွင်း အောင်သွယ်တော်လုစကားကို သဘောတူလိုက်သော်လည်း ရုတ်တရက် မေးခွန်းတစ်ခုမေးလိုက်သည်။
"လန်မိသားစုက ဒီလောက်ချမ်းသာတာ ဘာဖြစ်လို့ ငါတို့ရှင်းဟွာကိုစိတ်ဝင်စားရတာလဲ"
အဘိုးကျိုးသည် ဆေးတံတစ်ချက်ဖွာလိုက်ပြီး သူမကိုဆေးတံဖြင့် ဖွဖွလေးတို့ကာ အများကြီးမစဉ်းစားရန်ပြောလိုက်သည်။
ရှင်းဟွာက ဒီလိုမိသားစုမျိုးနဲ့လက်ထပ်ရတာ ကျိုးမိသားစုအတွက် ကံကောင်းခြင်းတစ်ခုပဲလေ။ ကိုယ့်ဒုက္ခကိုယ်မရှာသင့်ဘူး။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ အဘွားစွင်းသည် ကျိုးစန်းရှီနှင့်သူ့ဇနီးဘက်သို့လှည့်ကာ ခေါင်းငြိမ့်ပြပြီး ရှင်းဟွာနှင့်လန်မိသားစုတို့၏မင်္ဂလာကိစ္စကို သဘောတူလိုက်လေသည်။ ကျိုးမိသားစုမှ မင်္ဂလာကိစ္စကို သဘောတူလိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသောအခါ အောင်သွယ်တော်လု ဝမ်းသာအားရဖြင့် မင်္ဂလာစကားများပြောဆိုလိုက်လေသည်။ ထို့နောက် သူမဆက်ပြောလာ၏။
"ရှင်တို့ သဘောတူလိုက်ပြီဆိုတော့ မင်္ဂလာကိစ္စ အတည်ဖြစ်သွားပါပြီ၊ သတို့သားဘက်က မိန်းကလေးကျိုး အရွယ်ရောက်မယ့်အခမ်းအနားအတွက် ရက်သတ်မှတ်ပြီးသားပါ၊ ဒါမှပဲမင်္ဂလာပွဲ မြန်မြန်ကျင်းပနိုင်ပြီး မျိုးဆက်ပြန့်ပွားအောင် လုပ်ဆောင်နိုင်မှာလေ၊ သခင်လေးလန်က လန်မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်လို့ နားလည်ပေးကြဖို့မျှော်လင့်ပါတယ်"
ဝမ့်ရှီအလျင်အမြန် ပြန်ဖြေလိုက်သည်။
"နားလည်ပါတယ် နားလည်ပါတယ်"
သတို့သားဘက်မှ သတို့သမီးကိုအမြန်ဆုံး အိမ်ခေါ်ချင်နေသည်မှာ ကောင်းသောကိစ္စဖြစ်သည်။ ဤသည်မှာသူတို့မှ ရှင်းဟွာကို သဘောကျ၍ဆုံးဖြတ်လိုက်ကြောင်းပြသနေခြင်းပင်။ ဝမ့်ရှီအနေဖြင့် ရှင်းဟွာကို ဒီလိုကောင်းမွန်သောမိသားစုနှင့် လက်လွှတ်မခံနိုင်ပေ။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ အောင်သွယ်တော်လု ဆက်ပြောလာသည်။
"တစ်ကယ်တော့ သခင်လေးလန်က မိန်းကလေးကျိုးကိုပေးဖို့အတွက် ချစ်သက်လက်ဆောင်တစ်ခု ကျွန်မဆီမှာ ထည့်ပေးလိုက်ပါသေးတယ်၊ သူနေ့တိုင်းဝတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားလေးပါ၊ မိန်းကလေးကျိုးကအရွယ်ရောက်ဖို့ လနည်းနည်းလိုသေးတယ်ဆိုတော့ သခင်လေးလန်က သူအမြဲဝတ်ထားတဲ့ ဒီကျောက်စိမ်းဆွဲပြားလေးကို သူ့ကိုယ်စား မိန်းကလေးကျိုးအတွက် အဖော်ပြုပေးထားစေချင်တယ်တဲ့"
ထိုသို့ပြောပြီးနောက် အောင်သွယ်တော်လုသည် သူမအင်္ကျီရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူပြီး ကျိုးရှင်းဟွာထံ ပေးလိုက်သည်။ ၎င်းသည် စတုဂံပုံဟယ်ထျန်းကျောက်စိမ်းဆွဲပြားဖြစ်ပြီး ပုံသဏ္ဍာန်မှာ စနစ်ကျသော်လည်း သက်ဝင်လှုပ်ရှားနေသယောင်ရှိ၏။ အနားသတ်များမှာ ချောမွေ့သဘာဝကျပြီး အပြစ်အနာအဆာတစ်စက်မျှမရှိအောင် တောက်ပြောင်နေသည်။ တန်ဖိုးရှိမှန်း သိသာလှ၏။ ကျိုးရှင်းဟွာ လက်ထဲတွင်ကိုင်ထားလိုက်ရာ အထိအတွေ့မှာ နွေးထွေးနူးညံ့ကာ သိုးအဆီခဲကဲ့သို့ ဖြူဖွေးနူးညံ့ပြီး နေရောင်အောက်တွင် မှိန်ဖျဖျတောက်ပနေသည်။
လန်ယွမ်၏ကျောက်စိမ်းဆွဲပြားကို ကိုင်ထားရင်း ရင်ထဲတွင်ကြည်နူးမှုများ ဖြစ်ပေါ်နေစဉ် အောင်သွယ်တော်လု၏မေးသံကို ရုတ်တရက်ကြားလိုက်ရသည်။
"မိန်းကလေးကျိုးဘက်ကရော သခင်လေးလန်ကို စေ့စပ်လက်ဆောင်အနေနဲ့ တစ်ခုခုပြန်ပေးဖို့ရှိမလား၊ မင်္ဂလာဆောင်ဖို့ လနည်းနည်းလိုသေးတယ်ဆိုတော့ သခင်လေးလန်က သမီးကိုသတိရနေအောင်လို့လေ"
အောင်သွယ်တော်လုစကားကြောင့် ကျိုးရှင်းဟွာ ရှက်သွေးဖြာသွားရကာ မျက်နှာနီရဲသွားသည်။ သူမ ဘာမှမပြောသော်လည်း အခန်းထဲသို့ချက်ချင်းဝင်သွားပြီး မွှေနှောက်ရှာဖွေလေတော့၏။
သူမတွင် တန်ဖိုးရှိသောပစ္စည်းဟူ၍မရှိရာ သေးငယ်သော ပန်းထိုးလက်ရာလေးများသာရှိသည်။ ဥပမာအားဖြင့် ဤအမွှေးအိတ်သည် သူမ၏အကောင်းဆုံးပန်းထိုးလက်ရာဟု ယူဆထားသောအရာဖြစ်၏။
ယင်းပုံစံမှာ ဆီးပန်းပွင့်ဖြစ်သော်လည်း အနီရောင်သီးသန့်မဟုတ်ဘဲ ပန်းရောင်သမ်းသော အဖြူရောင်ပွင့်ဖတ်များဖြစ်သည်။ ထိုကဲ့သို့သော အမွှေးအိတ်မျိုးကို အမျိုးသားများလည်း ဝတ်ဆင်နိုင်ပေ၏။
"အဘွားလု ဒါလေးကို သခင်လေးလန်ဆီ ပြန်ယူသွားပေးပါ"
အောင်သွယ်တော်လုမှာ အမွှေးအိတ်ကို တစ်ချက်ကြည့်ကာမေးလိုက်သည်။
"ဒါ မိန်းကလေးကျိုးကိုယ်တိုင်ထိုးထားတာလား"
ကျိုးရှင်းဟွာ ခေါင်းငြိမ့်ပြလိုက်သည်။
"မိန်းကလေးကျိုးရဲ့ ပန်းထိုးလက်ရာက တစ်ကယ်သေသပ်လှပတာပဲ၊ ဒါဆို သခင်လေးလန်ဆီ ယူသွားပေးလိုက်ပါ့မယ်"
အောင်သွယ်တော်လုသည် ပစ္စည်းကိုယူပြီးဆက်မနေတော့ဘဲ ပြန်သွားလေသည်။
ကျိုးအိမ်ဟောင်းမှလူများသည် အခန်းထဲတွင် ပြည့်နှက်နေသောကောင်းမွန်သည့် ပစ္စည်းများနှင့် ကျိုးရှင်းဟွာလက်ထဲရှိ ဟယ်ထျန်းကျောက်စိမ်းဆွဲပြားကိုကြည့်ရင်း အရာအားလုံးသည် အိပ်မက်တစ်ခုလို ခံစားနေရသည်။ ကျိုးလျန်ဟွားမှာ အားကျစွာပြောလာ၏။
"ရှင်းဟွာ နင်ကငါတို့ရွာမှာ အတောက်ပဆုံးမိန်းကလေးပဲ၊ ရှန်းမင် ထောင်ဟွားကို တင်တောင်းတုန်းက လက်ဆောင်ပစ္စည်း စုစုပေါင်းတန်ဖိုးက ငွေတေးခြောက်ဆယ်လောက်ပဲ ရှိတာလေ၊ ငါ့တစ်သက်မှာ အဲ့ထက်များတာမရှိတော့ဘူးလို့ ထင်ထားတာ၊ ဒီလောက်အချိန်တိုအတွင်းမှာ နင်က ဒီလောက်အများကြီးရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ပြီးတော့ အဲ့ကျောက်စိမ်းဆွဲပြားက လူအများစုတစ်သက်လုံး မြင်တောင်မြင်ဖူးမှာမဟုတ်ဘူး"
ကျိုးလျန်ဟွားပြောနေရင်း သူမမျက်လုံးများထဲတွင် အားကျမှုများဖြင့်ပြည့်နှက်နေလေသည်။ သူမ၏ဝမ်းကွဲညီမများသည် တစ်ယောက်ထက်တစ်ယောက် ပိုပြီးအထင်ကြီးစရာကောင်းနေကြပြီး သူမတစ်ယောက်သာ တစ်သက်လုံးအိမ်မှာနေပြီး အပျိုကြီးလုပ်ရတော့မည်။
ကျိုးရှင်းဟွာသည် ကျိုးလျန်ဟွားစကားကိုကြားရသဖြင့် အလွန်ကျေနပ်နေမိသည်။ သို့သော် သူမပြောလိုက်၏။
"သခင်လေးလန်ရဲ့မိသားစုက မြို့ထဲမှာ စားသောက်ဆိုင်ပိုင်တာလေ၊ သူတို့က တော်တော် ချမ်းသာတာ၊ အစ်ကိုရှန်းမင်မှာ မိဘတွေမရှိတော့ သူ့ဘာသာသူ ရပ်တည်နေရတာ၊ တေးခြောက်ဆယ်ဆိုတာ သူတတ်နိုင်သမျှအကုန်ပဲ"
ကျိုးလျန်ဟွား သဘောတူလိုက်သည်။
ရှန်းမင်က သူ့မှာရှိသမျှအကုန်လုံးကို ထောင်ဟွားအတွက် ပေးခဲ့တယ်ဆိုတာက သူ ထောင်ဟွားအတွက်ဆို အရာအားလုံး ပေးဆပ်ရဲတယ်ဆိုတဲ့ သဘောပဲလေ။
ကျိုးလျန်ဟွား အားကျစွာပြောလိုက်ပြန်သည်။
"ရှင်းဟွာ လန်မိသားစုက နင့်ကိုဒီလောက်အများကြီးပေးတာ ကောင်းပါတယ်၊ နင် လန်မိသားစုကိုရောက်သွားရင် သခင်မလေးဖြစ်တော့မှာ"
သူမမိသားစုသည် ဟယ်ထျန်းကျောက်စိမ်းဆွဲပြားကို စိတ်ကြိုက် ကြည့်ရှုပြီးနောက် ကျိုးရှင်းဟွာသည် ၎င်းကိုဂရုတစိုက်သိမ်းဆည်းပြီး အင်္ကျီရင်ဘတ်ထဲ ထည့်လိုက်သည်။
သူမသည် ရွာထဲတွင်ပျော်ရွှင်စွာ လမ်းလျှောက်လာခဲ့၏။ မွန်းတည့်ချိန်ဖြစ်၍ တောင်စောင်းကာကွယ်ရေး စီမံကိန်းတွင် အလုပ်လုပ်နေသော ရွာသားများ တောင်ပေါ်မှဆင်းလာကြသည်။
သူမသည် လူအုပ်ကြားထဲတွင် အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ်ဖြင့်ရှန်းမင် လမ်းလျှောက်လာသည်ကို အဝေးမှလှမ်းမြင်လိုက်ရ၏။
ရှန်းမင်နှင့်ကျိုးထောင်ဟွားတို့ စေ့စပ်ထားပြီးဖြစ်သဖြင့် ရှန်းမင်သည် ယခုအခါနေ့လယ်စာစားရန် ကျိုးမိသားစုအိမ်သို့ နေ့တိုင်းသွားလေ့ရှိသည်။ မူလက လူတိုင်းသည် ရှန်းမင်ကိုကပ်ဆိုးကြယ်ဟု သတ်မှတ်ထားသဖြင့် သူမမှာသူ့အနားမကပ်ရဲခဲ့ပေ။ သို့သော် ကျိုးထောင်ဟွားမှ သူ့အားအကာအကွယ်အဆောင်ပေးပြီးနောက်ပိုင်း သူသည် ယခင်နှင့်မတူတော့ပေ။ သူ့ကို ဆင်းရဲသောမိသားစုမှ မိဘမဲ့တစ်ဦးဟု သူမထင်ထားခဲ့သော်လည်း ကျိုးထောင်ဟွားကို လက်ထပ်ရန်အတွက် ငွေတေးခြောက်ဆယ်ထိ ရှာဖွေနိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။
"အစ်ကိုရှန်းမင် ညီမရှင်နဲ့စကားနည်းနည်းလောက် ပြောချင်လို့ပါ"
ကျိုးရှင်းဟွာ ရှန်းမင်၏လမ်းကိုပိတ်ရပ်လိုက်သည်။