အခန်း (၁၂၅)
Vol. 13 Ch. 125
မေလလယ်ရောက်နေပြီဖြစ်သဖြင့် မြစ်ရေမှာနက်နေသည်။ ကျိုးရှင်းဟွာသည် မြစ်ထဲသို့ပြုတ်ကျသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားလေ၏။ တံတားပေါ်တွင် ရပ်နေကြသော အမျိုးသမီးအချို့သည် ရေမကူးတတ်ကြသဖြင့် စိုးရိမ်တကြီးကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။ ကျိုးထောင်ဟွားနှင့် အခြားသူများရောက်ရှိလာချိန်တွင် ကျိုးရှန့်အန်းသည် ဖိနပ်များချွတ်ကာ မြစ်ထဲသို့ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ ကျိုးထောင်ဟွားရောက်လာပြီး မကြာမီမှာပင် ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့လည်း ရောက်ရှိလာကြ၏။ ကျိုးရှင်းဟွာ ရေထဲပြုတ်ကျသွားကြောင်းကြားလိုက်ရသဖြင့် ဇနီးမောင်နှံနှစ်ဦးအလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
"ကြည့်ဦး ရှန့်အန်းပြန်ပေါ်လာပြီ"
"သူ့လက်ထဲမှာ လူတစ်ယောက်ပါလာတယ်၊ ခေါင်းပေါ်လာပြီဟေ့ ရှင်းဟွာပဲ"
ကျိုးရှင်းဟွာမျက်နှာ ရေပေါ်ပေါ်လာချိန်တွင် ပုံမှန်မဟုတ်ဘဲ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။
ကျိုးထောင်ဟွား : *အသက်စွမ်းအင် မျှဝေခြင်းလား။
ကျိုးရှန့်အန်းသည် ကျိုးရှင်းဟွာကို ကမ်းပါးဘက်သို့ ခက်ခက်ခဲခဲဆွဲခေါ်လာရာ ကျိုးစန်းရှီလည်း ကမ်းပါးစပ်သို့ပြေးဆင်းပြီးဝိုင်းကူလေသည်။ ကျိုးရှင်းဟွာမှာ သတိလစ်နေပြီဖြစ်၏။ သူမမှာပိန်သွယ်သော်လည်း ဆယ့်ငါးနှစ်ရှိပြီဖြစ်ရာ ခန္ဓာကိုယ်အချိုးအစား အတော်အတန်ဖွံ့ဖြိုးနေပြီဖြစ်သည်။ သူမတစ်ကိုယ်လုံး စိုရွှဲနေပြီးစိုနေသောအဝတ်အစားများမှာ ခန္ဓာကိုယ်တွင်ကပ်နေသဖြင့် မိန်းမပျိုလေး၏နူးညံ့သောခန္ဓာကိုယ်ကောက်ကြောင်းများ ပေါ်လွင်နေလေ၏။
အဘွားစွင်းသည် သူမအပေါ်အင်္ကျီကိုအမြန်ချွတ်ပြီး ကျိုးရှင်းဟွာကိုလွှမ်းခြုံပေးလိုက်ကာ အိမ်သို့ပွေ့ချီသွားလေသည်။ ကျိုးစန်းရှီသည် ကျိုးရှန့်အန်းကို တွဲထူပေးပြီးနောက် ကျေးဇူးတင်စကား ဆိုလေသည်။
"ရှန့်အန်း ဒီနေ့ ဦးလေးရဲ့ရှင်းဟွာကို ကယ်ပေးလို့ ကျေးဇူးတင်ပေမယ့် မင်းကိုနောက်ထပ်အကူအညီတစ်ခု ထပ်တောင်းချင်လို့ပါ၊ ရှင်းဟွာရေထဲပြုတ်ကျတာကို မင်းဆင်းကယ်ခဲ့တယ်ဆိုတာ လျှို့ဝှက်ထားပေးလို့ရမလား"
ကျိုးရှန့်အန်းမျက်နှာမှာ ခေတ္တမျှတင်းမာသွားသော်လည်း ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။
"ဦးလေးစန်းရှီ ကျွန်တော်နားလည်ပါတယ် စိတ်မပူပါနဲ့"
ကျိုးစန်းရှီခေါင်းငြိမ့်လိုက်ပြီး မထွက်ခွာမီအခြားရွာသားများကိုလည်း နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။ သူတို့အားလုံးမှာ အိမ်နီးချင်းများဖြစ်ကြသဖြင့် ဤကိစ္စကို ကူညီပေးကြမည်မှာသဘာဝပင်။ ကျိုးစန်းရှီထွက်သွားပြီးနောက် လူတိုင်းစတင်ဆွေးနွေးကြလေသည်။
"စန်းရှီက ဒီနေ့ရှန့်အန်း ရှင်းဟွာကိုကယ်လိုက်တယ်ဆိုတာ သတင်းပြန့်သွားရင် ရှင်းဟွာရဲ့ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်နေတာ"
"ဒါပေါ့ဟဲ့ ရှင်းဟွာရဲ့ဂုဏ်သိက္ခာက အရေးကြီးတယ်လေ၊ အထူးသဖြင့် သူက မြို့ထဲကမိသားစုနဲ့ စေ့စပ်ထားပြီးသားဆိုတော့ ပိုဆိုးတာပေါ့"
"တစ်ကယ်လို့ သတို့သားဘက်ကသာ သိသွားပြီး ရှင်းဟွာရဲ့ဂုဏ်သိက္ခာကျဆင်းသွားပြီအထင်နဲ့ စေ့စပ်တာကိုဖျက်သိမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ"
ပြောပြီးသည်နှင့် လူတိုင်းအချင်းချင်းကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြလေသည်။
ကျိုးရှန့်အန်းက ရေထဲဆင်းကယ်ခဲ့တာဆိုတော့ သေချာပေါက် ကိုယ်ထိလက်ရောက်ထိတွေ့မှုတွေ ရှိမှာပဲလေ။ ဒါက ကျိုးရှင်းဟွာရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာမို့လို့ လုံးဝအသိပေးလို့မဖြစ်ဘူး။
ဝမ့်ရှီသည် ကျိုးရှင်းဟွာကိုအိမ်သို့ခေါ်လာပြီးနောက် အဝတ်အစားများအရင် လဲပေးလိုက်သည်။ ထို့နောက် ဆံပင်များကိုခြောက်အောင်သုတ်ပေးပြီး နှာခေါင်းအောက်ကို ဆွဲညှစ်ပေးလေ၏။ သို့သော် ကျိုးရှန့်ဖျင်ရောက်လာပြီးသည့်တိုင်အောင် သူမသတိမရလာသေးပေ။
"အဘိုးရှန့်ဖျင် ကျွန်မရဲ့ရှင်းဟွာကိုကြည့်ပေးပါဦး ဘာဖြစ်တာလဲမသိဘူး၊ ဘာလို့ သတိမရလာတာလဲ"
ဝမ့်ရှီ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ကျိုးယွီသည် ဘေးနားတွင်ရပ်လျက် မလှုပ်မယှက်အိပ်ပျော်နေသော သူ့အမွှာညီမလေးကို စိုက်ကြည့်နေလေသည်။
ကျိုးရှန့်ဖျင် သူ့လက်ကိုပြန်ရုတ်လိုက်ပြီးနောက် ပြောလာ၏။
"ရှင်းဟွာကဘာမှမဖြစ်ပါဘူး၊ အိပ်ပျော်နေတာပါ သူကျန်းမာပါတယ်"
"မဖြစ်နိုင်တာ"
ဝမ့်ရှီနှင့်ကျိုးယွီတို့ ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့မှာ စောစောက ကျိုးရှင်းဟွာရေထဲပြုတ်ကျသွားသည်ကို ဘယ်သူ့ကိုမှမပြောစေချင်ပေသိ ဝမ့်ရှီကိုယ်တိုင်တော့သိနေသည်ပင်။ ကျိုးယွီနှင့်ကျိုးရှင်းဟွာတို့သည် အမွှာများဖြစ်ကြသည်။ ညီမလေး၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း လက်ရှိတွင် သူမမှာကြောက်ရွံ့မှုကိုခံစားနေရကြောင်း သူ အာရုံခံမိနေ၏။ သူမသည် ရောဂါတစ်ခုကိုတွန်းလှန်နေရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ဖြတ်သန်းနေရပုံပေါက်နေသည်။ ကျိုးယွီမှာ ကျိုးရှန့်ဖျင်အားပြောလိုက်၏။
"အဘိုးရှန့်ဖျင် ရှင်းဟွာကိုပြန်စစ်ဆေးပေးပါဦး၊ ဘယ်သူကဒီလောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာလဲ၊ ကျွန်တော်တို့ ဒီမှာစကားပြောနေတာ ဒီလောက်ကြာနေပြီ သူနိုးမလာသေးဘူး"
ထိုစကားကိုကြားသောအခါ ကျိုးရှန့်ဖျင်လည်း ဇဝေဇဝါဖြစ်သွားရသည်။
"ဒါပေမယ့် ငါသွေးခုန်နှုန်းစမ်းကြည့်တာ ပုံမှန်ပါပဲ သူ မဖျားပါဘူး"
"ဘာလို့လဲဆိုတော့ ရှင်းဟွာက အရင်ကတည်းကမဖျားခဲ့လို့လေ၊ သူကအခြားတစ်ယောက်နဲ့ သူ့ရဲ့အသက်စွမ်းအင်ကို မျှဝေနေရလို့ပါ"
ကျိုးထောင်ဟွားသည် ကျိုးရှင်းဟွာမျက်နှာကိုမြင်လိုက်သည်နှင့် ချက်ချင်း နားလည်လိုက်သည်။ ကျောက်စိမ်းဆွဲပြားပေါ်က နတ်ဆိုးအငွေ့အသက်တွေက ဒါ့ကြောင့်ကိုး။ ဝမ့်ရှီ၊ သူမခင်ပွန်းနှင့် ကျိုးယွီတို့သည် သူမစကားကြောင့် ထိတ်လန့်သွားကြသည်။ နောက်တစ်ခဏတွင် သူတို့သုံးယောက်လုံးသတိပြန်ဝင်လာကြ၏။ ကျိုးယွီမှအတင်းမေးလာသည်။
"ညီမထောင်ဟွား ရှင်းဟွာကိုနတ်ဆိုးဝိညာဉ် ပူးကပ်နေတယ်လို့ ပြောချင်တာလား"
အသက်စွမ်းအင်မျှဝေတယ်ဆိုတာ ဘာကြီးလဲ။ နတ်ဆိုးဝိညာဉ်မဟုတ်ဘူးလား။
ထိုအချိန်တွင် လန်မိသားစုအိမ်၌ လဝက်ခန့်အိပ်ပျော်နေခဲ့သော လန်ယွမ်သည် နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။
သူ့မျက်နှာသည် ပုံမှန်မဟုတ်ဘဲ ဖြူဖပ်ဖြူလျော်ဖြစ်နေဆဲဖြစ်သော်လည်း ယခင်ကထက် အများကြီးသက်သာလာသည်မှာ သိသာထင်ရှားလှ၏။
ဖုန့်ရှီသည် စိတ်လှုပ်ရှားစွာဖြင့်ရှေ့တိုးလာပြီး သူ့ကို ဖက်ကာဝမ်းသာလွန်း၍ ငိုကြွေးလေတော့သည်။
"ယွမ်အာ သားလေးသတိရလာတာ တော်သေးတာပေါ့"
အရင်ရက်အနည်းငယ်၌ သူမသည် မြို့ထဲရှိသမားတော်ပေါင်းများစွာကို တိတ်တဆိတ်ပင့်ဖိတ်ပြီး ကုသစေခဲ့သည်။ ယွမ်အာမှာနေမကောင်းမဖြစ်ဘဲ အိပ်ပျော်နေတာပါဟုသာ တစ်ယောက်ပြီးတစ်ယောက်ပြောခဲ့ကြ၏။
ဒါပေမယ့် ဘယ်သူကများတစ်ရက်နဲ့တစ်ညလုံးလုံး အိပ်ပျော်နေမှာလဲ။
နောက်ပိုင်းတွင် သမားတော်များများခေါ်ပြလေ ယွမ်အာအိပ်ပျော်သည့်အချိန် ပိုကြာလေ ဖြစ်လာသည်။ သူမနှင့်သူမခင်ပွန်းတွင် ဒီသားလေးတစ်ယောက်တည်းရှိခြင်းဖြစ်ရာ တစ်ကယ်လို့ သူသာတစ်ခုခုဖြစ်သွားပါက သူမအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။
ဖုန့်ရှီ ကြိတ်ပြီးဝမ်းသာနေမိသည်။ နောက်ပိုင်းတွင် သူမသည် သမားတော်များထပ်မခေါ်တော့ဘဲ ယွမ်အာအတွက် တာအိုဆရာတစ်ယောက်ကို ရှာဖွေခဲ့၏။
သူမသည် ယွမ်အာကိုကျိုးရှင်းဟွာနှင့် စေ့စပ်ပေးခဲ့ပြီး သူတို့၏ချစ်သက်လက်ဆောင်အဖြစ် အသုံးပြုခဲ့သော ပစ္စည်းများကို အပြန်အလှန်လဲလှယ်စေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာ၌ သူမယွမ်အာသည် သေလုနီးပါးဖြူဖပ်ဖြူလျော်ဖြစ်နေသည်မှ ဖြည်းဖြည်းချင်းသက်သာလာပြီး ယနေ့သတိရလာပြီပင်။ လန်ယွမ်၏မှတ်ဉာဏ်သည် စားသောက်ဆိုင်တွင် အရက်သောက်ရင်း ထူးဆန်းသောလူတစ်ယောက်နှင့်စကားများကာ အကြောင်းပြချက်မရှိမူးလဲသွားခဲ့သောနေ့၌သာ ရပ်တန့်နေဆဲဖြစ်သည်။
"အမေ ဘာဖြစ်ခဲ့တာလဲ"
လန်ယွမ် စူးစမ်းစွာမေးလိုက်သည်။
သူ့မှတ်ဉာဏ်ထဲ၌ သူမူးလဲသွားစဉ်က လူတိုင်း၏အဝတ်အစားများမှာ ဤမျှထူထဲမနေခဲ့ချေ။
"အမေ ဒီနေ့ကဘယ်နေ့လဲ"
လန်ယွမ် မေးလိုက်သည်။ ဖုန့်ရှီမှာသူ့ကို နှစ်သိမ့်လိုက်၏။
"ဒီနေ့ မေလဆယ့်ငါးရက်လေ၊ အဲ့နေ့က သားအရက်တွေ အများကြီးသောက်ပြီး ရက်နည်းနည်းလောက် သတိလစ်နေတာ၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အခု အားလုံး အဆင်ပြေသွားပါပြီ"
"!!!"
လန်ယွမ် ထိတ်လန့်သွားသည်။ လဝက်တောင် ကုန်သွားပြီလား။ သူ ထရပ်ရန် ကြိုးစားသောအခါ အားနည်းနေကြောင်း တွေ့ရှိရသဖြင့် အစေခံတစ်ယောက်၏အကူအညီ ရယူလိုက်ရသည်။
သူ့အားဤပုံစံဖြင့်မြင်လိုက်ရသောအခါ နောက်ရက်နည်းနည်းလောက် ထပ်စောင့်ရဦးမည်မှန်း ဖုန့်ရှီသိလိုက်၏။ ရက်နည်းနည်းလောက်ဆိုရင် ယွမ်အာ့ခန္ဓာကိုယ် အရင်လိုပြန်ကောင်းလာမှာပါ။ ယွမ်အာသတိရလာတာနဲ့တင် သူမကျေနပ်နေပါပြီ။ ဖုန့်ရှီ၏နှုတ်ခမ်းများပြုံးရောင်သမ်းရုံရှိသေးသော်လည်း သူမမျက်နှာအမူအရာမှာ ရုတ်တရက်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားလေသည်။
"ယွမ်အာ ယွမ်အာ သားဘာဖြစ်တာလဲ"
လန်ယွမ် မူးလဲသွားသည်။ သူမဘယ်လောက်ပဲခေါ်ခေါ် အရာမထင်တော့ပေ။ ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် သူမစိတ်တည်ငြိမ်အောင် လက်ဖဝါးကို ဆိတ်လိုက်သည်။
"မြန်မြန် ဆရာဝေကို သွားခေါ်ချေ"
"ဟုတ်ကဲ့ပါ"
သူမ၏အနီးကပ်အစေခံမလေး ချက်ချင်းထွက်ခွာသွားလေသည်။
ကျိုးအိမ်ဟောင်းအတွင်းတွင်
ဝမ့်ရှီ၊ ကျိုးစန်းရှီ နှင့် ကျိုးယွီတို့အားလုံး ကျိုးထောင်ဟွားကို စိုးရိမ်တကြီးဖြင့်စိုက်ကြည့်နေကြသည်။ ဝမ့်ရှီမှာ မျက်ရည်တစမ်းစမ်းဖြင့်မေးလာ၏။
"ထောင်ဟွား ဘယ်လိုလဲ၊ ငါ့ရှင်းဟွာနဲ့ ဒီကျောက်စိမ်းဆွဲပြားကြားက ဆက်နွယ်မှုကိုဖြတ်တောက်ပြီးပြီလား"
ကျိုးထောင်ဟွား၏လက်ချောင်းထိပ်များသည် နွေးထွေးချောမွတ်သော ဟယ်ထျန်းကျောက်စိမ်းဆွဲပြားကို ဖွဖွလေး ပွတ်သပ်နေလေသည်။
*ဒုန်း*
စူးရှသောအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး အခန်းအတွင်းရှိတိတ်ဆိတ်မှုကို ချက်ချင်းဖြိုခွင်းလိုက်ကာ လေထုထဲတွင် တိုတောင်း၍ထိတ်လန့်ဖွယ်ပဲ့တင်သံတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။