← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

မေလလယ်ရောက်နေပြီဖြစ်သဖြင့် မြစ်ရေမှာနက်နေသည်။ ကျိုးရှင်းဟွာသည် မြစ်ထဲသို့ပြုတ်ကျသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားလေ၏။ ​တံတားပေါ်တွင် ရပ်နေကြသော အမျိုးသမီးအချို့သည် ရေမကူးတတ်ကြသဖြင့် စိုးရိမ်တကြီးကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။ ​ကျိုးထောင်ဟွားနှင့် အခြားသူများရောက်ရှိလာချိန်တွင် ကျိုးရှန့်အန်းသည် ဖိနပ်များချွတ်ကာ မြစ်ထဲသို့ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ ​ကျိုးထောင်ဟွားရောက်လာပြီး မကြာမီမှာပင် ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့လည်း ရောက်ရှိလာကြ၏။ ​ကျိုးရှင်းဟွာ ရေထဲပြုတ်ကျသွားကြောင်းကြားလိုက်ရသဖြင့် ဇနီးမောင်နှံနှစ်ဦးအလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

​"ကြည့်ဦး ရှန့်အန်းပြန်ပေါ်လာပြီ"

​"သူ့လက်ထဲမှာ လူတစ်ယောက်ပါလာတယ်၊ ခေါင်းပေါ်လာပြီဟေ့ ရှင်းဟွာပဲ"

​ကျိုးရှင်းဟွာမျက်နှာ ရေပေါ်ပေါ်လာချိန်တွင် ပုံမှန်မဟုတ်ဘဲ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။

​ကျိုးထောင်ဟွား : *အသက်စွမ်းအင် မျှဝေခြင်းလား။

​ကျိုးရှန့်အန်းသည် ကျိုးရှင်းဟွာကို ကမ်းပါးဘက်သို့ ခက်ခက်ခဲခဲဆွဲခေါ်လာရာ ကျိုးစန်းရှီလည်း ကမ်းပါးစပ်သို့ပြေးဆင်းပြီးဝိုင်းကူလေသည်။ ​ကျိုးရှင်းဟွာမှာ သတိလစ်နေပြီဖြစ်၏။ ​သူမမှာပိန်သွယ်သော်လည်း ဆယ့်ငါးနှစ်ရှိပြီဖြစ်ရာ ခန္ဓာကိုယ်အချိုးအစား အတော်အတန်ဖွံ့ဖြိုးနေပြီဖြစ်သည်။ ​သူမတစ်ကိုယ်လုံး စိုရွှဲနေပြီးစိုနေသောအဝတ်အစားများမှာ ခန္ဓာကိုယ်တွင်ကပ်နေသဖြင့် မိန်းမပျိုလေး၏နူးညံ့သောခန္ဓာကိုယ်ကောက်ကြောင်းများ ပေါ်လွင်နေလေ၏။

​အဘွားစွင်းသည် သူမအပေါ်အင်္ကျီကိုအမြန်ချွတ်ပြီး ကျိုးရှင်းဟွာကိုလွှမ်းခြုံပေးလိုက်ကာ အိမ်သို့ပွေ့ချီသွားလေသည်။ ​ကျိုးစန်းရှီသည် ကျိုးရှန့်အန်းကို တွဲထူပေးပြီးနောက် ကျေးဇူးတင်စကား ဆိုလေသည်။

"ရှန့်အန်း ဒီနေ့ ဦးလေးရဲ့ရှင်းဟွာကို ကယ်ပေးလို့ ကျေးဇူးတင်ပေမယ့် မင်းကိုနောက်ထပ်အကူအညီတစ်ခု ထပ်တောင်းချင်လို့ပါ၊ ရှင်းဟွာရေထဲပြုတ်ကျတာကို မင်းဆင်းကယ်ခဲ့တယ်ဆိုတာ လျှို့ဝှက်ထားပေးလို့ရမလား"

​ကျိုးရှန့်အန်းမျက်နှာမှာ ခေတ္တမျှတင်းမာသွားသော်လည်း ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။

​"ဦးလေးစန်းရှီ ကျွန်တော်နားလည်ပါတယ် စိတ်မပူပါနဲ့"

​ကျိုးစန်းရှီခေါင်းငြိမ့်လိုက်ပြီး မထွက်ခွာမီအခြားရွာသားများကိုလည်း နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။ ​သူတို့အားလုံးမှာ အိမ်နီးချင်းများဖြစ်ကြသဖြင့် ဤကိစ္စကို ကူညီပေးကြမည်မှာသဘာဝပင်။ ​ကျိုးစန်းရှီထွက်သွားပြီးနောက် လူတိုင်းစတင်ဆွေးနွေးကြလေသည်။

​"စန်းရှီက ဒီနေ့ရှန့်အန်း ရှင်းဟွာကိုကယ်လိုက်တယ်ဆိုတာ သတင်းပြန့်သွားရင် ရှင်းဟွာရဲ့ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်နေတာ"

​"ဒါပေါ့ဟဲ့ ရှင်းဟွာရဲ့ဂုဏ်သိက္ခာက အရေးကြီးတယ်လေ၊ အထူးသဖြင့် သူက မြို့ထဲကမိသားစုနဲ့ စေ့စပ်ထားပြီးသားဆိုတော့ ပိုဆိုးတာပေါ့"

​"တစ်ကယ်လို့ သတို့သားဘက်ကသာ သိသွားပြီး ရှင်းဟွာရဲ့ဂုဏ်သိက္ခာကျဆင်းသွားပြီအထင်နဲ့ စေ့စပ်တာကိုဖျက်သိမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ"

​ပြောပြီးသည်နှင့် လူတိုင်းအချင်းချင်းကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြလေသည်။

​ကျိုးရှန့်အန်းက ရေထဲဆင်းကယ်ခဲ့တာဆိုတော့ သေချာပေါက် ကိုယ်ထိလက်ရောက်ထိတွေ့မှုတွေ ရှိမှာပဲလေ။ ဒါက ကျိုးရှင်းဟွာရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာမို့လို့ လုံးဝအသိပေးလို့မဖြစ်ဘူး။

​ဝမ့်ရှီသည် ကျိုးရှင်းဟွာကိုအိမ်သို့ခေါ်လာပြီးနောက် အဝတ်အစားများအရင် လဲပေးလိုက်သည်။ ထို့နောက် ဆံပင်များကိုခြောက်အောင်သုတ်ပေးပြီး နှာခေါင်းအောက်ကို ဆွဲညှစ်ပေးလေ၏။ ​သို့သော် ကျိုးရှန့်ဖျင်ရောက်လာပြီးသည့်တိုင်အောင် သူမသတိမရလာသေးပေ။

​"အဘိုးရှန့်ဖျင် ကျွန်မရဲ့ရှင်းဟွာကိုကြည့်ပေးပါဦး ဘာဖြစ်တာလဲမသိဘူး၊ ဘာလို့ သတိမရလာတာလဲ"

​ဝမ့်ရှီ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

​ကျိုးယွီသည် ဘေးနားတွင်ရပ်လျက် မလှုပ်မယှက်အိပ်ပျော်နေသော သူ့အမွှာညီမလေးကို စိုက်ကြည့်နေလေသည်။

​ကျိုးရှန့်ဖျင် သူ့လက်ကိုပြန်ရုတ်လိုက်ပြီးနောက် ပြောလာ၏။

"ရှင်းဟွာကဘာမှမဖြစ်ပါဘူး၊ အိပ်ပျော်နေတာပါ သူကျန်းမာပါတယ်"

​"မဖြစ်နိုင်တာ"

​ဝမ့်ရှီနှင့်ကျိုးယွီတို့ ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ​ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့မှာ စောစောက ကျိုးရှင်းဟွာရေထဲပြုတ်ကျသွားသည်ကို ဘယ်သူ့ကိုမှမပြောစေချင်ပေသိ ဝမ့်ရှီကိုယ်တိုင်တော့သိနေသည်ပင်။ ​ကျိုးယွီနှင့်ကျိုးရှင်းဟွာတို့သည် အမွှာများဖြစ်ကြသည်။ ညီမလေး၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း လက်ရှိတွင် သူမမှာကြောက်ရွံ့မှုကိုခံစားနေရကြောင်း သူ အာရုံခံမိနေ၏။ ​သူမသည် ရောဂါတစ်ခုကိုတွန်းလှန်နေရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ဖြတ်သန်းနေရပုံပေါက်နေသည်။ ​ကျိုးယွီမှာ ကျိုးရှန့်ဖျင်အားပြောလိုက်၏။

"အဘိုးရှန့်ဖျင် ရှင်းဟွာကိုပြန်စစ်ဆေးပေးပါဦး၊ ဘယ်သူကဒီလောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာလဲ၊ ကျွန်တော်တို့ ဒီမှာစကားပြောနေတာ ဒီလောက်ကြာနေပြီ သူနိုးမလာသေးဘူး"

​ထိုစကားကိုကြားသောအခါ ကျိုးရှန့်ဖျင်လည်း ဇဝေဇဝါဖြစ်သွားရသည်။

"ဒါပေမယ့် ငါသွေးခုန်နှုန်းစမ်းကြည့်တာ ပုံမှန်ပါပဲ သူ မဖျားပါဘူး"

​"ဘာလို့လဲဆိုတော့ ရှင်းဟွာက အရင်ကတည်းကမဖျားခဲ့လို့လေ၊ သူကအခြားတစ်ယောက်နဲ့ သူ့ရဲ့အသက်စွမ်းအင်ကို မျှဝေနေရလို့ပါ"

​ကျိုးထောင်ဟွားသည် ကျိုးရှင်းဟွာမျက်နှာကိုမြင်လိုက်သည်နှင့် ချက်ချင်း နားလည်လိုက်သည်။ ကျောက်စိမ်းဆွဲပြားပေါ်က နတ်ဆိုးအငွေ့အသက်တွေက ဒါ့ကြောင့်ကိုး။ ​ဝမ့်ရှီ၊ သူမခင်ပွန်းနှင့် ကျိုးယွီတို့သည် သူမစကားကြောင့် ထိတ်လန့်သွားကြသည်။ နောက်တစ်ခဏတွင် သူတို့သုံးယောက်လုံးသတိပြန်ဝင်လာကြ၏။ ​ကျိုးယွီမှအတင်းမေးလာသည်။

"ညီမထောင်ဟွား ရှင်းဟွာကိုနတ်ဆိုးဝိညာဉ် ပူးကပ်နေတယ်လို့ ပြောချင်တာလား"

​အသက်စွမ်းအင်မျှဝေတယ်ဆိုတာ ဘာကြီးလဲ။ နတ်ဆိုးဝိညာဉ်မဟုတ်ဘူးလား။

​ထိုအချိန်တွင် လန်မိသားစုအိမ်၌ လဝက်ခန့်အိပ်ပျော်နေခဲ့သော လန်ယွမ်သည် နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။

​သူ့မျက်နှာသည် ပုံမှန်မဟုတ်ဘဲ ဖြူဖပ်ဖြူလျော်ဖြစ်နေဆဲဖြစ်သော်လည်း ယခင်ကထက် အများကြီးသက်သာလာသည်မှာ သိသာထင်ရှားလှ၏။

​ဖုန့်ရှီသည် စိတ်လှုပ်ရှားစွာဖြင့်ရှေ့တိုးလာပြီး သူ့ကို ဖက်ကာဝမ်းသာလွန်း၍ ငိုကြွေးလေတော့သည်။

"ယွမ်အာ သားလေးသတိရလာတာ တော်သေးတာပေါ့"

အရင်ရက်အနည်းငယ်၌ သူမသည် မြို့ထဲရှိသမားတော်ပေါင်းများစွာကို တိတ်တဆိတ်ပင့်ဖိတ်ပြီး ကုသစေခဲ့သည်။ ​ယွမ်အာမှာနေမကောင်းမဖြစ်ဘဲ အိပ်ပျော်နေတာပါဟုသာ တစ်ယောက်ပြီးတစ်ယောက်ပြောခဲ့ကြ၏။

​ဒါပေမယ့် ဘယ်သူကများတစ်ရက်နဲ့တစ်ညလုံးလုံး အိပ်ပျော်နေမှာလဲ။

​နောက်ပိုင်းတွင် သမားတော်များများခေါ်ပြလေ ယွမ်အာအိပ်ပျော်သည့်အချိန် ပိုကြာလေ ဖြစ်လာသည်။ ​သူမနှင့်သူမခင်ပွန်းတွင် ဒီသားလေးတစ်ယောက်တည်းရှိခြင်းဖြစ်ရာ တစ်ကယ်လို့ သူသာတစ်ခုခုဖြစ်သွားပါက သူမအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

​ဖုန့်ရှီ ကြိတ်ပြီးဝမ်းသာနေမိသည်။ နောက်ပိုင်းတွင် သူမသည် သမားတော်များထပ်မခေါ်တော့ဘဲ ယွမ်အာအတွက် တာအိုဆရာတစ်ယောက်ကို ရှာဖွေခဲ့၏။

​သူမသည် ယွမ်အာကိုကျိုးရှင်းဟွာနှင့် စေ့စပ်ပေးခဲ့ပြီး သူတို့၏ချစ်သက်လက်ဆောင်အဖြစ် အသုံးပြုခဲ့သော ပစ္စည်းများကို အပြန်အလှန်လဲလှယ်စေခဲ့သည်။ ​မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာ၌ သူမယွမ်အာသည် သေလုနီးပါးဖြူဖပ်ဖြူလျော်ဖြစ်နေသည်မှ ဖြည်းဖြည်းချင်းသက်သာလာပြီး ယနေ့သတိရလာပြီပင်။ ​လန်ယွမ်၏မှတ်ဉာဏ်သည် စားသောက်ဆိုင်တွင် အရက်သောက်ရင်း ထူးဆန်းသောလူတစ်ယောက်နှင့်စကားများကာ အကြောင်းပြချက်မရှိမူးလဲသွားခဲ့သောနေ့၌သာ ရပ်တန့်နေဆဲဖြစ်သည်။

​"အမေ ဘာဖြစ်ခဲ့တာလဲ"

​လန်ယွမ် စူးစမ်းစွာမေးလိုက်သည်။

​သူ့မှတ်ဉာဏ်ထဲ၌ သူမူးလဲသွားစဉ်က လူတိုင်း၏အဝတ်အစားများမှာ ဤမျှထူထဲမနေခဲ့ချေ။

​"အမေ ဒီနေ့ကဘယ်နေ့လဲ"

လန်ယွမ် မေးလိုက်သည်။ ​ဖုန့်ရှီမှာသူ့ကို နှစ်သိမ့်လိုက်၏။

"ဒီနေ့ မေလဆယ့်ငါးရက်လေ၊ အဲ့နေ့က သားအရက်တွေ အများကြီးသောက်ပြီး ရက်နည်းနည်းလောက် သတိလစ်နေတာ၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အခု အားလုံး အဆင်ပြေသွားပါပြီ"

​"!!!"

​လန်ယွမ် ထိတ်လန့်သွားသည်။ လဝက်တောင် ကုန်သွားပြီလား။ ​သူ ထရပ်ရန် ကြိုးစားသောအခါ အားနည်းနေကြောင်း တွေ့ရှိရသဖြင့် အစေခံတစ်ယောက်၏အကူအညီ ရယူလိုက်ရသည်။

​သူ့အားဤပုံစံဖြင့်မြင်လိုက်ရသောအခါ နောက်ရက်နည်းနည်းလောက် ထပ်စောင့်ရဦးမည်မှန်း ဖုန့်ရှီသိလိုက်၏။ ရက်နည်းနည်းလောက်ဆိုရင် ယွမ်အာ့ခန္ဓာကိုယ် အရင်လိုပြန်ကောင်းလာမှာပါ။ ​ယွမ်အာသတိရလာတာနဲ့တင် သူမကျေနပ်နေပါပြီ။ ​ဖုန့်ရှီ၏နှုတ်ခမ်းများပြုံးရောင်သမ်းရုံရှိသေးသော်လည်း သူမမျက်နှာအမူအရာမှာ ရုတ်တရက်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားလေသည်။

"ယွမ်အာ ယွမ်အာ သားဘာဖြစ်တာလဲ"

​လန်ယွမ် မူးလဲသွားသည်။ သူမဘယ်လောက်ပဲခေါ်ခေါ် အရာမထင်တော့ပေ။ ​ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် သူမစိတ်တည်ငြိမ်အောင် လက်ဖဝါးကို ဆိတ်လိုက်သည်။

"မြန်မြန် ဆရာဝေကို သွားခေါ်ချေ"

​"ဟုတ်ကဲ့ပါ"

​သူမ၏အနီးကပ်အစေခံမလေး ချက်ချင်းထွက်ခွာသွားလေသည်။

​ကျိုးအိမ်ဟောင်းအတွင်းတွင်

​ဝမ့်ရှီ၊ ကျိုးစန်းရှီ နှင့် ကျိုးယွီတို့အားလုံး ကျိုးထောင်ဟွားကို စိုးရိမ်တကြီးဖြင့်စိုက်ကြည့်နေကြသည်။ ​ဝမ့်ရှီမှာ မျက်ရည်တစမ်းစမ်းဖြင့်မေးလာ၏။

"ထောင်ဟွား ဘယ်လိုလဲ၊ ငါ့ရှင်းဟွာနဲ့ ဒီကျောက်စိမ်းဆွဲပြားကြားက ဆက်နွယ်မှုကိုဖြတ်တောက်ပြီးပြီလား"

​ကျိုးထောင်ဟွား၏လက်ချောင်းထိပ်များသည် နွေးထွေးချောမွတ်သော ဟယ်ထျန်းကျောက်စိမ်းဆွဲပြားကို ဖွဖွလေး ပွတ်သပ်နေလေသည်။

​*ဒုန်း*

​စူးရှသောအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး အခန်းအတွင်းရှိတိတ်ဆိတ်မှုကို ချက်ချင်းဖြိုခွင်းလိုက်ကာ လေထုထဲတွင် တိုတောင်း၍ထိတ်လန့်ဖွယ်ပဲ့တင်သံတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

All Chapters