အခန်း (၁၂၆)
Vol. 13 Ch. 126
ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့နှစ်ဦးစလုံး မျက်လုံးပြူးသွားကြသည်။ တစ်ခဏချင်းမှာပင် ကျိုးရှင်းဟွာ၏အငွေ့အသက်များသည် သိသိသာသာတည်ငြိမ်လာကြောင်း ကျိုးယွီ အာရုံခံစားမိလိုက်၏။ သူပြောလိုက်သည်။
"ညီမလေး ကြည့်ရတာ အများကြီး သက်သာလာပုံပဲ"
ကျိုးထောင်ဟွားသည် ကျောက်စိမ်းဆွဲပြားကို ဝမ့်ရှီထံပြန်ပေးကာပြောလိုက်၏။
"အဒေါ် ဒီကျောက်စိမ်းဆွဲပြားက ရှင်းဟွာရဲ့အသက်စွမ်းအင် အဆီအနှစ်တွေကို စုပ်ယူနိုင်တော့မှာမဟုတ်ပါဘူး၊ ပြီးတော့ အရင်ကစုပ်ယူသွားတဲ့ အဆီအနှစ်တွေကိုလည်း ကျွန်မပြန်ယူပေးထားပြီးပါပြီ"
သူမအနေဖြင့် ငွေဆယ်တေးရယူထားသည်ဖြစ်ရာဝန်ဆောင်မှုအကောင်းဆုံးပေးရမည်ပင်။ ကျိုးထောင်ဟွား စကားဆုံးသည်နှင့် ကုတင်ပေါ်တွင် သတိလစ်နေသော ကျိုးရှင်းဟွာလှုပ်ရှားလာပြီးနိုးလာလေသည်။ ဘေးနားတွင်ရပ်နေသော ကျိုးရှန့်ဖျင်သည် ဤမြင်ကွင်းကြောင့် မှင်သက်သွားလေ၏။ သူမထိန်းနိုင်ဘဲ အာမေဋိတ်သံပင်ထွက်သွားရသည်။
"ဒါဆိုရင် နတ်ဆိုးဝိညာဉ်တွေနဲ့တွေ့ကြုံပြီးရင်တောင် လူတစ်ယောက်ရဲ့သွေးခုန်နှုန်းက ဒီလောက်တည်ငြိမ်နေနိုင်သေးတာလား၊ ငါထင်တာ နတ်ဆိုးဝိညာဉ် ပူးကပ်ခံရရင် သွေးခုန်နှုန်းကအားနည်းသွားမယ်လို့လေ"
ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။
"ဘာလို့လဲဆိုတော့ တဖက်လူရဲ့ရည်ရွယ်ချက်က ရှင်းဟွာရဲ့အသက်ကို ယူဖို့မဟုတ်ဘဲ မျှဝေဖို့ပဲဖြစ်နေလို့ပါ၊ သူတို့ကရှင်းဟွာ ပုံမှန်အတိုင်းအသက်ရှင်နေနိုင်စေဖို့အတွက် သူ့ရဲ့အသက်စွမ်းအင် အဆီအနှစ်အများစုကိုပဲ ယူချင်ရုံပေါ့"
ထိုစကားကိုကြားသောအခါ ကျိုးစန်းရှီ၊ ဝမ့်ရှီနှင့် ကျိုးယွီတို့သည် မည်သူ့လက်ချက်ဆိုသည်ကို ချက်ချင်းသတိရလိုက်ကြသည်။ ဒီကျောက်စိမ်းဆွဲပြားက လန်မိသားစုပေးလိုက်တဲ့ ချစ်သက်လက်ဆောင်လေ။ ကျိုးစန်းရှီပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး ကောင်းကင်ကရွှေမုန့်ကျတာမျိုးဖြစ်နိုင်မှာလဲ၊ တစ်ကယ်တော့ ထောင်ချောက်ဖြစ်နေတာကိုး"
ဒေါသထွက်လွန်းသဖြင့် ကျိုးစန်းရှီသည် ဝမ့်ရှီလက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ဆွဲယူလိုက်ပြီး ရိုက်ခွဲပစ်ရန်ပြင်လိုက်သည်။
"စန်းရှီ စိတ်လျှော့ပါဦး၊ ဒီဆွဲပြားက တေးတစ်ရာကျော်တန်တာနော်"
တစ်ကယ်လို့ သူတို့ရိုက်ခွဲလိုက်ရင် လန်မိသားစုဘက်မှ လျော်ကြေးတောင်းလာမည်မှာသေချာသည်။ သူတို့ပိုင်ဆိုင်သမျှ အကုန်ရောင်းလိုက်လျှင်ပင် တတ်နိုင်မည်မဟုတ်ပေ။ ဒေါသထွက်ပေမယ့် စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ဘူးလေ။ ကျိုးစန်းရှီ မျက်မှောင်တင်းတင်းကြုံ့ကာ နားထင်ကြောများပင် အနည်းငယ်ထောင်တက်နေသည်။ နောက်ဆုံးတွင် သူဒေါသကိုမနည်းထိန်းချုပ်လိုက်ရပြီး လက်ကိုပြန်ချကာ ကျောက်စိမ်းဆွဲပြားအား ဝမ့်ရှီထံပြန်ပေးလိုက်၏။ သူကျုံးဝါးလိုက်သည်။
"ချမ်းသာတော့ရော ဘာဖြစ်လဲ၊ လူတွေကို ဒီလိုဆက်ဆံရဲတယ်ပေါ့၊ ငါအခုပဲ လန်မိသားစုဆီသွားပြီး ဒီမင်္ဂလာကိစ္စကို ဖျက်သိမ်းပစ်မယ်"
ကျိုးယွီ၏မျက်လုံးများထဲတွင်လည်း ဒေါသမီးများတောက်လောင်နေသည်။ သူ့ညီမလေးသည် ထိုမိသားစုသို့မရောက်ခင်မှာပင် သေလုနီးပါးဖြစ်ခဲ့ရပြီပင်။ တစ်ကယ်လို့များရောက်သွားရင် လန်မိသားစုက သူ့ကိုဝါးမြိုပစ်မှာသေချာတယ်။
"အဖေ ကျွန်တော်လဲလိုက်မယ်"
လန်မိသားစုပို့လိုက်သော ပစ္စည်းများကို သူတို့တစ်ခုမှမထိရသေးရာ အားလုံးကို ပြန်ပေးရလိမ့်မည်။ အဘွားစွင်းနှင့်အဘိုးကျိုးတို့မှာ သတင်းကြားပြီးသည်နှင့် အပြေးအလွှားရောက်လာကြသည်။
ဖုန့်ရှီမှ ကျိုးရှင်းဟွာကို ချက်ချင်းသဘောကျသွားပြီး နောက်တစ်နေ့မှာတင် ကျိုးမိသားစုထံ တင်တောင်းငွေလာပို့ခိုင်းခဲ့ခြင်းမှာ သူတို့ကိုလုံးဝဂရုမစိုက်သောကြောင့်ဖြစ်ကြောင်း အဘွားစွင်း နားလည်လိုက်၏။ အဘွားစွင်းကျိန်ဆဲတော့သည်။
"လန်မိသားစုက ဒီလောက်ရက်စက်တဲ့အလုပ်ကိုလုပ်ရက်တယ်၊ သူတို့မိုးကြိုးပစ်ခံရမှပဲတော်မှာ၊ ငါသူတို့နဲ့ သူသေကိုယ်သေရှင်းပစ်မယ်"
လူတိုင်းလန်မိသားစုကို ပညာပေးရန် ဆူညံနေကြစဉ် ဝမ့်ရှီမှာကျိုးထောင်ဟွားထံ စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ထောင်ဟွား အခုကျောက်စိမ်းဆွဲပြားနဲ့ ရှင်းဟွာကြားကဆက်နွှယ်မှုကိုဖြတ်တောက်လိုက်ပြီဆိုတော့ ငါ့ရှင်းဟွာကို ဒုက္ခမပေးနိုင်တော့ဘူးမလား"
ကျိုးထောင်ဟွား ခေါင်းငြိမ့်လိုက်သည်။ မတော်တဆ ရေထဲပြုတ်ကျခဲ့သည်ကို ပြန်သတိရလိုက်ပြီး ကျိုးရှင်းဟွာကြောက်လန့်တကြားဖြင့်မေးလာ၏။
"ညီမထောင်ဟွား တစ်ကယ်လို့ ဒီနေ့အစ်မသာ ရေနစ်ပြီးသေသွားခဲ့ရင် ဘာဖြစ်သွားမလဲ"
"အစ်မရဲ့အသက်စွမ်းအင်အဆီအနှစ်တွေ အကုန်လုံး ဟိုဘက်ကလူဆီရောက်သွားမှာပေါ့"
ကျိုးထောင်ဟွား ပြန်ဖြေလိုက်သည်။ ကျိုးရှင်းဟွာသည် စောင်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း အံကြိတ်လိုက်၏။ သူမဂုဏ်ယူဝင့်ကြွားခဲ့ရသော လန်မိသားစု၏ သခင်မလေးနေရာသည် သူမအသက်နှင့်လဲလှယ်ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။ ထိုနေ့မှာပင် ကျိုးအိမ်ဟောင်းမှလူတိုင်းသည် လန်မိသားစုပေးပို့ခဲ့သော ပစ္စည်းအားလုံးကို နွားလှည်းပေါ်တင်လိုက်ကြပြီး လန်မိသားစုထံသွားကာ စေ့စပ်မှုကိုဖျက်သိမ်းဖို့ပြင်ဆင်လိုက်ကြသည်။ သူတို့နွားလှည်းနှင့်မလုံလောက်သဖြင့် အခြားသူများ လမ်းလျှောက်လိုက်ရမည်ကိုမြင်သောအခါ ကျိုးရှန့်ဖျင်က သူ့နွားလှည်းကို ငှားရမ်းပေးလိုက်၏။
သူတို့ကျိုးကျားရွာကမိန်းကလေးတွေကို ဒီလောက် ရက်ရက်စက်စက်ဆက်ဆံတာမျိုး ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ လူတိုင်းက လူသားတွေချည်းပဲလေ ဘယ်သူက ဘယ်သူ့ထက်ပိုမြတ်နေလို့လဲ။ သခင်လေးလန်ရဲ့အသက်ကကျ အသက်ဖြစ်ပြီး အခြားလူတွေရဲ့အသက်ကျတော့ အသက်မဟုတ်ဘူးလား။ ကျိုးအိမ်ဟောင်းမှလူများ ထွက်ခွာရန်ပြင်လိုက်စဉ် ကျိုးထောင်ဟွားဝင်ပြောလိုက်သည်။
"ဦးလေးနဲ့ အဒေါ် တစ်ကယ်လို့ လန်မိသားစုဆီတန်းသွားပြီး စေ့စပ်တာကိုဖျက်သိမ်းမယ်ဆိုရင် အများဆုံးစကားနိုင်လုရုံနဲ့ ပစ္စည်းတွေချထားခဲ့ပြီး လန်မိသားစုကို နည်းနည်းပါးပါးဆဲဆိုရုံလောက်ပဲဖြစ်မှာပါ၊ အိမ်နီးချင်းတွေက လန်မိသားစုအကြောင်း အတင်းအဖျင်း ပြောကြကောင်းပြောကြပေမယ့် ပြီးသွားရင် သူတို့ကအခြေအနေကို ပြန်ထိန်းလိုက်မှာပဲ၊ သူတို့ကို တစ်ကယ်ထိခိုက်စေမှာ မဟုတ်ဘူး၊ မြို့ထိတကူးတကသွားရတာကို ဒီလောက်နဲ့ ကျေနပ်မှာလား"
ကျိုးထောင်ဟွားသည် သူတစ်ပါးကိုအနိုင်ကျင့်တတ်သောသူများကို အမုန်းဆုံးဖြစ်သည်။ တောသားတွေမလို့ အာဏာမရှိ ပါဝါမရှိဘူးဆိုပြီး အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြတာလား။
အနိုင်ကျင့်ခံရဖို့ ထိုက်တန်လို့လား။
အနိုင်ကျင့်ခံရမှန်းသိရင်တောင် ဘာမှ ပြန်မလုပ်နိုင်ဘူးလို့ ထင်နေတာလား။
ကျိုးထောင်ဟွားမျက်လုံးများထဲတွင် လှောင်ပြောင်သရော်ဟန်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ဖုန့်ရှီတော့တွက်ကိန်းလွဲသွားပြီ။
ကျိုးကျားရွာသားတွေကို အဲ့လောက် လွယ်လွယ်နဲ့အနိုင်ကျင့်လို့ မရဘူး။
ကျိုးထောင်ဟွားစကားကြောင့် ကျိုးအိမ်ဟောင်းမှလူများ မှင်သက်သွားကြသည်။ သူတို့လည်း ကျိုးထောင်ဟွားတွေးသလို တွေးမိကြ၏။ တစ်ကယ်လို့ ရလဒ်ကသာ လန်မိသားစုကို သိပ်မထိခိုက်စေဘူးဆိုလျှင် သူတို့ကျေနပ်နိုင်မည်မဟုတ်ပေ။
အဘွားစွင်းမှာ တစ်စုံတစ်ရာကို လျင်မြန်စွာ သဘောပေါက်လိုက်ပြီး နွားလှည်းပေါ်မှဆင်းကာ ကျိုးထောင်ဟွားရှိရာသို့ ပြေးသွားလိုက်သည်။
"ထောင်ဟွား သမီးမှာအကြံရှိလား"
အဘွားစွင်း မေးလိုက်သည်။ ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်၏။
"ပန်းထိုးအလုပ်ရုံကိုပြန်သွားပြီး ပစ္စည်းတချို့သွားယူလိုက်ဦးမယ်၊ ပြီးရင် အဘွားတို့နဲ့အတူ လိုက်ခဲ့မယ်"
ကျိုးရှန့်ဖျင်ထံမှသတင်းကြားရသော ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်တို့လည်း ဒေါသထွက်သွားကြပြီး ရှင်းလင်းချက်တောင်းရန် လန်မိသားစုထံလိုက်ပါသွားလိုကြသည်။ အခြားမျိုးနွယ်စုအကြီးအကဲများပင် အသက်မကြီးလွန်းမနေပါက သူတို့လည်းလိုက်ပါသွားကြမည်ဖြစ်၏။ ကျိုးကျားရွာသားများသည် လောကအကြောင်း နားလည်သူများဖြစ်ကြသည်။ သူတို့သည် နတ်ဆိုးအမျိုးမျိုးနှင့် မကောင်းဆိုးဝါးအမျိုးစုံကိုမြင်ဖူးကြ၏။
တချို့ကမတော်တဆ ထိတွေ့မိခြင်းဖြစ်ပြီး တချို့ကမူ ရွာထဲတွင်ထွက်ပေါ်လာကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ သို့သော် မည်သူကမှကျိုးကျားရွာအတွက် ထောင်ချောက်ဆင်ခြင်း၊ ရွာသားများ၏အသက်စွမ်းအင် အဆီအနှစ်များကိုခိုးယူရန် မကောင်းသောတာအိုပညာအား အသုံးပြုခြင်းနှင့် အတင်းအကျပ်ယှဉ်တွဲနေထိုင်စေခြင်းမျိုး မလုပ်ခဲ့ဖူးပေ။ ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်တို့သည် လန်မိသားစု၏ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိရှိနားလည်ကြသည်။ ကျိုးထောင်ဟွား ပန်းထိုးအလုပ်ရုံမှပစ္စည်းများယူပြန်လာကာ သူမနွားလှည်းပေါ်တင်လိုက်၏။ ကျိုးထောင်ဟွားလိုက်မည်ဆိုတော့ ကျိုးအာ့ရှုနှင့် ချမ်ရှီတို့လည်း လိုက်ပါသွားကြမည်ဖြစ်သည်။
ချမ်ရှီစိုးရိမ်တကြီးဖြင့် မေးလာ၏။
"ထောင်ဟွား အမေတို့လူနည်းနည်းလေးနဲ့ သွားတာ အဆင်ပြေပါ့မလား၊ ချမ်းသာတဲ့မိသားစုတွေမှာ အစေခံတွေအများကြီးရှိတယ်လို့ ကြားဖူးတယ်"
"အမေရယ် ကိစ္စမရှိပါဘူး၊ သူတို့မှာ အစေခံတွေရှိသလို သမီးတို့မှာလဲရှိတာပဲလေ"
ထိုသို့ပြောပြီး ကျိုးထောင်ဟွားအကြည့်များသည် ခြံဝင်းထဲရှိ နတ်ဆိုးငါးကောင်အပေါ်ကျရောက်သွားသည်။
"နင်တို့အားလုံး လိုက်ခဲ့ကြ"
ရှန်းမင်မှာ နွားလှည်းမောင်းပြီး လှည်းအတွင်းထဲတွင် ကျိုးမိသားစုဝင်များ၊ ရွာလူကြီး၊ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆိုးလေးကောင်လိုက်ပါလာကြသည်။ လူသန်ကြီးသည် ခန္ဓာကိုယ် ကြီးမားလွန်းသဖြင့် အပြင်ဘက်တွင်သာ ရှန်းမင်နှင့်အတူ ထိုင်လိုက်ရ၏။ နွားလှည်းသည် မြို့ဘက်သို့ဖြည်းညှင်းစွာဦးတည်ထွက်ခွာသွားလေသည်။ သူမအတွက်နှင့် တစ်မိသားစုလုံး၊ ရွာလူကြီး၊မျိုးနွယ်စုခေါင်းဆောင်နှင့် ဒုတိယဦးလေးမိသားစုပါ လိုက်ပါလာကြလိမ့်မည်ဟု ကျိုးရှင်းဟွာထင်မထားခဲ့မိပေ။
ကျိုးထောင်ဟွားဆိုလျှင် သူမမိသားစုပိုင် နတ်ဆိုးငါးကောင်ကိုပါ ခေါ်လာခဲ့သည်။ နွားလှည်းမှ ဟယ်မိသားစုအိမ်တော်သို့ ရောက်ရှိချိန်တွင် ည ၇နာရီ ၄၅မိနစ်ရှိနေပြီပင်။ နွားလှည်းသုံးစီး ဟယ်မိသားစုအိမ်တော်ရှေ့ရပ်တန့်လိုက်ရာ ဟယ်မိသားစုအစေခံများ အနည်းငယ် တွန့်ဆုတ်သွားကြသည်။ ကျိုးထောင်ဟွားသည် နွားလှည်းပေါ်မှဆင်းလိုက်ပြီး တံခါးစောင့်ထံ ဆယ်ပြားကိုတိတ်တိတ်လေးပေးလိုက်ကာ
"အစ်ကိုတို့ရယ် ကူညီပါဦး၊ ကျွန်မက ကျိုးကျားရွာက ကျိုးထောင်ဟွားပါ၊ သခင်မဟယ်က ကျွန်မဆီကနေအရေးပေါ် ကုန်ပစ္စည်းတွေမှာထားလို့ အခု အပြေးအလွှားလာပို့ရတာလေ၊ သခင်မဟယ်ကို သတင်းပို့ပေးပါနော်"
မကြာသေးမီကမှ ဟယ်ရှီ၏ပန်းထိုးလုပ်ငန်းသည် မြို့ထဲတွင်အောင်မြင်နေပြီး သူမမိဘများအိမ်တွင်နေထိုင်နေသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ ဟယ်မိသားစုအစေခံများသည် ဟယ်ရှီ၏စီးပွားရေးအကြောင်းနှင့် ပြည်နယ်ဘက်တွင် နောက်ထပ်ဆိုင်တစ်ဆိုင်ဖွင့်လှစ်တော့မည့်အကြောင်း ကြားသိထားကြ၏။ ထို့ကြောင့်သာ ဒီအချိန်ကြီး ကုန်ပစ္စည်းလာပို့ခြင်းဖြစ်ပေလိမ့်မည်။ သူတို့သခင်မလေး၏စီးပွားရေးကို မနှောင့်နှေးစေလိုသဖြင့် အစေခံကချက်ချင်း ပြောလိုက်သည်။
"ခဏစောင့်ပါ ကျွန်တော်သွားပြောပေးပါ့မယ်"
ဟယ်ရှီမှာ အိပ်ရာဝင်နေပြီဖြစ်၍ ကျိုးထောင်ဟွားတစ်ယောက် ဒီလောက်နောက်ကျမှ ပန်းထိုးပစ္စည်းလာပို့သည်ဟုကြားလိုက်ရာ အံ့သြသွားရသည်။ ဟယ်ရှီသည် ယွီဟယ်အား သူမကိုဧည့်ခန်းမဆောင်သို့ခေါ်လာရန် ပြောလိုက်၏။ ကျိုးထောင်ဟွားမှာ လူတိုင်းကိုပန်းထိုးထည်များအား ဟယ်အိမ်တော်ထဲသို့ကူသယ်ပေးရန်ပြောလိုက်သည်။ ဟယ်ရှီထွက်လာသောအခါ ကျိုးကျားရွာမှလူဆယ်ယောက်ခန့်ကို တွေ့လိုက်ရ၏။ ထိုအထဲတွင် ရွာလူကြီးနှင့်ယခင်ကဖုန့်ရှီသဘောကျခဲ့သော မိန်းမငယ်လေးလည်းပါနေ၏။
ထိုအခိုက်အတန့်တွင်တော့ ဟယ့်ရှီရင်ထဲ ထိတ်ကနဲဖြစ်သွားရပြီး ဆိုးရွားသည့်မရေမရာခံစားချက်တစ်ခု ဝင်ရောက်လာလေတော့သည်။