← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

မြို့ထဲကို ဒီလောက်ညကြီးမိုးချုပ်မှရောက်လာတယ်ဆိုတော့ ကျင်းယနဲ့ ပတ်သက်နေတာများလား။ ​ဟယ်ရှီ စကားအစ်လိုက်၏။

"မိန်းကလေးကျိုး မြို့ထဲမှာအခြားလုပ်စရာကိစ္စများရှိသေးလို့လား"

​ကျိုးစန်းရှီသည် လန်မိသားစုမှကျိုးရှင်းဟွာအပေါ် ပြုလုပ်ခဲ့သောလုပ်ရပ်များကို ဒေါသတကြီးပြောပြရန် ပြင်လိုက်သော်လည်း ရွာလူကြီးအကြည့်ကြောင့် ရပ်တန့်လိုက်ရသည်။ ​ယခုထောင်ဟွား ရောက်နေပြီဖြစ်ရာ သူမပြောပြခြင်းကသာပိုသင့်လျော်ပြီး အရာပိုဝင်မည်ပင်။

​ဟယ့်ရှီဆိုင်သည် သူတို့ရွာ၏ပန်းထိုးအလုပ်ရုံနှင့် ရင်းနှီးသောဆက်ဆံရေးရှိသလို ဖုန့်ရှီအားကျိုးကျားရွာသို့ခေါ်ဆောင်လာသူမှာလည်း ဟယ်ရှီပင်ဖြစ်သည်။

​"ဟုတ်ပါတယ် သခင်လေးလန်နဲ့စေ့စပ်ထားတဲ့အတွက် ကျွန်မဝမ်းကွဲအစ်မ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတယ်လေ၊ သူ့အသက်စွမ်းအင်အဆီအနှစ်တွေကို သခင်လေးလန် အသက်ရှင်ဖို့အတွက် ပေးဆပ်ရလုနီးပါးဖြစ်ခဲ့ရတာမလို့ ကျွန်မတို့ လန်အိမ်တော်ကိုသွားပြီး ဖြေရှင်းချက် တောင်းရပါဦးမယ်၊ ပန်းထိုးပစ္စည်းတွေ ပို့ပြီးပြီဆိုတော့ ကျွန်မတို့ဆက်မနေတော့ပါဘူး"

​ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် လူဆယ်ယောက်ခန့်ကိုဦးဆောင်ပြီး ထွက်ခွာသွားလေသည်။ ​ကျိုးထောင်ဟွားမှ သူမနာမည်ကိုလုံးဝထည့်မပြောခဲ့သော်လည်း ဟယ်ရှီစိတ်မသန့်ဖြစ်သွားရ၏။ ကျင်းယအား သူမကိုယ်တိုင်ကျိုးကျားရွာကိုခေါ်လာခဲ့မိသည်လေ။ ​ကျိုးထောင်ဟွားနှင့်သူမ၏စီးပွားရေးဆက်ဆံမှုသည် ပန်းထိုးကိစ္စတွင်သာကန့်သတ်ထားသော်လည်း ကျိုးထောင်ဟွားနှင့်အတူပါလာသော နတ်ဆိုးငါးကောင်ကို သူမမြင်ဖူးသည်။ ​ပုံစံအမျိုးမျိုးရှိသော နတ်ဆိုးငါးကောင်ကို ယဉ်ပါးအောင် ထိန်းကျောင်းနိုင်စွမ်းရှိသည့် ကျိုးထောင်ဟွားအရည်အချင်းကို သူမယုံကြည်၏။

​လန်ယွမ်ကို မကြာသေးမီရက်များအတွင်းမတွေ့ဖူးသေးကြောင်း ပြန်စဉ်းစားမိလိုက်ပြီး ကျင်းယမှ ရုတ်တရက်ကြီးဂရုစိုက်တတ်လာကာ သူမနှင့်အတူ ကျိုးကျားရွာသို့လိုက်ချင်ကြောင်းပြောလာသည်ကို သတိရလိုက်သည်။ ရွာသူလေးတစ်ယောက်ကို ချက်ချင်းသဘောကျသွားသည်မှာလည်း မသင်္ကာစရာဖြစ်၏။ ဟယ်ရှီချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ​ကျိုးထောင်ဟွားမှ ဒုတိယခြေလှမ်း,လှမ်းလိုက်ချိန်တွင် သူမချက်ချင်းလှမ်းခေါ်လိုက်၏။

​"မိန်းကလေးကျိုး ကျွန်မလဲလိုက်ခဲ့မယ်"

​သူမသည် ကျင်းယကိုညီမတစ်ယောက်လိုသဘောထားပြီး ကျိုးကျားရွာသို့ သံသယကင်းကင်းဖြင့် ခေါ်သွားခဲ့သော်လည်း ကျင်းယမှာသူမအပေါ် လှည့်စားပြီး ပြဿနာရှာလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။ ​ကျိုးထောင်ဟွား ရပ်တန့်လိုက်၏။ သူမနှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခုပေါ်လာသော်လည်း ချထားသောမျက်လွှာအောက်ရှိ သူမမျက်လုံးများထဲမှ ကျေနပ်အားရမှုများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ​သူမ ခန့်မှန်းထားသည့်အတိုင်းပင် နောက်ဆုံး၌ ဟယ်ရှီနှင့်ကျိုးကျားရွာသားများ လန်အိမ်တော်သို့အတူတူသွားရောက်ကြရသည်ပင်။

​လန်အိမ်တော်

​လန်ယွမ် သတိလစ်သွားကတည်းမှ ဖုန့်ရှီသည် တာအိုဆရာဝေကိုဆင့်ခေါ်ပြီး မည်သည့်နည်းဖြင့်မဆို သူ့အားသတိပြန်ရအောင်လုပ်ပေးရန် အမိန့်ပေးခဲ့သည်။ မြင်းမြီးတံကို ကိုင်ဆောင်ထားသော တာအိုဆရာဝေသည် လန်ယွမ်အပေါ်မန္တန်များရွတ်ဆိုပြီးနောက် နောက်ဆုံးတွင် အကြောင်းရင်းကိုရှာဖွေတွေ့ရှိသွားလေ၏။ ​သို့သော် လန်ယွမ်သည် သတိပြန်မရလာသည့်အပြင် လူသေတစ်ယောက်ကဲ့သို့ လဲလျောင်းနေပြီး အသက်ရှူသံမှာလည်း သေခါနီးလူတစ်ဦးအလားအားနည်းနေလေသည်။ ​အချိန်အတော်ကြာပြီးနောက် တာအိုဆရာဝေမှ အကြောင်းရင်းကို ပြောပြလိုက်၏။

​"သခင်မဖုန့် မိန်းကလေးကျိုးနဲ့သခင်လေးလန်တို့ကြားက အသက်စွမ်းအင် ဆက်နွှယ်မှုပြတ်တောက်သွားပါပြီ၊ သခင်လေးလန်ရယူထားပြီးသား အသက်စွမ်းအင်အဆီအနှစ်တွေကိုလဲ သူတို့ပြန်ယူသွားကြပါပြီ၊ ဒါကြောင့်ပဲ သခင်လေးလန်က ဒီလိုဖြစ်နေရတာပါ"

​"ဘယ်လိုဖြစ်ရတာလဲ၊ ပြန်ယူလို့ရမယ့် နည်းလမ်းရှိသေးလား"

ဖုန့်ရှီ စိုးရိမ်တကြီးမေးလိုက်သည်။ တာအို​ဆရာဝေ ပါးစပ်အဟောင်းသားဖြင့် ပြန်ဖြေလာ၏။

"သခင်မဖုန့် သူတို့ကြားကဆက်နွှယ်မှုပြတ်တောက်သွားပြီလေ၊ ဘယ်လိုလုပ် ပြန်ယူလို့ရနိုင်တော့မှာလဲ"

​ချက်ချင်းပင် ယခင်ကဖော်ရွေခဲ့သော ဖုန့်ရှီသည်ကြမ်းတမ်းခက်ထန်သူအဖြစ် ပြောင်းလဲသွားလေသည်။

​"တာအိုဆရာဝေ ကျွန်မသားကိုကယ်ဖို့ ရှင်တေးတစ်ထောင်ယူထားတယ်နော်၊ အခုမှမကယ်နိုင်ဘူး လာပြောနေတာလား၊ လန်မိသားစုရဲ့ပိုက်ဆံကို လွယ်လွယ်လေးရမယ်လို့ ထင်နေတယ်ပေါ့လေ"

​ဖုန့်ရှီမျက်မှောင်ကြုံ့၍မျက်လုံးများပြူးကျယ်လာကာ သူမမျက်ဝန်းအိမ်များထဲတွင်လည်း တာအိုဆရာဝေကို လောင်ကျွမ်းပစ်ချင်နေသော မီးတောက်များတောက်လောင်နေသကဲ့သို့ဖြစ်နေသည်။ သူမစကားဆုံးသည်နှင့် အခန်းထဲရှိအစေခံများအားလုံး ရှေ့တိုးလာကြပြီး လူမကယ်နိုင်လျှင် ထွက်သွားခွင့်မရှိကြောင်း အရိပ်အယောင်ပြလိုက်ကြ၏။

​ဆရာဝေ ထိတ်လန့်သွားသည်။ လန်မိသားစုမှာ ဤကဲ့သို့လုပ်လာလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ ​သူဖုန့်ရှီကို ရှင်းပြလိုက်၏။

"သခင်လေးလန် သူ့ခန္ဓာကိုယ်ရဲ့အသက်စွမ်းအင်ကိုမျှဝေခံစားနိုင်ဖို့အတွက် ကျွန်တော်အစီအရင်တွေအများကြီး လုပ်ဆောင်ခဲ့ရတာပါ၊ ဒါ့အပြင် သူတစ်ပါးရဲ့အသက်စွမ်းအင်ကို ခိုးယူဖို့ ကူညီပေးတာကလဲ ကိုယ်ကျင့်တရားနဲ့မညီပါဘူး၊ တေးတစ်ထောင်လုံး ကျွန်တော် တစ်ယောက်တည်း ယူထားတယ်ထင်နေလား၊ ကျွန်တော့်အပြစ်တွေကို ဆေးကြောဖို့ပူဇော်ပသတာတွေလုပ်ရတယ်၊ နတ်ဘုရားတွေကိုပူဇော်ဖို့ အမွှေးတိုင်တွေ ပူဇော်သက္ကာယတွေဝယ်ရတယ်၊ အဲဒါတွေက ပိုက်ဆံမကုန်ဘူးလား"

​ဖုန့်ရှီ စိတ်မရှည်ဟန်ဖြင့်ပြန်ပြောလိုက်သည်။

"အပိုတွေ ပြောမနေနဲ့၊ ကျွန်မရှင့်ကို တေးတစ်သောင်းပေးမယ်၊ ကျွန်မသားကို ကယ်နိုင်မလား မကယ်နိုင်ဘူးလား ဒါပဲပြော"

​"!!!"

တာအို​ဆရာဝေသည် သူ့ရှေ့တွင်ချထားသော တေးတစ်သောင်းဖိုးငွေစက္ကူများကိုမြင်လိုက်ရသောအခါ မျက်ဝန်းများ ကျယ်သွားပြီး တံတွေးမြိုချလိုက်မိသည်။

​"ရပါတယ် ရပါတယ် ရပါတယ်"

တာအို​ဆရာဝေ့အသံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ ကိုယ်ကျင့်တရားမညီတာတွေ ကြီးလေးတဲ့အပြစ်တွေ.......အဲ့ဒါတွေက သေမှခံရမှာလေ။ အသက်ရှင်နေတဲ့လူတွေအတွက်တော့ ပိုက်ဆံကအဓိကပဲ။ ​ငွေစက္ကူများကိုဝတ်ရုံထဲ ထိုးထည့်ပြီးနောက် တာအိုဆရာဝေသည် လန်ယွမ်ထံမှကျိုးရှင်းဟွာထိုးပေးလိုက်သော အမွှေးအိတ်အားယူလိုက်ပြီး မန္တန်များစတင်ရွတ်ဆိုလေတော့သည်။ ​အချိန်အတော်ကြာပြီးသည့်တိုင် ကုတင်ပေါ်ရှိလန်ယွမ်ထံတွင် မည်သည့်ထူးခြားမှုမှရှိမလာသေးပေ။ ​ယခင်ကအလွန် ယုံကြည်မှုရှိခဲ့သော တာအိုဆရာဝေသည် ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာတော့သည်။

​"ဘယ်လိုဖြစ်တာလဲ၊ ငါ့မန္တန်တွေက ဘာလို့အလုပ်မလုပ်တာလဲ"

သူ မယုံကြည်နိုင်ဟန်ဖြင့်ရေရွတ်လိုက်သည်။ ​ဖုန့်ရှီ ဒေါသထွက်နေပြီပင်။

"ရှင် ကျွန်မဆီကတေးတစ်သောင်း ယူထားပြီးတော့ ကျွန်မသားကိုကယ်တယ်ဆိုတာ ဒါလား"

​သူမစကားဆုံးသည်နှင့် အပြင်ဘက်မှ သတင်းပို့သံထွက်ပေါ်လာသည်။

​"သခင်မ သခင်မဟယ်ရောက်နေပါတယ်"

​"ဒီအချိန်ကြီး သူကဘာလာလုပ်တာလဲ"

​ဖုန့်ရှီ အနည်းငယ်အံ့သြသွားသော်လည်း သူမကိုဧည့်ခန်းမဆောင်သို့ ခေါ်သွားရန်နှင့် သူမချက်ချင်းလိုက်လာမည်ဖြစ်ကြောင်း အစေခံအားအမိန့်ပေးလိုက်သည်။ ​အစေခံမှာ တွန့်ဆုတ်စွာဖြင့်ပြောလာ၏။

"သခင်မ သခင်မဟယ်က အထဲကိုဝင်လာပါပြီ"

​နောက်တစ်ခဏတွင် ဟယ်ရှီနှင့်ကျိုးထောင်ဟွားတို့ဝင်ရောက်လာကြပြီး သူတို့နောက်တွင် ကျိုးကျားရွာမှရွာသားဆယ်ယောက်ခန့်နှင့် နတ်ဆိုးငါးကောင်တို့ လိုက်ပါလာကြသည်။

​"ဒါ ဒါတွေကရာသီသွေးမိစ္ဆာ၊ ဒူးရင်းသီးနတ်ဆိုး၊ အသံနတ်ဆိုး၊ ခရုနတ်ဆိုးနဲ့ မှိုနတ်ဆိုးတွေမလား"

တာအို​ဆရာဝေသည် နတ်ဆိုးငါးကောင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားပြီး နာမည်များကိုတိတိကျကျခေါ်ဆိုနိုင်ခဲ့သည်။ ​တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့အားလုံးသည် နှစ်ပေါင်းတစ်ရာအောက်သာ ကျင့်ကြံထားသူများမဟုတ်ကြောင်းသိသာ၏။ ​ကျိုးထောင်ဟွားအကြည့်များသည် သူ့အပေါ်ကျရောက်သွားပြီး နှုတ်ခမ်းများတွင်အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာလေသည်။

​"ဒီတာအိုဆရာက အမြင်စူးရှသားပဲ၊ ကျွန်မဝမ်းကွဲအစ်မရဲ့ အသက်စွမ်းအင်ကိုသခင်လေးလန်နဲ့ မျှဝေဖို့ကူညီပေးခဲ့တာ ရှင်ပဲဖြစ်ရမယ် ဟုတ်တယ်မလား"

​ကျိုးထောင်ဟွားအသံမှာ တည်ငြိမ်နေသော်လည်း တာအိာဆရာဝေကြားလိုက်ရသောအခါ အနည်းငယ်တုန်လှုပ်သွားသည်။ ​သူ့အကြည့်များသည် သူမနှင့်ရှန်းမင်တို့ကြားတွင် ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေ၏။ ကောင်မလေးထံတွင် ကြွယ်ဝသောဝိညာဉ်စွမ်းအင် အငွေ့အသက်များကို ပိုင်ဆိုင်ထားပြီး ကုသိုလ်ကံရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ ​သူမသည် ဤဘဝမှာသော်လည်းကောင်း အတိတ်ဘဝ၌ပါလာသည်သော်လည်းကောင်း ကောင်းမှုကုသိုလ်များစွာပြုလုပ်ခဲ့သော ကျင့်ကြံသူတစ်ဦးဖြစ်တန်ရာ၏။

​အခြား ဆံပင်ဖြူနှင့်လူငယ်လေးမှာမူ လွှမ်းမိုးနိုင်သောရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤကဲ့သို့သောလူမျိုးသည် ဒီဘဝ သို့မဟုတ် အတိတ်ဘဝတွင် မကောင်းမှုများစွာ ကျူးလွန်ခဲ့သူဖြစ်တန်ရာ၏။ သူတို့နှစ်ဦးအတူယှဉ်တွဲရပ်နေသည်ကို မြင်လိုက်ရသောအခါ တာအိုဆရာဝေ ကြောက်ရွံ့တုန်လှုပ်သွားလေတော့သည်။

All Chapters