အခန်း (၁၂၈)
Vol. 13 Ch. 128
ကြည့်ရတာ မိန်းကလေးကျိုးနဲ့ သခင်လေးလန်ရဲ့ အသက်စွမ်းအင်ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်တာ သူတို့ပဲဖြစ်ရမယ်။ ဒါကြောင့် သူဘယ်လိုပဲပြန်ဆက်ဖို့ ကြိုးစားကြိုးစား မရခဲ့တာကိုး။ တဖက်လူမှာငယ်ရွယ်ပေသိ ကျင့်ကြံခြင်းအဆင့်မှာ သူ့အထက်၌ရှိနေသည်။ တာအိုဆရာဝေ အခြေအနေကိုလျင်မြန်စွာသုံးသပ်လိုက်ပြီး ကျိုးထောင်ဟွားထံတောင်းပန်လိုက်၏။
"မိန်းကလေး အသက်ချမ်းသာပေးပါ၊ ကျွန်တော်က အတင်းအကျပ်ခိုင်းစေခံရလို့ပါ၊ ဒီမှာ အစေခံတွေဘယ်လောက်များလဲဆိုတာ မင်းမြင်တဲ့အတိုင်းပါပဲ၊ တစ်ကယ်လို့ ကျွန်တော်သာသူတို့ခိုင်းတာမလုပ်ရင် သူတို့ကျွန်တော့်ကို ပေးပြန်မှာ မဟုတ်ပါဘူး"
"ဟုတ်လို့လား"
ကျိုးထောင်ဟွား ပြန်မေးလိုက်သည်။
သူမမျက်ရိပ်တစ်ချက်ပြလိုက်သည်နှင့် ရှန်းမင်ချက်ချင်းရှေ့တိုးသွားပြီး တာအိုဆရာဝေကို မ,တင်လိုက်၏။ နှစ်ချက်၊ သုံးချက်လောက်လှုပ်ခါလိုက်ရာ ငွေစက္ကူအမြောက်အမြား ပြုတ်ကျလာတော့သည်။ အားလုံးမှာ တေးတစ်ရာတန်တွေချည်းသာပင်။
"ရှင်တို့လိုလူယုတ်မာတွေကြောင့် အပြစ်မဲ့တဲ့လူတွေ အသက်ဆုံးရှုံးနေရတာ၊ ရှင် မကောင်းမှုတွေ မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ပြီးပြီ၊ သေသွားရင် ငရဲ ၁၈ထပ်ကို ကျမှာ မကြောက်ဘူးလား"
ကျိုးထောင်ဟွား အေးစက်စွာပြောလိုက်သည်။ သူမမျက်လုံးများထဲတွင် တာအိုဆရာဝေအပေါ် ရွံရှာမုန်းတီးမှုနှင့် အထင်သေးမှုများ ပြည့်နှက်နေလေသည်။ သူမ သူ့ထံသို့ဖြည်းညှင်းစွာ လျှောက်သွားလိုက်ရာ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် တာအိုဆရာဝေ့ရင်ထဲသို့ ကြောက်ရွံ့မှုများဖြည့်သွင်းပေးနေသယောင်ပင်။ သူထိတ်လန့်တကြားမေးလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ"
ကျိုးထောင်ဟွား၌ ဝိညာဉ်စွမ်းအင်များရှိနေသည်ကို သူသိသဖြင့် သူမသည် ကျင့်ကြံသူတစ်ဦးဖြစ်မှန်း သိလိုက်သည်။ နတ်ဆိုးငါးကောင်ကိုကြည့်ရုံနှင့် ကျိုးထောင်ဟွား၏ကျင့်ကြံခြင်းစွမ်းအား အလွန်မြင့်မားမည်ကို သူခန့်မှန်းမိ၏။
ကျိုးထောင်ဟွား သူ့ထံစကားအများကြီး ပြောမနေတော့ဘဲ နောက်တစ်ခဏတွင် မန္တန်ရွတ်ဆိုသံကို သူကြားလိုက်ရလေသည်။ ဒါက လူတစ်ယောက်ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကို ဖျက်ဆီးပစ်နိုင်တဲ့ မန္တန်ပဲ။ သူချက်ချင်းဆိုသလိုပြင်းပြင်းထန်ထန်ရုန်းကန်ပြီး ရှန်းမင်၏ချုပ်နှောင်မှုအောက်မှ လွတ်မြောက်ရန်ကြိုးစားသော်လည်း ကံဆိုးစွာပင် ရှန်းမင်၏ခွန်အားသည် မယုံနိုင်လောက်အောင်ကြီးမားသဖြင့် သူလုံးဝမလွတ်မြောက်နိုင်ခဲ့ပေ။ သူ့စိုးရိမ်ပူပန်မှုများအရာမထင်ခဲ့ပါချေ။
နောက်ဆုံး ကျိုးထောင်ဟွားမန္တန်ရွတ်ဆိုပြီးဆုံးသွားသည်ကို နားထောင်နေရုံမှတစ်ပါး သူဘာမှမတတ်နိုင်တော့ဘဲ ဆယ်စုနှစ်များစွာ ကျင့်ကြံအားထုတ်ခဲ့သော သူ့စွမ်းအားများပျောက်ကွယ်သွားရလေသည်။ ကျင့်ကြံခြင်းစွမ်းအားသာမရှိတော့လျှင် တာအိုပညာသုံးဖို့မပြောနှင့် အဆောင်လက်ဖွဲ့ရေးဆွဲဖို့ပင် မဖြစ်နိုင်တော့ပေ။
"ကောင်မလေး မင်းတော်တော်ရက်စက်တာပဲ"
တာအိုဆရာဝေ ဒေါသတကြီးဖြင့်တုန်ယင်ရင်း ကျိန်ဆဲလိုက်သည်။
"မကောင်းမှုတွေ အများကြီးလုပ်တဲ့သူက သေချာပေါက်ပျက်စီးရမှာပဲ၊ ရှင်က မကောင်းမှုတွေကျူးလွန်လာတာ ဆယ်စုနှစ်များစွာရှိနေပြီ၊ ဒီနှစ်ကစပြီး ရှင့်ရဲ့ဝဋ်ကြွေးတွေစတင်ပေးဆပ်ရတော့မယ့်နှစ်ပဲ၊ အခုရှူရှိုက်နေရတဲ့ ထွက်သက်ဝင်သက်တိုင်းကို တန်ဖိုးထားပါ၊ ဘာလို့လဲဆိုတော့ ရှင်သေဆုံးပြီးတာနဲ့ ငရဲ ၁၈ထပ်က ရှင့်ကိုစောင့်ကြိုနေလို့ပဲ"
ကျိုးထောင်ဟွားပြောပြီးသည်နှင့် ရှန်းမင်သည် သူ့ကိုကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ တစ်ခဏချင်းမှာပင် တာအိုဆရာဝေ၏ရင်ထဲမှ မျှော်လင့်ချက်များအားလုံး ပျောက်ကွယ်သွားလေ၏။ သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ပတ်ဝန်းကျင်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိသည်။ ကျင့်ကြံခြင်းစွမ်းအားသာ မရှိတော့ရင်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တာအိုပညာသာမသုံးနိုင်တော့ရင် သူကသာမန်လူတစ်ယောက်ပဲလေ။ အတိတ်က ကျူးလွန်ခဲ့တဲ့အပြစ်တွေရဲ့ ဝဋ်ကြွေးတွေကလည်းလာပေဦးမည်။ ကံဆိုးမိုးမှောင်ကျခြင်း၊ ရောဂါဘယထူပြောခြင်းနှင့် စီးပွားပျက်ကပ်ဆိုက်ရောက်ခြင်းတို့ ဆက်တိုက်ဖြစ်လာမည်အား တွေးကြည့်ရင်းပင် ကြောက်စရာကောင်းလှသည်။
ထိုစဉ်မှာပင် သူ့အနောက်ဘက်စားပွဲပေါ်ရှိ ပန်းအိုးကြီးတစ်လုံး ရုတ်တရက်ပြုတ်ကျလာပြီး သူ့ခေါင်းကိုအားဖြင့်ရိုက်ခွဲလိုက်သလိုဖြစ်သွားရာ ချက်ချင်းပင်ခေါင်းပေါက်သွားပြီး မျက်နှာပေါ်သို့သွေးများစီးကျလာလေ၏။ ရှိနေသူအားလုံး ကြောက်လွန်းသဖြင့် တည့်တည့်မကြည့်ရဲကြတော့ပေ။
သူ မတ်တပ်ထရပ်ရန်ကြိုးစားသော်လည်း ကြွေကွဲစများကိုနင်းမိကာ ခြေချော်ပြီး တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ်လွှင့်စင်သွားကာ တံခါးဘောင်နှင့်ဝင်ဆောင့်မိလေသည်။
တစ်ခဏချင်းမှာပင် သူ့သွားများအားလုံး ကျိုးထွက်ကုန်ပြီး နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိ၏။ သို့သော် သူဤနေရာ၌ ဆက်မနေရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ့ကိုဒုက္ခပေးနိုင်သောကြောင့်ပင် သူ ထွက်ပြေးမှဖြစ်မယ်။
ထင်ထားသည့်အတိုင်းပင် လန်ယွမ့်အခန်းမှ လန်အိမ်တော်တံခါးပေါက်ထိ တိုတောင်းလှသော အကွာအဝေးလေးအတွင်း သူခုနစ်ကြိမ်လဲကျပြီး လမ်းတစ်လျှောက်တွင် ပန်းအိုးများ၊ အလှဆင်ပစ္စည်းများနှင့် သစ်ကိုင်းများ၏ရိုက်ခတ်ခြင်းကို ရှစ်ကြိမ်ခံလိုက်ရသည်။
သူ့ခန္ဓာကိုယ်တွင် ကောင်းမွန်သော အစိတ်အပိုင်းဟူ၍ မကျန်တော့ပေ။
ဒီလိုလူမျိုးရဲ့ဝဋ်ကြွေးက ရောက်လာပြီဆိုတော့ သူရက်နည်းနည်းလောက်တောင် အသက်ထပ်ရှင်နိုင်မှာ မဟုတ်တော့ဘူး။
တာအိုဆရာဝေကို ရှင်းလင်းပြီးနောက် ကျိုးထောင်ဟွားပြန်လှည့်လာပြီး လန်ယွမ့်ထံ ကျိုးရှင်းဟွာထိုးပေးလိုက်သော အမွှေးအိတ်ကို ယူလိုက်သည်။ သူမသည် ကျောက်စိမ်းဆွဲပြားကို ဖုန့်ရှီထံပြန်ပေးလိုက်ပြီး သတိပေးလိုက်၏။
"ဒီကိုလာတဲ့လမ်းမှာ ရှင်းဟွာရဲ့ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်အဆီအနှစ်တွေကို ရှင်ထပ်ပြီးစုပ်ယူဖို့ ကြိုးစားနေတာကို ကျွန်မ အာရုံခံမိတယ်၊ တစ်ကယ်လို့ ရှင်သာရှင်းဟွာကို ဒုက္ခထပ်ပေးခဲ့ရင် အဲ့တာအိုဘိုးတော်ကြုံရသလိုမျိုး ရှင်လဲခံစားရလိမ့်မယ်"
ဟယ်ရှီသည် သူမထံအလွန်စိတ်ပျက်ဟန်ဖြင့်ကြည့်လိုက်သည်။
"ကျင်းယ နင်ကဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး၊ မိန်းမငယ်လေးတစ်ယောက်ကို ဒုက္ခပေးဖို့မကောင်းတဲ့တာအိုပညာကို သုံးတယ်ပေါ့လေ၊ ငါကတော့နင့်ကို ညီမအရင်းလို သဘောထားခဲ့တာ နင်ကကျငါ့ကို လူရွေးဖို့အတွက် ခုတုံးလုပ်ခဲ့တာလား၊ ဒီနေ့ကစပြီး ငါတို့ရဲ့ညီအစ်မသံယောဇဉ်ပြတ်စဲပြီ၊ နောက်နောင် ငါနင်နဲ့ဘာမှမပတ်သက်တော့ဘူး၊ ဒီညနင်လုပ်ခဲ့တဲ့ကိစ္စတွေကိုလဲ တစ်မြို့လုံးသိအောင် ငါလုပ်ပစ်မယ်"
ဤစကားများသည် ဖုန့်ကျင်းယအတွက်သာမက ကျိုးထောင်ဟွားအတွက်လည်း ရည်ရွယ်သည်။ ဘာပဲဖြစ်ဖြစ် သူမစီးပွားရေးသည် ကျိုးထောင်ဟွား၏ ကုန်ပစ္စည်းထောက်ပံ့မှု လိုအပ်သည်လေ။ ကျိုးထောင်ဟွားအား ဆုံးရှုံးလိုက်ရခြင်းသည် စီးပွားလာဘ်လာဘဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဖုန့်ကျင်းယမှာကြောက်လွန်းသဖြင့် ယိုင်နဲ့သွားပြီး လဲကျလုနီးပါးဖြစ်သွားရ၏။ လန်မိသားစုဘဝပျက်ပြီဆိုသည်ကိုသာ တစ်မြို့လုံးသိသွားပါလျှင် သူတို့နှင့်မည်သူကများ စီးပွားရေးဆက်လုပ်ချင်တော့မည်နည်း။ အဘွားစွင်း ရှေ့တိုးလာပြီးပြောလိုက်သည်။
"နင်တို့ပေးလိုက်တဲ့ တင်တောင်းငွေတွေနဲ့ ပစ္စည်းတွေအကုန်လုံးကို ငါတို့ပြန်ပေးလိုက်ပြီ၊ ဒီနေ့ကစပြီး မင်္ဂလာကိစ္စ ပျက်ပြီပဲ"
ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်တို့ကလည်းပြိုင်တူကြိမ်းမောင်းလိုက်ကြသည်။
"မင်းတို့လန်မိသားစုနဲ့ မင်္ဂလာဆောင်ဖို့က ငါတို့ကျိုးကျားရွာက ကလေးတွေအတွက်လက်လှမ်းမမှီနိုင်တဲ့ကိစ္စပါ၊ မင်းတို့က ငါတို့တောသားတွေကို အရူးတွေများမှတ်နေလား"
ဖုန့်ကျင်းယထိတ်လန့်သွားသည်။ သူမ အဘွားစွင်းထံ လှမ်းအော်လိုက်၏။
"မဖြစ်ဘူး မဖြစ်ဘူး၊ ကျွန်မတို့ဘက်က အောင်သွယ်လွှတ်ပြီး တင်တောင်းငွေတွေ ပေးခဲ့ပြီးပြီလေ၊ ရှင်တို့ရဲ့ရှင်းဟွာကို ကျွန်မချွေးမအဖြစ် သတ်မှတ်ပြီးသားပဲ"
ကျိုးရှင်းဟွာသည် ကုတင်ထက်၌စက္ကူဖြူဖြူကဲ့သို့ နွမ်းလျနေသော လန်ယွမ်ထံကြည့်လိုက်သည်။ သူသည်တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားပြီး တန်ဖိုးကြီးအိပ်ရာပေါ်တွင် အိပ်စက်နေသော်လည်း ဤကဲ့သို့အသက်ရှင်လျက်ဖြင့် သေနေသောလူသေကောင်နှင့်တော့ သူမလုံးဝအတူမနေနိုင်ပေ။
"ကျွန်မ သူနဲ့အတူမနေချင်ဘူး မနေနိုင်ဘူး"
ကျိုးရှင်းဟွာ အော်ဟစ်လိုက်သည်။
သူမက ရွာသူလေးတစ်ယောက်ဖြစ်ရင်တောင်မှ ဒီလိုလူမျိုးနဲ့ သူမဘဝကို လုံးဝမရင်းနှီးနိုင်ပေ။ ကျိုးရှင်းဟွာစကားကိုကြားလိုက်ရသောအခါ ဖုန့်ရှီ၏နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေး ပျောက်ကွယ်သွားလေတော့သည်။
သူမနှလုံးသားမှာ လုံးဝကြေမွသွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေးလဲကျသွားလေ၏။
"ကျွန်မကယွမ်အာ့အတွက် လုပ်ခဲ့တာပါ၊ သူကကျွန်မရဲ့ တစ်ဦးတည်းသောသားလေ၊ တစ်ကယ်လို့ သူသာသေသွားရင် ကျွန်မဘယ်လိုလုပ်အသက်ဆက်ရှင်ရမလဲ၊ ကျွန်မမှာ ခင်ပွန်းလဲမရှိတော့ဘူး၊ လန်မိသားစုရဲ့အနာဂတ်က ယွမ်အာ့အပေါ်မှာပဲ မူတည်နေတာ၊ နတ်ဘုရားတွေက ဘာလို့ကျွန်မအပေါ်ဒီလိုလုပ်ရက်ရတာလဲ"
ဖုန့်ရှီ ဝမ်းပန်းတနည်းငိုကြွေးလေတော့သည်။ သူမ၏ရှိခဲ့ဖူးသောသူဌေးကတော်အမူအရာများမှာ လုံးဝပျောက်ကွယ်သွားလေပြီ။ ရုတ်တရက် သူမမျက်လုံးထောင့်စွန်းမှ နတ်ဆိုးငါးကောင်ကို ရိပ်ကနဲတွေ့လိုက်ရပြီး တာအိုဆရာဝေတစ်ယောက် ကျိုးထောင်ဟွားလက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် ဖြစ်သွားခဲ့ရသည်ကို ပြန်သတိရလိုက်သည်။ သူမ ကျိုးထောင်ဟွားခြေရင်းသို့ ချက်ချင်းတွားသွားပြီး
"မိန်းကလေးကျိုး ကျေးဇူးပြုပြီး ကျွန်မသားကိုကယ်ပါဦး၊ မင်းမှာနည်းလမ်းရှိမှာပါနော်၊ မင်းရဲ့ဝမ်းကွဲအစ်မအပေါ် ကျွန်မ လုပ်ခဲ့တာမှားယွင်းပေမယ့် ကျွန်မမှာ ရွေးချယ်စရာမရှိလို့ပါ၊ ယွမ်အာက ကျွန်မရဲ့အသက်သွေးကြောမလို့ ကျွန်မသူ့ကိုကယ်မှဖြစ်မယ်၊ အဲ့နည်းကသာယွမ်အာ့အသက်ကိုကယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဆိုပြီး ဟိုတာအိုဆရာကြီးပြောခဲ့လို့ ကျွန်မဒီလိုမလုပ်မဖြစ်လုပ်လိုက်ရတာပါ၊ မိန်းကလေးကျိုး ကျွန်မဆီမှာ ပိုက်ဆံရှိပါတယ်၊ မင်းဘယ်လောက်လိုချင်လဲ၊ တေးတစ်သောင်းလောက်ဆို လုံလောက်မလား"
တေးတစ်သောင်းဆိုသော စကားကို ကြားလိုက်ရသောအခါ ရွာလူကြီး၊ မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားသူများအားလုံးအံ့သြမှုကြောင့် အသက်ရှူမှားသွားကြသည်။ စားသောက်ဆိုင်ပိုင်ရှင် လန်မိသားစုမှာ မျှော်လင့်ထားတဲ့အတိုင်း တော်တော်ချမ်းသာလှ၏။ ဒီလောက် ပိုက်ဆံအများကြီးဆိုရင် တစ်သက်လုံး သုံးမကုန်လောက်ဘူးမလား။ သို့သော် ဖုန်ရှီ၏စကားကိုကြားပြီးနောက် သူတို့အားလုံး စိတ်မသက်မသာခံစားလိုက်ရသည်။ ကျိုးထောင်ဟွား သဘောတကျရယ်လိုက်မိ၏။
"ကျွန်မကလူတွေကို သူတို့ပြောတဲ့စကားတွေနဲ့ ဘယ်တော့မှမဆုံးဖြတ်ပါဘူး၊ ရှင်နဲ့ ရှင့်သားဘာလုပ်ခဲ့လဲဆိုတာ ရှင်တို့သိသလို ကျွန်မလဲသိပါတယ်၊ ရှင်ပိုက်ဆံဘယ်လောက်ပဲပေးပေး သခင်လေးလန်ကို ကျွန်မကယ်မှာမဟုတ်ဘူး"
ထို့နောက် ကျိုးထောင်ဟွားအကြည့်လွှဲလိုက်သည်။ ဖုန့်ရှီထံ တစ်ချက်ကြည့်မိလျှင်တောင် အကုသိုလ်ဖြစ်မည်အားစိုးရိမ်သောကြောင့်ပင်။ တာအိုဆရာဝေ၏ကျင့်ကြံခြင်းစွမ်းအားကို သူမဖျက်ဆီးလိုက်ကတည်းမှ ဖုန့်ရှီလည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းဆွဲပြား၏သန့်စင်ပေးနိုင်စွမ်းလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ယခင်က ဖုံးကွယ်ထားသော များပြားလှသည့် မကောင်းဆိုးဝါးအငွေ့အသက်များသည် ရုတ်တရက်ပေါ်လာပြီး ဖုန့်ရှီမှာမူလကတည်းမှ ကြင်နာတတ်သူမဟုတ်ကြောင်း ဖော်ပြနေလေ၏။ ကုတင်ပေါ်ရှိ လန်ယွမ်လည်း ထိုနည်းလည်းကောင်းပင်။ သူသည်လည်း ကြီးမားသောမကောင်းဆိုးဝါးစွမ်းအင်များ ဝန်းရံခြင်း ခံထားရသည်။ ခန့်မှန်းရသလောက် သူသည် အစွမ်းထက်သောကူ(ကူပိုးကောင်)ပညာရှင်တစ်ဦးကို စော်ကားမိခဲ့သဖြင့် အဆိပ်ခတ်ခြင်းခံလိုက်ရပုံပင်။