← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

​သူတို့ကနကျီအုံကို တုတ်နဲ့သွားထိုးလိုက်မိပြီလေ။ တာအို​ဆရာဝေ၏ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ပါးလွန်းလှသဖြင့် လန်ယွမ်၏ အသက်စွမ်းအင်ထက်ဝက်မျှ ပျောက်ဆုံးသွားသည်ကိုသာ မြင်တွေ့နိုင်ပြီး ဘာကြောင့်ပျောက်ဆုံးသွားရသလဲ၊ ဘာကြောင့် အသက်ရှင်လျက်ဖြင့် လူသေကောင်ဖြစ်နေရလဲဆိုသည်ကိုမူ မသိရှိခဲ့ပေ။ သူတို့ဘယ်လိုမကောင်းမှုများ ကျူးလွန်ခဲ့သည်ကို ကျိုးထောင်ဟွား စိတ်မဝင်စားပေ။ သူမပြတ်ပြတ်သားသားငြင်းပယ်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။ ​ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်တို့မှာ သူမစကားကိုကြားသည်နှင့် မပြုံးမိဘဲမနေနိုင်ကြပေ။ မျှော်လင့်ထားသည့်အတိုင်း ကျိုးကျားရွာသူပီသပါပေတယ် တေးတစ်သောင်းမက်လုံးပေးတာတောင် မျက်တောင်တစ်ချက်မခတ်ဘူး။

​ကျိုးအာ့ရှုနှင့်ချမ်ရှီတို့လည်း ကျိုးထောင်ဟွားအတွက် ဂုဏ်ယူနေကြသည်။ ​ဖုန့်ရှီအမူအရာမှာ အလွန်တရာမောက်မာလွန်းလှသလို ကျိုးထောင်ဟွား၏လူကဲခတ်တတ်ပုံကိုလည်း သူတို့အပြည့်အဝယုံကြည်၏။ ​ထောင်ဟွားမှမကယ်နိုင်ဟု ငြင်းလိုက်မှတော့ ဖုန့်ရှီနှင့်သူ့သားမှာလူကောင်းများမဟုတ်ကြောင်းကျိန်းသေလိမ့်မည်။ ​အဘွားစွင်းနှင့်ကျိုးရှင်းဟွာ တို့သည်လည်း ဖုန့်ရှီအားပြန်ပြောလိုက်သော ကျိုးထောင်ဟွားစကားကြောင့် အလွန်တရာစိတ်သက်သာရာရသွားခဲ့သည်။ ​ရှန်းမင်မှာတော့ ကျိုးထောင်ဟွားကို အချစ်များဖြင့်ပြည့်နှက်နေသော မျက်လုံးများဖြင့်သာကြည့်နေပြီး သူမဘာပဲဆုံးဖြတ်ဆုံးဖြတ် သူထောက်ခံမည်ပင်။ ​ဖုန့်ရှီသည် ကျိုးထောင်ဟွားထွက်သွားသည်ကို စိုးရိမ်တကြီးကြည့်နေမိ၏။ တောသူမလေးတစ်ယောက်မှ တေးတစ်သောင်းကို စိတ်မဝင်စားဘဲနေလိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့မိပေ။ ​သို့သော် ကျိုးထောင်ဟွားမှာ ယွမ်အာ့ကိုကယ်တင်နိုင်ကြောင်း သူမအပြည့်အဝယုံကြည်နေပြီဖြစ်သဖြင့် လန်အိမ်တော်မှအလွယ်တကူ ထွက်ခွာခွင့်ပေးမည်မဟုတ်ချေ။

​"အစောင့်တွေ သူတို့ကိုတားလိုက်ကြစမ်း"

​ဖုန့်ရှီအော်ဟစ်လိုက်ပြီး လန်အိမ်တော်ရှိ အစေခံအားလုံးကို ဆင့်ခေါ်လိုက်သည်။

​တစ်ခဏချင်းမှာပင် ဖုန့်ရှီအမိန့်ကြောင့် အခန်းတစ်ခုလုံးအစေခံများဖြင့် ပြည့်နှက်သွားလေ၏။ အားလုံးပေါင်းသုံးဆယ်တိတိရှိလေသည်။ ​ဟယ်ရှီမှာသူမထံအံ့သြတကြီးဖြင့်ကြည့်လာ၏။

"ကျင်းယ နင်ဘာလုပ်နေတာလဲ၊ မိန်းကလေးကျိုးက ငါ့လူနော်"

​ထို့အပြင် ကျိုးထောင်ဟွားဆိုသည်မှာ အတင်းအကျပ်ဖိအားပေး၍ရမည့်သူမဟုတ်သလို ယခုလိုလုပ်ခြင်းမှာ သူမအားရန်စသလိုသာဖြစ်စေမည်ဟု ဟယ်ရှီ ခံစားနေရသည်။

​"ဝမ်ဝမ် နင့်ကိုတော့တောင်းပန်ပါတယ်၊ ငါ့ယွမ်အာ့အတွက် အခြားနည်းလမ်းမရှိတော့လို့ ဒီနည်းကိုပဲသုံးရတော့မယ်"

​ဖုန့်ရှီမတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်ရှိ အစေခံများကို အပေါ်ယံကြင်နာသမှုဖြင့်သတိပေးလိုက်သည်။

"သူတို့အားလုံးကို ဖမ်းထားလိုက်စမ်း၊ သတိထားနော် ညင်ညင်သာသာလုပ်ကြ၊ သူတို့အားလုံးက ငါတို့ရဲ့ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အနာတရမဖြစ်စေနဲ့"

​"ဟုတ်ကဲ့ပါ"

​လန်အိမ်တော်အစေခံများ ပြိုင်တူပြန်ဖြေလိုက်ပြီး အခန်းထဲသို့ဝင်လာကြသည်။

​ရွာလူကြီးမှာ ချက်ချင်းရှေ့တိုးလိုက်၏။

"ခင်ဗျားတို့ ဘာလုပ်ကြမလို့လဲ၊ ကျွန်တော်တို့ကို ဖမ်းချုပ်မလို့လား၊ ခင်ဗျားတို့လုပ်ရပ်က မဟာရှားမင်းဆက်ရဲ့ ဥပဒေတွေကိုချိုးဖောက်နေတာနော်"

​ဖုန့်ရှီမဲ့ပြုံးပြုံးလိုက်သည်။

"လန်အိမ်တော်ထဲမှာတော့ ငါကဥပဒေပဲ၊ မိန်းကလေးကျိုး ငါ့သားကိုကုပေးပြီးတာနဲ့ မင်းတို့ကိုပြန်လွှတ်ပေးမယ်၊ တစ်ကယ်လို့ အပြစ်တင်ချင်တယ်ဆိုရင် ကျေးဇူးကန်းတဲ့မိန်းကလေးကျိုး(ရှင်းဟွာ)ကိုသာ အပြစ်တင်လိုက်ကြ၊ ငါ့မှာအခြားရွေးချယ်စရာမရှိတော့လို့ ဒီနည်းကိုပဲသုံးလိုက်ရတာ"

​ရွာလူကြီး စကားပြောနေစဉ် ကျိုးထောင်ဟွားသည် လူတိုင်းကိုသူမအနားကပ်လာရန် မသိမသာလက်ပြလိုက်သည်။ ​ဟယ်ရှီမှာ ဖုန့်ကျင်းယကိုလျှော့တွက်ခဲ့မိ၏။ ဤသို့ရက်စက်တတ်သည့်အမျိုးသမီးကို ကိုင်တွယ်ရန်အတွက် ပြင်ဆင်မှုမရှိဘဲလာခဲ့သည်မှာ မသည်သို့ဖြစ်နိုင်ပါမည်နည်။ ​ရွာလူကြီးနှင့် အခြားသူများသည် ကျိုးထောင်ဟွား၏အချက်ပြမှုကိုသတိထားမိကြပြီး သူမဘာလုပ်မည်ကိုမသိသော်လည်း သူမအနားသို့ဝိုင်းအုံလာကြ၏။ ​ဟယ်ရှီနှင့် သူမအစေခံမလေးယွီဟယ်တို့လည်း မသိစိတ်၏စေ့ဆော်မှုဖြင့် ထိုအုပ်စုထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်ကြသည်။ ​ဖုန့်ရှီမျက်မှောင်ကြုတ်လိုက်ပြီး တစ်စုတစ်ဝေးတည်းရပ်နေသော ကျိုးထောင်ဟွားနှင့်လူတစ်ဒါဇင်ခန့်ကို ကြည့်ကာ

​"ဉာဏ်များဖို့မကြိုးစားနဲ့နော်၊ ငါ့လန်အိမ်တော်ထဲမှာ နင်တို့ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး ဝေါ့"

​ဖုန့်ရှီ၏ပြောလက်စ,စကားမှာ ရပ်တန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် လေထုထဲတွင်အလွန်တရာ စူးရှသောအနံ့ဆိုးတစ်ခုကို ရုတ်တရက်ရလိုက်သောကြောင့်ဖြစ်သည်။ ​ရွံရှာလွန်းသဖြင့် သူမခမျာ မနေ့ည၌စားထားသမျှအကုန် ပြန်အန်ထွက်ချင်သလို ခံစားလိုက်ရ၏။

​လန်အိမ်တော်မှ အခြားသူများသည်လည်း ထိုနည်းတူခံစားလိုက်ရပြီး အားလုံး အန်ချင်လာကြသည်။ ​တစ်ယောက်ယောက်မှ ကျိန်ဆဲလိုက်၏။

"ဒါ ဘာကြီးလဲကွ နံလိုက်တာ ရွံစရာကြီး၊ ဘယ်ကောင် ဘောင်းဘီထဲပါချလိုက်တာလဲ"

​ထိုစဉ်မှာပင် အစေခံတစ်ယောက်မှအော်လိုက်၏။

"ဒုက္ခပဲ သူတို့ထွက်ပြေးကုန်ပြီ"

​ကျိုးထောင်ဟွားသည် လူတစ်ဒါဇင်ခန့်ကို ဦးဆောင်ပြီး လန်အိမ်တော်တံခါးဝဆီသို့ ထွက်လာခဲ့သည်။ ​လူတိုင်းတစုတဝေးတည်းပူးကပ်နေကြသဖြင့် ကျိုးထောင်ဟွားဖန်တီးပေးထားသော အကာအကွယ်အောက်တွင်ရှိနေပြီး ဒူးရင်းသီးနတ်ဆ်ိုးထံမှ ထွက်ပေါ်နေသော အနံ့ဆိုးကိုမရကြပေ။ ​လန်အိမ်တော်အစေခံများ ဖမ်းဆီးရန်ရောက်လာကြသောအခါ လူသန်ကြီးမှလက်စသတ်ပေးလိုက်သည်။ တောင်ငယ်လေးတစ်လုံးအလား သူပိတ်ရပ်ထားသဖြင့် မည်သူမှကျော်ဖြတ်၍မရနိုင်ပေ။

​သူ့ကို ဝင်တိုက်မိသူတိုင်းသည် ကျောက်ဆောင်ကို ဝင်တိုက်မိသကဲ့သို့ ခံစားကြရပြီး လူသန်ကြီးမှာမူနာကျင်မှုတစ်စုံတစ်ရာမရှိသော်လည်း တိုက်မိသူများမှာမူ အလွန်အမင်းနာကျင်နေကြရသည်။ ​မကြာမီမှာပင် ကျိုးထောင်ဟွားနှင့်သူမ၏အဖွဲ့သည် လန်အိမ်တော်မှ လွတ်မြောက်လာခဲ့ကြ၏။ ​အချိန်သည် ညဉ့်နက်နေပြီဖြစ်၍ လမ်းကြားတစ်ခုလုံး တိတ်ဆိတ်နေပြီး အိမ်နီးချင်းများအားလုံး အိပ်ပျော်နေကြပြီဖြစ်သည်။

​ကျိုးထောင်ဟွားသည် လူတိုင်းကိုနွားလှည်းပေါ်တန်းတက်ပြီး ချက်ချင်းထွက်ခွင့်မပေးသေးပေ။ ထိုအစား လန်အိမ်တော်တံခါးဝတွင် ရပ်လျက်အော်ဟစ်ကျိန်ဆဲစေ၏။

​မည်သို့ပင်ဆိုစေကာမူ အဘွားစွင်းနှင့် အခြားသူများသည်ရောက်ကတည်းမှ ဒီလိုလုပ်ဖို့စီစဉ်ထားပြီးသားဖြစ်သည်။ အထူးသဖြင့် ကျိုးအိမ်ဟောင်းမှလူများသည် ဒေါသအိုးပေါက်ကွဲလုမတတ် ဖြစ်နေကြသည်ပင်။ ​လာဘ်ထိုးလို့မရတာနဲ့ပဲ မိန်းမယုတ်ဖုန့်က သူတို့ကိုဖမ်းချုပ်ဖို့ ကြိုးစားသေးတယ်ပေါ့လေ။ ​တိတ်ဆိတ်နေသောညဉ့်အချိန်တွင် အဘွားစွင်းသည် လန်အိမ်တော်တံခါးဝ၌ ခါးထောက်ရပ်လျက် ဦးစွာကျယ်လောင်စွာ ထွီကနဲတံတွေးထွေးလိုက်ပြီးနောက် ကျိန်ဆဲလေတော့သည်။

​"အမလေး လန်မိသားစုက လူတွေကို အရှင်လတ်လတ်ဝါးစားတဲ့နေရာပဲ၊ ဖုန့်ရှီရဲ့သားဆိုတာကလဲ ဘာမကောင်းမှုတွေ လုပ်ထားလဲတော့မသိပါဘူးဟယ် အိပ်ရာထဲမှာအသက်ရှိလျက်နဲ့ လူသေကောင်လို လဲနေရတယ်၊ အဲဒါကိုတောင် ငါ့မြေးမလေးနဲ့စေ့စပ်ချင်သေးတယ်တဲ့၊ ငါ့မြေးမလေးရဲ့အသက်ကိုသုံးပြီး သူ့သားအသက်ကို ကယ်ဖို့ကြိုးစားတယ်တဲ့လေ၊ အဲ့နည်းလမ်းအလုပ်မဖြစ်တော့ ငါတို့တစ်မိသားစုလုံးကိုတောင် ဖမ်းချုပ်ထားချင်သေးတယ်တဲ့၊ ကောင်းကင်ကကြည့်နေတာမလို့ ဖုန့်ရှီနဲ့သူ့ရဲ့လူသေကောင်သားက သေချာပေါက်မိုးကြိုးပစ်ခံရမှာပါအေ"

​အဘွားစွင်းအသံသည် အလွန်တရာကျယ်လောင်လှသဖြင့် လန်အိမ်တော်အတွင်းအပြင်ရှိ လူတိုင်းသာမက လမ်းကြားတစ်ခုလုံးပါ ရှင်းရှင်းလင်းလင်းကြားလိုက်ကြရသည်။ လန်မိသားစုနှင့်လမ်းကြားတူ နေထိုင်သူများအားလုံးသည် မြို့ထဲရှိအချမ်းသာဆုံးသော မိသားစုများဖြစ်ကြ၏။ ​အိပ်ရာဝင်နေကြပြီဖြစ်သော အိမ်နီးချင်းများစွာသည် ဆူညံသံကိုကြားလိုက်ရသဖြင့် အိပ်ရာမှထကာဘာဖြစ်သည်ကိုသိရရန် မီးအိမ်များကိုင်ဆောင်လျက် တံခါးဝသို့ထွက်ကြည့်ကြလေသည်။

​"ဘုရားရေ သခင်မဖုန့်နဲ့သခင်လေးလန်က တစ်ကယ်ကြီး အဲ့လိုဖြစ်နေတာလား"

​"ဒီအဘွားကြီးပြောတာ အမှန်ပဲလား"

​"ကြည့်ကြဦး ဟိုမှာဘယ်သူလဲ၊ ဟယ်မိသားစုက ဟယ်ဝမ်ဝမ်မဟုတ်ဘူးလား၊ သူပါရှိနေမှတော့ အတုမဖြစ်နိုင်ဘူး"

​"ငါကလန်ယွမ်ကို ဒီရက်ပိုင်းမတွေ့ပါဘူးမှတ်တယ်၊ အရင်တုန်းကဆို နေ့တိုင်း အပြင်ထွက်သောက်စားပြီး သူများသမီးပျိုလေးတွေကို လိုက်နှောင့်ယှက်နေတာမလား၊ အခုတလောအိမ်ထဲကထွက်မလာဘူးထင်နေတာ လက်စသတ်တော့ အိမ်ထဲတင်မေ့လဲနေတာကိုး"

​"ဖုန့်ကျင်းယက ဘာလို့ရုတ်တရက်ကြီး တောသူမလေးတစ်ယောက်ကို သူ့သားအတွက် ချွေးမအဖြစ်စီစဉ်ပေးနေပါလိမ့်လို့ တွေးနေတာ၊ တောသူတွေမလို့ အာဏာမရှိ နောက်ခံမရှိဘူးဆိုပြီး အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာကိုး၊ အခုတော့ သူတို့နကျီအုံကိုသွားထိုးလိုက်ပြီ"

​လန်အိမ်တော်အတွင်းတွင် အဘွားစွင်း၏စကားများကိုကြားလိုက်ရသော ဖုန့်ရှီသည်လူလွှတ်ပြီး အဘွားစွင်းပါးစပ်ကိုပိတ်ခိုင်းလိုက်သော်လည်း အစေခံများမှာအနားကပ်ရန်ပင် ခက်ခဲနေကြသည်။ ​လန်မိသားစုအစေခံများကို အတားအဆီးနှစ်ခုက ပိတ်ဆို့ထား၏။ ​ပထမတစ်ခုမှာ ဒူးရင်းသီးနတ်ဆိုး၏ အနံ့ဆိုးဖြစ်ပြီး၊ ထိုအနံ့ဆိုးကိုသည်းခံ၍ ရှေ့တိုးလာလျှင် ဒုတိယအတားအဆီးဖြစ်သော လူသန်ကြီးနှင့်တွေ့ရပေမည်။ သူတို့ခွန်အားသည် လူသန်ကြီးနှင့် ဘယ်လိုမှမယှဉ်နိုင်ပေ။ ​နောက်ဆုံး အဘွားစွင်းတစ်ယောက် လန်အိမ်တော်ရှေ့၌ ၁၅မိနစ်တိတိကျိန်ဆဲလိုက်သည်။ လမ်းကြားတစ်ခုလုံးမှ လူများထွက်ကြည့်ကြရုံသာမက အနားရှိလမ်းကြားများမှလူများပါ လာကြည့်ရှုကြ၏။ သူမကျိန်ဆဲ၍ဝမှသာ ရပ်တန့်လိုက်လေသည်။

​သူမလိုချင်သော ရလဒ်ရရှိသွားပြီဖြစ်၍ ကျိုးထောင်ဟွားသည် အဘွားစွင်းကိုနွားလှည်းပေါ်တက်ခိုင်းလိုက်ပြီး သူတို့ထွက်သွားရန်ပြင်လိုက်ကြသည်။ ​မထွက်သွားမီ ကျိုးထောင်ဟွားသည် လန်အိမ်တော်၏နာမည်ကဗ္ဗည်းပြားပေါ်သို့ ဝိညာဉ်စွမ်းအင် အနည်းငယ်လွှတ်လိုက်၏။

*ကောင်းမှုကုသိုလ် စုဆောင်းသော မိသားစုသည် သေချာပေါက်ကောင်းချီးမင်္ဂလာများနှင့် ပြည့်စုံလိမ့်မည်။ မကောင်းမှုဒုစရိုက်များ စုဆောင်းသော မိသားစုသည် သေချာပေါက်ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပေလိမ့်မည်။ လန်မိသားစုသည် သူတို့၏ကံကြမ္မာကို ဘယ်တော့မှပြောင်းလဲနိုင်တော့မည်မဟုတ်ပေ။ မကောင်းမှုပြုလျှင် မကောင်းသောဝဋ်ကြွေးကို ခံရမည်။ သီလမဆောက်တည်လျှင် ဆွေစဉ်မျိုးဆက်ပါ ထိခိုက်ရမည်*

​"မဟုတ်‌သေးဘူး လန်ယွမ်ကဒီဘဝမှာ မျိုးဆက်ကျန်ရစ်တော့မှာမဟုတ်ဘူး"

​ထိုအချိန်မှစ၍ လန်မိသားစုသည် တဖြည်းဖြည်းနှင့် ခြောက်ကပ်လာပြီး နောက်ဆုံးတွင်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုတစ်ခု အဖြစ်သို့ရောက်ရှိသွားပေလိမ့်မည်။ ​ဟယ်ရှီသည် သူမ၏ကိုယ်ပိုင်ရထားလုံးကိုမစီးဘဲ ကျိုးထောင်ဟွားနှင့်အတူ နွားလှည်းပေါ်တွင်တိုးဝှေ့လိုက်ပါလာသည်။

​"မိန်းကလေးကျိုး တစ်ကယ်အားနာပါတယ်‌ကွယ်၊ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ ကျွန်မ,မသိခဲ့ဘူး၊ အခုညဉ့်နက်နေပြီဆိုတော့ ကျိုးကျားရွာကိုမပြန်ပါနဲ့တော့လား၊ မြို့ထဲမှာပဲ တစ်ညအိပ်လိုက်ပါနော်၊ ကျွန်မတည်းခိုခန်းစီစဉ်ပေးပါ့မယ်၊ မနက်ဖြန် မနက်မှပြန်ကြတာပေါ့"

​ဟယ်ရှီ ပြောလိုက်သည်။ ​ကျိုးထောင်ဟွား ခေတ္တမျှစဉ်းစားပြီး သဘောတူလိုက်၏။ ​ကျိုးကျားရွာမှမြို့သို့ နွားလှည်းဖြင့်လာလျှင်တောင် တစ်နာရီ ကြာမြင့်သလို ယခုညဉ့်နက်နေပြီဖြစ်၍ ညဘက်ပြန်မောင်းရန် အဆင်မပြေလှပေ။ ​ထိုညတွင် ကျိုးထောင်ဟွားသည် ချမ်ရှီနှင့် တစ်ခန်းအတူအိပ်ပြီး ရှန်းမင်နှင့် ကျိုးအာ့ရှုတို့က တစ်ခန်းအိပ်ကြသည်။

​နောက်တစ်နေ့တွင် အရာအားလုံးသည် ကျိုးထောင်ဟွား ခန့်မှန်းထားသည့်အတိုင်းဖြစ်ပျက်လာ၏။ မြို့ထဲရှိလန်မိသားစု၏ဂုဏ်သတင်းမှာ လုံးဝကျဆင်းသွားခဲ့ပြီပင်။

​လန်ယွမ် ရုတ်တရက်သတိလစ်မေ့မြောနေသည်မှာ တစ်လကျော်ကြာပြီ ဖြစ်ကြောင်း လူတိုင်းသိရှိသွားကြသည်။

​လန်မိသားစုသည် လန်ယွမ်ကိုကယ်တင်ရန်အတွက် ရွာသူလေးတစ်ယောက်နှင့် တမင်ရည်ရွယ်ပြီး လက်ထပ်ပေးကာ ထိုမိန်းကလေးအသက်ကိုအသုံးပြု၍ လန်ယွမ့်အသက်ကိုကယ်တင်ရန် ကြံစည်ခဲ့သဖြင့် ထိုမိန်းကလေးခမျာသေဆုံးလုနီးပါးဖြစ်ခဲ့ရ၏။ ​မနေ့ည၌ဟယ်ဝမ်ဝမ်ကိုယ်တိုင် ထိုမိန်းကလေး၏မိသားစုကိုဦးဆောင်ပြီး စေ့စပ်မှုကိုဖျက်သိမ်းခဲ့သည်။

​"ငါ့ကိုမေးရင်တော့ ဒါဝဋ်လည်တာပဲ၊ လန်ယွမ်က ဘယ်တုန်းကမှလူကောင်း မဟုတ်ခဲ့ဘူး"

​"ငါကြားတာတော့ သူကမိန်းကလေးတစ်ယောက်ကိုစော်ကားခဲ့ပြီး တာဝန်မယူခဲ့ဘူးတဲ့၊ အဲ့မိန်းကလေးရဲ့မိသားစုက ဆင်းရဲလို့ဆိုပြီး ငြင်းပယ်ခဲ့တာလေ"

​"နောက်ဆုံးတော့ အဲ့မိန်းကလေးကမြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရှာတယ်"

​"တစ်ယောက်တည်း မဟုတ်ဘူးဟေ့၊ ငါလဲကြားဖူးတယ်၊ သူကမိန်းမလိုက်စားတတ်တဲ့အပြင် မိန်းမပျိုလေးတွေကို ဖြားယောင်းပြီး ဘဝတွေဖျက်ဆီးတယ်၊ ပြီးရင် တာဝန်မယူဘူးလေ တစ်ကယ့်လူယုတ်မာကောင်"

​"သူ့အမေကရာ ဘာထူးလို့လဲ၊ သူ့ယောင်္ကျားကို သူသတ်ခဲ့တာလို့ ငါကြားဖူးတယ်၊ သူ့ယောင်္ကျားရဲ့ကိုယ်လုပ်တော်သုံးယောက်ကိုလဲ သူပဲသတ်ပစ်ခဲ့တာတဲ့၊ ကိုယ်လုပ်တော်တွေရဲ့ သားသမီးတွေလဲ အကုန်သေပဲ၊ နောက်ကျ ကိုယ်လုပ်တော်တွေပါသေကုန်ကြတာလေ"

​"သူ့ယောင်္ကျားသေတာကလဲ သေချာပေါက် သူ့အမေနဲ့ဆိုင်နေမှာပဲ၊ အားလုံးသေကုန်တော့ လန်မိသားစုကသူတို့သားအမိပိုင်နက်ပဲ ဖြစ်သွားတာပေါ့"

All Chapters