← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

​ကျိုးထောင်ဟွားနှင့် အခြားသူများနိုးလာကြပြီးနောက် မနက်စာစားကာကျိုးကျားရွာသို့ပြန်ရန် နွားလှည်းပေါ်တက်လိုက်ကြသည်။ ​နွားလှည်းသည် မြို့လမ်းမကြီးတစ်လျှောက်မောင်းနှင်လာစဉ် လန်မိသားစုအကြောင်း လမ်းသွားလမ်းလာများဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေ၏။ ​ကျိုးထောင်ဟွား နွားလှည်းပေါ်တွင် စိတ်ကြည်နူးစွာဖြင့်ထိုင်လာခဲ့သည်။ ရွာလူကြီးသည် မြို့ရှိလူထုမှ လန်မိသားစုအကြောင်းပြောဆိုနေကြသည်ကို ကြားလိုက်ရသောအခါ ဒေါသတကြီး ကျိန်ဆဲလာ၏။

"သူတို့နဲ့ တန်တယ်"

​ကျိုးအိမ်ဟောင်းမှလူများသည် မြို့ရှိလူထုမှ လန်မိသားစုအားဆဲဆိုနေကြသည်ကိုကြားရသဖြင့် ရင်ထဲတွင် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်သွားလေသည်။ ​ဝမ့်ရှီသက်ပြင်းချလိုက်သမိ၏။

"ထောင်ဟွားက တစ်ကယ့်ကိုအသိဉာဏိကြွယ်ဝတာပဲ အဲ့လိုသာမဟုတ်ရင် မနေ့ညက ငါတို့လန်မိသားစုဆီကိုတန်းသွားပြီး စေ့စပ်တာဖျက်သိမ်းမယ်ဆိုရင် သူတို့ကဖုံးဖိထားပြီးလောက်ပြီ"

​ကျိုးရှီလည်းကြောက်ရွံ့စွာဖြင့်ပြောလာ၏

"ပြီးတော့ မနေ့ညက ဟိုမိန်းမယုတ်ဖုန့်ကို ကြည့်ပါလား၊ ငါတို့ကို လန်အိမ်တော်ထဲမှာ ဖမ်းချုပ်ထားဖို့တောင် ကြိုးစားသေးတာ၊ ထောင်ဟွားက သူ့ရဲ့နတ်ဆိုးငါးကောင်လုံးကို ခေါ်လာခဲ့မိတာ ကံကောင်းတာပဲ"

​အဘွားစွင်းမှာမူ မှတ်ချက်ပြုလာသည်။

"တစ်ကယ်ပါပဲ၊ ထောင်ဟွားရဲ့လုပ်ရပ်တွေက အခြားသူတွေနဲ့တူကိုမတူဘူး၊ ငါတို့မိသားစုမှာ ထောင်ဟွားလိုသတ္တိရှိပြီး ဉာဏ်ကောင်းတဲ့ ကောင်မလေးတစ်ယောက်ရှိတာ ကံကောင်းခြင်းပဲ"

​ကျိုးရှင်းဟွာသည်လည်း ကျိုးထောင်ဟွားကို လေးစားအားကျနေမိသည်။

​"မနေ့က ဟိုမိန်းမယုတ်ဖုန့်က ညီမလေးထောင်ဟွားကို တေးတစ်သောင်းနဲ့ မက်လုံးပေးတုန်းကဆို စဉ်းတောင်မစဉ်းစားဘဲ ငြင်းပစ်လိုက်တာလေ၊ တစ်ကယ်လို့ ကျွန်မတို့သာ ညီမလေးထောင်ဟွားနောက်လိုက်ပြီး ပိုက်ဆံရှာမယ်ဆိုရင် နောင်တစ်ချိန်ကျရင် လူတိုင်းတေးတစ်သောင်းစီရှာနိုင်ပြီး အိမ်တိုင်းရထားလုံးတစ်စီးစီ ပိုင်ဆိုင်လာနိုင်လောက်တယ်"

​သူတို့အဖွဲ့သည် နွားလှည်းကိုကျိုးကျားရွာသို့ ဖြည်းညှင်းစွာမောင်းနှင်လာခဲ့ကြပြီး မွန်းမတည့်မီရွာသို့ပြန်ရောက်လာကြသည်။ ​ရွာလူကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်တို့သည် ရွာနှင့်အနီးဆုံးတွင် နေထိုင်ကြသဖြင့် အရင်ဆင်းလိုက်ကြရာ ကျိုးရှင်းဟွာမှကျေးဇူးတင်စကားဆိုလိုက်၏။

​"ထောင်ဟွား ရှန်းမင် နေ့လယ်စာမြန်မြန်စားကြနော်၊ ခဏနေရင် ကျိုးရှန့်ကျူးနဲ့ အဘိုးလာခေါ်မယ်"

​ရွာလူကြီးသည် အိမ်ထဲမဝင်မီ ကျိုးထောင်ဟွားနှင့်ရှန်းမင်တို့ကို မှာကြားလိုက်သည်။ ​သူတို့သည် ဒီနေ့မနက်သုန်းသုန်းတောင်နှင့် ကွမ်းကွမ်းတောင်ပေါ်ရှိ ကာကွယ်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးရမည်ဖြစ်သော်လည်း ကျိုးရှင်းဟွာကိစ္စကြောင့် နေ့တစ်ဝက်နောက်ကျသွားခဲ့ရ၏။ ​ကျိုးအိမ်ဟောင်းမှလူများ ရောက်ရှိပြီးနောက် ကျိုးထောင်ဟွားတို့ မိသားစုလေးယောက် ရွာအနောက်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။ ​ကျိုးရှင်းဟွာ သည် ကျိုးမိသားစု၏နွားလှည်းဆီသို့ပြေးသွားပြီး ရှန်းမင်နှင့်နွားလှည်းမောင်းနေသော လူသန်ကြီးထံပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုရှန်းမင် ကျေးဇူးတင်ပါတယ် လူသန်ကြီး"

​ထို့နောက် နွားလှည်းထဲရှိကျိုးထောင်ဟွား၊ ကျိုးအာ့ရှု၊ ချမ်ရှီနှင့် ကျန်နတ်ဆိုးလေးကောင်တို့ကိုလည်း ကျေးဇူးတင်စကားပြောလိုက်သည်။ ​ကျိုးမိသားစု၏နွားလှည်း အဝေးသို့ရောက်သွားသည့်တိုင်အောင် ကျိုးရှင်းဟွာသည် ခြံဝင်းတံခါးဝတွင် ရပ်လျက်ငေးကြည့်နေမိ၏။ ​သူမခေါင်းငုံ့လိုက်ပြီး ကိုယ့်ကိုကိုယ်လှောင်ပြောင်သော အပြုံးတစ်ခု ပြုံးလိုက်မိသည်။ တစ်ကယ်တော့ ညီမထောင်ဟွားရဲ့ အစ်ကိုရှန်းမင်ကသာ အကောင်းဆုံးပါပဲ။

​ရှန်းမင်ရှေ့တွင် သူမမည်မျှမာန်တက်ခဲ့သည်ကို ပြန်စဉ်းစားမိပြီး အလွန်အမင်း ရှက်ရွံ့နေမိသည်။ ဤကဲ့သို့ကံကောင်းခြင်းမျိုးမှာ သူမဆီအလွယ်တကူရောက်လာလိမ့်မည်ဟုထင်မှတ်ခဲ့မိသည့် သူမမှာ မိုက်မဲလွန်းရာကျ၏။ ​နေ့လယ်စာစားပြီးသည်နှင့် သူမသည်ပန်းထိုးအလုပ်ရုံသို့သွားပြီး ပန်းထိုးခြင်းကိုသာ သေချာသင်ယူတော့မည်။ ပညာတတ်မြောက်ခြင်းသည်သာ လက်တွေ့အကျဆုံးဖြစ်သည်။ လန်မိသားစုကဲ့သို့ကိစ္စများမှာ အရေးမပါသောကိစ္စများသာပင်။

​......

​နေ့လယ်စာစားပြီးနောက် ကျိုးမိသားစုအိမ်သို့ ရွာလူကြီးနှင့်ကျိုးရှန့်ကျူးတို့ ရောက်လာကြသည်။ သူတို့လေးယောက်တောင်ပေါ်သို့ အတူတူတက်ခဲ့ကြပြီး သုန်းသုန်းတောင်သို့ အရင်သွားလိုက်၏။

​ထိုနေရာတွင် ရှန်းမင်ဦးဆောင်သော တောင်စောင်းကာကွယ်ရေး စီမံကိန်းတစ်ခုတည်ဆောက်ထားပြီး မြေသားနံရံများနှင့်မြေပြိုမှုကာကွယ်ရေးတိုင်များဖြင့် တောင်စောင်းကိုခိုင်ခံ့စေကာ တည်ငြိမ်မှု မြှင့်တင်ထားသဖြင့် မိုးသည်းထန်စွာ ရွာသွန်းချိန်၌ မြေပြိုခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ​ရှန်းမင်မှလွဲ၍ ကျန်သုံးယောက်သည် သုန်းသုန်းတောင် ၏တောင်စောင်းကာကွယ်ရေးစီမံကိန်းကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ရာ တည်ဆောက်ထားပုံကိုကြည့်ပြီး မှင်သက်နေကြ၏။ ​ရွာလူကြီးမှ ကျိုးထောင်ဟွားအားမေးလိုက်သည်။

"ထောင်ဟွား ဒီတောင်စောင်းကာကွယ်ရေးစီမံကိန်းက ခိုင်ခန့်ရဲ့လား"

​ကျိုးထောင်ဟွား အပေါ်သို့တက်သွားပြီး စမ်းသပ်ကြည့်ကာ အားပြင်းပြင်းဖြင့်တွန်းကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"အရမ်းခိုင်ခန့်ပါတယ်၊ နောက်လဝက်နေရင် သုန်းသုန်းတောင်မှာ မြေပြိုမှာကို စိုးရိမ်စရာမလိုတော့ပါဘူး"

​သုန်းသုန်းတောင်ကို ကြည့်ရှုပြီးနောက် သူတို့လေးယောက် ကွမ်းကွမ်းတောင်သို့ ချက်ချင်း သွားလိုက်ကြသည်။ ​ကျိုးရှန့်ကျူးသည် သူတို့ကွမ်းကွမ်းတောင်အဖွဲ့ တည်ဆောက်ထားသော ရေကာတာအကြောင်းကို ယုံကြည်မှုရှိရှိရှင်းပြရန် ပြင်လိုက်စဉ် ရုတ်တရက်ကောင်းကင်မှ ရွှံ့ခဲကြီးတစ်ခဲပြုတ်ကျလာပြီး သူတို့ထံသို့ တည့်တည့်ဦးတည်လာလေ၏။

​ကျိုးထောင်ဟွားမော့ကြည့်လိုက်ရာ ရွှံ့ခဲကြီးသည် အဝေးမှနေ၍သူမထံသို့ လျင်မြန်စွာကျဆင်းလာနေသည်ကိုတွေ့လိုက်ရသည်။ ​ရွှံ့ခဲသည် ဇလုံတစ်လုံးစာမျှရှိပြီး အကယ်၍ သူမကိုသာထိမှန်ပါက သေချာပေါက် သွေးထွက်သံယိုဖြစ်စေနိုင်၏။

​ကျိုးထောင်ဟွား ကြောက်လန့်သွားပြီး နေရာတွင်ပင်တောင့်ခဲသွားရသည်။ ပြေးရမည်ဟုသိသော်လည်း သူမခြေထောက်များအား ရွေ့မရဖြစ်နေ၏။ ​ကျိုးထောင်ဟွား အလွန်အမင်းစိုးရိမ်ထိတ်လန့်နေစဉ် အသံကျယ်ကြီးနှင့်အတူ ကြီးမားသောရွှံ့ခဲကြီးအား ရှန်းမင်သည်လက်သီးဖြင့်ထိုးချလိုက်ရာ သူမ၏ မျက်စိရှေ့တွင်ပင် တစ်စစီကြေမွသွားလေသည်။ ​ရွှံ့ခဲကြီးသည် ချက်ချင်းပင်သေးငယ်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး အခြားတစ်ဖက်သို့ လွင့်စင်သွားလေ၏။

​"ထောင်ဟွား အဆင်ပြေရဲ့လား"

​ရှန်းမင် ကျိုးထောင်ဟွားကိုယ်ကိုလှည့်စေပြီး သေချာဂရုတစိုက်စစ်ဆေးလိုက်သည်။ ​ကျိုးထောင်ဟွား ခေါင်းယမ်းလိုက်ပြီး မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

"မိုးမရွာသေးလို့ မြေပြိုတာလဲမဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့ရွှံ့ခဲကြီး ရုတ်တရက်ပြုတ်ကျလာရတာလဲ"

​ကျန်လူများလည်း နားမလည်နိုင်ဖြစ်နေကြသည်။ ​ရှန်းမင်နားရွက်များ အနည်းငယ်လှုပ်ရှားသွား၏။ သူတောင်ပေါ်သို့မော့ကြည့်လိုက်ရာ ရေကာတာကြီးမှ အမြင်ကွယ်နေသော်လည်း ၎င်းအနောက်ဘက်တွင် တစ်စုံတစ်ရာရှိနေကြောင်း အာရုံခံမိနေသည်။

​"ခဏစောင့် ကိုယ်သွားကြည့်လိုက်မယ်"

​ရှန်းမင်မှာ အလွန်လေးနက်သောမျက်နှာထားဖြင့် တောင်ပေါ်သို့တက်သွားလိုက်သည်။ ​ကျိုးရှန့်ကျူး ဇဝေဇဝါဖြစ်သွားပြီး သူ့စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ပေါ်လာလေ၏။ သူတို့ ကွမ်းကွမ်းတောင်အဖွဲ့ တည်ဆောက်ထားတဲ့ ရေကာတာကြီး တစ်ခုခုဖြစ်သွားတာများလား။ ​ရှန်းမင် တိတ်တဆိတ်ကပ်သွားသောအခါ ရေကာတာအနောက်ဘက်တွင်ရပ်နေသော ကြီးမားလှသည့် ဖားပြုတ်နတ်ဆိုးကြီးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေသည်။

​၎င်း၏မျက်လုံးများသည် စိမ်းဖန့်ဖန့်အလင်းရောင်များတောက်ပနေပြီး ချွန်ထက်သောသွားများဖြင့်ပြည့်နှက်နေသည့် ပါးစပ်ကိုဟကာ ရွာသားများပင်ပင်ပန်းပန်း တည်ဆောက်ထားသော ရေကာတာကြီးကို ကြည့်ပြီး ရှူးရှူးရှားရှား အသံများပြုလုပ်နေလေ၏။ ​၎င်း၏တုတ်ခိုင်သောခြေလက်များသည် ရေကာတာကို အငမ်းမရတူးဆွနေပြီး မာကျောသောလက်သည်းများသည် ကျောက်တုံးများကိုလွယ်ကူစွာလွင့်စင်စေကာ မြေကြီးများအားနေရာအနှံ့လွင့်ပျံသွားစေသည်။

​"မင်း လက်ချက်ကိုး"

​ဖားပြုတ်နတ်ဆိုးကို မြင်လိုက်သည်နှင့် ရှန်းမင် ဒေါသတကြီးပြောလိုက်သည်။

​ဒီရေကာတာကြီးကိုတည်ဆောက်ဖို့ ကွမ်းကွမ်းတောင်အဖွဲ့က ရွာသားတွေနှစ်လခွဲ လောက် အချိန်ယူခဲ့ရတာကို အခုဒီရုပ်ဆိုးတဲ့ဖားပြုတ်နတ်ဆိုးက စိတ်ကြိုက် ဖျက်ဆီးနေတယ်ပေါ့လေ။

​*အွတ် အွတ်*

​ရှန်းမင်အသံကြောင့် ဖားပြုတ်နတ်ဆိုး လှည့်ကြည့်လိုက်ရာ သူ့ထံမှထွက်ပေါ်နေသော သိပ်သည်းပြီးခြိမ်းခြောက်နေသည့်အငွေ့အသက်များကို ချက်ချင်းသတိထားမိလိုက်သည်။ ​ကြောက်လန့်သွားသဖြင့် ဖားပြုတ်နတ်ဆိုးမှာ အလျင်အမြန်ဆုတ်ခွာပြီး ခုန်ပေါက်ကာ တောအုပ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေ၏။ ​ထိုအခါမှသာ တောင်ခြေရင်း၌ရပ်နေကြသော ကျိုးထောင်ဟွား၊ ရွာလူကြီးနှင့်ကျိုးရှန့်ကျူး တို့သည် ဖားပြုတ်နတ်ဆိုးကိုမြင်လိုက်ကြရသည်။ ​၎င်း၏ခန္ဓာကိုယ်သည် တောင်ကုန်းငယ်တစ်ခုခန့်မျှကြီးမားပြီး အရေပြားမှာ အစိမ်းရင့်ရောင်ဖြစ်ကာ အဖုအပိမ့်များ၊ ကြွက်နို့ကဲ့သို့အဖုများဖြင့် ဖုံးလွှမ်းနေလေ၏။ ​ရွာလူကြီးမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။

"ဒါကဘယ်လို သတ္တဝါကြီးလဲ"

​ကျိုးရှန့်ကျူးမျက်နှာ မဲမှောင်သွားရသည်။

"သူက ငါတို့ရဲ့ရေကာတာကို လာဖျက်ဆီးတာများလား"

​ကျိုးရှန့်ကျူးတောင်ပေါ်သို့ အလျင်အမြန်တက်သွားရာ ပျက်စီးနေသောရေကာတာကို အမှန်တကယ်တွေ့လိုက်ရသည်။ ​သူချက်ချင်းပင် နှလုံးကွဲကြေသွားသလို ခံစားလိုက်ရ၏။ ​သူသည် သစ်တုံးတစ်တုံးကိုကောက်ယူရန် ကိုယ်ကိုကိုင်းလိုက်စဉ် ကျိုးထောင်ဟွားမှ လှမ်းအော်လိုက်သည်။

"မထိနဲ့"

​ကျိုးရှန့်ကျူး ကြောက်လန့်တကြားဖြင့်တောင့်တင်းသွားပြီး ဘေးနားရှိရွာလူကြီးလည်း မည်သည့်အရာကိုမှမထိရဲတော့ပေ။

​"အဲ့ဒါတွေက ဖားပြုတ်မိစ္ဆာရဲ့အကျိအချွဲတွေဖုံးနေတာ၊ အဲဒါတွေက သူ့ကိုယ်ပေါ်က အဖုတွေထဲကထွက်လာတာလေ အဆိပ်ရှိတယ်၊ ထိလိုက်ရင် လက်တွေ ပုပ်ကုန်လိမ့်မယ်"

ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။ ​ကျိုးရှန့်ကျူးထိတ်လန့်သွားရ၏။ ကံကောင်းထောက်မစွာ ကျိုးထောင်ဟွားမှအချိန်မီ သတိပေးလိုက်ခြင်းကြောင့်ပင် သို့မဟုတ်လျှင် သူ့လက်ပြတ်သွားပေလိမ့်မည်။ ​ရွာလူကြီးမှာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ်ကြမလဲ၊ ငါတို့ရဲ့ရေကာတာကို ဖျက်ဆီးသွားတဲ့အပြင် အဆိပ်တွေ အများကြီးချန်ခဲ့တယ်"

​ရွာလူကြီးဒေါသထွက်နေသည်။

​"အဘိုးရွာလူကြီး ကျွန်မက အဆိပ်တွေကို မန္တန်နဲ့ဖယ်ရှားပေးလို့ရပေမယ့် ရေကာတာကို အမြန်ဆုံးပြန်ပြင်ဖို့လိုတယ်၊ ဒါကမြေပြိုတာကို ကာကွယ်ပေးမယ့် ကျွန်မတို့ရဲ့မျှော်လင့်ချက်ပဲ"

ကျိုးထောင်ဟွား ပြောလိုက်သည်။ ကျိုးရှန့်ကျူး ချက်ချင်းဝင်ပြောလာ၏။

​"စိတ်မပူပါနဲ့ ညီမထောင်ဟွား အစ်ကိုအခုပဲ တောင်အောက်ဆင်းပြီး ကူပြင်ပေးမယ့်သူတွေ သွားခေါ်လိုက်မယ်"

​ကံကောင်းစွာပင် သူတို့အချိန်မီ ရောက်လာကြရာ ရေကာတာသည်ဖားပြုတ်နတ်ဆိုး၏လက်ချက်ဖြင့် အလွန်အမင်း ဆိုးရွားစွာပျက်စီးသွားခြင်းမရှိသေးပေ။ ​တစ်ကယ်လို့ ဒီနေ့သာစပြင်လျှင် မိုးသည်းထန်စွာမရွာသွန်းခင်ပြီးလောက်သည်။ ​ကျိုးထောင်ဟွားသည် ရေကာတာရှေ့တွင်ရပ်လျက် မန္တန်ရွတ်ဆိုလိုက်ရာ သူမခန္ဓာကိုယ်ထဲမှဝိညာဉ်စွမ်းအင်အများအပြား ထွက်ပေါ်လာလေ၏။

​အဆိပ်များကို ထိတွေ့လိုက်သည်နှင့် တောက်ပသောအလင်းရောင်များ ဖြာထွက်လာပြီးနောက် အကျိအချွဲများအားလုံးပျောက်ကွယ်သွားလေ၏။ ​သူမရွာလူကြီးဘက် လှည့်ပြောလိုက်သည်။

"အဘိုးရွာလူကြီး အဘိုးတို့တောင်အောက်ကို အရင်ဆင်းနှင့်လိုက်ပါ၊ အဘိုးတစ်ယောက်တည်း ဒီမှာနေရတာစိတ်မချရဘူး၊ အစ်ကိုရှန့်ကျူးလူတွေခေါ်လာရင် သူတို့ကိုလဲတောင်ပေါ်မတက်ခိုင်းနဲ့ဦး၊ တစ်ကယ်လို့ ဖားပြုတ်နတ်ဆိုးသာ ရုတ်တရက်ပြန်လာတိုက်ခိုက်ရင် အဘိုးတို့ယှဉ်နိုင်မှာမဟုတ်ဘူး၊ သူ့အသားကို ထိလို့တောင်မရဘူးလေ"

"အေး အေး အဘိုးနားလည်ပါပြီ၊ အခုပဲ တောင်အောက်ဆင်းလိုက်ပါ့မယ်"

​ကျိုးထောင်ဟွားသည် ရွာလူကြီး၏နောက်ကျောကိုကြည့်နေပြီး တောင်အောက်သို့ သူဘေးကင်းစွာရောက်ရှိသွားသည်ကိုမြင်ရမှသာ နတ်ဆိုးကလေးများကို ဆင့်ခေါ်လိုက်သည်။ ​အဖြူရောင် ဘောလုံးလေးတစ်စုသည် မြေကြီးထဲမှထွက်ပေါ်လာပြီး တန်းစီရပ်ကာ ခေါင်းလေးများစောင်းလျက် ဝိုင်းစက်နက်မှောင်နေသောမျက်လုံးလေးများဖြင့် ကျိုးထောင်ဟွားကို စိုက်ကြည့်နေကြ၏။

​"ငါမေးစရာရှိလို့ ဖားပြုတ်နတ်ဆိုး ဘယ်မှာလဲ၊ ငါ့ကို လိုက်ပို့ပေး"

​ကျိုးထောင်ဟွားပြောပြီးသည်နှင့် နတ်ဆိုးလေးများသည် သူတို့ပါးစပ်လေးများကို ချက်ချင်းဖွင့်လိုက်ကြသည်။

*အွတ် အွတ် အွတ်*

​အော်မြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ နတ်ဆိုးလေးများသည် ဖားပြုတ်နတ်ဆိုးကို ဖျားယောင်းကာခေါ်ရန်အတွက် ၎င်းအသံကိုတုပပြီး အော်မြည်နေကြခြင်းဖြစ်ကြောင်း ကျိုးထောင်ဟွား လျင်မြန်စွာသဘောပေါက်လိုက်၏။

All Chapters