← Chapters

လွတ်မြောက်လုနီးပါး

Vol. 3 Ch. 21

လွတ်မြောက်လုနီးပါး

Vol. 3 Ch. 21

ဖုန်ရှင်းသည် မြူနွယ်ပင်မှ ဖန်တီးပေးထားသော တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူကာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် အစိမ်းရောင်ပျံလွှားငှက်များက အကြီးအကဲဖုန်းနှင့်ကျန်လူများကို ရှာတွေ့သည့်အခါ သူသည် အကောင်းဆုံး အခြေအနေတွင် ရှိနေနိုင်မည် ဖြစ်သည်။

မြူနွယ်ပင်ကို နုတ်ယူသွားပြီး ဖြစ်သော်လည်း အပင်၏ အကျိုးသက်ရောက်မှုများက ကျန်ရှိနေဆဲပင်။ နှစ်ပေါင်းများစွာ ပေါက်ရောက်ခဲ့ခြင်းက ဤဧရိယာ၏ ပတ်ဝန်းကျင်ကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ ချီသည် သိမ်မွေ့သော်လည်း အားကောင်းသည်၊ လန်းဆန်းသော်လည်းစိတ်ကို တက်ကြွစေသည်။

ဤဧရိယာတွင် ဓာတ်ကြီးငါးပါး၏ ညီမျှမှု တစ်မျိုးရှိနေသဖြင့် နားလည်သဘောပေါက်နိုင်စွမ်းကို တိုးတက်စေပြီး ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရာတွင်အထောက်အကူဖြစ်စေသည်။

“ဒီအမှုမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်မလာဖို့ကို မျှော်လင့်ရတာပဲ။ အကြီးအကဲဖုန်းနဲ့ ကျန်တဲ့လူတွေက သစ်ပင်ကို ဘယ်လိုများ သယ်ထုတ်သွားကြတာလဲ။ဒီသစ်ပင်က သေသွားတာထက်ာရင် အရှင်က ပိုတန်ဖိုးရှိတာလေ။ သူတို့မှာ အပင်ကို နုတ်လိုက်ရင်တောင် ဘေးကင်းကင်းနဲ့ ထိန်းသိမ်းထားနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာလား။

ဒါပေမဲ့ အဲဒီအဆင့် ရတနာမျိုးကို သူတို့ ဘယ်လိုများ တတ်နိုင်ကြတာလဲ။ ဒီမှာ ကျန်ခဲ့တဲ့ ချီအတက်အကျတွေကို ကြည့်ရင် ဒီသစ်ပင်က သာမန်မဟုတ်တာ သေချာတယ်၊ ဒီဂိုဏ်းက ငါခန့်မှန်းထားတာထက် အများကြီး ပိုထူးခြားနေတာပဲ။ ဒီသစ်ပင်ကို လုံလုံလောက်လောက် ထည့်ထားနိုင်တဲ့ ရတနာတစ်ခုက အနည်းဆုံးတော့ ဧကရာဇ်အဆင့် ရှိရမယ်။”

“အကြီးအကဲဖုန်းနဲ့ တခြားလူတွေက အဲဒီအဆင့် ရတနာကို ဝယ်နိုင်တဲ့အခြေအနေမရှိဘူး။ အဲဒီအဆင့် ရတနာတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ဖို့ဆိုတာ အဆင့်မြင့်သတ္တုတွင်းတစ်ခုက ထွက်တာ မဟုတ်ရင် ဝယ်ဖို့အရမ်း ခက်ခဲတယ်။ အကယ်၍ အကြီးအကဲဖုန်းတို့သာ အဲဒီလောက် အဆင့်မြင့်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပိုင်ဆိုင်ထားရင် ဒုက္ခခံပြီး ‘အမိန့်တော်အဖွဲ့’ နဲ့ ရန်သူဖြစ်ချင်မှာမဟုတ်လောက်ဘူး”

“ငါ အတွေးလွန်နေတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” ဖုန့်ရှင်း တိတ်တဆိတ် တွေးလိုက်ပြီးနောက် စိတ်ထဲမှ အနှောင့်အယှက်များကို ရှင်းထုတ်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် မြူတစ်ခု ထွက်ပေါ်လာပြီး တောင်ထိပ်တစ်ခုလုံးကိုဖြည်းညှင်းစွာ ဖုံးလွှမ်းသွားတော့သည်။

မြူနွံဂိုဏ်းမှ မိုင်အနည်းငယ် အကွာတွင် တောအုပ်တစ်ခုအတွင်း၌ လူ၅ဦးလျင်မြန်စွာ ရွေ့လျားနေကြသည်ကို တွေ့ရသည်။ သူတို့ ရှေ့မှ မြစိမ်းရောင်မြူများသည် တစ်စထက်တစ်စ ပါးလွှာလာသည်။ သူတို့သည် မြစိမ်းရောင်မြူတောဒေသ၏ အစွန်းဘက်သို့ တဖြည်းဖြည်းနီးကပ်လာသည်။

ထိုလူ ၅ ဦးသည် အသက် ၇၀ အရွယ်ခန့် ရှိပုံရသော သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း တောအုပ်အတွင်း ရွေ့လျားနေသော အရှိန်မှာ သူတို့၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင်လျှင်မြန်လွန်းလှသည်။ သူတို့သည် လေထဲတွင် ပျံဝဲနေသော စွန်များကဲ့သို့ ရွေ့လျားနေကြသည်။

အခြေတည်အဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦး အနေဖြင့် သူတို့၏ လှုပ်ရှားမှုများကို ခြေရာခံနိုင်မည် မဟုတ်ပေ၊ ဝေဝါးသော အရိပ်အယောင်မျှသာ မြင်ရပေလိမ့်မည်။ သူတို့သည် ဆင်တူသော အစိမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏ ကျောဘက်တွင် အဖြူရောင်စက္ကူအဆောင်များ ကပ်ထားသည်။ ထိုအဆောင်များပတ်လည်တွင် မည်းမှောင်နေသော မီးခိုးရောင် အလင်းတန်းတစ်ခု ရှိနေသည်။

“အကြီးအကဲတုန်းခင်ဗျား သေချာရဲ့လား၊ ဒီအဆောင်တွေက ‘အမိန့်တော်အဖွဲ့’ က လူတွေရဲ့ မျက်လုံးကနေ ငါတို့ကို ဖုံးကွယ်ပေးနိုင်မှာလား” သက်ကြီးရွယ်အို တစ်ဦးက စိုးရိမ်တကြီး မေးလိုက်ပြီး နောက်က လိုက်လာသူ ရှိမရှိ မကြာခဏ လှည့်ကြည့်နေသည်။

“ခင်ဗျားဘာကို စိုးရိမ်နေတာလဲ အကြီးအကဲဟောင် ကျုပ်ရှင်းပြပြီးပြီပဲ၊ ဒီအဆောင်တွေက ထိပ်တန်းအဆင့်တွေ။ အဆောင်လုပ်ရာမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကောင်းကင်အဆင့် ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ။ ‘နှင်းဆီဖြူအဖွဲ့’ မှာ အတော်လေး ဈေးကြီးပေးပြီး ဝယ်ခဲ့ရတာနော်။ အဲဒီအဖွဲ့ရဲ့ ဂုဏ်သတင်းကို ခင်ဗျားလည်း သိပြီးသား ဖြစ်မှာပါ၊ သူတို့ရဲ့ အင်အားတစ်ခုတည်းနဲ့တင် အဆင့် ၂ ဂိုဏ်းနဲ့ ယှဉ်နိုင်တယ်။

သူတို့မှာ နယ်မြေအဆင့် ကျွမ်းကျင်သူ အနည်းငယ်တောင် ရှိတယ်။ ဒါပေမဲ့ သူတို့ကို လူသိများပြီး လေးစားကြတာက အင်အားကြောင့် မဟုတ်ဘဲ သူတို့ ရောင်းဝယ်တဲ့ ကုန်ပစ္စည်း အမျိုးအစား စုံလင်လို့ပဲ။ ကျင့်ကြံခြင်း နည်းစနစ်တွေ၊ ဆေးလုံးတွေ၊ လက်နက်တွေ၊ သံချပ်ကာတွေ၊ အဆောင်တွေ၊ ဆေးဖက်ဝင်အပင်တွေ နဲ့ ဝိညာဉ်သားရဲတွေအထိ အကုန်ရတယ်။ ရောင်းလို့ လဲလှယ်လို့ရတဲ့အရာ မှန်သမျှ ရှိသလောက်ပဲ။ ဈေးပေးနိုင်သရွေ့ အရည်အသွေးကလဲ အာမခံတယ်။”

“ဒီ အရိပ်ခြုံလွှာအဆောင်တွေက နန်းတော်အဆင့် မဟုတ်သရွေ့ ဘယ်မျက်လုံးကမဆို ငါတို့ကို ဖုံးကွယ်ပေးနိုင်တယ်။ ငါတို့ ဂိုဏ်းရဲ့ အဆင့်အတန်းအရ ဒီအမှုကို ကိုင်တွယ်မယ့် စစ်ဆေးမေးမြန်းသူနဲ့ တရားသူကြီးက အမြူတေဖွဲ့စည်းခြင်းအဆင့်လောက်ပဲ ရှိမှာပါ။ တရားသူကြီးရော စစ်ဆေးမေးမြန်းသူပါ နှစ်ယောက်လုံး လိုက်လာရင်တောင် ကျုပ်တို့ကို ရှာဖို့ ခက်ခဲလိမ့်မယ်။

‘နှင်းဆီဖြူအဖွဲ့’ က အရည်အသွေးကို အာမခံထားတယ်၊ အမြူတေဖွဲ့စည်းခြင်းအဆင့် တစ္ဆေမျက်လုံး ဇီးကွက်နဲ့တောင် စမ်းသပ်ပြခဲ့တယ်၊ ကျုပ်ရဲ့ လက်မအနည်းငယ်အကွာမှာ ရပ်နေတာတောင် ကျွန်တော့်ကို မမြင်ရဘူး” အကြီးအကဲတုန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

အကြီးအကဲဟောင်သည် ထိုစကားကို ကြားလိုက်ရသောအခါ သက်ပြင်းချလိုက်မိသည်။ တစ္ဆေမျက်လုံး ဇီးကွက်များသည် အမြင်အာရုံစူးရှခြင်းကြောင့် နာမည်ကြီးသည်။ ၎င်းတို့သည် ထင်ယောင်ထင်မှား အစီအရင်များနှင့် ကိုယ်ယောင်ဖျောက် မှော်ပညာ အများစုကို ဖောက်ထွင်းမြင်နိုင်သည်။

ကျင့်ကြံသူတစ်ဦး၏ သွေးကြောများကိုပင် ဖောက်ထွင်းမြင်နိုင်သည်ဟု ဆိုကြသည်။ အာရုံခံနိုင်စွမ်းဖြင့် နာမည်ကြီးသော ဝိညာဉ်သားရဲတောင် မမြင်နိုင်ဘူးဆိုလျှင် အဆင့်တူလူသားကျင့်ကြံသူတစ်ဦးထံမှ ထိုထက်ပိုသော စွမ်းဆောင်ရည်ကို မျှော်လင့်ရန် မဖြစ်နိုင်ပေ။ အခြား အကြီးအကဲများမှာလည်း သိသိသာသာပင် စိတ်သက်သာရာ ရသွားကြသည်။ ထုတ်မမေးခဲ့သော်လည်း အကြီးအကဲတစ်ဦးမှလွဲ၍ ကျန်သူအားလုံး တူညီသော စိုးရိမ်ပူပန်မှုကိုယ်စီ ရှိခဲ့ကြသည်။

ထိုအကြီးအကဲတစ်ဦးမှာ တွန့်လိမ်နေသော မျက်နှာနှင့် တည်ငြိမ်အေးချမ်းသော အသွင်အပြင် ရှိသည်။ သူ၏ အရှိန်အဝါသည် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်သော တောင်တန်းကြီးတစ်ခုကဲ့သို့ပင်။ သူ့တွင် မတုန်လှုပ်သော တည်ငြိမ်ခြင်း ရှိသည်။ သူကား မြူနွံဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်နှင့် ချန်ယွမ်၏ ဆရာတူအစ်ကိုဖြစ်သူ အကြီးအကဲဖုန်းပင်ဖြစ်သည်။

သူသည် ရှေ့ဆုံးမှ ဦးဆောင် ပြေးလွှားနေပြီး အကြီးအကဲဟောင်က သူ၏ညာဘက် အနောက်နားတွင် ရှိသည်။ ဘယ်ဘက်နောက်တွင်မူ ထောင်လွှားသော အမူအရာရှိပြီး သန်မာထွားကျိုင်းသော အကြီးအကဲတစ်ဦး ရှိသည်။ သူသည် အာဏာရှိသော နေရာတစ်ခုတွင် နေခဲ့ရပုံရသည်။ သူကား ချန်ယွမ်မယူခင်က အမာခံတပည့်များကို လေ့ကျင့်ပေးခဲ့သူ အကြီးအကဲကျာဖြစ်သည်။

နောက်ဆုံးတွင် အလယ်ဗဟိုကျကျ နေရာယူထားသူ အကြီးအကဲ နှစ်ဦး ရှိသည်။ တစ်ဦးမှာ ကျန်လူများထက် ပိုငယ်ပုံရသည်။ ထိပ်တွင် စည်းနှောင်ထားသော သူ၏ ဆံပင်များတွင် ဆံပင်ဖြူ အနည်းငယ် ပါရှိသည်။ ဖော်ရွေသောအသွင်အပြင်နှင့် နူးညံ့သောအပြုံး ရှိသူကား ပြင်ပဂိုဏ်း သင်းထောက်အကြီးအကဲတုန်း ဖြစ်သည်။ သူ၏ဘယ်ဘက်ခြမ်းတွင် ပိန်ပါးပြီး တည်ကြည်လေးနက်သော မျက်နှာထားရှိသည့် အကြီးအကဲတစ်ဦး ရှိသည်။ သူ့တွင် စေ့စပ်သေချာမှုနှင့်စည်းကမ်းရှိမှု အရှိန်အဝါ ရှိသည်။ သူကား စည်းကမ်းထိန်းသိမ်းရေး ခန်းမ၏ ဒုတိယအကြီးအကဲ အကြီးအကဲဂွီဖြစ်သည်။

ဤ ၅ ဦးသည် မြစိမ်းရောင်မြူများ ပါးလွှာလာပြီး သစ်ပင်နှင့် နွယ်ပင်များ နည်းပါးလာသဖြင့် မြစိမ်းရောင်မြူတောဒေသ မှ ထွက်ခွာရန် နီးကပ်နေပြီ ဖြစ်သည်။

“ချန်ယွမ်သူရဲ့ဘဏ္ဍာတိုက်ပြောင်နေတာနဲ့ သူ့အသက်ထက်တောင် တန်ဖိုးထားတဲ့သစ်ပင် အခိုးခံလိုက်ရတာကို တွေ့ရင် ဖြစ်သွားမယ့် မျက်နှာထားကို တကယ်မြင်ချင်မိတယ်။ သွေးအန်ပြီး ဒေါသထွက်လွန်းလို့ သေသွားလောက်တယ်။ သူ ငါတို့ကို ပေးခဲ့တဲ့ အရှက်ခွဲမှုတွေအတွက် ဒါနဲ့ ထိုက်တန်တယ်။နို့နံ့တောင်မစင်သေးတဲ့ ကလေးတွေကို ငါတို့နဲ့ တစ်တန်းတည်းထားပြီး ရာထူးတိုးပေးရဲတယ်ပေါ့လေ။

အဲဒီ လူသစ်တွေအတွက်နဲ့ ငါတို့ရဲ့ အရင်းအမြစ်တွေကို လျှော့ချပြီး ငါတို့ရဲ့ အာဏာနဲ့ တာဝန်တွေကို ကျဉ်းမြောင်းစေခဲ့တယ်။ သားရဲတွေဂိုဏ်းကို ဖျက်ဆီးမယ့်အချိန်တွေ၊ တခြားဂိုဏ်းတွေနဲ့ မြူနွယ်ပင်ကို လိုချင်တဲ့ လေလွင့်ကျင့်ကြံသူတွေ တိုက်ခိုက်တဲ့ ကာလတွေတုန်းက ဂိုဏ်းကို အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့ရတာက ငါတို့လေ။ အခုကျတော့ ငါတို့ကို အနားပေးတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘေးဖယ်ထုတ်ဖို့ ကြိုးစားရဲတယ်။

ချန်ယွမ်... ငါသာ အမြူတေဖွဲ့စည်းခြင်းအဆင့် ရောက်ခဲ့ရင် မင်းကို ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ။ မင်း သိပ်ချစ်တဲ့ ဂိုဏ်းကြီး ပြောင်သလင်းခါသွားတာက မင်းအတွက် အပြစ်ပေးမှုက သက်ညှာလွန်းနေသေးတယ်” အကြီးအကဲကျာ က လက်သီးကို ဒေါသတကြီး ဆုပ်ကိုင်ရင်း အဆိပ်ပြင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကောက်ကျစ်တဲ့ ချန်ယွမ်က ဒီလောက် ခံရတာနဲ့တင် တန်ပါတယ်။ အဆိပ်သုတေသနက ဂိုဏ်းအတွက် မလိုအပ်ဘူးဆိုပြီး ငါ့ရဲ့ အဂ္ဂိရတ် စမ်းသပ်မှုတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို လျှော့ချရဲတယ်။ ဂိုဏ်းက ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာနဲ့ ပုံရိပ်ယောင်နဲ့ အကာအကွယ်အစီအရင် မတည်ဆောက်ခင်က ငါတို့ ကြုံခဲ့ရတဲ့ သေဆုံးမှုတွေကို သူမေ့သွားပြီလား။ အဆိပ်မိပြီး သေသွားတဲ့ အကြီးအကဲတွေနဲ့ တပည့်တွေ အရေအတွက်က မရေမတွက်နိုင်အောင်ပဲ။

စိမ့်နွံထဲမှာ ငါတို့ နေရာကို ခိုင်မာအောင် လုပ်ဖို့ဆိုရင် ငါတို့ကိုယ်ပိုင် အဆိပ် တစ်မျိုး လိုအပ်တယ်၊ အထူးသဖြင့် ဘုရင်အတုတွေနဲ့ သူတို့ နောက်လိုက်တွေကို ပြန်တိုက်ခိုက်နိုင်ဖို့ဆိုရင် ပိုတောင်လိုအပ်သေးတယ်။ အဲ့ဒီအဂ္ဂိရတ်ခန်းမက တခြားအကြီးအကဲတွေကလည်း အစက ငါ့အမြင်ကို သဘောတူခဲ့ပေမဲ့ နောက်ပိုင်းကျတော့သူတို့က ချန်ယွမ်ရဲ့ ဖိနပ်ကိုယက်တဲ့ကောင်တွေ ဖြစ်ကုန်ရော။

တစ်ယောက်မှ သူ့ကို ဆန့်ကျင်ရဲတဲ့ ကျောရိုးမရှိကြဘူး။ ဟို အဘိုးကြီးဟူချိုးဆိုရင် ငါက အဂ္ဂိရတ်ပညာရဲ့ စိတ်ဓာတ်အစစ်အမှန် ပျောက်ဆုံးသွားပြီ၊ ငါ့ရဲ့ အဂ္ဂိရတ် လမ်းစဉ်ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးလို့တောင် ပြောရဲတယ်။ ဟဲဟဲ... အခု ငါ့သုတေသနရဲ့ ရလဒ်ကြောင့် ဘယ်သူတွေ သတိလစ်နေရပြီလဲ။

ဖုန်းကျန်း... ခင်ဗျား ကျုပ်ကို မူလအဆိပ်နဲ့ သူတို့ကို သတ်ခွင့် ပေးခဲ့သင့်တာ။ သူတို့ကို အရှင်ထားခဲ့ရတာ နှမြောစရာပဲ” အကြီးအကဲဟောင် က မကျေမနပ် ပြောလိုက်သည်။

အကြီးအကဲဖုန်းက သူ၏ မူလဖော်မြူလာကို ပြုပြင်ပြီး လူကို သတိလစ်စေကာ ချီစီးဆင်းမှုကို ရပ်တန့်စေမည့် ဆေးအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ မူလအဆိပ်ဆိုလျှင် သတိလစ်စေရုံသာမက ချီ၊ သွေးကြောများနှင့် နောက်ဆုံးတွင် အတွင်းကလီစာများကိုပါ ဖြည်းဖြည်းချင်း တိုက်စားသွားမည် ဖြစ်သည်။

အတွင်းပိုင်းမှ အရည်ပျော်ကျသွားမည် ဖြစ်သည်။ ဟောင်ယဲ့သည် ထိုအဆိပ်ကို အနီရောင် ပင့်ကူ ၏ စွမ်းရည်အပေါ် အခြေခံပြီး ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုပင့်ကူသည် ဝမ်းဗိုက်ပေါ်ရှိ အနီရောင် သင်္ကေတမှလွဲ၍ တစ်ကိုယ်လုံး မည်းနက်နေသည်။ ပင့်ကူသည် ကျောပေါ်ရှိ အနီရောင် သင်္ကေတဖြင့် အားဖြည့်ထားသော ပင့်ကူမျှင်များကို မှုတ်ထုတ်နိုင်သည်။

ထိုပင့်ကူမျှင်သည် သားကောင်ကို ချုပ်နှောင်ပြီး လှုပ်ရှားမရအောင် လုပ်နိုင်သည်။ သားကောင် ပိတ်မိသွားသည်နှင့် သူတို့၏ ချီအားလုံး စုပ်ယူခံရမည် ဖြစ်ပြီး ပင့်ကူမျှင်များမှတစ်ဆင့် ပင့်ကူ၏ချီများက သားကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အစားထိုး နေရာယူသွားမည်။

နာကျင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်သွားသည်အထိ သားကောင်မှာ အော်ဟစ်နေရမည် ဖြစ်သည်။ ၎င်းသည် နှေးကွေးပြီး အလွန်ရက်စက်ကြမ်းကြုတ်သော လုပ်ငန်းစဉ် ဖြစ်သည်။ ထို့နောက် ပင့်ကူသည် သားကောင်ကို တဖြည်းဖြည်းချင်း စားသောက်မည် သို့မဟုတ် သားကောင်၏ ခန္ဓာကိုယ်ကို ဥများ ထားရှိရာ နေရာအဖြစ် အသုံးပြုမည်။

ဥများ ပေါက်လာသောအခါသားလောင်းများက သားကောင်၏ ခန္ဓာကိုယ် အတွင်းပိုင်းကို စားသောက်ကြမည်။ ၎င်းသည် အလွန် ရက်စက်သော သတ္တဝါဖြစ်ပြီး ၎င်း၏ ထောင်ချောက်ထဲ ရောက်သွားသူ အများစုသည် နောက်ဆက်တွဲ ဖြစ်လာမည့် အရာများကို ရင်ဆိုင်ရမည်ထက် မိမိကိုယ်ကို ဖောက်ခွဲအဆုံးစီရင်ရန်သာ ရွေးချယ်တတ်ကြသည်။ ဟောင်ယဲ့သည် ထိုသတ္တဝါကို အလွန် စိတ်ဝင်စားပြီး ၎င်း၏ စွမ်းရည်များကို အဆိပ် သုတေသန ပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။

“ငါ့ရဲ့ ကျင့်ကြံခြင်း တိုးတက်ဖို့အတွက် ကိုယ်ကျိုးကြည့်ပြီး ဂိုဏ်းကို သစ္စာဖောက်ခဲ့ပေမဲ့ တွင်းနက်ထဲထိတော့ ထပ်မဆွဲချချင်ဘူး။ ငါ့လုပ်ရပ်နဲ့ ကြည့်ရင် ဒီလိုပြောတာ ဟန်ဆောင်ကောင်းလွန်းရာ ကျပေမဲ့ ငါက ဂိုဏ်းကို အများကြီး အကြွေးတင်နေတာ၊ ငါ့လက်နဲ့ ဂိုဏ်းကို လုံးဝ ပျက်စီးသွားအောင်တော့ မလုပ်နိုင်ဘူး။

ငါ့စိတ်တစ်နေရာမှာ ဂိုဏ်း တိုးတက်တာကို မြင်ချင်သေးတယ်။ ဟောင်ယဲ့... မင်း ပိုင်ဆိုင်သမျှ အရာအားလုံးက ဂိုဏ်းက ပေးထားတယ်ဆိုတာ မမေ့ပါနဲ့။ ချန်ယွမ်ကို မကျေနပ်တာ ကိစ္စမရှိပေမဲ့ ဂိုဏ်းတစ်ခုလုံးနဲ့တော့ မဆိုင်ပါဘူး။

ဒါ့အပြင် မင်းရဲ့ဆန္ဒအတိုင်း ဂိုဏ်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ရင် ‘အမိန့်တော်အဖွဲ့’ က ငါတို့ကို အပြင်းအထန် နှိမ်နင်းလိမ့်မယ်။ အဲဒီကျရင် အကြီးအကဲတုန်းရဲ့ နည်းလမ်းတွေကတောင် ငါတို့ကို ကာကွယ်ပေးနိုင်မယ် မထင်ဘူး” အကြီးအကဲဖုန်းက ရှေ့ကို ဆက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

ဟောင်ယဲ့သည် မကျေမနပ် ညည်းတွားလိုက်ပြီး အကြီးအကဲဖုန်း၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးထဲတွင် အမုန်းရိပ်များ ဖြတ်ပြေးသွားသည်။

အနောက်မှ အကြီးအကဲတုန်းက ဟောင်ယဲ့၏ အကြည့်ကို သတိထားမိသော်လည်း ယဉ်ကျေးသော အပြုံးလေးဖြင့်သာ နေလိုက်သည်။ သူ့စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

အဖွဲ့သည် မြစိမ်းရောင်မြူတောဒေသ မှ ထွက်ခွာရန် မီတာ အနည်းငယ်သာ လိုတော့သည်။ တောက်ပသော နေရောင်ခြည်များပင် စတင် ဖြာကျနေပြီ ဖြစ်သည်။ အကြီးအကဲအချို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာသည်။

သူတို့ လွတ်မြောက်ရန် ဤမျှ နီးကပ်နေပြီ။ စိမ့်နွံကို ဖြတ်သန်းလာရခြင်းမှာ သူတို့၏စိတ်အခြေအနေကိုအလွန်ပင် တင်းမာစေခဲ့သည်။ ‘အမိန့်တော်အဖွဲ့’ မှ စစ်ဆေးမေးမြန်းသူ ဖမ်းဆီးမှာကို ကြောက်ရုံသာမက ကြောက်မက်ဖွယ် ဝိညာဉ်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။

စိမ့်နွံထဲတွင် ရာစုနှစ်များစွာ နေထိုင်ခဲ့ကြသူများပီပီ ဤနေရာရှိ သားရဲများ မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ သိကြသည်။ သူတို့သည် စစ်ဆေးမေးမြန်းသူထက် ဤနေရာရှိ သားရဲများကို ပိုကြောက်ကြသည်။ အနည်းဆုံးတော့ စစ်ဆေးမေးမြန်းသူကို လက်နက်ချ အရှုံးပေးနိုင်သော်လည်း ဝိညာဉ်သားရဲနှင့် တွေ့လျှင် အစားခံရရုံသာ ရှိသည်။

လူသားကျင့်ကြံသူများသည် ဝိညာဉ်သားရဲများ၏ ကျင့်ကြံခြင်း တိုးတက်မှုအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်သည်။ သူတို့ စားသုံးလိုက်သော လူသားကျင့်ကြံသူ ပိုမို အားကောင်းလေလေ ရလဒ် ပိုကောင်းလေလေ ဖြစ်သည်။

“သတိမလွတ်စေနဲ့၊ အခုက စိတ်ကိုလျော့ချရမယ့်အချိန် မဟုတ်သေးဘူး” အကြီးအကဲဖုန်း က တခြားအကြီးအကဲများ၏ စိတ်လက်ပေါ့ပါးနေသော အမူအရာကို မြင်သဖြင့် သတိပေးလိုက်သည်။

“အကြီးအကဲတုန်း... ခင်ဗျားလူက အချိန်မီ ရောက်ပါ့မလား။ သူ ကြန့်ကြာနေရင် ကျုပ်တို့တော့ သွားပြီနော်” ဒီတစ်ချိန်လုံး တိတ်ဆိတ်နေသော အကြီးအကဲဂွီက ရုတ်တရက် မေးလိုက်သည်။

ဤနေရာရှိ အခြား အကြီးအကဲများနှင့် ယှဉ်လျှင် သူသည် အကြီးအကဲဖုန်းနှင့်ချန်ယွမ်ကို အချိန်အကြာဆုံး သိကျွမ်းခဲ့သူ ဖြစ်သည်။ ဖြောင့်မတ်တည်ကြည်သူအဖြစ် နာမည်ကြီးသော သူက ဂိုဏ်းကို သစ္စာဖောက်သည်ကို မြင်ရခြင်းမှာ ထူးဆန်းနေသည်။

သူသည် ဂိုဏ်းစည်းမျဉ်းများကို တိတိပပ လိုက်နာပြီး တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်တတ်သူ ဖြစ်သည်။ ဟောင်ယဲ့ကတော့ သူသည် အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သက်တမ်းကုန်ခါနီး ဖြစ်သောကြောင့် အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရလိုသဖြင့် လုပ်ဆောင်ခြင်း ဖြစ်မည်ဟု ယူဆသည်။ အခြေတည်အဆင့် ကျင့်ကြံသူများ၏ သက်တမ်းသည် နှစ် ၁၀၀၀ ဖြစ်ပြီး အကြီးအကဲဂွီသည် နှစ် ၉၀၀ ဝန်းကျင် ရှိနေပြီ ဖြစ်သည်။

“စိတ်မပူပါနဲ့၊ သူအချိန်မီ ရောက်လာပါလိမ့်မယ်။ သူက မြူနွယ်ပင်ကို အရမ်း စိတ်ဝင်စားတာ။ ဒီကိစ္စ ပြီးသွားတာနဲ့ သူက ခင်ဗျားတို့ အားလုံးကို ရက်ရက်ရောရော ဆုချလိမ့်မယ်။ သူ့ရဲ့ ထောက်ခံချက်နဲ့ဆိုရင် ခင်ဗျားတို့ အားလုံး ‘ဆောင်းဦးကျောက်စိမ်းဂိုဏ်း’ မှာ ဝင်ခွင့်ရဖို့ သေချာသွားပြီ” အကြီးအကဲတုန်းက ခါးတွင် ချိတ်ထားသော အစိမ်းရောင်တောက်နေသည့် ကျားသစ်သားရေအိတ်လေးကို ပုတ်ရင်း ကျေနပ်သော မျက်နှာထားဖြင့် ဖြေလိုက်သည်။

All Chapters