ခြေရာခံခြင်း
Vol. 3 Ch. 22
အကြီးအကဲဖုန်းနှင့် ကျန်လူများသည် မကြာမီ မြစိမ်းရောင်မြူတောမှ လွတ်မြောက်သွားကြပြီး မိုးကုတ်စက်ဝိုင်းအလွန်ရှိ တောင်ကုန်းများကြားတွင် ရှိနေသော ကွင်းပြင်ကျယ်ကြီး တစ်ခုက သူတို့ကို ကြိုဆိုနေသည်။
သူတို့သည် အမောဖြေရန် ရပ်တန့်ခြင်းမရှိဘဲ မြစိမ်းရောင်မြူတောဒေသနှင့် သူတို့၏ ဂိုဏ်းဟောင်းမှ ဝေးရာသို့ ဆက်လက် ရွေ့လျားနေကြသည်။ သူတို့၏ ရွေ့လျားမှု ကျင့်စဉ်များကို အစွမ်းကုန် ထုတ်သုံးထားကြသည်။
မိုင် ၁၀၀ နီးပါး ရပ်နားခြင်းမရှိဘဲ ပြေးလွှားခဲ့သော်လည်း သူတို့၏ အသက်အရွယ်အရ ပင်ပန်းနွမ်းနယ်ခြင်းအလျင်း မရှိပေ။ ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ဖြစ်သည်။
အဖွဲ့ဝင်အားလုံးမှာအခြေတည်အဆင့်၏ နောက်ဆုံးအဆင့် သို့မဟုတ် အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်ပြီးအကြီးအကဲဖုန်းနှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဒုတိယအကြီးအကဲဟောင်း အကြီးအကဲဂွီတို့သည် အထွတ်အထိပ်အဆင့်တွင် ရှိကြသည်။
အမာခံတပည့်များကို လေ့ကျင့်ပေးခဲ့သူ အကြီးအကဲကျာသည် အဆင့် ၁၁ တွင် ရှိပြီး အဂ္ဂိရတ်ဌာနမှ အကြီးအကဲတုန်းနှင့်အကြီးအကဲဟောင် တို့မှာ အဆင့် ၉ တွင်အသီးသီး ရှိကြသည်။
သို့သော် အကြီးအကဲဟောင်နှင့်အကြီးအကဲတုန်း တို့သည် ကျင့်ကြံခြင်းအဆင့် တူညီကြသော်လည်း အကြီးအကဲဟောင် သည် ကျန်လူများနှင့် ယှဉ်လျှင် ပိုမို နွမ်းနယ်နေပုံရသည်။ သူ၏ အချိန်အများစုကို အဂ္ဂိရတ်ပညာတွင်သာ မြှုပ်နှံထားသဖြင့် သိုင်းပညာ လေ့ကျင့်မှုကို လျစ်လျူရှုခဲ့သည်။
ဝီရိယရှိရှိ ကျင့်ကြံမည့်အစား ဆေးလုံးများသုံးပြီး အဆင့်တက်ခဲ့ခြင်း ဖြစ်ပြီးအခြေတည်အဆင့် ၉ သို့ ရောက်နေသော်လည်း အခြေခံခိုင်မာမှု မရှိပေ။ သူ၏ ချီစီးဆင်းမှုမှာ မူမမှန် ဖြစ်နေပြီး ဆေးအဆိပ်သင့်မှု လက္ခဏာများ စတင်ပြသနေပြီ ဖြစ်သည်။
အခြေတည်အဆင့် ၇ သို့ ကျင့်ကြံပြီး ရောက်ရှိထားသူ တစ်ဦးကပင် သူ့ကို ယှဉ်နိုင် သို့မဟုတ် အနိုင်ယူနိုင်ပေသည်။ယခုကဲ့သို့ အမီလိုက်နိုင်နေခြင်းမှာ ချီပြန်လည်ဖြည့်တင်းဆေးများကို သောက်သုံးနေ၍သာ ဖြစ်သည်။
“ရှေ့ ၁၀ မိုင်လောက်မှာ ပယင်းရောင်မြစ် ရှိတယ်။ အဲဒီမြစ်ကနေတစ်ဆင့် ပယင်းရောင်မြစ် ခရိုင်ကို သွားကြမယ်။ ကျုပ်သူငယ်ချင်းက အဲဒီမှာ လာကြိုလိမ့်မယ်” အကြီးအကဲတုန်းက လျင်မြန်စွာ ပြောလိုက်ရာ ကျန်လူများက ခေါင်းညိတ်ပြကြသည်။
ထိုအချိန်တွင် ခရီးတစ်လျှောက်လုံး တည်ငြိမ်နေခဲ့သော အကြီးအကဲဖုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။ မြူနွံဂိုဏ်း ရှိရာ အရပ်မျက်နှာဘက်သို့ လှည့်ကြည့်လိုက်စဉ် ရှုပ်ထွေးသော ခံစားချက်များ သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
“ချန်ယွမ်... မင်းအတွက် အခြေအနေတွေ အရမ်း မခက်ခဲပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ငါ့မှာတခြားရွေးချယ်စရာ မရှိတော့လို့ပါ” သူ တိတ်တဆိတ် တွေးလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ပုံမှန် တည်ငြိမ်သော မျက်နှာထားသို့ ပြန်ပြောင်းလိုက်သည်။
သူတို့သည် ပယင်းရောင်မြစ်သို့ သွားရာလမ်း၏ တစ်ဝက်ခန့် ရောက်နေပြီ ဖြစ်သည်။ ထိုစဉ် အကြီးအကဲတုန်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အံ့သြသော အမူအရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ ကျန်လူများလည်း သူ၏အမူအရာကြောင့် နားမလည်နိုင် ဖြစ်ကာ အကြီးအကဲတုန်း ကြည့်နေသည့် နေရာသို့ လှည့်ကြည့်လိုက်ကြသည်။ အစပထမတွင် ဘာမှ မမြင်ရသော်လည်း မိနစ်အနည်းငယ် ကြာသောအခါ အစိမ်းရောင် အစက်ကလေး တစ်စက်သည် သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
အကြီးအကဲတုန်းသည် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီးနောက် တည်ငြိမ်သော မျက်နှာထား ပြန်ပြောင်းကာ သူ့ဝတ်ရုံတွင် ကပ်ထားသော အဆောင်ကို ကြည့်လိုက်သည်။
“ငါတို့ဆီ အမြန်ဆုံး ရောက်လာနေတာ ဘာလဲ ခြေရာခံမိသွားပြီလား။ အကြီးအကဲတုန်း ဒီအဆောင်တွေ ကပ်ထားရင် ကျုပ်တို့ကိုခြေရာခံလို့ မရဘူးလို့ ခင်ဗျား ပြောထားတယ် မဟုတ်လား” အကြီးအကဲဟောင် က အော်ဟစ်လိုက်ပြီး အရှိန်မြှင့်ရန် ဆေးလုံးအချို့ အမြန်မျိုချလိုက်သည်။ ကြောက်စိတ်က သူ့ကို လွှမ်းမိုးနေပြီ ဖြစ်သည်။
“အကြီးအကဲတုန်း... ခင်ဗျားဆီမှာ ခိုင်လုံတဲ့ ရှင်းပြချက် ရှိမယ်လို့ မျှော်လင့်တယ်” အကြီးအကဲကျာ က လူသတ်လိုသော အကြည့်ဖြင့် ထပ်လောင်းပြောလိုက်သည်။ သူသည် ဝတ်ရုံထဲမှ ဆေးလုံးအချို့ ထုတ်ယူကာ မျိုချလိုက်သည်။ သူ့ထံမှ ချီများ ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားပြီး ရွေ့လျားမှု နည်းစနစ်ကို အရှိန်မြှင့်လိုက်သည်။
အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီ တို့သည် ဘာဖြစ်တာလဲဟု မေးသည့် ပုံစံဖြင့် အကြီးအကဲတုန်း ကို ကြည့်လိုက်ကြသည်။
“အဆောင်တွေမှာ ပြဿနာ မရှိတာသေချာပါတယ်။ စိမ့်နွံထဲတုန်းက ခင်ဗျားတို့ ကိုယ်တိုင် ကြုံခဲ့ရတာပဲ၊ မဟုတ်ရင် ငါတို့ ခရီးစဉ်က ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး။ အဲဒီသတ္တဝါက ငါတို့ကို ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး။ ပယင်းရောင်မြစ်က ဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်တာ လူတိုင်းသိတာပဲ။ သူ အဲဒီကို သွားနေတာ ဖြစ်မှာပါ” အကြီးအကဲတုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ ယခင်က ယဉ်ကျေးသောအပြုံးနှင့် ဖော်ရွေသော အသွင်အပြင် ပျောက်ကွယ်သွားပြီး အခုအခါတွင် ဂရုမစိုက်သော အမူအရာ ဖြစ်ပေါ်နေသည်။
အကြီးအကဲဟောင်သည် ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အံ့သြသွားပြီး ပြောလုဆဲဆဲ စကားများကိုပင် ပြန်မျိုချလိုက်ရသည်။ အကြီးအကဲတုန်း၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ သူ၏နှလုံးခုန်သံ မြန်လာပြီး ကြောက်ရွံ့လာသည်။ အကြီးအကဲကျာပင်လျှင် သူ၏ လူသတ်လိုသော အကြည့်မှာပျောက်ကွယ်သွားပြီးနောက် ကြောက်ရွံ့မှုကအစားထိုးဝင်ရောက်လာသည်။
“အကြီးအကဲတုန်းက အရင်ကတည်းက ဒီလောက် ကြောက်စရာကောင်းတာလား။ ဘာလို့ အကြီးအကဲဖုန်း ဒါမှမဟုတ် ချန်ယွမ်ဆီက ရတဲ့ ဖိအားမျိုး ခံစားနေရတာလဲ” အကြီးအကဲကျာ စိတ်ရှုပ်ထွေးသွားပြီး အနည်းငယ် ကြောက်ရွံ့လာသည်။ အကြီးအကဲတုန်း၏ ပြောင်းလဲသွားသော အမူအရာကို ကြည့်လေလေ အကြီးအကဲတုန်သည် အန္တရာယ်ရှိကြောင်း ပင်ကိုအသိစိတ်က သတိပေးလေလေ ဖြစ်သည်။
သူက အကြီးအကဲဖုန်း ဘက်သို့ လှည့်ကြည့်ရာ ပုံမှန်အတိုင်း မတုန်မလှုပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ အကြီးအကဲတုန်း ဘေးတွင် ရှိနေသော အကြီးအကဲဂွီ၏ မျက်လုံးထဲတွင် စိုးရိမ်မှု အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် တည်ကြည်လေးနက်သော အမူအရာဖြင့် အစားထိုးလိုက်သည်။
ငှက်အော်သံမှာ ပဲ့တင်ထပ်လာပြီး မကြာမီ အလားတူ အော်သံနှစ်သံ မြစိမ်းရောင်မြူတောဒေသ ထဲမှ ထွက်ပေါ်လာသည်။ သို့သော် လာရာလမ်းကြောင်း မတူညီကြပေ။ အစိမ်းရောင်အစက်ကလေးသည် တစ်စထက်တစ်စ ကြီးမားလာပြီး အကြီးအကဲတုန်းနှင့် ကျန်လူများဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။
အကြီးအကဲတုန်းသည် ငှက်က ပယင်းရောင်မြစ်သို့ သွားနေခြင်း ဖြစ်ပါစေဟု မျှော်လင့်ခဲ့သော်လည်း ထိုမျှော်လင့်ချက်မှာ မကြာမီ ပျက်သုဉ်းသွားသည်။ ငှက်က သူ့ကို ပစ်မှတ်ထား ချိန်ရွယ်ထားကြောင်း ခံစားလိုက်ရသည်။ သူတို့ထံသို့ နီးကပ်လာလေလေ ထိုခံစားချက်က ပိုမို ရှင်းလင်းပြတ်သားလာလေလေ ဖြစ်သည်။
“ခင်ဗျားရဲ့ ခန့်မှန်းချက်က မှားသွားပုံပဲ” အကြီးအကဲဖုန်းက အကြီးအကဲတုန်း၏ မျက်နှာထား အပြောင်းအလဲကို သတိပြုမိပြီး ရုတ်တရက် ပြောလိုက်သည်။ သူသည် ထွက်ပြေးရန် အာရုံစိုက်နေသော်လည်း အကြီးအကဲတုန်း၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
အကြီးအကဲတုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ညာဘက် လက်မပေါ်ရှိ ရိုးရှင်းသော မီးခိုးရောင် လက်စွပ်ထဲမှ အရိုးဓားတစ်လက် ထုတ်လိုက်သည်။ အဆင့် ၄ ဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးတွင် ဂိုဏ်းချုပ်ပင် ဝယ်ယူရန် ခက်ခဲသော သိုလှောင်လက်စွပ် ရှိနေခြင်းကို ကျန်လူများ သိပ်မအံ့သြကြပေ။
အဘယ်ကြောင့်ဆိုသော် ကုဗမီတာ အနည်းငယ်သာ ဆံ့သော အဆင့်နိမ့် သိုလှောင်လက်စွပ် တစ်ကွင်းပင်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ခန့် တန်ကြေးရှိသည်။ အကြီးအကဲတုန်း၏ လက်စွပ်သည် ပိုကောင်းမွန်သည်။ ဘဏ္ဍာတိုက်မှ ဆေးပင် တစ်ဝက်ကို သူ့လက်စွပ်ထဲတွင် သိမ်းဆည်းထားပြီး ကျန်တစ်ဝက်ကို ဆရာဖြစ်သူ ပေးထားသော သိုလှောင်လက်စွပ် ပိုင်ဆိုင်ထားသည့် အကြီးအကဲဖုန်းက သိမ်းဆည်းထားသည်။
အကြီးအကဲဟောင်သည် အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်းပင် အကြည့်လွှဲလိုက်ရသည်။ သူ၏မျက်နှာမှာ ဖြူဖျော့သွားပြီး ဘဝတွင် အကြောက်မက်ဖွယ် အကောင်းဆုံးအရာကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ကျန်လူများလည်း ချက်ချင်းဆိုသလို ကြောက်ရွံ့တုန်လှုပ်သော အမူအရာများ ဖြစ်သွားကြသည်။
အကြီးအကဲဖုန်းပင်လျှင် သတိထားသော မျက်နှာထားဖြင့် အကြီးအကဲတုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ တိတိကျကျ ပြောရရင် သူ့လက်ထဲက အရိုးဓားကို ကြည့်လိုက်ခြင်း ဖြစ်သည်။ ဓားသည် အရိုးအဖြူရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွားပြီး သေးငယ်သော သွေးကြောလေးများ ပေါ်လာသည်။
ထိုသွေးကြောများသည် သက်ရှိကဲ့သို့ တွန့်လိမ်လှုပ်ရှားနေပြီး ဓားလက်ကိုင်ဘက်သို့ တိုးဝင်နေကြသည်။ ဓားမှ လူသတ်လိုသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မီတာ ၅၀ အကွာအဝေးကို လွှမ်းခြုံသွားကာ အကြီးအကဲတုန်း နှင့် ကျန်လူများကို ဖုံးလွှမ်းသွားသည်။
ပျို့အန်ချင်စရာကောင်းသော သတ္တုညှော်နံ့နှင့် ပူနွေးသော အနံ့တစ်မျိုးမှာပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ဓားမှ ထွက်ပေါ်လာသော သိပ်သည်းသည့် အရှိန်အဝါကြောင့် အောက်ခြေရှိ အပင်များ ဆွေးမြေ့သွားပြီး နက်မှောင်သော ရွှံ့အိုင်အဖြစ် ပြောင်းလဲသွားသည်။
အကြီးအကဲဖုန်း နှင့် ကျန်လူများ၏ မျက်နှာများမှာ တစ်စထက်တစ်စ ဖြူလျော်လာခဲ့ပြီး အကြီးအကဲဟောင်မှာ မြေကြီးပေါ်သို့ရုတ်တရက် လဲကျသွားသည်။ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး မျက်လုံးများမှာ ပြူးကျယ်ထွက်မတတ် ဖြစ်နေသည်။
ထရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သလို ဖြစ်နေသည်။ အကြီးအကဲကျာလည်း ဒူးထောက်ကျသွားပြီး အသက်ရှူကြပ်ကာ တံတွေးနှင့် သည်းခြေရည်များ ရောနှောနေသော အရည်များကို အန်ထုတ်နေသည်။ အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့သာ မတ်တပ်ရပ်နေနိုင်သော်လည်း ဒူးမခွေသွားအောင် မနည်း ထိန်းထားရကြောင်း သိသာနေသည်။
“အိုး... အကြီးအကဲဖုန်း... ခင်ဗျားတစ်ယောက်တည်း မတ်တပ်ရပ်နိုင်မယ် ထင်ထားတာ။ ဒီလို အမှိုက်ဂိုဏ်းလေးမှာ ခင်ဗျားနဲ့ အဆင့်တူတဲ့လူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ အကြီးအကဲဂွီ... ခင်ဗျားက ကျုပ်ကို အံ့သြစေတယ်။ ခင်ဗျားကိုပါ အကြီးအကဲဖုန်းလို ကမ်းလှမ်းမှုမျိုး ပေးသင့်တယ် ထင်တယ်။ ကျန်တဲ့နှစ်ကောင်ကတော့...” အကြီးအကဲတုန်းက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
သူ၏ရုပ်သွင်မှာ အဘိုးအို ပုံစံမှ အသက် ၃၀ အရွယ် လူငယ်တစ်ယောက်အဖြစ် ရုတ်ချည်းပြောင်းလဲသွားသည်။ ဆံပင်များမှာ သွေးခြောက်ရောင်ကဲ့သို့ အနီရင့်ရောင် ဖြစ်သွားပြီး မျက်လုံးများမှာလည်း အနီရောင် တောက်နေကာ မိစ္ဆာဆန်သော အသွင်အပြင် ရှိနေသည်။
“ငါတို့ ခြေရာခံမိသွားပြီဆိုတော့ ဟန်ဆောင်နေစရာ မလိုတော့ဘူး။ နှမြောစရာပဲ။ ခင်ဗျားတို့ကို တကယ့် တွင်းနက်ထဲ ပို့ပေးလိုက်ရင် ဖြစ်သွားမယ့် မျက်နှာထားတွေကို မြင်ချင်သေးတယ်။ တောက်ပတဲ့ အနာဂတ်တွေ ရတော့မယ်ဆိုပြီး ပျော်ရွှင်နေကြရာကနေ မျှော်လင့်ချက်မဲ့ပြီး နာကျင်ခံစားရမယ့် အဖြစ်မျိုးပေါ့။ တကယ့်ကို လှပတဲ့ မြင်ကွင်းပဲ” အကြီးအကဲတုန်းက ကျေနပ်အားရစွာ ပြုံးရင်း ပြောလိုက်သည်။
“မင်း... မင်း... မင်း...” အကြီးအကဲကျာသည် ပျို့အန်နေရင်း အားကုန်သုံးကာ စကားအနည်းငယ် ပြောလိုက်သည်။
“ဟုတ်တယ်... ဟုတ်တယ်... အဲဒါပဲ အဲဒါ ကျုပ်လိုချင်တဲ့ မျက်နှာထားပဲ အကြီးအကဲကျာ... ခင်ဗျားက ငါတို့ဂိုဏ်းရဲ့ အမာခံတပည့်တွေကို လေ့ကျင့်ပေးခဲ့တာ အလကား မဟုတ်ဘူးပဲ” အကြီးအကဲတုန်း က ဝမ်းသာအားရ ရယ်မောရင်း ပြောလိုက်သည်။
“ကျုပ်ကို ပျော်အောင် လုပ်ပေးတဲ့အတွက် ခင်ဗျားကို ဆုချသင့်တယ်။ ဘာပေးရမလဲ။ အပြာရောင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်တွေ၊ ကောင်းကင်အဆင့် ရတနာတွေ၊ အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ့် အခွင့်အရေး၊ ဒါမှမဟုတ် ခင်ဗျားတို့ကို စောင့်ကြိုနေတဲ့ သတင်းအချက်အလက်တွေလား။ ရွေးရခက်လိုက်တာ။
အမ်... နောက်ဆုံး တစ်ခုပဲ ရွေးလိုက်မယ်။ ခင်ဗျားရဲ့ သောက်သုံးမကျတဲ့ ပါရမီနဲ့ဆိုရင် ပထမ ၃ ချက်က အလကား ဖြစ်သွားမှာ။ ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ။ နှစ် ၆၀၀ ရှိနေပြီ အခုထိ အခြေတည်အဆင့် နှောင်းပိုင်းပဲ ရှိသေးတယ်... ဟားဟားဟား... ချန်ယွမ်က ခင်ဗျားကို ရာထူးချလိုက်တာ မဆန်းပါဘူး။
ခင်ဗျား ဒီရာထူးကို ဘယ်လိုများ ဒီလောက်ကြာကြာ ယူထားနိုင်လဲဆိုတာ အံ့သြစရာနေတာ။ ခင်ဗျားသာ ကျုပ်အဖွဲ့အစည်းကဆိုရင် အခုလောက်ဆို ဆေးလုံးဖော်ဖို့ ပါဝင်ပစ္စည်းအဖြစ် အသတ်ခံလိုက်ရပြီ။ အဲဒီကမှ ခင်ဗျား အသုံးဝင်ကြောင်း သက်သေပြနိုင်အုံးမယ်”
အကြီးအကဲကျာ၏မျက်နှာမှာ ခရမ်းရောင် သန်းသွားပြီး သွေးများ အန်ကာ သတိလစ်သွားတော့သည်။
အကြီးအကဲတုန်း၏ ဝမ်းသာအားရ အပြုံးသည် အေးစက်သော အမူအရာသို့ ပြောင်းလဲသွားပြီး သတိလစ်နေသော အကြီးအကဲကျာကို မြေကြီးအောက်မှ ပိုးကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“ခင်ဗျားနဲ့ ပိုပြီး ပျော်ပျော်ပါးပါး ကစားရမယ် ထင်ထားတာ။ ဒီလောက်လေးနဲ့ စိတ်ဓာတ်ကျသွားပြီလား။ ပျော့ညံ့လိုက်တာ။ အဖွဲ့အစည်းက သူ့ကို အသုံးချလို့ ရပါ့မလားတောင် မသိဘူး။ ဟိုငှက်စုတ်က ရောက်တော့မယ် ထင်တယ်။
အကြီးအကဲဖုန်း... ကျုပ်တိုက်ခိုက်နေတုန်း ထွက်ပြေးဖို့ မစဉ်းစားနဲ့နော်... မဟုတ်ရင် ခင်ဗျားကိုယ်ထဲက ကျိန်စာအဆိပ် ဘယ်အချိန်ဘာထဖြစ်မလဲ မသိဘူး” အကြီးအကဲတုန်းက လှောင်ပြောင်သလို ပြုံးရင်း ပြောလိုက်သည်။ သူသည် မီတာ ၄၀၀ ခန့်အကွာသို့ ရောက်ရှိနေသော ငှက်ကို ခုတ်ပိုင်းရန် ဓားကို ပြင်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် အခြေတည်အဆင့် ၉ မှ ၁၀၊ ၁၁၊ အထွတ်အထိပ်၊ အမြူတေဖွဲ့စည်းခြင်း အဆင့် ၁ စသဖြင့် တရိပ်ရိပ် မြင့်တက်လာပြီး အမြူတေဖွဲ့စည်းခြင်း အဆင့် ၃ တွင် ရပ်တန့်သွားသည်။ အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီ တို့မှာ အချင်းချင်းစိုးရိမ်တကြီး ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကြသည်။
အကြီးအကဲဟောင်မှာမူ ရူးသွပ်သွားပုံရသည်။ သူသည် ဆံပင်များကို ဆွဲနှုတ်ရင်း မျက်နှာကို ကုတ်ဖဲ့ပြီး ကြမ်းပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေကာ သူ့ခန္ဓာကိုယ်မှ ဖုံးလွှမ်းထားသော တစ်စုံတစ်ရာကို ဖယ်ရှားရန် ကြိုးစားနေသည်။ ဘာအရာလဲ ဆိုတာကိုတော့ အကြီးအကဲဟောင်သာ သိပေလိမ့်မည်။