အောင်းယင်၏နိုးထခြင်း
Vol. 3 Ch. 23
မိနစ်အနည်းငယ်အတွင်း အကြီးအကဲတုန်းနှင့် ကျန်လူများသည် သူတို့ကို ခြေရာခံနေသော အစိမ်းရောင် အစက်ကလေးတစ်စက်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ လေစွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသော အစိမ်းရောင် ပျံလွှားငှက်လေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အကြီးအကဲတုန်းသည် သိသိသာသာပင် အံ့သြသွားသည်။
အစောပိုင်းက ထိုငှက်၏ အော်မြည်သံကြောင့် သက်ရှိသတ္တဝါ ဖြစ်မည်ဟု သူ ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် တစ်စုံတစ်ယောက်၏ ချီကျင့်စဉ် မှော်ပညာ ဖန်တီးမှုတစ်ခု ဖြစ်နေခြင်းက သူ့ကို ထိတ်လန့်သွားစေသည်။
အလွန် စိုးရိမ်နေသည့် အခြေအနေကို အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့ပင် သတိထားမိလိုက်သည်။ အကြီးအကဲဖုန်းသည် အစိမ်းရောင် ပျံလွှားငှက်နှင့် အကြီးအကဲတုန်းကို စိုက်ကြည့်ရင်း အတွေးနက်နေသော အမူအရာ ဖြစ်နေသည်။ သူသည် အကြီးအကဲဂွီ ကို ခဏစောင့်ရန် လက်ဟန်ပြလိုက်ရာ အကြီးအကဲဂွီ ကလည်း ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
“အသိစိတ်ရှိတဲ့ ကျင့်ကြံခြင်း မှော်ပညာတစ်ခုပဲ။ ဘယ်အမြူတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှ ဒါကို မလုပ်နိုင်ဘူး။ အထွတ်အထိပ် ရောက်နေရင်တောင် မရဘူး။ နန်းတော်အဆင့်ကျင့်ကြံသူ တစ်ယောက်ကပဲ ဒါကို လုပ်နိုင်မှာ။ ‘အမိန့်တော်အဖွဲ့’ က နန်းတော်အဆင့် ကျွမ်းကျင်သူကို လွှတ်လိုက်တာလား။
ဒါ အဓိပ္ပာယ်မရှိဘူး။ မြူနွံဂိုဏ်းက အဆင့် ၄ ဂိုဏ်းလေးတစ်ခုပဲလေ။ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်က အာရုံစိုက်ဖို့ ထိုက်တန်လို့လား။”
“ကံကောင်းတာကဧကရာဇ်အဆင့် လက်နက်ဖြစ်တဲ့ အောင်းယင်ဓားကို ငါနဲ့အတူယူလာမိတာပဲ။ ငါဒီကိစ္စကို အမြန်ရှင်းပြီး ကန်ဟူနဲ့ သွားတွေ့မှ ဖြစ်မယ်။ အဲအခါကျမှ ငါ့လုံခြုံရေး စိတ်ချရမှာ၊ အထူးသဖြင့် နန်းတော်အဆင့် ကျွမ်းကျင်သူ ပါနေရင် အန္တရာယ်များတယ်” အကြီးအကဲတုန်းတိတ်တဆိတ် တွေးလိုက်ပြီး အရိုးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ပါးလွှာသော အနီရင့်ရောင်လေမုန်တိုင်း တစ်ခုသည် ဓားကို ဝန်းရံထားပြီး အရောင်မှာ အကြီးအကဲတုန်း၏ အနီရင့်ရောင် ဆံပင်အရောင်နှင့် တူညီသည်အထိ ပိုမို ရင့်လာပြီး အနက်ရောင်သန်းလာသည်။ အရိုးဓားပေါ်ရှိ သေးငယ်သော သွေးကြောမျှင်လေးများသည် ဖောင်းကြွလာပြီး လျင်မြန်စွာ ခုန်လှုပ်နေကြသည်။
“ဒုန်း…”
အကြီးအကဲတုန်းထံမှ ထွက်ပေါ်လာသော ဖိအားကြောင့် အကြီးအကဲဂွီမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ အကြီးအကဲတုန်း၏ခြေထောက်အောက်ရှိ မြေကြီးပင်လျှင်အတိုင်းအတာတစ်ခုအထိ အက်ကွဲကာ အောက်သို့ကျွံဝင်လာသည်။
အကြီးအကဲဖုန်းသည် သူ့ဘေးသို့ အမြန်သွားပြီး ထူပေးရန် ကြိုးစားလိုက်သည်။သို့သော် သူကိုယ်တိုင်လည်း မတ်တပ်ရပ်နိုင်ရန် မနည်းကြိုးစားနေရသည်။အကြီးအကဲဂွီကို အမြန် ဆွဲထူလိုက်ပြီး နှစ်ယောက်သား အပြန်အလှန် မှီတွယ်ထားကြသည်။
အကြီးအကဲဂွီမှတစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အကြီးအကဲဖုန်းက တိတ်တိတ်နေရန် ခေါင်းခါပြလိုက်ပြီး အကြီးအကဲတုန်း ရှိရာသို့ ညွှန်ပြလိုက်သည်။
အစိမ်းရောင်ပျံလွှားငှက်သည် အကြီးအကဲတုန်းနှင့် မီတာ တစ်ရာအောက်သာ လိုတော့သည့်အချိန်တွင် အကြီးအကဲတုန်းက ဓားကို နောက်သို့ ဆွဲယူလိုက်ပြီး ပျံလွှားငှက်ဆီသို့ ပင့်တင်ကာ ခုတ်ပိုင်းလိုက်သည်။ ထူထဲသော အနီရောင်တံံစဉ်းပုံသဏ္ဌာန် လေမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ပျံလွှားငှက်ကို နှစ်ပိုင်းပိုင်းရန် ဦးတည်သွားသည်။
ပျံလွှားငှက်သည် စူးရှစွာ အော်မြည်လိုက်ပြီး နှုတ်သီးမှ ကတော့ပုံသဏ္ဌာန် လေပွေတစ်ခု ထုတ်လွှတ်လိုက်သည်။ ထွက်လာစတွင် လက်ဖဝါး အရွယ်အစားသာ ရှိသော်လည်း တစ်စက္ကန့်အတွင်း ကြီးမားသော လေဆင်နှာမောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ အနီရောင်တံစဉ်းကို တစ်ခုလုံး ဝါးမြိုလိုက်ပြီး အမှုန်အမွှားလေးများ ဖြစ်သွားသည်အထိ ချေဖျက်ပစ်လိုက်သည်။
လေဆင်နှာမောင်းသည် ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ အကြီးအကဲတုန်းနှင့် ကျန်လူများဆီသို့ ဆက်လက် တိုးဝင်လာသည်။ အထူးသဖြင့် လက်ရှိတွင် အခြေအနေ မကောင်းလှသော အကြီးအကဲတုန်းဆီသို့ ဦးတည်နေသည်။
သူ၏ အသားအရေမှာ ပိုမို ဖြူလျော်လာပြီး လက်ဖဝါးနှင့် မျက်နှာပေါ်တွင် ချွေးများ ရွှဲနစ်နေသည်။ သူတို့ဆီသို့ တိုးဝင်လာသော လေဆင်နှာမောင်းဆီမှ ကြီးမားလှသော သေမင်းအငွေ့အသက်ကို ခံစားနေရသည်။တုံဆိုင်းခြင်းအလျဥ်းမရှိပဲ လက်ကောက်ဝတ် တစ်ဖက်ကို ဓားဖြင့် လှီးလိုက်ရာ သွေးများ ပန်းထွက်လာပြီး အရိုးဓားကို ဖုံးလွှမ်းသွားသည်။
ဓားပေါ်ရှိ သွေးကြောမျှင်လေးများသည် လှီးဖြတ်လိုက်သော လက်ကောက်ဝတ်ထဲသို့ တိုးဝင်သွားကြသည်။ ၎င်းတို့သည်သွေးများကို စုပ်ယူလိုက်ရာ ယခင်က မည်းနက်နေသောအရိုးဓားသည် ငွေရောင်သမ်းသော မီးခိုးရင့်ရောင်အဖြစ် ပြောင်းလဲသွားသည်။
သွေးကြောမျှင်များသည် အကြီးအကဲတုန်း၏ သွေးများကို လောဘတကြီး ဆက်လက် စုပ်ယူနေသဖြင့်ဆံပင်များ ဖြူလာပြီး အသားအရေမှာလည်း လျင်မြန်စွာ ခြောက်သွေ့တွန့်လိမ်လာသည်။ ခြောက်သွေ့နေသော မြေကြီးကဲ့သို့ သူ့လက်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
“ဒါနဲ့ မလုံလောက်သေးဘူး။ အပြည့်အဝ အသက်သွင်းဖို့ ငါက အရမ်း အားနည်းနေသေးတယ်။ ပိုလိုသေးတယ်... ဟိုနှစ်ကောင်ကို သုံးမှ ဖြစ်တော့မယ်” အကြီးအကဲတုန်း သည် အံကိုတင်းတင်း ကြိတ်လိုက်ပြီး လက်ကောက်ဝတ်မှ သွေးကြောမျှင်များကို ဆွဲထုတ်လိုက်ရာ ဒဏ်ရာမှာ ချက်ချင်းဆိုသလိုပင်ပြန်လည် သက်သာသွားသည်။
သွေးကြောမျှင်များသည် မဝသေးသဖြင့် အကြီးအကဲတုန်း ၏ လက်ကောက်ဝတ်ကို ပြန်လည် ထိုးဖောက်ရန် ကြိုးစားနေကြသည်။ ခရမ်းရင့်ရောင်အဆောင်တစ်ခု ပေါ်လာပြီး ဓားပေါ်သို့ ကပ်လိုက်ရာ သွေးကြောမျှင်များ ငြိမ်သက်သွားပြီး ဓားတွင် ပြန်လည် တွယ်ကပ်သွားကြသည်။
အကြီးအကဲတုန်းသည် လက်ဖဝါးပေါ်တွင် ကျန်နေသော သွေးများဖြင့် အဆောင်ပေါ်တွင် ရှေးဟောင်းသင်္ကေတ အချို့ကို ရေးဆွဲလိုက်သည်။
အဆောင်ပေါ်တွင် အနီရောင်ပေါ်တယ်တစ်ခု ပေါ်လာပြီး မြွေကြီးတစ်ကောင် အရွယ်အစားခန့်ရှိသော ထူထဲသည့် သွေးကြောကြီးတစ်ခု ထွက်လာသည်။ ဓားပေါ်ရှိ အခြားသော သေးငယ်သည့် အနီရောင် သွေးကြောမျှင်များနှင့် မတူဘဲ ဤတစ်ခုမှာ ကတ္တရာစေးကဲ့သို့ မည်းနက်နေသည်။
“မင်းတို့ကျေနပ်တဲ့အထိ ဟိုနှစ်ကောင်ကို စုပ်ယူလိုက်ကြ”
အကြီးအကဲတုန်း က အားနည်းစွာ ပြောလိုက်သည်။ ဓား၏ တံဆိပ်တစ်ခုကို အတင်းအဓမ္မ ဖွင့်လိုက်ခြင်းက သူ၏သက်စောင့်စွမ်းအားနှင့် ချီများကို ကုန်ခမ်းစေခဲ့သည်။
မည်းနက်သော သွေးကြောကြီးသည် အမိန့်ကို နာခံသည့်အနေဖြင့် သတိလစ်နေသော အကြီးအကဲကျာဆီသို့ တိုးဝင်သွားပြီး တစ်စိတ်တစ်ပိုင်းက အကြီးအကဲဟောင် ဆီသို့ ဦးတည်သွားသည်။ အကြီးအကဲဟောင်မှာမူ မျက်ဖြူလန်နေပြီး တစ်ကိုယ်လုံးတွင် ကုတ်ဖဲ့ရာပေါင်းများစွာဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သွေးကြောကြီးများသည် အကြီးအကဲ နှစ်ဦး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက် အကြီးအကဲဖုန်း ဘယ်တော့မှ မမေ့ပျောက်နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အကြီးအကဲကျာနှင့်အကြီးအကဲဟောင် တို့၏ သွေးများကို စုပ်ယူလိုက်ရာ အရိုးနှင့် အရေပြားသာ ကျန်တော့သည်အထိ ဖြစ်သွားပြီးနောက် အရေပြားများ အက်ကွဲကာ သဲမှုန်များအဖြစ် ပြိုကွဲသွားပြီး လေထဲတွင် လွင့်ပါသွားသည်။ အခြေတည်အဆင့် နှောင်းပိုင်းကျွမ်းကျင်သူ နှစ်ဦးသည် ထိုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ရသည်။
အကြီးအကဲဂွီ၏ မျက်လုံးများ ပြူးကျယ်ထွက်လာပြီး ပါးစပ်အဟောင်းသားဖြင့် “ဘာ... ဘာ... ဘာလဲဟ…ဘာကြီးလဲ” ဟု ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။
သူ့ဘေးရှိ အကြီးအကဲဖုန်းမှာလည်း တစ်ကိုယ်လုံး တုန်ရီနေပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ လွှမ်းမိုးနေသော မျက်နှာထားဖြင့် ယခုအခါ ငွေရောင်တောက်နေသော အရိုးဓားကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
ဟောင်ယဲ့နှင့်ကျာထင်ဖုန်းတို့ကို ထိုးဖောက်ခဲ့သော သွေးကြောကြီးနှင့် ဓားပေါ်တွင် ကပ်ထားသော အဆောင်တို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အကြီးအကဲတုန်း၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အမူအရာ ပေါ်လာပြီးနောက် “ဒီလောက်ဆို လုံလောက်ပြီ” ဟု ရေရွတ်လိုက်သည်။
“အောင်းယင်ဓား ပထမချိပ်တံဆိပ်ဖွင့်စမ်း”
အကြီးအကဲတုန်းကဟိန်းဟောက်လိုက်ပြီး ဝင်ရောက်လာသော လေဆင်နှာမောင်းကို ရင်ဆိုင်ရန် ဓားကို ဝှေ့ယမ်းလိုက်သည်။
အောင်းယင်၏ ဝေဝါးသော ပုံရိပ်တစ်ခုက ဓားအထက်တွင် ပေါ်လာပြီး လေဆင်နှာမောင်းဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ အောင်းယင်သည် လူသား စားသောက်ရသည်ကို ကြိုက်နှစ်သက်သော သွေးဆာနေသည့် ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်ဖြစ်သည်။
၎င်းသည် နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေသော နွားသိုးတစ်ကောင် ပုံသဏ္ဌာန်ရှိပြီး လူကဲ့သို့ လက်များ ပါရှိသည်။ မီတာ ၂၀ ခန့် မြင့်မားပြီး နွားသိုး ၁၀ ကောင်ကို ပေါင်းစပ်ထားသကဲ့သို့ ကြီးမားသော ခန္ဓာကိုယ် ရှိသည်။ ဦးချို ၄ ချောင်း ပါရှိပြီး မျှော့၏ စုပ်ခွက်ကဲ့သို့သော မျက်လုံးများလည်း ရှိသည်။ ပုံရိပ်မှာ ဝေဝါးနေသဖြင့် အရောင်ကို သေချာ မမြင်ရဘဲ မီးခိုးငွေ့ကဲ့သို့ မီးခိုးရောင်ဖျော့ဖျော့သာ မြင်ရသည်။
အောင်းယင်၏ ပုံရိပ်သည် ဟိန်းဟောက်လိုက်ပြီး အကြီးအကဲတုန်းက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် တစ်ပြိုင်နက် လက်သီးဖြင့် ထိုးလိုက်သည်။ လေဆင်နှာမောင်းနှင့် လက်သီး ထိပ်တိုက်တွေ့ဆုံရာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီ တို့ကို မီတာ အနည်းငယ်အကွာသို့ လွင့်စင်သွားစေသည်။
ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကြောင့် သူတို့ အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူတို့၏ ဝတ်ရုံများ စုတ်ပြဲသွားပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိသွားကြသည်။
အကြီးအကဲဂွီသည် မတ်တပ်ရပ်ရန် အားနည်းစွာ ကြိုးစားရင်း သွေးအန်လိုက်သည်။
“ဂွီ... မင်းအဆင်ပြေရဲ့လား” အကြီးအကဲဖုန်းက အားနည်းစွာ မေးလိုက်ပြီး အကြီးအကဲဂွီကို ကူညီရန် ရွေ့လျားသွားသည်။ သူလည်း အခြေအနေ သိပ်မကောင်းလှပေ။ခန္ဓာကိုယ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာ အနည်းငယ် ရထားပြီး နားထဲမှ သွေးများ စီးကျနေသည်။
“အဲဒီပေါက်ကွဲမှုကြောင့် ငါ့ရဲ့ အတွင်းကလီစာတွေ နေရာရွေ့သွားသလို ခံစားနေရတယ်။ ဖုန်း... ငါတို့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မိတာ မှားသွားပြီ ထင်တယ်” အကြီးအကဲဂွီက တုန်ရီသော အသံဖြင့် သနားစဖွယ် ပြောလိုက်ပြီး ဖုန်မှုန့်နှင့်လေများ ဖုံးလွှမ်းနေသော ကြီးမားသည့် တွင်းကြီးကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
“အကြီးအကဲတုန်းက သူ့စွမ်းရည်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ သူဒီလောက်အစွမ်းထက်တဲ့ ဝှက်ဖဲကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါမထင်ထားဘူး” အကြီးအကဲဖုန်းက သက်ပြင်းချလိုက်ပြီး အကြီးအကဲဂွီကို ဆေးလုံးအချို့ ပေးလိုက်ကာ သူကိုယ်တိုင်လည်း မျိုချလိုက်သည်။ သူတို့၏ ဒဏ်ရာများမှာ နှေးကွေးစွာ ပြန်လည်သက်သာလာသည်။
“အမိန့်တော်အဖွဲ့ က လွှတ်လိုက်တဲ့လူ အစွမ်းထက်ပါစေလို့ပဲ မျှော်လင့်ရတာပဲ။ ငါတို့ အစီအစဉ်တွေ ပျက်သွားရင် ဒီအခြေအနေကနေ လွတ်မြောက်ဖို့ သူကပဲ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်” အကြီးအကဲဖုန်းက ထပ်ပြောလိုက်သည်။ အကြီးအကဲဂွီက ဘာမှ ပြန်မပြောဘဲ တဖြည်းဖြည်း ရှင်းလင်းလာသော ပေါက်ကွဲမှု အကြွင်းအကျန်များကိုသာ ငေးကြည့်နေသည်။
အကြီးအကဲတုန်းသည်လည်းအသက်ပြင်းပြင်း ရှူရှိုက်ရင်း ရှေ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးအိမ်များမှာ ကြောက်ရွံ့မှုကြောင့် ကျဉ်းမြောင်းသွားသည်။ အစိမ်းရောင်ပျံလွှားငှက်သည် ဘာဒဏ်ရာမှ မရဘဲ ရှေ့တွင်ခွက်ဝင်နေသော အစိမ်းရောင် လေဒိုင်းကာတစ်ခုဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။
ငှက်က နောက်တစ်ကြိမ် အော်မြည်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် အကြီးအကဲတုန်း ကို မတိုက်ခိုက်ဘဲ အပေါ်သို့ လျင်မြန်စွာ ပျံတက်သွားသည်။ မကြာမီ အလားတူ အော်မြည်သံ နှစ်သံ ထွက်ပေါ်လာပြီး အစိမ်းရောင် အစက်ကလေး နှစ်စက်သည် ပထမ ပျံလွှားငှက် ရှိရာသို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာကြသည်။
“ဟင်…နောက်ထပ် ၂ ကောင် ရှိသေးတယ်လာ။ တစ်ကောင်တည်းနဲ့တင် ပထမတံဆိပ်ကိုဖွင့်ဖို့ ဒီအဆင့်ထိတွန်းပို့နိုင်တာ။ မဖြစ်ဘူး... ငါဒီကနေ ထွက်သွားမှဖြစ်မယ်။ ငါလာယူတဲ့အရာ တစ်ဝက် ရပြီးပြီပဲ”
အကြီးအကဲတုန်းက တုန်ရီသော အသံဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ့၏ ယခင်က ယုံကြည်မှုရှိသော ပုံစံ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ အောင်းယင်း၏ ပုံရိပ်သည် ယခင်ကထက် ဝေဝါးသွားသည်။ အကြီးအကဲ ၂ ဦးကို စတေးပြီး ဆင့်ခေါ်ထားသော စွမ်းအင်များသည် ယခင်တိုက်ခိုက်မှုကြောင့် တစ်စိတ်တစ်ပိုင်း ကုန်ခမ်းသွားပြီ ဖြစ်သည်။ နောက်ထပ် တိုက်ခိုက်မှု ၂ ကြိမ်စာလောက်သာ ကျန်တော့သည်။
အကြီးအကဲတုန်းသည် စွမ်းအင်အရင်းအမြစ်အဖြစ် သူ၏သွေးကို ထပ်မံအသုံးပြုရန်အတွက်မစွန့်စားရဲတော့ပေ။ လက်နက်က သူ့ကိုပါ ဝါးမြိုပစ်လိမ့်မည်။ ထိုသို့ မဖြစ်အောင် ကာကွယ်ရန် နည်းလမ်းအချို့ ရှိသော်လည်း အပြည့်အဝ အလုပ်ဖြစ်မည်ဟု အာမခံချက် မရှိပေ။
အောင်းယင်ဓားသည် ကိုယ်ပိုင်လက်နက် မဟုတ်သဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ဂိုဏ်းမှ ဆရာဖြစ်သူက ငှားရမ်းထားခြင်း ဖြစ်ပြီး၎င်းသည် ဧကရာဇ်အဆင့် အဆင့်မြင့်အမျိုးအစား ဖြစ်သည်။ ၎င်း၏ အဆင့်မြင့်မားမှုနှင့် သွေးဆာသော သဘာဝကြောင့် အကြီးအကဲတုန်း အနေဖြင့် ထိန်းချုပ်ရန် ခက်ခဲသည်။ စွမ်းအားကိုပိုမို ထုတ်ယူရန် ကြိုးစားပါကပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရလိမ့်မည်။
အကြီးအကဲတုန်းထွက်ပြေးရန် ပြင်လိုက်စဉ် အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီ အတူရှိနေသည်ကို တွေ့လိုက်ရသည်။ ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များမှာ သူ့ထံမှ ထွက်ပေါ်လာသည်။ သူအစောပိုင်းက စီစဉ်ထားသလို သူတို့နှစ်ဦးကို ပယင်းရောင်မြစ် မြို့လေးသို့ ခေါ်သွားရန် မဖြစ်တော့ပေ။
သူတို့က သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။ အကြီးအကဲတုန်း အနေဖြင့် သူတို့ကို သတ်ရမည်မှာ နှမြောစရာကောင်းသည်ဟု ခံစားရသော်လည်း၊ အထူးသဖြင့် အကြီးအကဲဖုန်းကို သတ်ရမည်မှာ နှမြောစရာ ဖြစ်သော်လည်း အခု သတ်ပစ်လိုက်တာက ပိုကောင်းသည်။ အကြီးအကဲဖုန်းသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း အကြီးအကဲတုန်းသည် သူ၏စိတ်ဓာတ်ကို လေးစားပေသည်။
အဖွဲ့အစည်းမှ လုံလောက်သော ထောက်ပံ့မှု ရလျှင် အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်မည်ဟု ယုံကြည်ချက်အပြည့်အဝသည်။ သူသည် ဂိုဏ်းအတွက် အားထားရသော အင်အားတစ်ခု ဖြစ်လာနိုင်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာအဆိပ်ကြောင့် သစ္စာဖောက်မည်ကို စိုးရိမ်စရာ မလိုပေ။
ထိုအဆိပ်ကို ဖယ်ရှားရန် နန်းတော်အဆင့် ကျွမ်းကျင်သူ လိုအပ်သော်လည်း သာမန် ကျွမ်းကျင်သူ မဟုတ်ဘဲ သစ်၊ ရေ သို့မဟုတ် လျှပ်စီးဓာတ်သဘာဝနှင့် ကိုက်ညီသောကျင့်ကြံခြင်း နည်းစနစ်များကို ကျွမ်းကျင်သူ ဖြစ်ရမည်။
အကြီးအကဲတုန်းသည် တစ်စက္ကန့်မျှသာ တွန့်ဆုတ်နေပြီးနောက် အားနေသော ဘယ်ဘက်လက်ဖဝါးဖြင့် သူတို့ဆီသို့ ပြေးဝင်သွားသည်။
“သေမင်းစွယ်” အကြီးအကဲတုန်းပြောလိုက်သည်နှင့် သူ့လက်သည် အစွယ်နှစ်ချောင်းအဖြစ် ကွေးသွားပြီး မည်းနက်သော အရိပ်တစ်ခုက လက်တစ်ဖက်လုံးကို ဖုံးလွှမ်းသွားသည်။
“ဂွီ... အခုပဲ...လုပ်တော့” အကြီးအကဲဖုန်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး ချောမွေ့သော အစိမ်းဖြူရောင် သစ်ခေါက်တစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ဆွဲထုတ်လိုက်သည်။