သွေးလက်တစ္ဆေဂိုဏ်း
Vol. 3 Ch. 24
အကြီးအကဲဂွီသည် ဓားဖြင့် ရေးခြစ်ထားသကဲ့သို့ အမှတ်အသားများ ပါရှိသော ရှေ့ဟောင်းသစ်သားပြားတစ်ခုကို ထုတ်ယူလိုက်သည်။ အမှတ်အသားများသည် ထက်မြက်ပြီး ချောမွေ့သည်။ သစ်သားပြားပေါ်တွင် “တောင်နှင့်မြစ် တိုက်ခိုက်ခြင်း” ဟုသောစာသားများပါရှိသည်။
အကြီးအကဲတုန်းသည် ထိုသစ်သားပြားကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် အကြီးအကဲဖုန်း လက်ထဲရှိ သစ်ခေါက်နှင့် ယှဉ်လျှင် ဖိအားအနည်းငယ် သက်ရောက်နေသောကြောင့် ဖြစ်သည်။ အကြီးအကဲဂွီသည် သစ်သားပြားကိုကိုင်ထားရင်း သူ၏လက်မှအစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး သစ်သားပြားကို လွှမ်းခြုံကာ လောင်ကျွမ်းစေလိုက်သည်။
“လောင်ကျွမ်းစေ”
အကြီးအကဲဂွီအော်ဟစ်လိုက်သည်နှင့်တပြိုင်နက် သစ်သားပြားတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အစိမ်းရောင် မီးတောက်များသည် သစ်သားပြား တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် “တောင်နှင့်မြစ် တိုက်ခိုက်ခြင်း” အမှတ်အသားများက မီးတောက်များကို ချက်ချင်း ဝါးမြိုလိုက်သည်။
အကြီးအကဲဂွီ၏ မျက်နှာသည် သစ်သားပြားကို မီးတောက်များဖြင့် ဆက်လက် ပံ့ပိုးပေးနေရင်း တစ်စထက်တစ်စ ဖြူလျော်လာသည်။ အမှတ်အသားများ ကျေနပ်သည်အထိ အားဖြည့်ပေးရန်အတွက် သူသည် ဆေးလုံးအချို့ကိုပင်မျိုချလိုက်ရသည်။
နောက်ဆုံးတွင် သစ်သားပြားသည် ကွဲကြေသွားပြီး ပြာအဖြစ် ပြောင်းလဲသွားသော်လည်း “တောင်နှင့်မြစ် တိုက်ခိုက်ခြင်း” စာလုံးများသည် အစိမ်းရောင် ဓားအမှတ်အသားများအဖြစ် လေထဲတွင် လွင့်မျောနေသည်။
စာလုံးများပေါင်းစပ်သွားပြီး စိမ်းပြာရောင်ဝါးဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ အကြီးအကဲတုန်းအပေါ် လွှမ်းမိုးထားသော ဖိအားတစ်ခု ထုတ်လွှတ်လိုက်သည်။ ထို့နောက် တောင်တစ်လုံးကဲ့သို့ လေးလံသော ရေလှိုင်းကြီးတစ်ခုကို ဆောင်ကြဉ်းလျက် ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ရေလှိုင်းကြီးသည် ကြမ်းတမ်းစွာဖြင့်ရေလှိုင်းကို လက်ဖြင့် ဆွဲဖြဲရန် ပြေးဝင်လာသော အကြီးအကဲတုန်း အပေါ် ကျရောက်သွားသည်။
ထိပ်တိုက်တွေ့ဆုံမှုကြောင့် အကြီးအကဲတုန်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီးမှ ဓားတိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့သည်။ သူ၏ ရင်ဘတ်ရှိ ဝတ်ရုံမှာ စုတ်ပြဲသွားပြီး လက်တွင်မူ အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရရှိသွားကာ သွေးများ စီးကျလာသည်။
“ကောင်းတယ်... ကောင်းတယ်... ခင်ဗျားက ကြိုတင်ပြင်ဆင်လာတာပဲ ဖုန်းကျန်း။ ဖြောင့်မတ်လွန်းတဲ့ အကြီးအကဲဂွီကိုခင်ဗျားနဲ့ ပူးပေါင်းပြီး သစ္စာဖောက်အောင် ဘယ်လို ပြောလိုက်လဲဆိုတာ အမြဲ တွေးနေခဲ့တာ။ ခင်ဗျားကကျုပ်အတွက် အမြုတေဖွဲ့စည်းခြင်းအဆင့် တိုက်ခိုက်မှုတစ်ခုတောင် ပြင်ဆင်ထားသေးတာပဲ။
ကံဆိုးတာက နည်းနည်းလေး လိုသွားတယ်။ ဒီနည်းစနစ်က ချန်ယွမ်ရဲ့ ပုံစံမဟုတ်ဘူး။ ပြင်ပအကူအညီ ရထားတာလား။ ကိစ္စမရှိဘူး... ခု ခင်ဗျားတို့ နှစ်ယောက်လုံး သေလို့ရပြီ”
အကြီးအကဲတုန်းကယုတ်မာသော အပြုံးဖြင့် ပြောလိုက်ပြီး အောင်းယင်၏ ပုံရိပ်က လက်သီးဖြင့် ထိုးနှက်လိုက်သည်နှင့် တစ်ပြိုင်နက် အရိုးဓားဖြင့် ခုတ်ပိုင်းရန် ပြေးဝင်လာသည်။
ချောမွေ့သော အစိမ်းရောင် သစ်ခေါက်မှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီ တို့ကို လွှမ်းခြုံသွားကာ အရောင်ကွဲပြားသော အလင်းတန်းများဖြင့် ပြုလုပ်ထားသည့် ၁၀ မီတာမြင့်သော သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ အရောင်များမှာ အနီ၊ လိမ္မော် နှင့် အစိမ်းရောင်တို့ ဖြစ်ကြသည်။
အောင်းယင်၏ လက်သီးနှင့် သစ်ပင်မှ အဖြူရောင် အလင်းတန်းတို့ ထိတွေ့လိုက်သောအခါ မောင်းတီးသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိတွေ့မှုကြောင့် နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ချောက်နက်ကြီးတစ်ခုကဲ့သို့ ကျယ်ပြန့်လာသည်။ သစ်ပင်မှ အဖြူရောင်အလင်းတန်းသည် အချိန်မရွေး ကွဲကြေသွားနိုင်သကဲ့သို့ တဖျပ်ဖျပ် လက်နေသည်။
အကြီးအကဲဖုန်းနှင့်အကြီးအကဲဂွီ တို့၏ မျက်နှာများမှာ ရုတ်တရက်တောင့်တင်းသွားသည်။ အကယ်၍ အဖြူရောင် အလင်းတန်း အကာအကွယ် ကွဲကြေသွားပါက သူတို့သည် အောင်းယင်၏ တိုက်ခိုက်မှုကြောင့် အလောင်းပင် ရှာမရအောင် ပျက်စီးသွားပေလိမ့်မည်။
အဖြူရောင်အလင်းတန်းသည် ထပ်ခါထပ်ခါ လင်းလက်နေပြီး လက်လိုက်တိုင်း အလင်းရောင် မှိန်သွားသည်။ အကာအကွယ် လုံးဝ ကွဲကြေလုနီးပါး ဖြစ်နေချိန်တွင် အကြီးအကဲတုန်းသည် ခါးတွင် ချိတ်ထားသော ကျားသစ်ရေအိတ်ထံမှ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲဟု စစ်ဆေးရန် ပြင်လိုက်စဉ်ရုတ်တရက် အကြီးအကဲဖုန်း ထံမှ အော်သံတစ်ခု ကြားလိုက်ရသည်။
“မြူနွယ်ပင်... မလုပ်နဲ့... မလုပ်ပါနဲ့။ ငါတို့ ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မင်း ငါတို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီပဲ။ ဒီလို မလုပ်ပါနဲ့”
အကြီးအကဲဖုန်းက အလျင်အမြန် တောင်းပန်လိုက်ပြီး အကာအကွယ်ကို ဖြတ်ကျော်ကာ သွားရန် ကြိုးစားသော်လည်း ဘယ်လောက်ပဲ ကြိုးစားပါစေ ဖြတ်သန်း၍ မရနိုင်ပေ။
အကြီးအကဲဖုန်း ပြောတာကို ကြားလိုက်ရသောအခါ အကြီးအကဲတုန်း၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။
“သစ်ပင်က တစ်ခုခု ဖြစ်နေတာလား” သူသည် ဝိညာဉ်အာရုံကို အသုံးပြု၍ ကျားသစ်ရေအိတ်ကို အမြန် စစ်ဆေးလိုက်ရာ ဖြစ်ပျက်နေသည်ကို တွေ့ပြီးနောက် ထိန့်လန့်သွားသည်။ မြူနွယ်ပင်သည် အရွယ်အစား လျင်မြန်စွာ သေးငယ်သွားပြီး အပြင်ဘက်ရှိ ပုံရိပ်ကဲ့သို့ပင် အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။
“မဖြစ်ဘူး... မဖြစ်ဘူး... မဖြစ်ဘူး... ဒီလိုမဖြစ်ရဘူး။ ရပ်လိုက်စမ်း... ငတုံးသစ်ပင်” အကြီးအကဲတုန်းက အော်ဟစ်လိုက်ပြီး မူလအရွယ်အစား၏ တစ်ဝက်ခန့်သာ ကျန်တော့သော သစ်ပင်ကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူက လက်ဟန်များဖြင့် တံဆိပ်အများအပြား ဖန်တီးကာ သစ်ပင်ပေါ်သို့ ကပ်ပြီး တားဆီးရန် ကြိုးစားသော်လည်း သစ်ပင်နား ကပ်သွားသည်နှင့် ဖန်ခွက်ကွဲသလို ကွဲကြေသွားကြသည်။
မြူနွယ်ပင်သည် အစိမ်းရောင် သစ်ခေါက်နှင့် ၎င်း၏ ပုံရိပ်ရှိရာသို့ ပျံသန်းသွားသည်။ သစ်ခေါက်သည် သစ်ပင်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ပုံရိပ်က ကျုံ့ဝင်ကာ သစ်ပင်ကို ဝန်းရံလိုက်သည်။ ကွဲကြေလုနီးပါး ဖြစ်နေသော အကာအကွယ်သည် ပြန်လည် ဖြစ်ပေါ်လာပြီး မူလထက်အဆပေါင်းများစွာ ပိုမို ခိုင်ခံ့တောက်ပလာသည်။
သစ်ပင်သည် ဆက်လက် သေးငယ်သွားပြီး ယခင် မီတာ ၃၀ မှ ၂ မီတာခန့်တွင် ရပ်တန့်သွားသည်။ ကြီးမားသော စွမ်းအားတစ်ခုမှာ သစ်ပင်ထဲတွင် စုစည်းနေပုံရသည်။
အကြီးအကဲတုန်းသည် သစ်ပင်ထံမှ ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူ အလျင်အမြန် တုံ့ပြန်လိုက်ပြီး ဝမ်းဗိုက်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ဖန်တီးကာ ဓား၏ သွေးကြောမျှင်များကို သူ့သွေးများ အလျင်အမြန် စုပ်ယူခွင့် ပြုလိုက်သည်။
ကြုံတွေ့ရမည့် အန္တရာယ်ကြောင့် သက်စောင့်အားနှင့် ချီများစွာ ဆုံးရှုံးထား၍ ကျင့်ကြံခြင်းအဆင့် ထိခိုက်မည့် ကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ အစွမ်းကုန် မကြိုးစားလျှင် သေမည်ကို သူ သိသည်။ မြူနွယ်ပင်သည် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။
ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ဓားကို သွေးနှင့် ချီများ ပိုမို ထိုးသွင်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများမှာ ဖောင်းကြွလာပြီး ဆံပင်များလည်း ပိုမို ဖြူဖွေးလာသည်။ မျက်နှာ ချောင်ကျသွားပြီး ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းသွားသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းက အသက် ၃၀ အရွယ် လူငယ်တစ်ယောက်လို ဖြစ်နေသော်လည်း ယခုအခါတွင်သေခါနီး အသက် ၈၀ အရွယ်အဘိုးအို တစ်ယောက်လို ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် အောင်းယင်၏ ပုံရိပ်သည် ပိုမို ထင်ရှားလာပြီး အမွှေးများပေါ်တွင် အရောင်ဖျော့ဖျော့များပင် ပေါ်လာသည်။ အမည်းနှင့် အနီရောင် အမွှေးများ ဖြစ်သော်လည်း ဝေဝါးနေဆဲ ဖြစ်ပြီး အစစ်အမှန် မဟုတ်ဘဲ ပုံရိပ်ယောင်သာ ဖြစ်နေသေးသည်။ အနီရောင် အမွှေးများသည် အရေပြား မဖုံးထားသော အသားစိုင် သက်သက်ကဲ့သို့ ဖြစ်နေသည်။
ပုံရိပ်သည် ဟိန်းဟောက်လိုက်ပြီး ဓားက အကြီးအကဲတုန်း လက်မှ လွတ်ထွက်သွားသည်။ သွေးကြောမျှင်များမှာသူ၏ဒုန်တျန်ကို တွယ်ကပ်ထားဆဲပင်။ ဟိန်းဟောက်သံသည် မိုင်ပေါင်းများစွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် မိုးခြိမ်းသံကဲ့သို့ လေလှိုင်းများ ဖြစ်ပေါ်စေသည်။
အောင်းယင်ဟိန်းဟောက်လိုက်သည်နှင့် မြူနွယ်ပင်ထံမှ အစိမ်း၊ အနီ နှင့် လိမ္မော်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများသည် ချောမွေ့သော သစ်ကိုင်းပုံသဏ္ဌာန် ပြောင်းလဲသွားပြီး အောင်းယင်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
သူ့ထံသို့ဝင်ရောက်လာသော အလင်းတန်း သစ်ကိုင်းကို ဧရာမ လက်ဖဝါးနှစ်ဖက်ကြား ညှပ်ပြီး တားဆီးရန် ကြိုးစားလိုက်သည်။
“ဘုန်း….”
ထိတွေ့မှုကြောင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အောင်းယင်၏ အောက်ရှိ မြေကြီးများ နစ်ဝင်သွားသည်။ အောင်းယင်သည် သစ်ကိုင်းကို ချိုးပစ်ရန် ကြိုးစားရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အချည်းနှီးသာ။
နှစ်ဖက်စလုံး အားပြိုင်နေကြသော်လည်း အကြီးအကဲတုန်းရော အကြီးအကဲဖုန်းပါ အခြေအနေ မကောင်းကြပေ။ အကြီးအကဲတုန်းသည် ဆက်တိုက် စုပ်ယူခံနေရပြီး ဤနှုန်းအတိုင်းဆိုလျှင် အောင်းယင်သာ အမြန် အဆုံးမသတ်နိုင်ပါက သူ့ကျင့်ကြံခြင်း ပျက်စီးသွားမည် သို့မဟုတ် ပိုဆိုးပါက ဟောင်ယဲ့နှင့် ကျာထင်ဖုန်းတို့လို ဓား၏ ဝါးမြိုခြင်းကို ခံလိုက်ရနိုင်သည်။
အကြီးအကဲဖုန်းမှာမူ စိုးရိမ်မှု၊ နောင်တ၊ ရှက်ရွံ့မှုနှင့် နာကျင်မှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် မြူနွယ်ပင်ကို ကြည့်နေသည်။
“ဘာလို့ ဒီလိုလုပ်ရတာလဲ။ မင်းက ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီး အိပ်စက်ခြင်း အဆင့်ကို ဝင်တော့မှာလေ။ မဝင်ခင် စွမ်းအင်အလုံအလောက် မရှိရင် ဘယ်တော့မှ ပြန်နိုးထလာမှာ မဟုတ်တော့ဘူးငတုံးသစ်ပင်ရဲ့” အကြီးအကဲဖုန်းက နာကျင်စွာ ပြောလိုက်သည်။ ဒီအဆင့်ရောက်မှတော့ဘာမှ မတတ်နိုင်တော့ပေ။ သူ မျှော်လင့်နိုင်တာကတော့ စွမ်းအင် ကုန်ဆုံးမှု နည်းနိုင်သမျှ နည်းအောင် မြူနွယ်ပင် အနေနဲ့ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ပင်။ သို့သော် အခြေအနေအရ မကြာမီ ပြီးဆုံးမည့်ပုံ မပေါ်ပေ။
မိနစ်အနည်းငယ်ကြာ အားပြိုင်နေမှုသည် အဆုံးအဖြတ် အမှတ်သို့ ရောက်ရှိလာသည်။ မြူနွယ်ပင်သည် တိုက်ခိုက်မှု ပြင်းအားကို မြှင့်တင်လိုက်ရာ နေရောင်ထက်ပင် ပိုမို တောက်ပလာသည်။ အောင်းယင်ဘက်တွင်မူ ၎င်း၏ ကြားခံဖြစ်သော အရိုးဓားသည် အကြီးအကဲတုန်း ကို သေလုနီးပါး စုပ်ယူလိုက်ပြီ ဖြစ်သည်။
သူ၏အရေပြားများသည် အရိုးပေါ်တွင် တွဲလောင်းကျနေသည်။ခန္ဓာကိုယ်တစ်ခုလုံး ဝတ်ရုံထဲတွင် နစ်မြုပ်နေသကဲ့သို့ ဖြစ်နေသည်။ သူသည် ဒူးထောက်လျက် အားနည်းစွာ ရှိနေသော်လည်း မျက်လုံးထဲတွင် မီးတောက်များ ရှိနေသည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ အားနည်းစွာဖြင့် အဖုံးဖွင့်ပြီး အဖြူရောင် မျှော့နှင့်တူသော သတ္တဝါအချို့ကို ထုတ်ယူကာ ဆာလောင်နေသော ဝံပုလွေတစ်ကောင်လို ရူးသွပ်စွာ စားသောက်လိုက်သည်။ သူ၏ ဖြူလျော်နေသော မျက်နှာသည် အနည်းငယ် ပန်းရောင်သမ်းလာသော်လည်း ချက်ချင်းပင် ပြန်ဖြူသွားသည်။
အကြီးအကဲတုန်းသည် ထိုအရာကို မြင်သောအခါ သွားကြိတ်လိုက်ပြီး ခေါင်း ၃ လုံးပါ လင်းတပုံစံ ထွင်းထုထားသည့် မီးခိုးရောင် အိုးငယ်လေး တစ်လုံး သူ့လက်ဝါးပေါ်တွင် ပေါ်လာသည်။ သူသည် သတိထား၍ အဖုံးဖွင့်ပြီး ပါးစပ်နားတေ့ကာ အထဲမှ အရာကို မျိုချလိုက်သည်။
အကျိအချွဲများဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်ပေါ်တွင် မီးခိုးရောင်နှင့် အဖြူရောင် ကွင်းများ ပါရှိသော မည်းမှောင်သည့် သတ္တဝါတစ်ကောင် တွန့်လိမ်နေသည်။ ရွှံ့အိုင်ထဲမှ တီကောင်တစ်ကောင်နှင့် တူသည်။
အကြီးအကဲတုန်းက ထိုသတ္တဝါကို မျိုချလိုက်သည်နှင့် သူ့မျက်လုံးများ တစ္ဆေတစ်ကောင်လို အခေါင်းပေါက်ဖြစ်သွားပြီး အသားအရေမှာ ပြာနှမ်းသွားသည်။ သူ့ကို တွယ်ကပ်ထားသော သွေးကြောမျှင်များသည် တစ်စုံတစ်ခုကို ကြောက်ရွံ့သကဲ့သို့ တွန့်လိမ်သွားပြီး ခန္ဓာကိုယ်မှ ကွာကျသွားကြသည်။
ဓားသည် စွမ်းအင် ထောက်ပံ့မှု ပြတ်တောက်သွားသော်လည်း အောင်းယင်၏ ပုံရိပ်မှာ အနည်းငယ်မျှ အားနည်းသွားခြင်း မရှိပေ။ မြူနွယ်ပင်နှင့် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်နေပြီး အနည်းငယ် အသာစီးရလာပုံရသည်။
အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့သည် အကြီးအကဲတုန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူ ခုနက မျိုချလိုက်သော သန်ကောင်ကို သူတို့ မှတ်မိသည်။ ၎င်းသည် “သွေးလက်တစ္ဆေဂိုဏ်း” မှ အသုံးပြုသော ရှားပါးသန်ကောင် ဖြစ်သည်။
ဤဂိုဏ်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ယုတ်မာသော နည်းစနစ်များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူတို့၏ ဒုတိယခေါင်းဆောင် တစ်ဦးသည် သူ၏ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကိုအဆင့်မြှင့်ရန်အတွက် ပြည်နယ်တစ်ခုလုံးကိုသွေးချောင်းစီး သတ်ဖြတ်ခဲ့ဖူးသည်။
မကောင်းဆိုးဝါးအဖွဲ့အစည်း ဖြစ်သော်လည်း ဖြောင့်မတ်သည်ဟု ဆိုကြသော ဂိုဏ်းများ၊ မျိုးနွယ်စုများ၊ ဘုရင့်နိုင်ငံများနှင့်အင်ပါယာအချို့နှင့်ပင် ဆက်ဆံရေးများစွာ ရှိသည်။ သူတို့သည် လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လုယက်ခြင်းနှင့် အခြားသော ဂိုဏ်းများ၊ မျိုးနွယ်စုများ ကိုယ်တိုင် မလုပ်ချင်သော မစ်ရှင်အမျိုးမျိုးကို လက်ခံဆောင်ရွက်ပေးသည်။
သူတို့၏ အောင်မြင်မှုနှုန်း မြင့်မားခြင်း၊ မည်မျှပင်ခက်ခဲသော မစ်ရှင်မဆို ဆောင်ရွက်နိုင်ခြင်း၊ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းနှင့် အဖွဲ့ဝင်များ၏ နေရာမရွေး စိမ့်ဝင်နိုင်သော စွမ်းရည်တို့ကြောင့် ငွေကြေး လုံလောက်စွာ ပေးနိုင်သရွေ့ သူတို့၏ ဝန်ဆောင်မှုကို ငှားရမ်းကြသည်။
သွေးလက်တစ္ဆေဂိုဏ်းသည် မစ်ရှင် မအောင်မြင်သည်မှာ ရှားပါးသည်။ အဆင့် ၁ မျိုးနွယ်စု ဖြစ်သော မော့မျိုးနွယ်စုမှ အထွတ်အထိပ် အကြီးအကဲတစ်ဦးကိုပင်လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည်။ ထိုအကြီးအကဲသည် နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီးထိုလုပ်ကြံမှုသည် တောင်ဘက်တိုက်ကြီး တစ်ခုလုံးကို ရိုက်ခတ်သွားစေခဲ့သည်။
နယ်မြေအဆင့် ကျွမ်းကျင်သူများသည် အလွန် စွမ်းအားကြီးမားပြီး တစ်ဦးတည်းဖြင့် အဆင့် ၃ ဘုရင့်နိုင်ငံ တစ်ခုလုံးကို လက်ဖဝါး တစ်ချက်လှန်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။ သို့သော် ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ သာမန်လူများက မသေနိုင်ဟု ထင်မှတ်ထားသော နယ်မြေအဆင့် ကျွမ်းကျင်သူများသည်လည်း အခြားလူများကဲ့သို့ပင် အသတ်ခံရနိုင်ပြီး တန်ကြေးပေးနိုင်သရွေ့ သွေးလက်တစ္ဆေဂိုဏ်းကို ငှားရမ်း၍ သတ်ဖြတ်ခိုင်းနိုင်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
လုပ်ကြံမှု ပြီးနောက် မော့မိသားစုနှင့် မဟာမိတ်များသည် သွေးလက်တစ္ဆေဂိုဏ်းဝင်များကို ဆက်တိုက်လိုက်လံ ဖမ်းဆီးသော်လည်း မအောင်မြင်ခဲ့ပေ။ အဆင့်နိမ့် ဌာနခွဲအချို့နှင့် အဖွဲ့ဝင်အနည်းငယ်သာ ဖမ်းမိပြီး ဂိုဏ်း၏ အမာခံ ပညာရှင်များနှင့် ဌာနချုပ်ကိုမူ ရှာမတွေ့ခဲ့ပေ။
သူတို့၏ ခေါင်းဆောင်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဖြစ်သည်ဟု ကောလာဟလများ ရှိသောကြောင့် သူတို့၏ ပင်မပုန်းခိုရာနေရာကို ရှာမတွေ့ခြင်း ဖြစ်နိုင်သည်။