← Chapters

ဂိုဏ်းတည်ထောင်သူ၏ရန်သူတော်ကြီး

Vol. 3 Ch. 25

ဂိုဏ်းတည်ထောင်သူ၏ရန်သူတော်ကြီး

Vol. 3 Ch. 25

“ဖုန်း... အဲဒါက...” အကြီးအကဲဂွီ က မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရင်း တုန်ရီသောအသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်... ဂိုဏ်းတည်ထောင်သူက သူ ထွက်ပြေးတိမ်းရှောင်လာရတဲ့ အကြောင်းရင်းကို ရေးထားတဲ့ မှတ်စုထဲက တစ္ဆေသန်ကောင်တွေနဲ့ တော်တော်တူတယ်။ ဒါဆိုရင် အကြီးအကဲတုန်းကလည်း အဲဒီလူနဲ့ တစ်ဖွဲ့တည်း ဖြစ်ရမယ်။ တည်ထောင်သူရဲ့ မှတ်တမ်းအရဆိုရင် ဒီသန်ကောင်တွေက ထူးဆန်းပြီး ရှားပါးတဲ့အတွက်ကြောင့် သာမန်ကျင့်ကြံသူတွေ လက်ထဲမှာ ရှိလေ့မရှိဘူး။

သားကောင်ကို လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်အောင်ပြုလုပ်နိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းရည်ရှိပေမဲ့ ဒါကိုထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ အဖွဲ့အစည်းက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက သွေးလက်တစ္ဆေဂိုဏ်းပဲ။

တည်ထောင်သူက မြူနွယ်ပင်ကိုရရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေထဲမှာ ရတနာတစ်ခုအတွက် သူတို့အဖွဲ့ဝင် တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ တည်ထောင်သူက သူ့ပြိုင်ဘက်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်ပေမဲ့ အဲဒီသန်ကောင်တွေကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရပြီး အသက်ရှင်ဖို့ထွက်ပြေးခဲ့ရတယ်။

အဲဒီအဖွဲ့ဝင်က ထူးဆန်းတဲ့ သဟဇာတကျင့်ကြံခြင်း နည်းစနစ်ကို သုံးပြီး တည်ထောင်သူဆီက စွမ်းအင်တွေကို သန်ကောင်တွေကတစ်ဆင့် သူ့ဆီ စုပ်ယူခဲ့တာကြောင့် တိုက်ပွဲအခြေအနေက သူ့ဘက်က အသာစီး ဖြစ်သွားခဲ့တာ။ သူက တည်ထောင်သူကို မနားတမ်း လိုက်လံတိုက်ခိုက်ခဲ့လို့ တည်ထောင်သူက အန္တရာယ်များတဲ့ မြစိမ်းရောင်မြူတောဒေသ ထဲကို ထွက်ပြေးခဲ့ရတယ်။

တည်ထောင်သူက စိမ့်နွံထဲကိုရောက်မှ အောင်မြင်စွာလွတ်မြောက်နိုင်ခဲ့တယ်။ နှစ်တွေ အများကြီးအချိန်ကြာသွားပေမဲ့ အဲဒီလူကလိုက်မလာသလို တွေ့လည်းမတွေ့ရတော့ဘူး။ အဲဒီလူကလေထဲမှာပျောက်သွားသလိုပဲ။

တည်ထောင်သူကတော့ သွေးလက်တစ္ဆေဂိုဏ်းဝင်ကသန်ကောင်တွေကို အသုံးပြုတဲ့ မှော်ပညာရဲ့နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေသွားတာလဲ ဖြစ်နိုင်သလို၊ စိမ့်နွံထဲက ဝိညာဉ်သားရဲ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် ဒါမှမဟုတ် တိုက်ပွဲအတွင်း တည်ထောင်သူ ပေးခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေသွားတာ ဖြစ်မယ်လို့ ခန့်မှန်းခဲ့တယ်။

နှစ်တွေအတော်ကြာမှ စုံစမ်းစစ်ဆေးမှုတွေကတစ်ဆင့် အဲဒီလူက ဘယ်အဖွဲ့အစည်းကလဲဆိုတာကိုသိခဲ့ရတယ်။ အဲဒါကြောင့်ပဲ စိမ့်နွံထဲမှာ ရှင်သန်ရတာ ဘယ်လောက်ပဲ ခက်ခဲပါစေ ဂိုဏ်းကို ပင်မကုန်းမြေကြီးဆီ ဘယ်တော့မှ မရွှေ့ပြောင်းခဲ့တာ။

သူတို့ရဲ့ အလယ်အလတ်အဆင့် အဖွဲ့ဝင်တချို့ နှာချေလိုက်ရုံနဲ့တင် မြူနွံဂိုဏ်းက တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားနိုင်တယ်။

အကြီးအကဲတုန်းသာ အဲဒီဂိုဏ်းကသာ အမှန်တကယ်ဖြစ်မယ်ဆိုရင် ငါတို့အားလုံး အန္တရာယ်ရှိတယ်။ ငါမျှော်လင့်တာကတော့ အကြီးအကဲတုန်းက ကိုယ်ကျိုးအတွက် ဂိုဏ်းထဲမှာ လာရှုပ်နေတာ ဖြစ်ပါစေ၊ သူ့ဂိုဏ်းရဲ့ အမိန့်နဲ့ မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။

တကယ်လို့ သူ့ဂိုဏ်းရဲ့ အမိန့်နဲ့သာဆိုရင် ငါတို့ စီစဉ်ထားတာတွေ၊ လုပ်ခဲ့တာတွေအားလုံး အလကား ဖြစ်သွားလိမ့်မယ်။ အကြီးအကဲတုန်းကို သွေးလက်တစ္ဆေလို အန္တရာယ်များတဲ့ အဖွဲ့အစည်းရဲ့အဖွဲ့ဝင် ဖြစ်လိမ့်မယ်လို့လုံးဝ ထင်မထားခဲ့မိတာ ငါ့ရဲ့ ကြီးမားတဲ့အမှားပဲ။

ဂွီ... မင်းကို ဒီကိစ္စထဲ ဆွဲထည့်မိတဲ့အတွက် တောင်းပန်ပါတယ်” အကြီးအကဲဖုန်းက နောင်တရသော လေသံဖြင့် ပြောလိုက်သည်။

“ဒီလို စကားတွေပြောစရာ မလိုပါဘူး ဖုန်း။ ငါဘာနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိပြီးသားပါ။ ငါတို့မျှော်လင့်ထားတဲ့ အခြေအနေ မဟုတ်ပေမဲ့ အခုသိနေရတဲ့ အခြေအနေကို သိရင်တောင် ငါဒီချောက်နက်ထဲ ခုန်ဆင်းမိမှာပဲ။

ငါတို့တွေသိကျွမ်းခဲ့တာကြာပြီပဲ... မင်း၊ ငါ၊ ချန်ယွမ်၊ ဟူချိုး နဲ့ ကန်မေတို့လေ။ ငါတို့ အတူတူ မဖြတ်ကျော်ဖူးတဲ့ အသက်အန္တရာယ်တွေ အခက်အခဲတွေဆိုတာ မရှိလို့လား။ ကန်မေတစ်ယောက် ဒီအချိန်ထိ အသက်မရှင်တော့တာ နှမြောစရာပဲ။ သူကမှ တကယ့် ပါရမီရှင်။”

“အရင်ဂိုဏ်းချုပ်က ထူးချွန်တဲ့ ပါရမီရှင် တပည့် ၃ ယောက် ရထားတာ တကယ်ကိုကံကောင်းတယ်။ မင်း၊ ချန်ယွမ်နဲ့ ကန်မေ တို့က ငါတို့ကို ညံ့ဖျင်းတယ်လို့ ထင်ရလောက်အောင်ကို ပါရမီပါလွန်းကြတယ်။

သူသာ အသက်ရှင်နေသေးရင် မင်းတို့ ၃ ယောက်ပေါင်းပြီး ဂိုဏ်းကို ခုထက်ပိုမြင့်မားတဲ့ အဆင့်ရောက်အောင် တွန်းပို့နိုင်မှာ။ အဆင့် ၃ ဂိုဏ်းတဂိုဏ်း ဖြစ်လာဖို့ဆိုတာ အချိန်တစ်ခုပဲလိုတာ။”

“ဒါပေမဲ့ ‘ဖြစ်နိုင်ရင်’ ဆိုတာတွေက အခုတော့ အရာမထင်တော့ပါဘူး။ သွေးလက်တစ္ဆေဂိုဏ်းကသာ ငါတို့ဂိုဏ်းကို ပစ်မှတ်ထားရင် ငါတို့အပါအဝင် မြူနွံဂိုဏ်း တစ်ခုလုံး သူရှိရာဆီ လိုက်သွားရကိန်း ရှိတယ်။

ဂုဏ်ယူပါတယ် ဖုန်း... အဆိပ်သင့် ကပ်ပါးကောင်တွေ ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ကြားက ချန်ယွမ်ရဲ့ လတ်တလော စီမံကိန်းတွေ အောင်မြင်လာတာနဲ့အမျှ ဂိုဏ်းကြီး ဘယ်လို တိုးတက်လာမလဲ ဆိုတာ ငါ မြင်ချင်သေးတယ်” အကြီးအကဲဂွီက ဟောင်ယဲ့နှင့် ကျာထင်ဖုန်း ဝါးမြိုခံလိုက်ရသည့် နေရာကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

“ငါလည်း ဂုဏ်ယူပါတယ်မိတ်ဆွေကြီး။ ဒီကိစ္စပြီးရင် ချန်ယွမ်ဘာဖြစ်မလဲ မသိပေမဲ့ သူကတကယ်ဉာဏ်များတဲ့ကောင်၊ ဂိုဏ်းအတွက် ထွက်ပေါက်တစ်ခုခုရှာတွေ့မှာ သေချာပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် ဟိုဘက်က ငါတို့မိတ်ဆွေ အကြီးအကဲတုန်းလို ရုပ်ပေါက်သွားရင်တော့ မပြောတတ်ဘူး” အကြီးအကဲဖုန်း က ပြောလိုက်ပြီး နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ ရယ်မောလိုက်ကြသည်။

“အနည်းဆုံးတော့ သူဝမ်ချန်ရဲ့ နို့ရည်ကိုသောက်ပြီး လန်းဆန်းသွားမှာပါကွာ ဟား…ဟား….” အကြီးအကဲဂွီ က နောက်ပြောင်လိုက်သည်။

“သူ့ကို မကြားစေနဲ့ဦး။ ငါ့ဂျုနီယာညီလေးကသူ့မျက်နှာကို နည်းနည်း ပိုချစ်တတ်တယ်။ ကဲ... ဂွီ... ငါတို့ အခြေအနေက မနိုင်ဝန် ထမ်းနေရပေမဲ့ ငါကတော့ ဒီလောက်နဲ့ အလွယ်တကူ အသေမခံနိုင်ဘူး။ ငါတို့ ကန်မေအတွက် လက်စားချေပေးရဦးမယ်။

မဟူရာစကြဝဠာမိချောင်းက အခုဆို ဘုရင်အတု ဖြစ်နေပြီ၊ သူတို့ထဲမှာ အသန်မာဆုံးပဲလို့ ကြားတယ်။ ချန်ယွမ် တစ်ယောက်တည်းကိုပဲ ဒီအကြွေးကို ပခုံးထမ်းခိုင်းလို့ မဖြစ်ဘူး” အကြီးအကဲဖုန်းက ပြောလိုက်သည်။ သူ့လေသံတွင် ပွက်ပွက်ဆူနေသော ဒေါသ အငွေ့အသက် ပါဝင်နေသည်။

“ရှောင်လွှဲလို့ရမယ်ဆိုရင် ငါမသေချင်သေးဘူး။ ချန်ယွမ်က ငါ့ကို ကောင်းမွန်တဲ့ အငြိမ်းစားယူမယ့် အစီအစဉ် ပေးထားတယ်။ သက်တောင့်သက်သာ နေဖို့ နှစ် ၁၀၀ ကျန်သေးတယ်၊ အဲဒီအချိန်တွေကို သွေးလက်တစ္ဆေဂိုဏ်းဝင်တစ်ယောက်နဲ့ သွေးစုပ်နွားသိုးမိစ္ဆာ တစ်ကောင်ကြောင့် အဆုံးသတ် မခံနိုင်ဘူး” အကြီးအကဲဂွီက ပြောလိုက်သည်။

“စောစောက အစိမ်းရောင်ပျံလွှားငှက်က တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်း မှော်ပညာနဲ့ တူတယ်။ အကြီးအကဲတုန်းရဲ့ တုံ့ပြန်ပုံအရ တစ်ချက်တိုက်ခိုက်ပြီးတာနဲ့ ထွက်ပြေးဖို့ ရွေးချယ်တယ်ဆိုတော့ ပိုင်ရှင်က တော်တော် စွမ်းအားကြီးမှာပဲ။

ပြီးတော့ မြူနွယ်ပင် စွမ်းအားပြတုန်းက နောက်ထပ် ငှက် ၂ ကောင် ဝင်လာတာ တွေ့လိုက်တယ်။ တစ်ကောင်တည်းနဲ့တင် သူ့ရဲ့ ရက်စက်တဲ့ နည်းစနစ်ကို သရေကျအောင် လုပ်နိုင်တယ်ဆိုရင် နောက်ထပ် ၂ ကောင် ထပ်ပေါင်းလိုက်ရင်ဘာဖြစ်မလဲ။ ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်တယ်။ ငါငယ်ငယ်ကတည်းက ကံကောင်းတတ်တယ်” အကြီးအကဲဖုန်း က မာန်ပါပါ ပြောလိုက်သည်။

“ကံကောင်းလို့ ရတနာရှာရင်း အဆိပ်မိခဲ့တာပေါ့လေ။ တကယ့် ကံကောင်းခြင်းသားတော်လေးပဲ” အကြီးအကဲဂွီ က တိုးတိုးရွတ်လိုက်ပြီး လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ရာ အကြီးအကဲဖုန်း က ရှက်ကိုးရှက်ကန်းဖြင့် မုတ်ဆိတ်မွေးကိုသာသပ်နေသည်။

အောင်းယင်၏ပုံရိပ်သည် ရုတ်တရက် ပြောင်းလဲသွားပြီး အရိုးဓားက အရောင်ဖျော့ဖျော့ရှိသော ဖောက်ထွင်းမြင်နိုင်သည့် ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားသည်။ ဓားသည် ရှေ့သို့ ပျံသန်းသွားပြီး ညာဘက် လက်ညှိုးနေရာတွင် နေရာယူလိုက်သည်။

အရိုးဓားသည် မူလကတည်းက ရှိနေသကဲ့သို့ လက်ညှိုးအရိုးအဖြစ် ပြောင်းလဲသွားသည်။ ဖောက်ထွင်းမြင်နိုင်သော လက်ညှိုးသည် အသားနှင့်သွေး အစစ်အမှန်အဖြစ် ပြောင်းလဲသွားသည်။ မြင်းခြေထောက် အရွယ်အစားခန့်ရှိသော ထူထဲသည့် အနီရင့်ရောင် လက်ညှိုးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့သည် မြူနွယ်ပင်၏ အလင်းရောင် အကာအကွယ်အောက်တွင် ရှိနေသော်လည်း အသက်ရှူကြပ်လာကြသည်။ သူတို့၏ အတွင်းကလီစာများ တိုက်စားခံရပြီး အရည်ပျော်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုလက်ညှိုးသေးသေးလေးတစ်ခုတည်းမှ သွေးမြစ်ကြီး တစ်စင်းနှင့် ဦးခေါင်းခွံများ ပါဝင်သော ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရပြီး ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်က ထိုမြစ်ကြီး တစ်ခုလုံးကို တစ်ငုံတည်းဖြင့် မျိုချလိုက်သည်ကို မြင်လိုက်ရသည်။

ထိုပုံရိပ်ယောင်၏ အကျိုးသက်ရောက်မှုကြောင့် သူတို့၏ ခေါင်းများ ကွဲထွက်မတတ် ခံစားလိုက်ရသည်။ အကြီးအကဲဂွီသည် အော်ဟစ်လိုက်ပြီး မျက်လုံး၊ နား နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသည်။ သူ၏စိတ်ဝိညာဉ်သည် တိုက်ခိုက်ခံနေရပြီး ခံနိုင်ရည် အကန့်အသတ်သို့ ရောက်တော့မည် ဖြစ်သည်။

အကယ်၍ စိတ်ဝိညာဉ် ကျိုးပေါက်သွားပါက ကိုယ်ပိုင် အသိစိတ် ပျောက်ဆုံးသွားပြီး ရုပ်သေးရုပ် သို့မဟုတ် အခွံလွတ်တစ်ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။ ဘေးမှ အကြီးအကဲဖုန်းမှာ မနည်းတောင့်ခံနေရသော်လည်း အကြီးအကဲဂွီထက် သက်သာပေသည်။ သူ၏မျက်လုံးထဲတွင် ကြည်လင်မှုအနည်းငယ်ကျန်ရှိနေသေးပြီး တောင့်ခံထားနိုင်ရန် သွားကို သွေးထွက်သည်အထိ ကြိတ်ထားသည်။

အသက်ရှင်နိုင်မည့် အခွင့်အရေးအကြောင်း ကြွားဝါပြီးနောက် ဒါက သူတို့၏ နိဂုံးချုပ်ဟု တွေးလိုက်ချိန်တွင် ငြိမ်းချမ်းသော ခံစားမှုတစ်ခု သူတို့ကို လွှမ်းခြုံသွားသည်။ ချောမွေ့သော မြက်ခင်းပေါ်တွင် လဲလျောင်းနေရသကဲ့သို့၊ နေရောင်ခြည်၏ နွေးထွေးမှုနှင့် လန်းဆန်းသော လေနုအေးကို ခံစားနေရသကဲ့သို့ ဖြစ်သွားသည်။

ထိုခံစားမှုသည် ဦးခေါင်းမှ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ကိုယ်ခန္ဓာကို ပြန်လည် ထိန်းချုပ်နိုင်လာသည်။ သူတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရာ အစိမ်း၊ လိမ္မော်နှင့် အနီရောင် အလင်းတန်းများ သူတို့ကို ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် အောင်းယင်ကို ရုန်းကန်တိုက်ခိုက်နေဆဲ ဖြစ်သော မြူနွယ်ပင် ဘက်သို့ လှည့်ပြီး ဦးညွှတ်လိုက်ကြသည်။ သို့သော် သစ်ပင်သည်လည်း အရေးနိမ့်နေပုံရသည်။ သစ်ကိုင်းမှအလင်းတန်းသည် အောင်းယင်၏ ညာဘက်လက်ကြောင့် သံချေးတက်သကဲ့သို့ တမြေ့မြေ့တိုက်စားခံနေရသည်။ အောင်းယင်၏ သက်ရှိလက်ညှိုးမှ အနီရင့်ရောင် အရည်များ သစ်ကိုင်းတစ်လျှောက် စီးကျလာပြီး သစ်ကိုင်းကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

အရည်နှင့် သစ်ကိုင်း ထိတွေ့လိုက်တိုင်း တရှဲရှဲ မြည်သံနှင့်အတူ အနီရောင် မီးခိုးများ ထွက်ပေါ်လာသည်။ သစ်ကိုင်းမှ အလင်းရောင်သည် တရှဲရှဲမြည်တိုင်း တဖျပ်ဖျပ် လက်နေသော်လည်း တောက်ပမှု လျော့နည်းသွားခြင်း မရှိပေ။

အကြီးအကဲဖုန်းသည် အစောပိုင်းက အစိမ်းရောင်ပျံလွှားငှက် ပျောက်ကွယ်သွားရာ ကောင်းကင်သို့ မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။ လက်ရှိ အခြေအနေအတိုင်းဆိုလျှင် မြူနွယ်ပင် ရှုံးနိမ့်သွားလိမ့်မည်။ အိပ်စက်ခြင်းအဆင့်မှာနီးကပ်လာပြီ ဖြစ်၍ ၎င်း၏ စွမ်းရည်အချို့ကို ချိတ်ပိတ်ထားပြီး အလွယ်တကူ ပြန်ဖွင့်၍ မရနိုင်ပေ။

ယခုအချိန်တွင် သူလုပ်နိုင်သည်မှာ စုဆောင်းထားသော စွမ်းအင်များကို လောင်ကျွမ်းစေပြီး သန့်စင်ခြင်း နှင့် ဝိညာဉ်စီရင်ခြင်း ကဲ့သို့သော ချိတ်ပိတ်မထားသည့် စွမ်းရည်များကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ သန့်စင်ခြင်း စွမ်းရည်ဖြင့် လွန်ခဲ့သော တခဏကအကြီးအကဲဖုန်း တို့ကို ကယ်တင်ခဲ့ပြီး ဝိညာဉ်စီရင်ခြင်း စွမ်းရည်ဖြင့် အလင်းရောင် သစ်ကိုင်းကို ဖန်တီးကာ အောင်းယင်ကို ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

အကြီးအကဲဖုန်းမော့ကြည့်နေစဉ် တိမ်တိုက်များ စတင်စုစည်းလာပြီး ကောင်းကင်မှာမည်းမှောင်လာခဲ့သည်။ အစိမ်းရောင် အလင်းတန်း ၂ ခုသည် မည်းမှောင်နေသော တိမ်တိုက်ထဲသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားပြီး တတိယမြောက် အစိမ်းရောင် အလင်းတန်းနှင့် ပေါင်းစပ်သွားသည်။ အစိမ်းရောင် အလင်းတန်းများသည် လက်သီးဆုပ်ငယ်လေးများကဲ့သို့ ဖြစ်နေသည်။

၎င်းတို့သည် တိမ်တိုက်ထဲတွင် နာရီလက်တံ ပြောင်းပြန် လားရာအတိုင်း စတင် လည်ပတ်နေကြသည်။ အစပိုင်းတွင် အကြီးအကဲဖုန်းအနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုကို ခြေရာခံနိုင်သော်လည်း မကြာမီ အလွန် လျင်မြန်စွာ ရွေ့လျားလာသဖြင့် အလင်းတန်း တစ်ခုတည်းကဲ့သို့ ဖြစ်သွားသည်။

မည်းမှောင်သော တိမ်တိုက်များသည် ထိုလှုပ်ရှားမှု၏ လွှမ်းမိုးမှုကို ခံရပြီး ဂယက်ထလာကာ အစိမ်းရောင် အလင်းတန်းနှင့် ထပ်တူကျသည်အထိ လားရာတူလည်ပတ်လာသည်။

အကြီးအကဲဖုန်းနှင့် အကြီးအကဲဂွီတို့သည် ဘာတွေ ဖြစ်နေသလဲဟု တွေးတောရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။

မကြာမီ လွန်ခဲ့သော ခဏက မည်းမှောင်နေသော တိမ်တိုက်ကြီးသည် အစိမ်းဖျော့ရောင်အဖြစ် ပြောင်းလဲသွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ငှက်အော်သံများ ထွက်ပေါ်လာသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။

…………………………………………….

ထိုအချိန်တွင် မိုင်ပေါင်းများစွာ အကွာအဝေးရှိ တောင်ထိပ်တစ်ခုသည် ထူထဲသော မြူဖြူများ ဝန်းရံထားသဖြင့် ဘာမှ မမြင်ရအောင် ဖြစ်နေသည်။ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ ထွက်ပေါ်လာသော ငှက်အော်သံသည် ဤနေရာသို့ ရောက်ရှိလာပြီး တိတ်ဆိတ်အေးစက်နေသော လေထုကို ရိုက်ခတ်သွားသည်။ မကြာမီ မြူများသည် တစ်စုံတစ်ရာက မျိုချလိုက်သကဲ့သို့ တောင်ထိပ်ပတ်လည်မှ အတွင်းဘက်သို့ စုစည်းသွားသည်။

စက္ကန့်အနည်းငယ် အတွင်း မြူများ အားလုံး ရှင်းလင်းသွားပြီး သုံးထပ်အဆောက်အဦ တစ်လုံးနှင့် ကြီးမားသော စိုက်ခင်းတစ်ခု ပါဝင်သည့် ခြံဝင်းကျယ်ကြီး ပေါ်လာသည်။ အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် လူငယ်တစ်ဦးမှာကြာပန်းပုံစံ ထိုင်နေလျက်ရှိသည်။

သူ၏ ဖြူဖွေးသော ဆံပင်ရှည်ကြီးများသည် လေထဲတွင် လွင့်မြောနေပြီး သူ၏ ဆံပင်ကဲ့သို့ပင် ဖြူဖွေးသန့်စင်သော ဓားအိမ်ပါရှိသည့် ဓားတစ်လက် ရှိသည်။

“ပျံလွှားငှက်တွေ သူတို့ကို တွေ့သွားပြီနဲ့ တူတယ်။ မြန်လိုက်တာ။ ယန်ချင်းက နန်းတော်အဆင့် ရောက်ပြီးမှ ဒီအဆောင်တွေကို လုပ်ထားတာထင်တယ်။ အော်သံကို နားထောင်ရတာ သူတို့ အရှေ့မြောက်ဘက်အရပ်မှာ ရှိနေပုံရတယ်၊ မြစိမ်းရောင်မြူတောဒေသ ထဲမှာ မရှိတော့ဘူးပဲ။

အတော်လေးဝေးတဲ့ ခရီးပဲ... ငါအစွမ်းကုန် သွားရင်တောင် မိနစ် ၂၀ လောက် အချိန်ယူရဦးမယ်။ တိမ်မြိုစွန် ငါ့နားမှာ ရှိနေရင် ကောင်းမှာ။ ဒါဆိုရင် ဒီခရီးလောက်က ခဏလေးနဲ့ ရောက်မှာ၊ ဒါပေမဲ့ စိမ့်နွံတောကသူ့အရွယ်အစားနဲ့ ပျံသန်းဖို့ အဆင်ပြေတဲ့နေရာ မဟုတ်ဘူး။

အမ်... ပုံရိပ်ယောင်ပုစဉ်း ရှိသားပဲ။ သူက အမြူတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ရဲ့အစောပိုင်းမှာပဲ ရှိသေးပေမဲ့ မူလကြာပန်းနှင်းစက်ကိုကျွေးလိုက်ရင် ခရီးကို မြန်မြန် ရောက်အောင် သွားနိုင်လောက်တယ်။ နှင်းစက်ကို ဒီလို သုံးရတာ နှမြောစရာတော့ ကောင်းသား။

မြူနွံဂိုဏ်းက အကြီးအကဲတွေ အဲဒီ ပျံလွှားငှက်တွေ လက်က လွတ်နိုင်မယ်လို့ မထင်ပေမဲ့အချိန်က အရေးကြီးတယ် ဘယ်တတ်နိုင်ပါ့မလဲ။ အဲဒီငှက်တွေက တိုက်ခိုက်ဖို့ မသင့်တော်ပေမဲ့ နန်းတော်အဆင့် အစောပိုင်း ကျင့်ကြံသူ တစ်ယောက်ကိုတောင် မိနစ်အနည်းငယ်လောက် ထိန်းထားနိုင်သေးတာပဲ”

ဖုန်ရှင်း ပြောလိုက်ပြီး ဂိုဏ်းချုပ်၏ အဆောက်အဦးပေါ်မှ ခုန်ဆင်းကာ မြူနွံဂိုဏ်းသားများမှာ သတိလစ်နေပြီး ပုံရိပ်ယောင်ပုစဉ်း စောင့်ကြပ်နေသည့် အကြီးအကဲဖုန်း၏ တောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်သည်။

All Chapters