ဟိုင်ရှီက ပါရမီရှင် ဖြစ်နိုင်တယ်
Vol. 3 Ch. 27
အခြေတည်အဆင့်အထွတ်အထိပ်နှင့် အမြူတေဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်သားရဲ အများစုကို မြစိမ်းရောင်မြူတောဒေသ၏ အဋ္ဌမမြောက်နယ်မြေတွင် တွေ့ရှိရသည်။ ချီဖွဲ့စည်းခြင်းအဆင့် သားရဲများ ရှိသော်လည်း ၎င်းတို့သည် ထိုနေရာရှိ အမြူတေဖွဲ့စည်းခြင်းအဆင့် သားရဲများ၏ သားသမီးများသာ ဖြစ်ကြသည်။
ကျင့်ကြံခြင်းလောကတွင် စွမ်းအားသည်သာ လေးစားခံရသည့် အရာဖြစ်သည်။ ဤအချက်သည် လူသားများနှင့် ဝိညာဉ်သားရဲများအတွက်ပါ မှန်ကန်သော်လည်း သားရဲများအတွက်မူ ပိုမို မှန်ကန်ပေသည်။အထွတ်အထိပ်ရောက်ရေးအတွက်တိုက်ပွဲများအမြဲတမ်း ဖြစ်ပွားနေပြီး အထူးသဖြင့် သားရဲများနှင့်ပြည့်နှက်နေသော မြစိမ်းရောင်မြူတောဒေသ ကဲ့သို့သော နေရာတွင်မူ ပိုမိုပြင်းထန်သည်။
နယ်မြေတိုင်းတွင် ဤသို့ပင် ဖြစ်နေပြီး အဆင့်နိမ့်နေရာများတွင် ကျင့်ကြံခြင်း ကွာဟချက် နည်းပါးသဖြင့် တိုက်ပွဲများမှာ ပိုမို ပြင်းထန်သည်။ နယ်မြေ ၈ သည် ထိုနယ်မြေများအနက် တစ်ခုဖြစ်သည်။
အဆက်မပြတ် တိုက်ခိုက်မှုများမှတစ်ဆင့် အစွမ်းထက်သော ဝိညာဉ်သားရဲ အမျိုးမျိုး ပေါ်ပေါက်လာပြီး ထိုသားရဲ တစ်ကောင်ချင်းစီသည် ကြီးမားသောနယ်မြေများတွင် အုပ်စိုးသူများ ဖြစ်လာကြသည်။ အချို့သော သားရဲများသည် အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲအချို့ကို စားသောက်ပစ်မည့်အစား လက်ပါးစေအဖြစ် သိမ်းသွင်းတတ်ကြသည်။
အဆင့်နိမ့်နယ်မြေများကို သိမ်းပိုက်ပြီးနောက် မာန်တက်ကာ အထက်သို့ တက်လှမ်းလာသော ဝိညာဉ်သားရဲများလည်းအမြဲတမ်း ရှိနေတတ်သည်။ ၎င်းတို့သည် ‘လုံလောက်သော ကြိုဆိုမှု’ ကို ခံရပြီးနောက် ကျင့်ကြံခြင်း အရင်းအမြစ် သို့မဟုတ် သစ္စာရှိ လက်ပါးစေအဖြစ်သာအဆုံးသတ်သွားလေ့ရှိကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဘုရင်အတုများ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် နယ်မြေ ၈ ၏ တောင်ဘက်ပိုင်းတွင် အစွမ်းအထက်ဆုံး သားရဲများ ဖြစ်ကြသည်။ သူတို့သည် သူတို့အချင်းချင်းနှင့် နောက်ဆုံး သားရဲတစ်ကောင်မှလွဲ၍ အခြား အစွမ်းထက်သားရဲအားလုံးကို သိမ်းပိုက်ထားကြသည်။
ထိုနောက်ဆုံး သားရဲတစ်ကောင်ကြောင့်သာ သူတို့ကို ဘုရင်အတုများဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ၎င်းမှာ “ရွှေရောင်အကြေးခွံ မိကျောင်း” ပင် ဖြစ်သည်။ ဤသားရဲသည် နယ်မြေ ၈ ၏ တောင်ဘက်ပိုင်းရှိ အစစ်အမှန် အရှင်သခင် ဖြစ်သည်။
သို့သော် ထိုသားရဲသည် အမြဲတမ်း နှစ်ရှည်လများအိပ်စက် ကျင့်ကြံနေတတ်ပြီး လွန်ခဲ့သော နှစ် ၅၀ အတွင်း မည်သူမျှ မတွေ့ဖူး၊ မကြားဖူးကြပေ။ မရှိတော့ဟု ထင်ရသော်လည်း ၎င်းသည် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ထိုနယ်မြေထဲတွင် ၎င်း၏ အသက်ကို ခြိမ်းခြောက်နိုင်သော သတ္တဝါ မရှိပေ။ ဘုရင်အတု ၃ ကောင် ပေါင်းလျှင်ပင် ၎င်းကို သတ်နိုင်လောက်အောင် စွမ်းအား မကြီးမားကြပေ။
၎င်း၏ လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ဘုရင်အတု ၃ ကောင်သည် နယ်မြေ ၈ အတွင်း လွတ်လပ်စွာ စိုးမိုးခြယ်လှယ်ခွင့် ရနေကြသည်။ ဘုရင်တစ်ပါးမှာလျှပ်စီးမြွေပွေးဖြစ်ပြီး နောက်တစ်ပါးမှာ မြူနွံဂိုဏ်းမှ ဂိုဏ်းချုပ်ဟောင်း၏ တပည့်တစ်ဦးဖြစ်သူ ကန်မေ ကို သတ်ဖြတ်ခဲ့သဖြင့် ဂိုဏ်းနှင့် သွေးကြွေးရှိနေသော မဟူရာစကြဝဠာမိချောင်း ဖြစ်သည်။
နောက်ဆုံး ဘုရင်မှာကပ်ဘေးအကြည့် လိပ်ဖြစ်သည်။ ၎င်းသည် ၃ ကောင်အနက် အသက်အကြီးဆုံး ဖြစ်ပြီး နေရာအတည်တကျ မရှိဘဲ အမြဲတမ်း ပုန်းအောင်းနေတတ်သည်။ ၃ ကောင်အနက်တွင် လှုပ်ရှားမှု အနည်းဆုံး ဖြစ်ပြီး မဟူရာစကြဝဠာမိချောင်းမှာ လှုပ်ရှားမှု အများဆုံး ဖြစ်သောကြောင့် ဝိညာဉ်သားရဲများနှင့် မြူနွံဂိုဏ်း ကဲ့သို့သော လူသားကျင့်ကြံသူများက ၎င်းကို အစွမ်းအထက်ဆုံးဟု ထင်မှတ်ကြသည်။
လက်ရှိ အဖြစ်အပျက်များကို ပြန်ကြည့်လျှင် တစ်ခဏတာ လောဘစိတ်ကြောင့် ပုံရိပ်ယောင်ပုစဉ်းသည် ဖုန်ရှင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးလျှပ်စီးမြွေပွေး အုပ်စုဝင် အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲများမှာရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသည်။
မဟူရာစကြဝဠာမိချောင်းအဖွဲ့ဝင် လျှပ်တပြက်ကိုက်ခဲမြွေဆိုးနှင့် အဆိပ်တိုက်စားဗျိုင်း၊ မည်သည့် အဖွဲ့အစည်းနှင့်မျှမပတ်သက်သော အစိမ်းရောင်ပန်းပွင့်ဝက်သိုးနှင့် ပုံရိပ်ယောင်ပုစဉ်း တို့သာ လွတ်မြောက်ခဲ့သည်။
အစိမ်းရောင်ပန်းပွင့် ဝက်သိုးသည် မာန်မာနကြီးပြီး ခေါင်းမာလွန်းသဖြင့် မည်သူ့ လက်အောက်မှ မနေလိုပေ။ ပုံရိပ်ယောင်ပုစဉ်းမှာအမြဲတမ်း ကိုယ်ယောင်ဖျောက် ပုန်းအောင်းနေတတ်ပြီး မည်သည့် ဝိညာဉ်သားရဲနှင့်မျှ မဆက်ဆံတတ်ပေ။
သူသည် အထီးကျန်ခြင်းနှင့် နေသားကျနေပြီဖြစ်သည်။ ရယ်စရာကောင်းသည်မှာ သူနှင့် အနီးစပ်ဆုံး သတ္တဝါမှာ သူအမြဲနောက်မှလိုက်နေတတ်သော အစိမ်းရောင်ပန်းပွင့်ဝက်သိုးသာ ဖြစ်သည်။ သို့သော် ထိုအချိန်ကာလ တစ်လျှောက်လုံး သူတို့ စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။
သို့သော် နှစ်ဦးသားအကြား နားလည်မှု တစ်ခု ရှိနေခဲ့သည်။ သူတို့ ကိုယ်တိုင် သတိထားမိကြမလား ဆိုတာတော့ သံသယ ဖြစ်စရာပင်။ ပုံရိပ်ယောင် ပုစဉ်းသည် လူများနှင့် ဝေးကွာစွာ နေတတ်သောကြောင့် သူ၏ဘဝပြင်ပမှ အရာများ၊ အထူးသဖြင့် ယခု သူ့ရှေ့တွင် ရှိနေသော ဆက်သွယ်ရေး ပုတီးစေ့ကဲ့သို့သော လူသားတို့၏ဆက်သွယ်ရေးပစ္စည်းများကို သိပ်မသိပေ။
ပုတီးစေ့မှထွက်ပေါ်နေသော ချီပမာဏကြောင့် အစပထမတွင် စားပစ်ရန် စဉ်းစားခဲ့သော်လည်း ဖုန်ရှင်းက ရုတ်တရက်ကြီး သူ့ကို အစာကျွေးသည်မှာ ထူးဆန်းနေသဖြင့် ပြန်လည် စဉ်းစားလိုက်သည်။ သူသည် ပုတီးစေ့ကို ကိုင်ထားရင်း ဘာလုပ်ရမလဲဟု မေးသည့်ပုံစံဖြင့် ခေါင်းစောင်းကာ ဖုန်ရှင်းကို ကြည့်လိုက်ရာ ဖုန်ရှင်း အနည်းငယ်အံ့သြသွားသည်။
“မင်း တကယ်ပဲ ဒါဘာလဲဆိုတာ မသိဘူးလား” ဖုန်ရှင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ရာ ပုံရိပ်ယောင်ပုစဉ်းက မသိကြောင်း ခေါင်းခါပြသည်။
ဖုန်ရှင်းသည်ထိုအရာကိုမျှော်လင့်ထားသော်လည်း အံ့သြနေဆဲပင်။ သို့သော် သူကဆက်လက်၍ ဆက်သွယ်ရေး ပုတီးစေ့၏ အသုံးပြုပုံနှင့် ပုံရိပ်ယောင် ပုစဉ်းအနေဖြင့် သူ့ဝိညာဉ်အာရုံကို အသုံးပြုကာ အတွေးများကို ပေးပို့ပြီး စကားပြောနိုင်ပုံကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ကဲ... စမ်းကြည့်လိုက်ပါဦး” ဖုန်ရှင်းက ညင်သာစွာ ပြောလိုက်ရာ ပုံရိပ်ယောင် ပုစဉ်းက ခေါင်းညိတ်ပြသည်။
“မင်္ဂ... မင်္ဂ... လာ... ပါ... လူသား” ပုံရိပ်ယောင် ပုစဉ်းက ပြောလိုက်သည်။ ပထမဆုံး အကြိမ်ဖြစ်သဖြင့် သူမ၏ အတွေးများ ပြန့်ကျဲနေပုံရသော်လည်း နောက်ပိုင်းတွင် အဆင်ပြေသွားသည်။
“ကောင်းတယ်၊ မင်း သဘောပေါက်သွားပုံပဲ။ ငါ့နာမည်က ဖုန်ရှင်း။ ငါက... ထားပါတော့လေ မင်းက ဆက်သွယ်ရေး ပုတီးစေ့တောင် မသိဘူးဆိုတော့ ‘အမိန့်တော်အဖွဲ့’ အကြောင်း သိမှာ မဟုတ်ပါဘူး။ လောလောဆယ် တစ်ယောက်နာမည် တစ်ယောက် သိထားရင် လုံလောက်ပါပြီ။ လက်ရှိ ကိစ္စတွေ ရှင်းပြီးမှ ကျန်တာ ဆက်ပြောကြတာပေါ့။ မင်းနာမည်က ဘယ်လိုခေါ်လဲ”
“ငါ့နာမည်က မြ... ဟို... ဟိုင်ရှီ ပါ။ ငါ့နာမည်က ဟိုင်ရှီ ပါ” ပုံရိပ်ယောင် ပုစဉ်းက အလျင်အမြန် ပြောလိုက်သည်။ သူမ၏ အသံသည် လှိုင်းလုံးလေးများကဲ့သို့ ချောမွေ့ပြီး သာယာနာပျော်ဖွယ် ကောင်းသည်။
“ကြည့်ရတာ သူက ‘မြူခိုး’လို့ ပြောချင်ပုံရပေမဲ့ လမ်းတစ်ဝက်မှာ ‘ဟိုင်ရှီ’ လို့ ပြောင်းလိုက်တာပဲ။ ဘာလို့ ပြောင်းဖို့ ကြိုးစားတာပါလိမ့်၊ ဟိုင်ရှီဆိုတာလည်း ‘မြူခိုးပင်လယ်’ ပဲလေ။ ဟင်း... သူက တော်တော် နုံအတဲ့ပုံပဲ။ သူမကအဲဒီ ဝိုင်းထားတဲ့နေရာမှာ ဘာလုပ်နေတာပါလိမ့်” ဖုန်ရှင်း တိတ်တဆိတ် တွေးရင်း ခေါင်းခါလိုက်သည်။
“ဟိုင်ရှီ... ငါတို့ မသွားခင် မင်းကို တစ်ခုလောက် မေးလို့ရမလား။ မဖြေချင်လည်း ရပါတယ်၊ ခုမင်းအသက် ဘယ်လောက်ရှိပြီလဲ” သူမ၏ အပြုအမူများကြောင့် ဖုန်ရှင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဟိုင်ရှီသည် ဆက်သွယ်ရေး ပုတီးစေ့၏ စွမ်းဆောင်ရည်အပေါ် စိတ်ဝင်စားမှု လွန်ကဲနေရာမှ သတိဝင်လာသည်။ သူမ၏ ဘက်စုံမြင် မျက်လုံး အလုံးပေါင်း ငါးထောင်စလုံးသည် နို့နှစ်ရောင် ဆက်သွယ်ရေး ပုတီးစေ့ကို စိုက်ကြည့်ရင်း တောက်ပနေသည်။
သူမသည် စိတ်လှုပ်ရှားမှုမှ ရုန်းထွက်ပြီး နက်နက်နဲနဲ စဉ်းစားနေသော လူသားတစ်ယောက်ကဲ့သို့ အပေါ်သို့ မော့ကြည့်လိုက်သည်။
“ငါ့အသက်က ၇၀ လား၊ ၈၀ လား မသိတော့ဘူး။ တောင်းပန်ပါတယ်၊ ငါကတစ်ခါတလေ နှစ်နဲ့ချီပြီး တံခါးပိတ် ကျင့်ကြံနေတတ်တော့ အချိန်ကို သေချာ မမှတ်မိတော့လို့ပါ။ သေချာတာ တစ်ခုကတော့ နှစ် ၁၀၀ မပြည့်သေးပါဘူး။ အဲဒီအရွယ်ရောက်ရင် ငါ့ခန္ဓာကိုယ် ကြီးထွားမှု အပြောင်းအလဲ ဖြစ်ရမှာမို့ပါ” ဟိုင်ရှီက ရိုးသားစွာ ဖြေလိုက်သည်။
“အသက် ၇၀ အရွယ် အမြူတေဖွဲ့စည်းခြင်းအဆင့် သားရဲပေါ့။ ဒီအချက်ကို ကြည့်ရင် မင်းကို အယ်လီ့ဆီကို အစာအဖြစ်ကျွေးလိုက်ရမှာ နှမြောစရာပဲ။ မင်းအသက်အရွယ်နဲ့ ဒီအဆင့်ရောက်တယ်ဆိုတော့ မင်းရဲ့ပါရမီက မဆိုးပါဘူး” ဖုန်ရှင်းက ဟိုင်ရှီကို စိတ်ဝင်စားစွာ ကြည့်ရင်း ပြောလိုက်သည်။
ဟိုင်ရှီသည် ဘိုလင်းထက်ပင် ပိုမို အဖိုးတန်သည်ဟု သူ ခံစားလာရသည်။ လူသားစံနှုန်းဖြင့် ကြည့်လျှင်ပင် နှစ် ၁၀၀ မပြည့်ခင် အမြူတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ရောက်ရှိသူ ရှားပါးသည်။ အဆင့် ၃ နှင့် အထက် ဂိုဏ်းကြီးများ၊ မျိုးနွယ်စုကြီးများမှ လူများသာ လုပ်နိုင်ကြသည်။
မြူနွံဂိုဏ်းမှ ဂိုဏ်းချုပ်ချန်ယွမ်သည် လက်ရှိတွင် ဟိုင်ရှီထက် စွမ်းအားကြီးသော်လည်း အသက် ၂၀၀ ကျော်နေပြီ ဖြစ်သည်။ ဟိုင်ရှီမှာမူ အများကြီး ငယ်ရွယ်ပြီး လူသားများကဲ့သို့ လမ်းညွှန်ပြသပေးမည့်သူ မရှိပေ။ သူမတစ်ယောက်တည်းကျင့်ကြံရင်းဒီအဆင့် ရောက်လာနိုင်ခြင်းမှာ ပါရမီနှင့် စွမ်းအားကြီးမားသော သွေးမျိုးဆက် ရှိသောကြောင့်သာ ဖြစ်ရမည်။
ဝိညာဉ်သားရဲများသည် လူသားများကဲ့သို့ စီနီယာများ၏ လမ်းညွှန် ပြသပေးမှု မရှိကြပေ။ သူတို့သည် ပင်ကိုအသိစိတ်၊ အချင်းချင်း စားသောက်ခြင်း သို့မဟုတ် သွေးမျိုးဆက်ထဲတွင် သိုလှောင်ထားသော အမွေအနှစ်များမှတစ်ဆင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ကြသည်။
အစွမ်းထက်သော ဝိညာဉ်သားရဲများ၊ အထူးသဖြင့် နယ်မြေအဆင့်နှင့် အထက် သားရဲများသည် သူတို့၏ ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများ၊ သွေးမျိုးဆက် ပါရမီများနှင့် အထူးနည်းစနစ်များကို သူတို့၏ သွေးမျိုးဆက်ထဲတွင် ထည့်သွင်းပေးထားနိုင်သည်။
ကျင့်ကြံခြင်း ဗဟုသုတသာမက အချို့သော အပင်များ၏ ဂုဏ်သတ္တိနှင့် အသုံးပြုပုံ သို့မဟုတ် ရှေးဟောင်း ဘာသာစကားကဲ့သို့သော အထွေထွေ ဗဟုသုတများကိုပါ ထည့်သွင်းနိုင်သည်။ အားလုံးသည်မူလပိုင်ရှင် စုဆောင်းထားခဲ့သော ဗဟုသုတအပေါ် မူတည်သည်။
သူတို့နှင့်သွေးမျိုးဆက် တူညီသော သားသမီးများ မွေးဖွားလာသောအခါ ထိုကလေးများသည် မိဘများ သိုလှောင်ထားခဲ့သော ဗဟုသုတများကို ဆက်ခံရရှိကြသည်။ သွေးမျိုးဆက် သန့်စင်လေလေ ဗဟုသုတပိုမို ရရှိလေလေ ဖြစ်သည်။
ထို့ကြောင့် မြစိမ်းသစ်ရွက်နွား ကဲ့သို့သော ဝိညာဉ်သားရဲသည် အမြူတေဖွဲ့စည်းခြင်းအဆင့်ကို အလွယ်တကူ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ဟိုင်ရှီလည်း အတူတူပင် ဖြစ်ပုံရသည်။
“ဟိုင်ရှီ... ဒီနား ခဏလာပါဦး။ မင်း ငါ့ကို တစ်နေရာ လိုက်ပို့ပေးဖို့ လိုတယ်။ ငါတို့မှာ အချိန် သိပ်မရှိဘူး၊ ဒါကြောင့် အချိန်မီ ရောက်ဖို့အတွက် မင်းရဲ့ အမြန်နှုန်းကို အများကြီး မြှင့်တင်ပေးရလိမ့်မယ်” ဖုန်ရှင်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ စန္ဒကူးသားဖြင့် ပြုလုပ်ထားသော ပါးလွှာသည့် လေးထောင့်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ဟိုင်ရှီသည် စူးစမ်းလိုစိတ် အပြည့်ဖြင့် သူ့ထံသို့ ပျံသန်းလာသည်။ ဆက်သွယ်ရေး ပုတီးစေ့ အတွေ့အကြုံကြောင့် ယခုတစ်ကြိမ် ဖုန်ရှင်း ဘယ်လို ထူးဆန်းတဲ့ ပစ္စည်းမျိုး ထုတ်ပြမလဲဟု သိချင်နေသည်။
ဖုန်ရှင်းသည် သေတ္တာအဖုံးကို ဖွင့်လိုက်ရာ အတွင်းထဲတွင် ရိုးရှင်းသော အစိမ်းရောင် ရိုးတံတစ်ခု ရှိနေသည်။ သို့သော် ရိုးတံ၏ အဆုံးတွင် ဖရဲစေ့ အရွယ်အစားခန့်ရှိသော နှင်းစက်တစ်ခု ရှိသည်။ နှင်းစက်တွင် ရှေးကျသောကနဦးအရှိန်အဝါတစ်ခု ပါရှိသည်။ ရှည်လျားသော အချိန်ကာလ အတက်အကျများကို ဖြတ်သန်းပြီး အဆုံးထိ ရှင်သန်ကျန်ရစ်ခဲ့သော အရာများမှသာ ထွက်ပေါ်နိုင်သည့် အရှိန်အဝါမျိုး ဖြစ်သည်။ ၎င်းသည် “မူလကြာပန်းနှင်းစက်” ဖြစ်သည်။
ဟိုင်ရှီသည် နှင်းစက်ကို မြင်လိုက်သည်နှင့် သူမ၏ခန္ဓာကိုယ် အတွင်းပိုင်းမှ အရာအားလုံးက ဒါကို စားပစ်ရန် အော်ဟစ်တောင်းဆိုနေကြသည်။ လောဘစိတ်သည် ပေါက်ကွဲခါနီး မီးတောင်ကဲ့သို့ သူမကို ဖြည်းဖြည်းချင်း လွှမ်းမိုးလာသည်။ သို့သော် နောက်ဆုံးတွင် ကြောက်ရွံ့မှုက လောဘကို အနိုင်ယူသွားသည်။ ဖုန်ရှင်းအပေါ် ထားရှိသော နက်ရှိုင်းသည့် ကြောက်ရွံ့မှုက သူမ၏ လောဘစိတ်ကို ထိန်းချုပ်ရန် လုံလောက်သော စိတ်ဆန္ဒကို ပေးစွမ်းခဲ့သည်။
ဖုန်ရှင်းသည် မူလကြာပန်းနှင်းရည်နှင့် အနီးကပ် ရှိနေပါလျက် မိမိကိုယ်ကို ထိန်းချုပ်နိုင်သော သူမ၏ စွမ်းရည်ကို သတိပြုမိပြီး သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
“သူဒီအဆင့်ထိ ရောက်လာတာ သွေးမျိုးဆက် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးပဲ” သူ တိတ်တဆိတ် တွေးလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တာ တော်တယ် ဟိုင်ရှီ။ မင်းရှေ့မှာ မြင်နေရတဲ့ ဒီနှင်းစက်လေးက မင်းရဲ့ အမြန်နှုန်းကို မြှင့်တင်ဖို့ သုံးမယ့်အရာပဲ။ ဆက်သွယ်ရေးပုတီးစေ့နဲ့ မတူတာက ဒီတစ်ခုကိုတော့ မင်းလွတ်လွတ်လပ်လပ် စားလို့ရတယ်” ဖုန်ရှင်းက ကျီစယ်လိုသော အပြုံးဖြင့် ပြောလိုက်သည်။
ဟိုင်ရှီချက်ချင်းပင် အေးခဲသွားပြီး မစားမိလိုက်လို့ တော်ပါသေးရဲ့ ဆိုသော စိတ်သက်သာရာရမှုနှင့် သူမ စားချင်နေကြောင်း ဖုန်ရှင်း သိသွားသဖြင့် ရှက်ရွံ့မှုတို့ ဖြစ်ပေါ်လာသည်။
“ကံကောင်းလို့ ငါ မျိုမချလိုက်မိတာ။ ဒါပေမဲ့ ကြည့်ရတာတော့ ငါ့အသိုက်နားက လမင်းပိုးဖလံ ဥတွေလိုပဲ စားကောင်းမယ့်ပုံပဲ” ဟိုင်ရှီ သည် စိတ်ထဲက တွေးလိုက်သည်ဟု ထင်သော်လည်း သူမအသံကို ကြားလိုက်ရသဖြင့် အံ့သြသွားသည်။ မူလကြာပန်းနှင်းစက်ကိစ္စကြောင့် သူမလက်ထဲတွင် ဆက်သွယ်ရေး ပုတီးစေ့ ကိုင်ထားဆဲ ဆိုတာ မေ့သွားပြီး သူမ၏ အတွေးများကို မသိစိတ်က ထုတ်ဖော်ပြောကြားလိုက်မိခြင်း ဖြစ်သည်။
“ဟုတ်တယ်... ကံကောင်းသွားတာပေါ့” ဖုန်ရှင်း ရယ်မောလိုက်ရာ ဟိုင်ရှီမှာ မြေကြီးထဲသာ တိုးဝင်သွားချင်လောက်အောင် ရှက်ရွံ့သွားတော့သည်။