မူလကြာပန်းနှင့် နှင်းစက်
Vol. 3 Ch. 28
ဟိုင်ရှီသည် တစ်မိနစ်ခန့် ကြာပြီးမှ မော့ကြည့်လိုက်ပြီး မူလကြာပန်းနှင်းစက်ထည့်ထားသော စန္ဒကူးသေတ္တာကိုယူလိုက်သည်။ မူလကြာပန်းနှင်းစက် ဆိုသည်မှာ အမည်နှင့်လိုက်ဖက်အောင် မူလကြာပန်းမှ ထုတ်ပေးသော နှင်းစက်ဖြစ်သည်။
နှင်းစက်သည် နှစ် ၁၀၀ လျှင် တစ်ကြိမ်ခန့်သာ ထွက်ပေါ်လေ့ရှိပြီး မူလကြာပန်း၏ သက်တမ်းရင့်လေလေ နှင်းစက်၏ အရွယ်အစားနှင့် အာနိသင်ပိုမို ကြီးမားလေလေ ဖြစ်သည်။ မူလကြာပန်းသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးလှပြီး ၎င်း၏ တည်နေရာကို သိရှိသွားပါက လောက တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားနိုင်သည်။ အဆင့် ၁ ဂိုဏ်းမှ အနိမ့်ဆုံး အဆင့် ၅ ဂိုဏ်းအထိ ဂိုဏ်းတိုင်းက ပန်းပွင့်ကို ပိုင်ဆိုင်ခွင့်ရရန် တိုက်ခိုက်ကြလိမ့်မည်။
ပန်းပွင့်နှင့် နှင်းစက်နှစ်မျိုးစလုံးသည် လူသားကျင့်ကြံသူများနှင့် ဝိညာဉ်သားရဲများအတွက် အလွန်အရေးပါပြီး အထူးသဖြင့် ဟိုင်ရှီ ကဲ့သို့ သဘာဝအလျောက် ရေဓာတ်နှင့်ကိုက်ညီသော သူများအတွက် ပိုမို အရေးပါသည်။
မူလကြာပန်း၏ အဓိက အသုံးပြုပုံမှာ တစ်ရက်လုံး ကြာရှည်ခံသော ဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို ဖြစ်ပေါ်စေခြင်းပင်။
ပန်းပွင်၏သက်တမ်းရင့်လေလေ ဉာဏ်အလင်းပွင့်ချိန် ပိုကြာလေလေ ဖြစ်သည်။ အချို့ဆိုလျှင် တစ်နှစ်ကြာအောင်ပင် ခံစားဖူးသည်ဟု ဆိုကြသည်။
ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိခြင်းမှာတမင် သွားရောက်ရှာဖွေ၍ ရသောအရာမဟုတ်ဘဲ ကံကောင်းထောက်မမှသာ ကြုံတွေ့ရသော အရာဖြစ်သည်။
ကျင့်ကြံသူများသည်သူတို့၏တစ်ဘဝလုံးတွင် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ တစ်ကြိမ်မျှ မရောက်ဖူးဘဲ ကုန်ဆုံးသွားသူများရှိသလို အများစုမှာလည်း တစ်ဘဝလုံးတွင် တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ခန့်သာ ကြုံဖူးတတ်ကြသည်။
တစ်ကြိမ် ကြုံဖူးသူများပင်လျှင် သူတို့၏ ကျင့်ကြံခြင်းတွင် အရည်အသွေးပိုင်းဆိုင်ရာတွင် ကြီးမားသောတိုးတက်မှုများ ရရှိတတ်သည်။ ကျင့်ကြံခြင်းနည်းစနစ် အားလုံးနီးပါးသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတွင် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
အချို့သော နည်းစနစ်များသည် ဉာဏ်အလင်းပွင့်ခြင်းကြောင့် အနိမ့်ဆုံး အနီရောင်အဆင့်မှ ရွှေရောင်အဆင့်ထိပင် တိုးတက်သွားတတ်သည်။ ခဏတာ ဉာဏ်အလင်းပွင့်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများသည် ပြင်းပြင်းထန်ထန်ကျင့်ကြံခြင်း သို့မဟုတ် ဆေးလုံးများအသုံးပြုခြင်းမှ ရရှိနိုင်သော အရာများထက် များစွာသာလွန်သည်။
ထိုအခြေအနေကို ဖြစ်ပေါ်စေနိုင်သော ရတနာများနှင့် သဘာဝ ထူးဆန်းမှုများသည် အလွန် ရှားပါးပြီး မူလကြာပန်းသည် ထိုအနည်းစုထဲမှ တစ်ခုဖြစ်သည်။ ဖုန်ရှင်းလက်ထဲတွင် လောလောဆယ် နှင်းရည်နှင့် ရိုးတံသာ ရှိသည်။ ရိုးတံသည် ပန်းပွင့်မှ ခွဲထုတ်လိုက်ပြီးနောက် နှင်းစက်၏ ရေရှည် တည်ငြိမ်မှုကို ထိန်းသိမ်းပေးရုံမှလွဲ၍ အခြား အသုံးဝင်မှု မရှိသလောက်ပင်။
အကယ်၍ နှင်းစက်ကို ပန်းပွင့်မှ လုံးဝခွဲထုတ်လိုက်ပါက ၎င်း၏ အာနိသင် ကျဆင်းသွားပြီး အလွယ်တကူပင် ပျောက်ကွယ်သွားနိုင်သည်။ သို့သော် ရိုးတံပေါ်တွင်ထားရှိပါက ဖုန်ရှင်း သိမ်းဆည်းထားသော မှင်ရောင် စန္ဒကူးသေတ္တာကဲ့သို့သော အထောက်အကူပြုပစ္စည်းများ၏ အကူအညီဖြင့် အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်သည်။
ရိုးတံသည်အချို့နေရာများတွင် အသုံးမဝင်သော်လည်း နှင်းစက်အတွက်မူ ထိုသို့ ပြောမရပေ။ ၎င်း၏အရေးပါမှု အတိုင်းအတာသည် ပန်းပွင့်အဆင့်ကို မမီသော်လည်း အရေးပါမှုမှာ သိသာထင်ရှားလှသည်။ နှင်းစက်ကို သောက်သုံးလိုက်သောအခါ အသုံးပြုသူ၏ ခန္ဓာကိုယ်မှ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီကို အာရုံခံနိုင်စွမ်းအား ယာယီ ပြောင်းလဲပေးသည်။
ယခင်က ရေထဲရှိ ကျောက်တုံးခြောက်တစ်တုံးကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်သည် နှင်းစက်ကိုသောက်သုံးပြီးနောက် ရေမြှုပ်ခြောက်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ချီများကိုအကြီးအကျယ် စုပ်ယူနိုင်လာသည်။
ဤအကျိုးသက်ရောက်မှုသည် အနည်းဆုံး နာရီဝက်မှစ၍ ကြာရှည်ခံသော်လည်း နှင်းစက်ပိုကြီးပြီး သက်တမ်းရင့်လေ ကြာရှည်ခံလေ ဖြစ်သည်။ ဖုန်ရှင်းပိုင်ဆိုင်ထားသော နှင်းရည်သည် ဖရဲစေ့ အရွယ်အစားသာ ရှိသဖြင့် နာရီဝက်ခန့်သာ ကြာရှည်ခံမည် ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူများကိုအာဏာနှင့်ကြွယ်ဝမှုအပြင် ကွဲပြားခြားနားစေသော အရာမှာ ပါရမီ ဖြစ်သည်။ ပါရမီကို ပုံစံအမျိုးမျိုးဖြင့် အကဲဖြတ်နိုင်ပြီး ထိုပုံစံများထဲမှ တစ်ခုမှာ ပတ်ဝန်းကျင်ရှိ ချီကို အာရုံခံနိုင်စွမ်းနှင့် စုပ်ယူနိုင်မှုနှုန်း ဖြစ်သည်။
အာရုံခံနိုင်စွမ်း မြင့်မားလေလေ ချီပမာဏ များများ စုပ်ယူရန် လွယ်ကူလေလေ ဖြစ်ပြီး ပြင်ပ ချီကို အတွင်းပိုင်းသို့ ပြောင်းလဲကာဒန်တျန် ဖြည့်တင်းခြင်း သို့မဟုတ်ချီလည်ပတ်ခြင်းများ ပြုလုပ်ရာတွင် ပိုမို ချောမွေ့လေလေ ဖြစ်သည်။ ဤအချက်က ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ပေးသည်။
သာမန်အဆင့်ပါရမီရှိသူ တစ်ဦးသည် ညံ့ဖျင်းသော ပါရမီရှိသူတစ်ဦးက ချီစက်ဝန်း စတင်ရန် လုံလောက်သောချီပမာဏကို မနည်း ဆွဲယူနေရချိန်တွင် ချီစက်ဝန်း လည်ပတ်မှုအကြိမ်ကြိမ် ပြီးမြောက်နေမည် ဖြစ်သည်။ မူလကြာပန်းနှင်းစက်သည် ယာယီအားဖြင့် ချီကို အာရုံခံနိုင်စွမ်းနှင့် စုပ်ယူနိုင်စွမ်းကို အဆင့်အနည်းငယ် မြှင့်တင်ပေးနိုင်သည်။ ညံ့ဖျင်းသောပါရမီရှိသူ တစ်ဦးကို သာမန်အဆင့်သို့ မြှင့်တင်ပေးနိုင်ပြီး သာမန်အဆင့်ရှိသူကို ပါရမီရှင်အဆင့်၏ တံခါးဝသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သည်။
ပါရမီရှင် အဆင့်ရှိသူများအတွက်မူ ကောင်းကင်ဘုံက တရားမျှတပေသည်။ သူတို့သည် လူအများ အားကျရလောက်သော သဘာဝ ပါရမီကို ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် နှင်းစက်ထံမှ ချီအာရုံခံနိုင်စွမ်း တိုးတက်မှု အနည်းငယ်သာ ရရှိကြသည်။ သူတို့အတွက် နှင်းစက်ကို စားသုံးခြင်း၏ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ ချိုမြိန်ပြီး လန်းဆန်းသော အရသာကို ခံစားရခြင်းသာ ဖြစ်သည်။
ဖုန့်ရှင်းသည်လည်း ထိုအကြောင်းပြချက်ဖြင့်သာ သိမ်းထားခြင်း ဖြစ်သည်။ သူသည် လေလံပွဲတစ်ခုတွင် တွေ့ရှိခဲ့သော ပင်လယ်စာဟင်းချို ချက်ပြုတ်နည်း တစ်ခုအတွက် အသုံးပြုရန် ရည်ရွယ်ပြီး နှစ်အနည်းငယ်စာ တန်ဖိုးရှိသောရတနာများနှင့်မျက်နှာသာပေးမှုများကို အလဲအလှယ် လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အဓိကပါဝင်ပစ္စည်း တစ်ခုဖြစ်သော နှင်းစက် မရှိတော့သဖြင့် သူကြံဖန်ချက်ပြုတ်ရတော့မည်။
ဟိုင်ရှီသည် စန္ဒကူးသေတ္တာကို ဖုန့်ရှင်းထံ ပြန်ပေးလိုက်ပြီး ရိုးတံကို ယူလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ပြင်းပျသော စွဲလမ်းမှုများ ရှိနေသည်။
“အဝေးကြီးကို အမြန်ဆုံးနှုန်းနဲ့ ပျံသန်းရမှာမို့လို့အကျိုးသက်ရောက်မှု ကြာရှည်ခံအောင် နှင်းစက်ကို သေချာသန့်စင်နော်။ အခုပဲ စလိုက်လို့ ရပြီ” ဖုန့်ရှင်းက ပြောလိုက်သည်။ ဟိုင်ရှီသည် ညွှန်ကြားချက်ကို နာခံသော ကလေးငယ်တစ်ယောက်လို လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး နှင်းစက်၊ ရိုးတံနှင့် အားလုံးကို မျိုချလိုက်သည်။
သူမ၏ကြီးမားသော မျက်လုံးများသည် ပန်းကန်ပြားပျံလေးများသဖွယ် ကျဉ်းမြောင်းသွားပြီး ပျော်ရွှင်စွာဖြင့် ပျံဝဲနေသည်။ မကြာမီ သူမ၏ခန္ဓာကိုယ်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသဖြင့် နှင်းရည်၏ အရသာကို ခံစားနေမှုကို ရပ်တန့်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် ပိုမို ပူနွေးလာပြီး အပူချိန်မှာ စက္ကန့်နှင့်အမျှ သိသိသာသာ မြင့်တက်လာသည်။ အပူဒဏ်ကို မခံနိုင်တော့ဘူးဟု ထင်လိုက်ချိန်တွင် ကြီးမားသော အေးမြသည့် စွမ်းအင်တစ်ခုက သူမကို လွှမ်းခြုံသွားသည်။
စွမ်းအင်သည် သူမကို လန်းဆန်းစေပြီး အစောပိုင်းက ပြင်းထန်သော အပူချိန် ပျောက်ကွယ်သွားသည်။ ယခု ကျန်ရှိနေသည်မှာ သူမတစ်ခါမှ မခံစားဖူးသော သက်တောင့်သက်သာ ရှိမှုအဆင့်တစ်ခု ဖြစ်သည်။ ဖုန့်ရှင်း၏ အနားတွင် ရှိနေရခြင်းကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများပင် ထိုအေးမြလန်းဆန်းသော စွမ်းအင်ကြောင့် ပျောက်ကွယ်သွားသလို ခံစားရသည်။ ဟိုင်ရှီ မကြာမီ ထိုခံစားမှုထဲတွင် မျောပါသွားတော့သည်။
“ဟိုင်ရှီ... အာရုံစိုက်ထားစမ်း” ရေခဲကဲ့သို့ အေးစက်သော လေထုတစ်ခု သူမ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး ဟိုင်ရှီ သတိပြန်ဝင်လာသည်။ သူမ၏ မျက်လုံးများ ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
“ခဏတာ သာယာမှုထဲမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားစေနဲ့။ မင်း နှင်းစက်ကို သေချာတောင် မသန့်စင်ရသေးဘူး။ နှင်းစက်က သိပ်များတာမဟုတ်ဘူး၊ ဒါကြောင့် နည်းနည်းလေးတောင် အလဟဿ ဖြစ်ခံလို့ မရဘူး။ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဘယ်လောက်ပဲ သက်တောင့်သက်သာ ရှိပါစေ ပတ်ဝန်းကျင်ကို အာရုံမစိုက်ဘဲ နှင်းစက်ပတ်လည်က စွမ်းအင်ကိုအာရုံခံကြည့်ပါ။
မင်းရဲ့ခန္ဓာကိုယ်ထဲက နှင်းစက်ထဲကို စိတ်နှစ်ပြီးအာရုံခံကြည့်လိုက်။ သူ့ရဲ့သဘာဝ၊ စည်းချက်၊ အသက်ရှူသံ... သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပြီး ကျန်တာအားလုံး မေ့ထားလိုက်ပါ။ မင်း သူ့နဲ့ ထပ်တူကျလေလေ ရရှိမယ့် အကျိုးသက်ရောက်မှု ပိုကောင်းလေလေပဲ”
ဖုန့်ရှင်းကဟိုင်ရှီ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို ငြိမ်သက်စေရန် ညင်သာစွာ ပြောလိုက်သည်။
ဟိုင်ရှီမကြာမီ တည်ငြိမ်သွားပြီး မျက်လုံးမှိတ်ကာ သူမ ခန္ဓာကိုယ်ထဲရှိ နှင်းစက်ကို အာရုံခံရန် ကြိုးစားလိုက်သည်။ သူမ စိတ်နှစ်လိုက်သည်နှင့်တပြိုင်နက် သေးငယ်နေဆဲ ဖြစ်သော နှင်းစက်ကို တွေ့လိုက်ရသော်လည်း နီးကပ်သွားလေလေ ပိုမို ကြီးမားလာလေလေ ဖြစ်သည်။
နှင်းစက်သည် ရုတ်တရက် မြစ်ရှည်ကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဟိုင်ရှီကို ဝါးမြိုလိုက်သည်။ ဟိုင်ရှီသည် ဝါးမြိုခံလိုက်ရသည်နှင့် ပျံသန်းထွက်ပြေးရန် ကြိုးစားသော်လည်း သူမ၏ အတောင်ပံများ ကျောက်တုံးအဖြစ် ပြောင်းလဲစ ပြုလာသည်။
အတောင်ပံ တစ်ဖက်မှ စတင်ပြီး ကျန် ၃ ဖက်စလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။သူမဘယ်လောက်ပဲ ကြိုးစားပါစေ မြစ်၏ လက်တွင်းမှ မလွတ်မြောက်နိုင်ပေ။ မကြာမီ ကြီးမားသော နာကျင်မှုတစ်ခုကသူမ၏ခန္ဓာကိုယ် တစ်ခုလုံးသို့ပျံနှံ့လာသည်။ သူမ၏ခန္ဓာကိုယ်ကို အတင်းအဓမ္မ ပြောင်းလဲပစ်နေသကဲ့သို့ ခံစားရသည်။
သူမ၏အရိုးများနှင့် အတွင်းပိုင်း အစိတ်အပိုင်းများ အားလုံး ဖိသိပ်ခံနေရပြီး ရုန်းကန်လေလေ ပိုဆိုးလေလေ ဖြစ်သည်။ သူမ လက်လျော့လိုက်တော့မည့် အချိန်တွင် နှင်းစက်၏ သဘာဝ၊ စည်းချက်နှင့် အသက်ရှူသံထဲသို့ စိတ်နှစ်ပြီး ကျန်တာအားလုံး မေ့ထားရန်၊ ၎င်း၏ ဦးဆောင်မှုနောက် လိုက်ရန် ဖုန်ရှင်းပြောခဲ့သော စကားများကို သတိရလိုက်သည်။
သူမသည် အရာအားလုံးကို လွှတ်ချလိုက်ပြီး ပြောင်းလဲမှုကို ဆန့်ကျင်ရုန်းကန်ခြင်း မပြုတော့ပေ။ သူမ လွှတ်ချလိုက်သည်နှင့် နာကျင်မှု ပျောက်ကွယ်သွားပြီး ပြောင်းလဲမှုသည် လျင်မြန်ချောမွေ့စွာ ဆက်လက် ဖြစ်ပေါ်သွားသည်။ ပြောင်းလဲမှု ပြီးဆုံးသောအခါ သူမသည်ကြမ်းတမ်းသော ကျောက်တုံးကြီး တစ်တုံးအဖြစ် ပြောင်းလဲသွားပြီး မြစ်ကြမ်းပြင်သို့ နစ်မြုပ်ကာ ရေစီးနှင့်အတူ မျောပါသွားတော့သည်။
သူမသည် မြစ်ရေစီးကြောင်းထဲတွင် လုံးဝ စိတ်နှစ်လိုက်သည်။ မြစ်ရေစီးကြောင်းသည် ရပ်တန့်မည့် အရိပ်အယောင် မပြဘဲ နှစ်ပေါင်းများစွာ ကြာအောင် သူမကိုဆွဲခေါ်သွားသကဲ့သို့ ခံစားရသည်။ သို့သော် ထိုနှစ်များ အတွင်း သူမ၏ ကျောက်တုံး ခန္ဓာကိုယ်တွင် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။
အစပိုင်းတွင် ကြမ်းတမ်းပြီး အချွန်အတက်များ ရှိနေသော်လည်း တဖြည်းဖြည်း ချောမွေ့လာပြီး အရွယ်အစား သိသိသာသာ သေးငယ်သွားသည်။ ကြမ်းတမ်းသော အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သည်။
လုံးဝ ချောမွေ့သွားသည့် အချိန်တွင် လွတ်လပ်မှု ရရှိလိမ့်မည်ဟု ဟိုင်ရှီ ခံစားမိသည်။ သူမထင်သည့်အတိုင်းပင် သူမစိတ်ထင်၅ နှစ်ခန့် ကြာပြီးနောက် လက်သီးဆုပ် အရွယ်အစားရှိသော ခရမ်းရောင် ကျောက်စရစ်ခဲ ချောချောလေး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ မြစ်ရေစီးကြောင်းသည် ပိုမို ညင်သာချောမွေ့လာပြီး တောက်ပသော အပြာခရမ်းရောင် အလင်းတန်းတစ်ခုကဟိုင်ရှီကို လာရောက် ပွေ့ဖက်လိုက်သည်။
ဟိုင်ရှီ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သတိလစ်နေသော လူများဖြင့် ပြည့်နှက်နေသည့် ခန်းမထဲသို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။ အစပထမတွင် အနည်းငယ် မူးဝေနေသော်လည်း မကြာမီ သူမ ဘယ်ရောက်နေသည်ကို သတိပြန်ဝင်လာသည်။
“ဂုဏ်ယူပါတယ်၊ မင်း မျှော်လင့်ထားတာထက် ပိုရလိုက်ပုံပဲ” သူမ အနောက်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ အလျင်အမြန် လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင် ဖုန့်ရှင်းကို တွေ့လိုက်ရသည်။ ယခင်က သူ့ကို မြင်လျှင် နက်ရှိုင်းသော ကြောက်ရွံ့မှု ခံစားရသော်လည်း ယခုအခါတွင်မူ ကျေးဇူးတင်စိတ်များသာ အပြည့်ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားနေရသောကြောင့် ဖြစ်သည်။ မြစ်ရေစီးကြောင်း ပုံရိပ်ယောင်ထဲမှ ပြောင်းလဲမှု အတွေ့အကြုံသည် အမှားမဟုတ်ပေ။
သူမ၏ ခန္ဓာကိုယ်သည် ပိုမို ပေါ့ပါးလာပြီး ကျစ်လျစ်ကာ စွမ်းအင်များ ပြည့်ဝနေသည်ဟု ခံစားရသည်။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်ဟု ခံစားရသည်။
သူမ၏ ထိန်းချုပ်နိုင်စွမ်းသည် ယခင်ကထက် ၅ ဆ ပိုကောင်းလာသည်။အံ့သြစရာကောင်းသည်မှာ သူမ၏ ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးတက်လာခြင်း ဖြစ်သည်။
ယခင်က အမြူတေဖွဲ့စည်းခြင်း အဆင့် ၄ အစောပိုင်း ကာလတွင် ရှိသော်လည်း ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အဆင့် ၅ သို့ ချိုးဖောက်ဝင်ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ နာရီအနည်းငယ် အတွင်း အဆင့်တက်နိုင်လိမ့်မည်ဟု သူမ ခံစားမိသည်။
ဟိုင်ရှီသည် အဆင့် ၄ သို့ ရောက်ရှိခဲ့သည်မှာ တစ်လပင် မပြည့်သေးပေ။ သူမ၏ ခန့်မှန်းချက်အရ အဆင့် ၅ သို့ ရောက်ရန် ၂ နှစ် သို့မဟုတ် ထိုထက်ပိုကြာလိမ့်မည်ဟု မျှော်လင့်ထားသည်။ နှင်းရည်တစ်စက်က ၂ နှစ်စာ ကျင့်ကြံခြင်းကို လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ သူမအတွက် မဖြစ်နိုင်သော အိပ်မက်တစ်ခုပင်။
“ကျွန်မကို အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဖုန့်ရှင်း။ ဟိုင်ရှီ ဒီကျေးဇူးကိုဘယ်တော့မှ မမေ့ပါဘူး” ဟိုင်ရှီ က ပြောလိုက်ပြီး ဖုန့်ရှင်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ရပါတယ်၊ ဒါပေမဲ့ မင်း ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ငါ့ကို နေရာတစ်ခုဆီ မင်းရဲ့ အစွမ်းကုန် အမြန်နှုန်းနဲ့ ပျံသန်း ပို့ဆောင်ပေးဖို့ လိုတယ်။
မင်းခန္ဓာကိုယ် အပြောင်းအလဲတွေကို ကြည့်ရတာ ငါတို့ အချိန်မီ ရောက်နိုင်လောက်ပါတယ်” ဖုန်ရှင်းက ပြောရင်း ဟိုင်ရှီ ၏ အတောင်ပံများကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ အတောင်ပံများတွင် ခရမ်းရောင် ဖျော့ဖျော့ သန်းနေပြီး ယခင်ကထက် ပိုမို ခိုင်ခံ့နေပုံရသည်။
“သေချာပေါက် ပို့ပေးပါ့မယ်” ဟိုင်ရှီ က ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်သည်။
ဖုန့်ရှင်းသည် ဟိုင်ရှီကိုစစ်ဆေးပြီးနောက် ခန်းမအပြင်ဘက်သို့ ထွက်ခွာသွားပြီး ဟိုင်ရှီကို သူ့နောက်သို့ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။ အပြင်ရောက်သောအခါ ဖုန့်ရှင်း တစ်စုံတစ်ခုကို သတိရသွားပြီး သိုလှောင်လက်စွပ်ထဲမှ အစီအရင် အလံအချို့ကို ထုတ်ယူလိုက်သည်။
သူသည် အလံများကို ခန်းမပတ်လည်ရှိ တိကျသော နေရာများတွင် စိုက်ထူလိုက်သည်။ နောက်ဆုံး အလံကို စိုက်ပြီးသောအခါ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး အချို့ကို ထုတ်ယူကာ အမှုန့်ဖြစ်အောင် ချေပြီး အလံများပေါ်သို့ ဖြူးလိုက်သည်။ ဘေးမှ ဟိုင်ရှီ မှာ ဖုန့်ရှင်း၏ ဖြုန်းတီးပုံကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားသော်လည်း ထောက်ပြရန်အတွက်မူ သတ္တိမရှိပေ။
အစီအရင် အလံများသည် ဝိညာဉ်ကျောက်တုံး အမှုန့်များမှ စွမ်းအင်ကို စုပ်ယူလိုက်သဖြင့် လင်းလက်လာသည်။ ၎င်းတို့မှ အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“နန်းတော်အဆင့် အစီအရင် ကျွမ်းကျင်သူ ရောက်မလာမချင်း မြူခိုးဖုံးကွယ်အစီအရင်နဲ့ ဆိုရင် သူတို့ကို ဘယ်သူမှ မထိခိုက်အောင် ကာကွယ်ပေးဖို့ လုံလောက်တယ်။” ဖုန်ရှင်းက လက်မှ ကျောက်တုံးမှုန့်များကို ခါထုတ်ရင်း ပြောလိုက်သည်။
“ဟိုင်ရှီ... သွားကြစို့။ ငါတို့ အရှေ့မြောက်ဘက်ကို သွားရမယ်။ မြစိမ်းရောင်မြူတောဒေသ ထဲက ထွက်သွားတာနဲ့ ငါသွားချင်တဲ့ နေရာအတိအကျကို မင်းအလိုလို သိလာလိမ့်မယ်။ မင်းကပျံသန်းဖို့ပဲ အာရုံစိုက်ထား၊ ကျန်တာ ဘာမှ စိတ်မပူနဲ့။ ငါအကုန် တာဝန်ယူတယ်” ဖုန့်ရှင်းက ပြောရင်း ဟိုင်ရှီကျောပေါ်သို့ ခုန်တက်လိုက်သည်။
ဟိုင်ရှီသည် တွန့်ဆုတ်မနေဘဲ အတောင်ပံများကို အစွမ်းကုန် ခတ်ကာ အကြီးအကဲဖုန်း ၏ တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ဂိုဏ်းချုပ်၏ တောင်ထိပ်သည် အရိပ်ထဲတွင် ကျန်ရစ်ခဲ့ပြီး သူတို့သည် မြူနွံဂိုဏ်း နယ်မြေမှ ထွက်ခွာလုနီးပါး ဖြစ်နေပြီ။