← Chapters

မိတ်ဆွေဟောင်းများတွေ့ဆုံခြင်း

Vol. 3 Ch. 29

မိတ်ဆွေဟောင်းများတွေ့ဆုံခြင်း

Vol. 3 Ch. 29

မြူနွံဂိုဏ်း၏ အရှေ့ဘက်မိုင်အနည်းငယ်ခန့် အကွာတွင် အစိမ်းရောင် သတ္တဝါတစ်ကောင်သည် တစ်စုံတစ်ခုထံမှ ထွက်ပြေးနေသကဲ့သို့ ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် စိမ့်နွံထဲတွင် ဖြတ်သန်းသွားလျက်ရှိသည်။ လျင်မြန်သော ရွေ့လျားမှုကြောင့် အစိမ်းရောင် အလင်းတန်း ဝေဝါးဝါးမျှသာ မြင်ရသည်။

တန်းတန်းမတ်မတ် ပြေးနေသော အစိမ်းရောင်သတ္တဝါသည် ရုတ်တရက် လမ်းကြောင်းလွှဲပြီး ဘယ်ဘက်သို့ လျင်မြန်စွာ ကွေ့လိုက်သည်။ စက္ကန့်ပိုင်း အကြာတွင် ကျယ်လောင်သော ဝုန်းခနဲ အသံတစ်ခု ကြားလိုက်ရပြီးနောက် ပါးစပ်ပိတ်ခံလိုက်ရသကဲ့သို့ တိုးညင်းသော တိရစ္ဆာန် ညည်းသံတစ်ခု ထွက်ပေါ်လာကာ တိတ်ဆိတ်သွားသည်။

အစိမ်းရောင်အလင်းတန်းသည် အစိမ်းရောင်ပတ္တမြားကဲ့သို့ တောက်ပနေသော အကြေးခွံများ ရှိသည့် အစိမ်းရောင်မြွေတစ်ကောင် ဖြစ်နေသည်။ မြွေသည် မိုးမခဦးချိုသမင်တစ်ကောင်ကို ရူးသွပ်စွာကိုက်ဖြတ် စားသောက်နေသည်။

ပါးစပ်ပိတ်ခံလိုက်ရသော ညည်းသံသည် သမင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အစိမ်းရောင်မြွေက ၎င်း၏ လည်ပင်းကို ကိုက်ဖြတ်ကာ သွေးများကို ရူးသွပ်စွာ စုပ်ယူနေခြင်း ဖြစ်သည်။

မိုးမခဦးချိုသမင်သည် အရွယ်ရောက်ပြီး နွားတစ်ကောင်၏အရွယ်အစား ရှိသော်လည်း ကြွက်သားများမှာ ကျစ်လျစ်သန်မာသည်။ ၎င်း၏ ဦးချိုများသည် အဖြူရောင် ဖြစ်ပြီး အဝါရောင် မိုးမခရွက်များ ပါရှိသည်။ အစိမ်းရောင် မြွေသည် သမင်နှင့် ယှဉ်လျှင် သေးငယ်သည်။

အရှည် ၁၀ မီတာခန့်သာ ရှိပြီးလုံးပတ် တစ်မီတာအောက်သာ ရှိသည်။ သို့သော် ထိုမြွေသည် သမင်ကို ဝါဂွမ်းစကဲ့သို့ စုတ်ဖြဲစားသောက်နေသည်။ မိနစ်ပိုင်းအတွင်း သမင်၏ အစအနပင် မကျန်တော့ဘဲ မြေကြီးပေါ် ဖိတ်စင်ကျနေသော သွေးအနည်းငယ်ကိုပင် မြွေက ပြောင်စင်အောင် လျက်ယူလိုက်သည်။

မြွေသည် သမင်ကို စားသောက်ပြီးသည်နှင့် မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်သည်။ နာကျင်သောအမူအရာ ပေါ်လာပြီး ချွေးစများ ထွက်လာသည်။ ၎င်း၏ မျက်လုံးတစ်ဖက်တွင် ကွဲထွက်နေသော နက်ရှိုင်းသည့် ဒဏ်ရာတစ်ခု ရှိသည်။

ဒဏ်ရာသည် မျက်လုံးမှ ခေါင်း၊ ထိုမှတစ်ဆင့် ခန္ဓာကိုယ် အောက်ပိုင်းအထိ ရှည်လျားသည်။ မျက်လုံးမှ ခန္ဓာကိုယ်အထိ ၃ မီတာခန့် ရှည်လျားသည်။ ဒဏ်ရာမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ မျက်လုံးနေရာတွင် အထူထဲဆုံး ဖြစ်သော အဖြူရောင် မြူခိုးများဒဏ်ရာမှ ထွက်ပေါ်နေသည်။

၎င်း၏ အကြေးခွံ အများစုသည် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားပြီး ခေါင်းပိုင်းသာ တောက်ပနေသည်။ ခန္ဓာကိုယ် ကျန်အစိတ်အပိုင်းများမှ စွမ်းအင်များကို ဒဏ်ရာအပြင်းထန်ဆုံး ရထားသည့် ခေါင်းပိုင်းသို့ စုစည်းနေပုံရသည်။

အဖြူရောင် မြူခိုးများကို အပူချိန် ပြင်းပြင်းဖြင့် ပြုတ်နေသကဲ့သို့ ဒဏ်ရာတစ်လျှောက် ရေနွေးငွေ့များ ထွက်ပေါ်နေသည်။

မျက်နှာထားမှာ ပိုမို ရှုံ့မဲ့လာပြီး ပါးစပ်မှ နာကျင်စွာ ညည်းညူသံ သဲ့သဲ့ ထွက်ပေါ်လာသည်။ ဒဏ်ရာကို ကုသရန် ကြိုးစားနေစဉ် ကြီးမားသော နာကျင်မှုကို ရုန်းကန်နေရသည်။ ဒဏ်ရာအတွင်းရှိ မြူခိုးများကို ဖယ်ရှားရန် ကြိုးစားသော်လည်း မြူခိုးများ ပျောက်ကွယ်ခါနီးတိုင်း ပြန်လည် ဖြစ်ပေါ်လာသည်။

မြွေနှင့် မြူခိုးတို့၏ အပြန်အလှန် ရုန်းကန်မှုသည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီးနောက် လက်ကျန် မျက်လုံးတစ်လုံးကို ဖွင့်လိုက်ရာ မျှော်လင့်ချက်မဲ့မှု၊ စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။

ဒဏ်ရာသည် လွန်ခဲ့သော တစ်နာရီက အတိုင်းပင် ရှိနေသေးပြီး တစ်လက်မမျှပင် သက်သာလာခြင်းမရှိပေ။ ဒဏ်ရာမှ ထွက်ပေါ်နေသော အခိုးများသည် ယခင်ကကဲ့သို့ပင် ထူထဲနေဆဲဖြစ်ပြီး ဒဏ်ရာအတွင်းပိုင်းနှင့် ပတ်လည်တွင် စိမ့်ဝင်နေသည်။

“အမြူတေဖွဲ့စည်းခြင်း အဆင့် ၁ သားရဲတောင်မှ ဒဏ်ရာကိုကုသဖို့ လုံလောက်တဲ့ စွမ်းအင် မပေးနိုင်ပါလား။ မြူခိုးတွေ နည်းနည်းလေးတောင် မလျော့သွားဘူး။ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းရည်ပဲ။ ကြည့်ရတာ ဒီဒဏ်ရာတွေ ပျောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမယ့်ပုံပဲ။

အဲဒါတောင် တခြားဘာမှမလုပ်ဘဲ ကုသဖို့ပဲ အချိန်ပေးမှ ရမှာ။ ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို ထိခိုက်စေမယ့် အတွင်းဒဏ်ရာတွေ မကျန်ခဲ့ဘဲ လုံးဝ ပျောက်ကင်းနိုင်ပါ့မလား ဆိုတာတော့ ဘယ်သူ သိမှာလဲ။ ငါအမှားကြီး မှားသွားပြီ။

အဲဒီလူသားက လူရေခွံခြုံထားတဲ့ သားရဲပဲ။ မိနစ်ပိုင်း အတွင်း ငါတို့အားလုံးကို အလွယ်တကူ နှိမ်နင်းလိုက်တာ မယုံနိုင်စရာပဲ။ ငါသာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့ ခြေတစ်လှမ်း နောက်ကျပြီးမှ ထွက်ပြေးခဲ့ရင် ကျန်တဲ့ကောင်တွေလို ဖြစ်သွားမှာ။”

“ဘိုလင်း... တောင်းပန်ပါတယ် သူငယ်ချင်းရာ။ ငါတို့က အဲဒီလူသားအတွက် ပန်းကန်ပြားပေါ် တင်ပေးလိုက်သလို ဖြစ်နေမှန်း ဘယ်သူ သိမှာလဲ။ အဲဒီလူဆီက မရောင့်ရဲနိုင်တဲ့ လောဘစိတ်ကိုတောင် ငါအာရုံခံမိလိုက်သေးတယ်။

ဟားဟား... ငါကလည်း ဘုရင်အတု ဆိုပြီး နာမည်ခံထားရုံပါပဲလား” အစိမ်းရောင် မြွေ တိတ်တဆိတ် တွေးရင်း ကိုယ့်ကိုယ်ကိုယ် သရော်သော အပြုံးဖြင့် ပြုံးလိုက်သည်။ ဒဏ်ရာမှ နာကျင်မှုကြောင့် အနည်းငယ် တွန့်သွားသည်။

မြွေသည် ဖုန့်ရှင်းကို ဝိုင်းထားခဲ့သော ဝိညာဉ်သားရဲများအနက် တစ်ကောင်ဖြစ်သည့် လျှပ်စီးမြွေပွေး ဖြစ်သည်။ သူသည်နယ်မြေ ၈၏ ဘုရင်အတု ၃ ပါးအနက် တစ်ပါးလည်း ဖြစ်သည်။ ခြုံခိုတိုက်ခိုက်မှုတွင် သူတစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်ခဲ့ခြင်း မဟုတ်ပေ။

ဖုန့်ရှင်း၏ ချီသည် အသားများကို စဉ်ဆက်မပြတ် တိုက်စားနေပြီး ကလီစာများထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးကြောများထဲသို့ပါ ထိုးဖောက်ဝင်ရောက်လာမည် ဖြစ်သည်။

လျှပ်စီးမြွေပွေးသည် အမြူတေဖွဲ့စည်းခြင်း အဆင့် ၁ ရှိသော မိုးမခဦးချို သမင်၏ စွမ်းအင်ကို အသုံးပြု၍ ပြင်ပ ချီများကို သန့်စင်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ချီသည် ယခင်ကကဲ့သို့ပင် အားကောင်းနေဆဲဖြစ်ပြီး သူ့ကို ဖြည်းညှင်းစွာ ဝါးမြိုနေသည်။

ဒဏ်ရာကို ထိန်းချုပ်ထားရန်နှင့် အတွင်းကလီစာများကို ကာကွယ်ရန် သူ၏ စွမ်းအားအားလုံးကို အသုံးပြုနေရသည်။ ဤဒဏ်ရာများ ပျောက်ကင်းရန် အဆင့်မြင့် ကောင်းကင်အဆင့် ဆေးပင် အနည်းငယ် သို့မဟုတ် အမြူတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် သားရဲ ၁၀ ကောင်ခန့် စားသုံးရန် လိုအပ်ပြီး ရေရှည် တံခါးပိတ် ကျင့်ကြံရန်လည်း လိုအပ်သည်။

“ဒီလောက် ဒဏ်ရာမျိုးနဲ့ဆိုရင် ငါ လုံခြုံတဲ့ နေရာမှာ ပုန်းပြီး ကုသမှ ဖြစ်မယ်။ တခြား ဘာမှ လုပ်နိုင်မယ့် အားအင် မရှိတော့ဘူး။ တကယ့် ပြဿနာက ငါ့လက်အောက်က ဝိညာဉ်သားရဲတွေပဲ။ သူတို့က ငါ့ကို လေးစားသလို ဟန်ဆောင်နေကြပေမဲ့ ငါ့ရဲ့ လက်ရှိ အခြေအနေကို မြင်ရင် ဘာတွေ ကြံစည်ကြမလဲ ဘယ်သူ သိမှာလဲ။ ဒဏ်ရာရနေတဲ့ ဘုရင်အတုက သူတို့အတွက် အရမ်း မက်လောက်စရာ ဆုလာဘ်ပဲလေ။ ငါ့ကို ဝါးမြိုဖို့ သူတို့ ပေါင်းပြီး တိုက်ခိုက်လာနိုင်တယ်။ရွက်ခြောက်ဂူ မှာ သွားပုန်းတာ အကောင်းဆုံးပဲ။”

“ အဲဒီနေရာရဲ့ ဆိုးရွားတဲ့ အခြေအနေကြောင့် ဘယ်သူမှ ငါ့ကို အဲဒီမှာ လိုက်ရှာမှာ မဟုတ်ဘူး။ ပြီးတော့ ဘိုလင်း ငါ့ကိုကူညီပြီး တည်ဆောက်ပေးထားတဲ့ အဆိပ် အစီအရင်က ပိုကောင်းတဲ့ ကာကွယ်မှု ပေးနိုင်လိမ့်မယ်။ ကံကောင်းတာ ဒီနေရာနဲ့ သိပ်မဝေးဘူး” အစိမ်းရောင် လျှပ်စီး မြွေပွေးသည် သစ်ရွက်ခြောက် နေအိမ်သို့ သွားရန် ဘယ်လောက် ဝေးမလဲဟု တွက်ချက်ရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တွက်ချက်နေစဉ် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တင်းမာသွားပြီး ပစ်လွှတ်ရန် အဆင်သင့် ဖြစ်နေသော မြားတစ်စင်းကဲ့သို့ ဖြစ်သွားသည်။ သူသည် အနောက်မြောက်ဘက်သို့ စိုက်ကြည့်ရင်း မျက်လုံးအိမ် ကျဉ်းမြောင်းသွားကာ သတိထားသော အမူအရာ ပေါ်လာသည်။

လွန်ခဲ့သော စက္ကန့်အနည်းငယ်က ထိုနေရာသည် ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။ သစ်ရွက်များနှင့် နွယ်ပင်များ ဝေဆာနေသော သစ်ပင်ကြီးများ ရှိနေခဲ့သည်။ နေရောင်ခြည်ကို အစိမ်းရောင် မြူများက ကာဆီးထားသော်လည်း အချို့သော အလင်းရောင်များ ထိုးဖောက်ဝင်ရောက်နေသဖြင့် ပတ်ဝန်းကျင်သည် လင်းလက်နေသည်။

သို့သော် ယခုအချိန်တွင် ၂ မိုင်အောက် အကွာအဝေး၌ မည်းမှောင်သော စက်ဝိုင်းကွက် တစ်ခု ရှိနေသည်။ လက်သီးဆုပ် အရွယ်အစားမှ စတင်ပြီး မိနစ်ပိုင်းအတွင်း ပြတင်းပေါက်၊ ထို့နောက် တံခါးပေါက် အရွယ်အစားအထိ ကြီးမားလာသည်။

အမှောင်ထု ထိတွေ့သမျှ နေရာတိုင်း ဝါးမြိုခံလိုက်ရပြီး အစိမ်းရောင် လျှပ်စီး မြွေပွေးနှင့် နီးကပ်လာလေ အရွယ်အစား ပိုမို ကြီးမားလာလေ ဖြစ်သည်။

“ခွီး ခွီး ခွီး... ငါ့သူငယ်ချင်းဟောင်း လီလွန်း… မင်းကြည့်ရတာ နည်းနည်း အေးစက်နေသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှပေါ့၊ မဟုတ်ရင် ဒဏ်ရာတွေ ဒီလို ဟောင်းလောင်းပွင့်နေတာက ပိုးဝင်ကုန်ဦးမယ်... ခွီး ခွီး ခွီး... နယ်မြေ ၈ ရဲ့ အမြန်ဆုံး ဘုရင်အတု ဖြစ်တဲ့ လျှပ်စီးမြွေပွေးကို ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ဘယ်သူများ လုပ်လိုက်ပါလိမ့်” ဖုံးလွှမ်းနေသော အမှောင်ထုထဲမှ အေးစက်ပြီး အက်ကွဲသော အသံတစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးမြွေပွေးသည် ဝင်ရောက်လာသော အမှောင်ထု၏ ဆန့်ကျင်ဘက်သို့ ထွက်ပြေးရန် စဉ်းစားရင်း ခေါင်းကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ သို့သော် အရပ်မျက်နှာ အသီးသီးမှ သူ့ကို ဝိုင်းရံထားသော အမြူတေဖွဲ့စည်းခြင်းအဆင့် အဆင့်ဆင့်ရှိ ဝိညာဉ်သားရဲ အများအပြားကို အာရုံခံမိလိုက်သဖြင့် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။

သူသည် ထိုသားရဲများကို ဖြေရှင်းနိုင်သော်လည်း အချိန်ယူရမည် ဖြစ်ပြီး ထိုအချိန်အတွင်း အေးစက်သော အသံပိုင်ရှင်က သူ့ကို တိုက်ခိုက်ရန် အခွင့်အရေး ရသွားလိမ့်မည်။

လီလွန်းသည် ထွက်ပြေးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သူ၏အနောက်မြောက်ဘက်မှ အမှောင်ထု၏ အရင်းအမြစ် ဖြစ်သော ကျူးကျော်သူကို ရင်ဆိုင်ရန် အာရုံစိုက်လိုက်သည်။

“ခွီး ခွီး ခွီး... လီလွန်း... မင်းက ထွက်သွားချင်နေပုံပဲ။ ရက်စက်လိုက်တာကွာ... ငါက မင်းကို တွေ့ချင်လို့ ဒီလောက် ဝေးဝေး လာခဲ့ရတာကို။ ထိုင်ပြီး စကားပြောကြရအောင်... မင်းကို ဘယ်သူ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ ဆိုတာငါသိချင်တယ်။ မင်းရဲ့ သူငယ်ချင်းအနေနဲ့ ငါ အဲဒီရန်သူကို ရှင်းပစ်ပေးချင် ပေးနိုင်မှာ၊ မင်းဒဏ်ရာကိုတောင် ကုပေးချင် ကုပေးနိုင်မှာ။

ငါက ဟို ခေါင်းမာတဲ့ ဝက်သိုးလို ကုသရေး နည်းစနစ်တွေမှာ မတော်ပေမဲ့ အရာရာကို မျိုချတဲ့ နေရာမှာတော့ တော်တော်ကျွမ်းကျင်တယ်ကွ။ မင်းဒဏ်ရာထဲက တိုက်စားနေတဲ့ ချီတွေကို ငါ မျိုပေးလို့ ရတယ်” အေးစက်အက်ကွဲသော အသံပိုင်ရှင်က ကျီစယ်သလို ပြောလိုက်သည်။

“ပေါက်ကရတွေ ပြောမနေနဲ့ လျောင်ရင်း။ မင်းဘာလိုချင်တာလဲ” လီလွန်းက မျက်လုံးကျဉ်းမြောင်းရင်း အေးစက်စွာ မေးလိုက်သည်။

“ဘာမှ မလိုပါဘူးကွာ... မတွေ့တာ ကြာပြီဖြစ်တဲ့ ဘုရင်အတု အချင်းချင်း စကားစမြည် ပြောချင်ရုံပါပဲ... ခွီး ခွီး ခွီး” အသံပိုင်ရှင်သည် နောက်ဆုံးတွင် ပေါ်လာသည်။

၎င်းသည် မီတာ ၁၀၀ ရှည်လျားသော မိကျောင်းတစ်ကောင် ဖြစ်ပြီး မဟူရာ ကျောက်တုံး သို့မဟုတ် ညဉ့်ကောင်းကင်ယံထက် ပိုမို မည်းနက်သော အကြေးခွံများ ရှိသည်။ အကြေးခွံ အချို့ပေါ်တွင် ကြယ်ပွင့်များကဲ့သို့ တောက်ပသော အဖြူရောင် အစက်အပြောက်လေးများ စုဝေးနေသည်။ မေးရိုးမှ ဝမ်းဗိုက်အထိ ဘယ်ဘက်ခြမ်းတွင် ကြီးမားသော ဓားဒဏ်ရာကြီး တစ်ခု ရှိသည်။

မိကျောင်း လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မြေကြီး၊ မြက်၊ ချုံပုတ်၊ သစ်ပင်နှင့် နွယ်ပင်များ အပါအဝင် သက်ရှိ အစိတ်အပိုင်းများနှင့် အလင်းရောင် အားလုံးသည် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

အစိမ်းရောင် လျှပ်စီး မြွေပွေးနှင့် မီတာ ၁၀၀ အကွာတွင် ရပ်တန့်လိုက်သည်။ ဤမိကျောင်းသည် ဘုရင်အတု တစ်ပါးဖြစ်သော မဟူရာစကြဝဠာမိချောင်း လျောင်ရင်း ဖြစ်သည်။ ဘုရင်အတု နှစ်ပါးသည် မိတ်ဆွေဟောင်းများကဲ့သို့ စကားပြောဆိုနေကြသော်လည်း သူတို့ထံမှ ထွက်ပေါ်လာပြီး အပြန်အလှန် ရိုက်ခတ်နေသော ကြီးမားသည့် ချီစွမ်းအင်အတတ်အကျမှာ တိုက်ပွဲအငွေ့အသက်ကို သယ်ဆောင်လာလျက် ရှိလေသည်။

All Chapters