ငယ်ကျိုးငယ်နာများကို ထုတ်ဖော်ခြင်း
Vol. 3 Ch. 30
လျှပ်စီးမြွေပွေးသည် တင်းမာနေသော လေထုကို ဖြိုခွဲရန် ဆုံးဖြတ်လိုက်သည့်အချိန်အထိ နှစ်ဦးနှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
“ ‘အစွမ်းအထက်ဆုံး ဘုရင်အတု’ က ငါလို အောက်တန်းစား တစ်ကောင်နဲ့ စကားစမြည် ပြောချင်တယ်ဆိုတာ မယုံနိုင်စရာပဲ။ ငါက မထိုက်တန်ပါဘူး၊ ဒါပေမဲ့ ထိုက်တန်တဲ့သူ ဘယ်သူလဲဆိုတာ ငါသိတယ်။ ခင်ဗျားတို့ နှစ်ယောက်စလုံးက စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ အဲဒီလူနဲ့ သွားစကားပြောကြည့်ပါလား။
ဘယ်သူ့ကို ပြောနေတာလဲဆိုတာ မင်းသိတယ်မလား လျောင်ရင်း။ အိပ်စက်ရတာကို နှစ်သက်တဲ့ ဒီနေရာရဲ့ အရှင်သခင်အစစ်အမှန် ရွှေရောင်အကြေးခွံမိကျောင်း ကြီးလေ။ အစွမ်းထက်တဲ့ သူချင်းချင်းဆိုတော့ သူက သဘောကျမှာပါ။ ခင်ဗျားတို့ မဟာမိတ်ဖွဲ့ပြီး နယ်မြေ ၇ ကိုတောင် အတူတူ တက်လှမ်းနိုင်လောက်တယ်” အစိမ်းရောင် လျှပ်စီး မြွေပွေးက နှိမ့်ချဟန်ဆောင်ပြီး လှောင်ပြောင် ပြောဆိုလိုက်သည်။
မဟူရာစကြဝဠာမိချောင်း မှာမူ ဒေါသထွက်ခြင်း မရှိဘဲ သူ့မျက်နှာပေါ်တွင် ကစားလိုသော၊ ကျီစယ်လိုသော အမူအရာ ရှိနေဆဲပင်။
“ဒီနယ်မြေထဲက ဝိညာဉ်သားရဲတွေနဲ့ လူသားကျင့်ကြံသူတွေ အဲဒီလို ထင်ကြတာ ငါ့အပြစ် မဟုတ်ဘူးလေ။ ကောလာဟလတွေကငါလွှင့်တာမှ မဟုတ်တာ၊ ပြီးတော့ အဲဒါတွေကို ဖြေရှင်းဖို့ကိုလည်းပျင်းတယ်။ ငါတို့အဆင့် ရောက်နေရင် အကောင်ပလောင်လေးတွေ ပြောတာ ဂရုမစိုက်ဘူးဆိုတာ မင်းလည်း သိသားပဲ” မဟူရာစကြဝဠာမိချောင်းက မြွေပွေး၏ ထေ့ငေါ့ပြောဆိုမှုကို လျစ်လျူရှုကာ ပျင်းရိသော လေသံဖြင့် ပြောလိုက်သည်။
လျှပ်စီးမြွေပွေးသည် မဟူရာစကြဝဠာမိချောင်း ၏ တည်ငြိမ်မှုကို မြင်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ လျောင်ရင်း ဒီလောက် တည်ငြိမ်နေတာ သူ့ရဲ့ လက်ရှိ ဒဏ်ရာရနေတဲ့ အခြေအနေကြောင့် ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်သည်။
ဤမိကျောင်းသည် ပေါက်ကွဲလွယ်သော ဒေါသနှင့် ဝိညာဉ်သားရဲ စံနှုန်းဖြင့် ကြည့်လျှင်ပင် သွေးဆာလွန်းခြင်းတို့ကြောင့် နာမည်ကြီးသည်။ သဘောထား သေးသိမ်ပြီး အသေးအဖွဲ ကိစ္စလေးတစ်ခုအတွက်ပင် ကလဲ့စားချေတတ်သည်။
လျောင်ရင်းသည် သူ၏အရိပ်ကို နင်းမိရုံဖြင့် အရင်းနှီးဆုံး လက်အောက်ငယ်သားကို သတ်ပစ်ခဲ့ဖူးသည်။ ထိုနေ့မှစ၍ သူ့လက်အောက်ရှိ ဝိညာဉ်သားရဲတိုင်းသည် သူနှင့် အတော်အတန် ခပ်ခွာခွာ နေခဲ့ကြသည်။
“မင်း ဘာလိုချင်တာလဲ လျောင်ရင်း... အလွမ်းသယ်ဖို့ လာတယ်လို့တော့ မပြောနဲ့။ ငါတို့ သိလာတာ ကြာပြီ၊ မင်းဘယ်လိုကောင်လဲဆိုတာ ငါသိတယ်” လီလွန်းက မျက်လုံးကျဉ်းမြောင်းရင်း ပြောလိုက်သည်။
လျောင်ရင်း၏ အစောပိုင်းက ကစားလိုသော မျက်နှာထား ပျောက်ကွယ်သွားပြီး လေးနက်သော အမူအရာဖြင့် အစားထိုးလိုက်သည်။ သူ့မျက်လုံးများထဲတွင် ယုတ်မာမှုနှင့် သွေးဆာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ငါ စကားစမြည် ပြောချင်တယ်လို့ ပြောတာ လိမ်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒါက မင်းရဲ့ လက်ရှိ အခြေအနေကို မမြင်ခင်တုန်းကပေါ့။ အခုတော့ ငါ့အစီအစဉ်ကို နည်းနည်း ပြောင်းရတော့မယ်။ ငါ မင်းကို လိုက်ရှာရတဲ့ ရည်ရွယ်ချက်က ငါတို့ မဟာမိတ်ဖွဲ့ဖို့ အကြံပြုချင်လို့။
ငါတို့ ပူးပေါင်းလိုက်ရင် ဒီနယ်မြေတဝိုက်က လူသားဂိုဏ်းတချို့ကို သုတ်သင်ပစ်နိုင်လိမ့်မယ်။ အဲဒီ လူသားကျင့်ကြံသူတွေက ပစ္စည်းကောင်းတွေ ဘယ်လို သိမ်းဆည်းတတ်လဲ ဆိုတာ မင်းသိသားပဲ... ခွီး ခွီး ခွီး... ပြီးတော့ သူတို့က ဝိညာဉ်သားရဲတွေကို စားတာထက် ငါတို့ တိုးတက်မှုအတွက် ပိုအကျိုးရှိတယ်။”
“ငါတို့သာ ဂိုဏ်းတချို့ကို တိုက်ခိုက်နိုင်ရင် လက်ရှိ လုပ်ရိုးလုပ်စဉ်အတိုင်း သွားနေတာထက် ပိုမြန်မြန်ဆန်ဆန်နဲ့ ငါတို့ အဆင့်တွေကို မြှင့်တင်နိုင်မယ့် အရင်းအမြစ်တွေ ရလာလိမ့်မယ်။ ဒါတွေအားလုံးက ငါတို့ရဲ့ တကယ့် ရည်မှန်းချက်အတွက် ပြင်ဆင်မှုတွေပဲ။
အဲဒါက နယ်မြေ ၈ ရဲ့ နာမည်ကြီး အရှင်သခင် ရွှေရောင်အကြေးခွံ မိကျောင်း ရမ်ချမ်း ကို ပစ်မှတ်ထားဖို့လေ။ ငါတို့ ပူးပေါင်းထားတဲ့ အင်အားနဲ့ဆိုရင် ကပ်ဘေးအကြည့်လိပ်ကိုတောင် ငါတို့ကို ကူညီဖို့ ဆွဲခေါ်လို့ ရနိုင်တယ်။ သူငြင်းရင် မိုက်မဲရာ ကျမှာပေါ့။”
“ငါတို့ အဆင့်တွေ မြှင့်တင်ပြီးရင် သူ့ကို အနိုင်ယူနိုင်မယ့် အခွင့်အရေး ပိုများလာမယ်။ ပြင်းထန်တဲ့ ဒဏ်ရာတချို့ ရနိုင်ပေမဲ့ သူ့ကို စားသုံးနိုင်ရင် အဲဒီ စွန့်စားမှုက တန်ပါတယ်။
သူ့မှာ နဂါးသွေးမျိုးဆက် ပါတယ်ဆိုတဲ့ ကောလာဟလတွေ မင်းကြားဖူးမှာပေါ့၊ အနည်းငယ်ပဲ ပါတယ် ဆိုရင်တောင် ငါတို့အတွက် တန်ဖိုးရှိတဲ့ အားဆေးပဲ” လျောင်ရင်း တွေးလိုက်မိရုံဖြင့် လောဘတက်သော အပြုံး မပြုံးဘဲ မနေနိုင်တော့ပေ။ သူ ခဏ ရပ်လိုက်ပြီး မျက်နှာထား လေးနက်သွားကာ ဒေါသ အရိပ်အယောင်များပင် ပေါ်လာသည်။
“မင်းသိလား လီလွန်း... ငါက ဘွဲ့ထူးဂုဏ်ထူးတွေကို သိပ်ဂရုမစိုက်ပေမဲ့ ဒီတစ်ခုကိုတော့ လက်မခံနိုင်ဘူး။ ‘ဘုရင်အတု’ ဆိုတဲ့ ဂုဏ်သိက္ခာကျစေတဲ့ နာမည်ကိုလေ။ ငါတို့ ဒီအဆင့် ရောက်ဖို့ ရာစုနှစ်တစ်ခုလုံး နေ့တိုင်း သေမင်းနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ၊ အဲဒါကို ငါတို့ပြန်ရလိုက်တာက ဘုရင်အတု ဆိုတဲ့ ဘွဲ့တဲ့လား။ ငါတို့ကို နေရာတိုင်းမှာ နှိမ့်ချနေတဲ့ နာမည်၊ ငါတို့က ဒီနေရာရဲ့ အရှင်သခင်တွေ မဟုတ်ဘဲ နှစ်နဲ့ချီ အိပ်နေတဲ့သတ္တဝါတစ်ကောင်အတွက် နေရာဦးပေးထားတဲ့ အကောင်တွေ ဆိုတာကို အမြဲသတိပေးနေတဲ့ နာမည်။
ဒီအကောင်ပလောင်လေးတွေက ငါ့နာမည်ကို ‘အတု’ ဆိုတဲ့ စကားလုံးနဲ့ ညစ်ညမ်းစေတာကို ငါသည်းမခံနိုင်တော့ဘူး။ ငါက ဘုရင်အစစ် ဖြစ်ချင်တယ်၊ မင်းလည်း ဖြစ်ချင်တယ်လို့ ငါထင်တယ် လီလွန်း။
ဒါပေမဲ့ အဲဒါတွေ အခု အရေးမကြီးတော့ပါဘူး၊ မင်းရဲ့ လက်ရှိ အခြေအနေကို ကြည့်ရင် ဒီလုပ်ငန်းအတွက် သင့်တော်တဲ့ မိတ်ဖက် မဟုတ်တော့ဘူး။ ဒါပေမဲ့ မင်းက တခြားပုံစံနဲ့တော့ ဒီကိစ္စအတွက် ပါဝင်ကူညီပေးနိုင်ပါသေးတယ်... ခွီး ခွီး ခွီး” လျောင်ရင်း က လီလွန်း ကို လောဘတကြီး ကြည့်ရင်း ပြောလိုက်သည်။
လီလွန်းသည် အပြင်ပန်းတွင် စိတ်လှုပ်ရှားမှု လှိုင်းဂယက် အနည်းငယ်မျှ မပြဘဲ တည်ငြိမ်နေသည်။ သူသည် ဤဇာတ်လမ်းတစ်ခုလုံးတွင် တိတ်ဆိတ်သော လေ့လာသူ တစ်ဦးကဲ့သို့ ဖြစ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ အခြားတစ်မျိုး ဖြစ်နေသည်။
လက်ရှိ အခြေအနေများကြောင့် သူစိတ်ပျက်မနေဘဲ မနေနိုင်တော့ပေ။ ကျရှုံးခဲ့သော အမဲလိုက်မှုကြောင့် ဒဏ်ရာရခဲ့ပြီး ယခု တကယ်အလိုရမ္မက်အကြီးဆုံး သားရဲနှင့် လာတွေ့နေရသည်။
သူသည် လျောင်ရင်း နှင့် တစ်ကြိမ်မက ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အမြဲတမ်း အနိုင်အရှုံး မသဲကွဲသော တိုက်ပွဲများ ဖြစ်ခဲ့သည်။ သူတို့သည် အစွမ်းကုန် မတိုက်ခိုက်ခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် အနိုင်ရသူသည်လည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည် ဖြစ်ပြီး ရေပူရာ ရေချိုးချင်သော အခြား သားရဲများအတွက် အကျိုးရှိသွားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် လီလွန်း၏ လက်ရှိ အခြေအနေသည် အလွန်ပင် ဆိုးရွားလျက်ရှိသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ဒဏ်ရာကို ထိန်းချုပ်ရန် အာရုံစိုက်ထားရသည်။ ဤအချက်များသည် လျောင်ရင်း နှင့် ရင်ဆိုင်ရာတွင် မရှိသင့်သော အရာများ ဖြစ်သည်။
သာမန်အချိန်တွင်ပင် သရေကျအောင် မနည်းတိုက်ခိုက်ရမည် ဖြစ်သော်လည်း ယခုဒဏ်ရာများနှင့်ဆိုလျှင် အခြေအနေမှာ သူ့ဘက်တွင် အလွန်ဆိုးရွားနေပြီး လောဘကြီးသော မိကျောင်းကလည်း ဒါကို သိနေသည်။ လျောင်ရင်းသည် မြူခိုး ချီများက သူ့ခွန်အားကို ပိုမို တိုက်စားသွားစေရန် တမင် အချိန်ဆွဲနေခြင်း ဖြစ်မည်ဟု လီလွန်းခန့်မှန်းမိသည်။
“ကောင်းပြီလေ... ဒီကစားပွဲကို နှစ်ယောက် ကစားလို့ ရတာပဲ အကောင်ကြီးတဲ့ မိကျောင်းမည်းရာ” လီလွန်း တိတ်တဆိတ် တွေးလိုက်ပြီး လာမည့်အရာအတွက် စိတ်ပိုင်းဖြတ်လိုက်သည်။
သူ့မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာရာ လျောင်ရင်းမျက်မှောင်ကြုတ်သွားပြီး လီလွန်း၏ အကြေးခွံအောက်တွင် တစ်ခုခု ဖုံးကွယ်ထားသလားဟု တွေးလိုက်မိသည်။
ဘုရင်အတု တစ်ပါးစီတိုင်းသည် စွမ်းအားကြီးမားရုံဖြင့် ဒီအဆင့် ရောက်လာကြခြင်း မဟုတ်ပေ၊ အထူးသဖြင့် ငယ်ရွယ်စဉ်ကာလအတွင်း အထူးလှည့်ကွက်များဖြင့် ရှင်သန်ခဲ့ကြရသည်။ ထို့ကြောင့် လျောင်ရင်း ၏ သတိထားမှုမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။
“ဘိုလင်း... ငါ မင်းဆီကို မကြာခင် လိုက်လာရတော့မယ် ထင်တယ်။ ဒီနေ့ အဲဒီလူသား ကျင့်ကြံသူက အစစ်အမှန်စွမ်းရည်က ဘာလဲဆိုတာ ငါ့မျက်လုံးကို ဖွင့်ပေးခဲ့တယ်။ ငါတို့က ဘုရင်အတုလို့ ခေါ်ခံရတာနဲ့ တန်ပါတယ်။ ငါတို့က ဆရာကြီး ယောင်ဆောင်ထားတဲ့ အားနည်းသူတွေပဲ။ ရွှေရောင်အကြေးခွံ မိကျောင်းက ငါတို့ကိစ္စတွေ ဘာလို့ ဝင်မပါလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး။
သူ့မျက်လုံးထဲမှာ ငါတို့က ရယ်စရာကောင်းတဲ့ ပုရွက်ဆိတ်တွေလောက်ပဲ နေမှာ။ ဟဲဟဲ... လျောင်ရင်း... မင်းရဲ့ မာန်မာနက မင်းရဲ့ ကျဆုံးခန်း ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ သူငယ်ချင်းအနေနဲ့ နှုတ်ဆက်လက်ဆောင် တချို့ ထားခဲ့ရဦးမယ်” လီလွန်း တိတ်တဆိတ် တွေးလိုက်ပြီး လျောင်ရင်း ဘက်သို့ လှည့်ကာ သူ့၏ သတိထားနေသော ပုံစံကို ကြည့်ပြီး သဘောကျသွားသည်။
“မင်းသိလား လျောင်ရင်း... ငါ မင်းရဲ့ စကားစမြည်ပြောမယ့် ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်။ မင်းမှာ မိုက်မဲမှုနဲ့ ရူးသွပ်မှုတွေအပြင် ငယ်ထိပ်ရောက်နေတဲ့ လောဘရည်မှန်းချက်တွေ ရှိမှန်း ငါအမြဲသိခဲ့ပေမဲ့ ဒီလောက်ထိ များလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။ ငါတို့ နောက်ဆုံးတွေ့ပြီးကတည်းက မင်းမှာကျားအသည်းနဲ့ နဂါးနှလုံးသား ပေါက်လာလို့ ရွှေရောင်အကြေးခွံ မိကျောင်းကို တိုက်ခိုက်ဖို့ အကြံပြုရဲတာ ထင်တယ်။”
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ မင်းက ခန့်မှန်းရလွယ်တယ်။ လောဘကြီးပြီး၊ မဆင်မခြင် လုပ်တတ်တဲ့အကောင်လေ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာနဲ့ အငြိုးအတေးကြီးတာကလွဲရင် ကိုယ့်အကြောင်းကိုယ်တောင်ဘာမှမသိတဲ့ သားရဲတစ်ကောင်။
ဘုရင်အစစ်ဖြစ်ချင်တယ် ဆိုတဲ့ စကားတွေနဲ့ဘယ်သူ့ကို လာလိမ်ဖို့ ကြိုးစားနေတာလဲ။ ဟိုဘက်က မင်းရဲ့ နောက်လိုက်တွေနဲ့ မတူဘူး၊ ငါက မင်းရဲ့ သမိုင်းကြောင်းကိုသိတယ် လျောင်ရင်း” လီလွန်း ခေတ္တရပ်လိုက်ပြီး ပါးစပ်သရမ်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
လျောင်ရင်းသည် တိတ်ဆိတ်နေပြီး မျက်နှာထားမှာကြမ်းတမ်းလာသည်။ ချက်ချင်း တိုက်ခိုက်ချင်နေသော်လည်း ဒါက လီလွန်း၏ သူ့ကို မျှားခေါ်မည့် လှည့်ကွက်လားဟု တွေးနေမိသည်။
လီလွန်းမျှော်လင့်ထားသည့်အတိုင်းပင်။ မိကျောင်းသည် ရက်စက်ကြမ်းကြုတ်သော်လည်း အလွန်သတိကြီးသည်။ ဒါကလည်း သူ၏အတိတ်နှင့် အများကြီး သက်ဆိုင်နေသည်။
လီလွန်းသည် အရင်ကထက် ကျယ်လောင်သော အသံဖြင့် စကားဆက်ပြောလိုက်ရာ ပတ်လည်ဝိုင်းထားသော ဝိညာဉ်သားရဲအားလုံး ရှင်းလင်းစွာကြားလိုက်ရသည်။
“ဒီအပြင်ဘက်က ဝိညာဉ်သားရဲတွေနဲ့ လူသားကျင့်ကြံသူတွေက မင်းကို ကြောက်ရွံ့ခြင်းမရှိတဲ့၊ ဒီနေရာရဲ့ အရှင်သခင်အစစ်အမှန် ဖြစ်လာနိုင်ချေအများဆုံး ဘုရင်အတုလို့ ပြောနေကြတယ်။ ဟဲဟဲ... တကယ့်ကို ဘာမှမသိတဲ့ အကောင်ပလောင်လေးတွေရဲ့ ပြောစကားတွေပဲ။
သူတို့ရဲ့ အကြောက်အလန့်ကင်းတဲ့ ခေါင်းဆောင်က တစ်ချိန်တုန်းက အမြူတေဖွဲ့စည်းခြင်းအဆင့်အစောပိုင်း ကာလမှာ ရွှေရောင်အကြေးခွံမိကျောင်းကို သွားစိန်ခေါ်ခဲ့ဖူးတယ်ဆိုတာ သူတို့မသိကြဘူး။
အဲဒီ သားရဲငယ်လေးက နိုင်ပွဲပေါင်းများစွာ ရခဲ့ဖူးတော့ မာန်တက်ပြီး ဒီနယ်မြေရဲ့ အစွမ်းအထက်ဆုံးသတ္တဝါကို သွားစိန်ခေါ်ခဲ့တာ။ သူက ဘယ်လိုအနိုင်ယူပြမလဲ ဆိုပြီး သူ့လက်အောက်ငယ်သားတွေကို ကြွားခဲ့သေးတယ်။”
“ဘာဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြပါဦး လျောင်ရင်း။ အော်... ဟုတ်သားပဲ... အဲဒီနေ့မှာ အဲဒီ သားရဲငယ်လေးကအစစ်အမှန်စွမ်းအားက ဘာလဲဆိုတာ သိခဲ့ရတာပဲ။ အကြည့်တစ်ချက်တည်းနဲ့တင် သူကြောက်လွန်းလို့ တစ်လက်မမှ မလှုပ်နိုင်တော့အောင် ဖြစ်သွားခဲ့တာ။
သေမှာကြောက်လို့ ဝပ်ဆင်းပြီးငိုယိုတောင်းပန်ခဲ့တာ အသံတွေအက်ကွဲသွားတဲ့အထိ သီတင်းပတ်ပေါင်းများစွာ ကြာခဲ့တယ်။ မိကျောင်းကြီးက သူ့ကို လွှတ်ပေးခဲ့တာက တောင်းပန်တာအလုပ်ဖြစ်လို့ မဟုတ်ဘူး၊ ဒီလောက်ထိစိတ်ဓာတ်ပျော့ညံ့တဲ့ အကောင်ကို မစားချင်လို့ လွှတ်ပေးခဲ့တာ။ မင်းက သူ့အတွက် တွန့်လိမ်ငိုကြွေးနေတဲ့ သန်ကောင်တစ်ကောင်လောက်ပဲ ရှိတယ်။”
“အပြင်ဘက်က သားရဲတွေအားလုံး ငါပြောတာ နားထောင်ကြ။ လျောင်ရင်းက တိုက်ခိုက်ရတာနှစ်သက်ပြီး သွေးဆာတယ်လို့ မင်းတို့ သိထားကြတယ်၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာပေါ့။ မင်းတို့ မသိတာက အဲဒီကာလအတွင်း သူသတ်ခဲ့တဲ့ သတ္တဝါ အများစုဟာ ရွှေရောင်အကြေးခွံမိကျောင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရှက်စရာကောင်းတဲ့ ဇာတ်လမ်းကို သိနေတဲ့ ဝိညာဉ်သားရဲတွေ ဖြစ်နေတာပဲ။
သနားစရာ ကောင်းလိုက်တာကွာ... မင်းရဲ့ ဘဝမှာ အဲဒီ ရှက်စရာ အခိုက်အတန့်ကို ဘယ်သူမှ မသိစေချင်လို့ မင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကိုတောင် သတ်ပစ်ခဲ့တယ်။ ကောလာဟလတွေအရတော့ မင်းအရိပ်ကို နင်းမိလို့ သတ်လိုက်တာဆိုပဲ... ဟဲဟဲ... ဖန်တီးဉာဏ် ကောင်းသားပဲ။ မင်း မေ့နေတာ တစ်ခုက ရွှေရောင်အကြေးခွံ မိကျောင်းကို မင်း သွားစိန်ခေါ်တုန်းက အဲဒီမှာ နောက်ထပ် တစ်ယောက် ရှိနေခဲ့တယ်။”
“တခြားသူတွေနဲ့ မတူတာက သူက ဒီဇာတ်လမ်းကို ပြန်ပြောပြဖို့ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ဘုရင်ဖြစ်ချင်တယ် ဆိုပြီး လေကြီးလေကျယ်ပြောနေတာတွေ အားလုံးက မင်းအတွက် အတွင်းစိတ်ထဲက မိစ္ဆာ ဖြစ်နေလောက်တဲ့ မင်းဘဝရဲ့ အမည်းစက်ကို ဖျောက်ဖျက်ပစ်ချင်ရုံ သက်သက်ပဲ။
ဒုတိယအချီကြ ဘယ်လို နေမလဲ သိချင်မိသား” လီလွန်းက ကျီစယ်သောအကြည့်ဖြင့် မေးလိုက်ပြီး သူ့ဒဏ်ရာကို ထိခိုက်မည့် အကျိုးဆက်ကို လုံးဝလျစ်လျူရှုကာ အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။ သူသေရမည် ဆိုလျှင်တောင် အကုန်လုံးကိုဆွဲချသွားမည် ဖြစ်သည်။
သူ၏ရည်မှန်းချက်မှာ အမှန်တကယ်ပင်အလုပ်ဖြစ်သွားခဲ့သည်။ လျောင်ရင်း ၏ ရှက်စရာ အတိတ်ကို ဖော်ထုတ်ခြင်းဖြင့် ပတ်လည်ဝိုင်းထားသော ဝိညာဉ်သားရဲများကို ဆွဲထည့်လိုက်နိုင်သည်။ သူတို့ ယုံသည် မယုံသည်မှာ အရေးမကြီး၊ အရေးကြီးသည်မှာ သဘောထား သေးသိမ်ပြီး အငြိုးအတေးကြီးကာ မာနကြီးသော လျောင်ရင်းရှေ့တွင် သူတို့ ကြားလိုက်ရခြင်း ဖြစ်သည်။
သူ့လက်အောက်ငယ်သားများ ဖြစ်သည့်အတွက် သူ့အကြောင်း ကောင်းကောင်း သိကြသည်။ လက်ရှိတွင် သူတို့အတွက် အကောင်းဆုံး အခြေအနေမှာ ဘုရင်အတုနှစ်ပါး တိုက်ပွဲတွင် နှစ်ဖက်စလုံး အကြီးအကျယ် ဒဏ်ရာရသွားခြင်းဖြစ်သည်။
သတ္တိရှိလျှင် ဒဏ်ရာရနေသော နှစ်ကောင်စလုံးကို သူတို့ ရှင်းပစ်နိုင်ကောင်း ရှင်းပစ်လိမ့်မည်။ လီလွန်းသည် ထိုသားရဲများ သူ့တိုက်ပွဲတွင် ဝင်မပါရန်နှင့် လျောင်ရင်း ကို မကူညီရန် ထိရောက်စွာ တားဆီးနိုင်ခဲ့သည်။
အခြား ရည်ရွယ်ချက်မှာ လျောင်ရင်း၏ တပ်ဖွဲ့ထဲတွင် အချိန်ကိုက်ဗုံးတစ်လုံး ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ဇာတ်လမ်းကို ယုံသူရော သံသယရှိသူပါ လျောင်ရင်း ကို အရင်လို ဆက်ကြည့်တော့မည် မဟုတ်ပေ။ ဝိညာဉ်သားရဲများသည် စွမ်းအားကို လေးစားသလို သတ္တိကိုလည်း လေးစားကြသည်။
သူတို့ စိတ်ထဲတွင် လျောင်ရင်းသည် နှစ်မျိုးစလုံး ပြည့်စုံသူ ဖြစ်သော်လည်း ယခုအခါ ထိုသို့ မဟုတ်တော့ပေ။ ထိုသံသယသည် မကျေနပ်မှုကို ဖြစ်ပေါ်စေပြီး မကျေနပ်မှုမှ ပုန်ကန်လိုစိတ်များ ပေါက်ဖွားလာလိမ့်မည်။ အချို့ဆိုလျှင် လျောင်ရင်းကနှုတ်ပိတ်သတ်ဖြတ်မည်ကို စိုးရိမ်ပြီး ထွက်ပြေးရန်ပင် ကြံစည်ကောင်း ကြံစည်နေကြလိမ့်မည်။
ထိုအရာကြောင့် လျောင်ရင်း၏ ဂုဏ်သတင်း ထာဝရညစ်နွမ်းသွားမည် ဖြစ်ပြီး နယ်မြေအတွင်းရှိ ဝိညာဉ်သားရဲများအပေါ် သက်ရောက်ထားသော ကြောက်ရွံ့မှု အက်ကွဲသွားလိမ့်မည်။ သူသည် ဘုရင်အတုဟူသောဘွဲ့နှင့် မထိုက်တန်ဟု ထင်သော သားရဲများ၏ စိန်ခေါ်မှုများကို နေရာအနှံ့မှ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
လျောင်ရင်း ၏ အကြည့်မှာ ဒေါသကြောင့် မည်းမှောင်သွားသည်။
“ကောင်းတယ်... ကောင်းတယ် လီလွန်း။ မင်းက ခန္ဓာကိုယ် လှုပ်ရှားတာ သွက်သလို နုတ်ကလည်းအတော်သွက်သားပဲ။ အရင်ကတော့ ဘုရင်အတုချင်းမို့ မင်းကို မနာကျင်စေဘဲ မြန်မြန်ဆန်ဆန် သတ်ပေးမလို့ စဉ်းစားထားတာ။ အခုတော့ အဆိုးရွားဆုံးသေခြင်းနဲ့ နာကျင်အောင်နှိပ်စက်ပြီး သတ်ပေးမယ်”
“ငါက မင်းရဲ့ ခြိမ်းခြောက်မှုကို ကြောက်ရအောင် မင်းလက်အောက်ငယ်သား မဟုတ်ဘူး။ ငါဒဏ်ရာရချင် ရမယ်၊ ဒါပေမဲ့ မင်းလည်းဒီကနေ အကောင်းပကတိအတိုင်း ပြန်ထွက်သွားနိုင်မယ် မထင်နဲ့။ ငါ့မှာလည်း ထိန်းသိမ်းထားရမယ့် ဘုရင်အတု ဂုဏ်သိက္ခာ ရှိသေးတယ်”
သားရဲနှစ်ကောင်ထံမှ ဖိအားသည် အဆမတန် မြင့်တက်လာသည်။ အနက်ရောင် လှိုင်းလုံးတစ်ခုနှင့် အစိမ်းရောင် အလင်းကန့်လန့်ကာတို့ ထိပ်တိုက်တွေ့ဆုံနေပြီး မည်သူမျှ အလျော့မပေးကြပေ။
“စကားပြောတာ တော်လောက်ပြီ”
“ငါ့သဘောထားလည်း အတူတူပဲ”
ဘုရင်အတုနှစ်ပါးသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘာကိုမှ ချန်မထားဘဲ ဒေါသတကြီး ထိပ်တိုက် ပြေးဝင်လိုက်ကြသည်။ လီလွန်းသည် ဖုန်ရှင်း၏ တိုက်စားနေသော မြူခိုး ချီများကို ခုခံနေခြင်းအား ရပ်တန့်လိုက်သည်။
ထိပ်တိုက်တွေ့ဆုံမှုကြောင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး မိုင်ဝက်ပတ်ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဝိုင်းထားသောဝိညာဉ်သားရဲများသည် နောက်ဆက်တွဲ ဂယက်တွင် ပါသွားမည် စိုးသဖြင့် နောက်သို့ ဆုတ်ခွာလိုက်ရသည်။
အချို့ဆိုလျှင် ထွက်ပြေးရန်ပင် ကြံစည်နေကြသည်။ ဒါက သူတို့ ဝင်ပါလို့ရသည့် အခြေအနေ မဟုတ်သလို အကျိုးအမြတ် ထုတ်ချင်သူများလည်း ထိုအတွေးကို ချက်ချင်းစွန့်လွှတ်လိုက်ကြသည်။
ဘုရင် ဆိုသည်မှာ ဘာလဲဆိုတာ သူတို့ ယခုအချိန်မှ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သူတို့နှင့် ဘုရင်နှစ်ပါးကြားမှ ကွာဟချက်သည် ခြင်္သေ့နှင့် ကြောင် ကွာသလိုပင်။