အခန်း (၁၂၈)
Vol. 15 Ch. 128
"မပူဘူးလား?"
ကူးလန် မေးရင်း ချင်ချင့်ချွေးများကို တစ်ရှူးအစိုဖြင့် သုတ်ပေးလိုက်သည်။
ထိုနေ့ နံနက်အစောပိုင်းတွင် သူတို့နှစ်ဦး ပျင်းပျင်းရှိသည်နှင့် နေထွက်ချိန်ကြည့်ရန် တောင်တက်ခဲ့ကြခြင်း ဖြစ်သည်။ လောကကြီးတစ်ခုလုံး လင်းစ ရှိသေးသော်လည်း တောင်တစ်ဝက်ခန့် ရောက်ချိန်တွင် ကူးလန်နောက်သို့ လိုက်ပါလာသည့် ချင်ချင်မှာ ချွေးရွှဲနေပြီဖြစ်သည်။
"မပူပါဘူး"
သူမ အမောတကောပြောသည်။ ကူးလန် ချွေးသုတ်ပေးနေသည်မှာ ကြာလွန်းသည်ဟု ထင်သဖြင့် သူ့လက်ထဲမှ တစ်ရှူးအား ဆွဲယူကာ ကိုယ်တိုင်ပင် အမြန်သုတ်ပစ်လိုက်သည်။
သူမ တကယ်မပူပါ။ သဘာဝအတိုင်း ချွေးထွက်လွယ်နေခြင်းသာ။ အခြားသူများ လေ့ကျင့်ခန်းလုပ်လျှင် ချွေးစို့ရုံသာ ရှိသော်လည်း သူမမှာမူ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတတ်ရာ ကြည့်ရသည်မှာ ချဲ့ကားထားသကဲ့သို့ ရှိသော်လည်း ပုံမှန်ထက် ချွေးပိုထွက်ခြင်းသာ ဖြစ်သည်။
ကူးလန် အစပိုင်းတွင် သတိမထားမိသော်လည်း ချင်ချင့်အား အချိန်အတော်ကြာ ပြုစုစောင့်ရှောက်လာပြီးနောက် ထိုအချက်ကို နားလည်သွား သည်။ ထို့ကြောင့် သူမ မပူဟုပြောသည့်အခါ ဘာမှထပ်မပြောတော့ဘဲ ရေသန့်ဘူးကိုသာကမ်းပေးလိုက်သည်။
ခဏမျှ နားပြီးနောက် ချင်ချင်မှာ အားအင်များပြန်ပြည့်လာကာ ရှေ့မှ အရှိန်ဖြင့် ပြန်တက်သွားပြန်သည်။
ကောင်းကောင်းပင် မနားရသေးသော ကူးလန်မှာမောပန်းလွန်းသဖြင့် ခြေထောက်များပင် ခိုင်ချင်တော့သော်လည်း မတတ်သာဘဲ လိုက်ခဲ့ရသည်။
"အစတုန်းကတော့ မလာချင်ဘူးဆိုပြီး အခုကျတော့ ငါ့ထက်တောင် တက်ကြွနေသေးတယ်" ဟု သူ တွေးမိသည်။
ယခု သူမ ခန္ဓာကိုယ်မှာ အရပ်ရှည်ကာ ခြေတံလက်တံများ ရှည်လျားနေခြင်းကြောင့်လည်း ဖြစ်သည်။ အကယ်၍ သူမသာ အရွယ်တူ ကလေးငယ်များကဲ့သို့ ကိုယ်လုံးသေးသေးလေး ဖြစ်နေလျှင် ဤတောင်တက်လမ်းမှာ သူမအတွက် ခက်ခဲနေမည်မှာ အသေအချာဖြစ်ရာ တောင်တက်ရသည်ကို နှစ်သက်မည် မဟုတ်ပေ။
သို့သော် ယခုမူ အရွယ်ရောက်ပြီးသူ၏ ခန္ဓာကိုယ်ရှိနေသဖြင့် ခြေလှမ်းကျဲကျဲဖြင့် အလွယ်တကူ တက်နိုင်ခြင်းမှာ သူမအတွက် ထူးခြားသော အတွေ့အကြုံသစ် ဖြစ်နေသည်။ ကလေးများမှာ တောင်တက်ခြင်း၏ ငြီးငွေ့စရာကောင်းမှုအား မသိကြသေးပေ။
ထိုသို့သော အတွေ့အကြုံသစ်ကြောင့် ချင်ချင်မှာ ခရီးစဉ်တစ်လျှောက် အလွန်အမင်း တက်ကြွလွန်းနေသည်။ ကူးလန် နှေးကွေးနေလျှင်ပင် လိပ်ကလေးကဲ့သို့ နှေးသည်ဟု သူမ လှောင်ပြောင်သေးရာ ကူးလန်မှာ စိတ်တိုတိုနှင့် "စိတ်လျှော့စမ်း၊ ဒါ ငါ့ကလေးပဲ" ဟု မိမိကိုယ်ကိုယ် အကြိမ်ကြိမ် သတိပေးနေရသည်။
"ဒီမှာ"
အဝေးသို့ ပြေးသွားသော ချင်ချင်မှာ ကူးလန်ထံ ပြန်ပြေးလာပြီး သစ်သားချောင်းလေးတစ်ချောင်း ကမ်းပေးသည်။
"ဒါကို တောင်ဝှေးလုပ်ပြီး သုံးလို့ရတယ်"
"ကျေးဇူးပဲ"
ကူးလန် ခေတ္တတွေဝေသွားပြီးမှ လှမ်းယူလိုက်ရာ စိတ်ထဲမှ အဖုအထစ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"တိတိရဲ့ ကျောပိုးအိတ်ကို ကျဲကိုပေး၊ ကျဲ သယ်ပေးမယ်"
တောင်ဝှေးပေးရုံနှင့် မကျေနပ်သေးဘဲ ကူးလန်ကျောပိုးအိတ်ကိုပါ သူမ ဆွဲယူလိုက်သည်။ ကူးလန် ချင်ချင့်အား ကလေးတစ်ယောက်ကဲ့သို့သာ သဘောထားဆဲဖြစ်ရာ တောင်တက်လျှင် ပင်ပန်းမည်စိုး၍ပစ္စည်းအများစုကို သက်တော်စောင့်များအား သယ်ခိုင်းပြီး ကျန်တာကို သူကိုယ်တိုင် သယ်လာခြင်းဖြစ်သည်။
အဆုံးသတ်တွင်မူ သူ့ခံနိုင်ရည်အားနည်းမှုကြောင့် အားလုံး နှောင့်နှေးခဲ့ရပြီး ချင်ချင်မှာ သူ့ထက်ပင် အားအင်ပြည့်ဝနေသည်။ ရုံးခန်းထဲတွင်သာ အမြဲထိုင်နေရပြီး ခရီးထွက်ခြင်းမှလွဲ၍ အခြားလေ့ကျင့်ခန်း မလုပ်ဖြစ်သော ကူးလန်အတွက်မူ ဤသည်မှာ ရှက်စရာကောင်းသော အခြေအနေပင်။
ချင်ချင်မှာမူ ကျန်းမာရေးအား အထူးဂရုစိုက်သူဖြစ်ရာ အစားအသောက်၊ အနေအထိုင်သာမက လေ့ကျင့်ခန်းကိုပါ အလေးထားသည်။ သူမတွင် နံနက်ခင်း အပြေးလေ့ကျင့်ခြင်းနှင့် ယောဂဆော့ခြင်း အလေ့အထရှိသဖြင့် ခံနိုင်ရည်မှာ သူ့မောင်လေးထက် များစွာသာလွန်နေသည်။
"ခဏလောက်... နားပါရစေဦး"
တောင်ထိပ်သို့ ပင်ပင်ပန်းပန်း တက်လာပြီးနောက် ကူးလန်မှာ အားကုန်နေပြီဖြစ်သည်။ သူ အိန္ဒြေပင် မဆည်နိုင်တော့ဘဲ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်ချကာ အမောတကော အသက်ရှူနေမိသည်။ လျှာသာထုတ်ထားလိုက်လျှင် ခွေးလေးတစ်ကောင်နှင့်ပင် တူတော့မည်။
"ရေသောက်မလား"
ချင်ချင် ရေခဲရေတစ်ဘူး ကမ်းပေးသည်။
၎င်းမှာ သက်တော်စောင့်များသယ်လာသော အအေးခံသေတ္တာထဲမှ ဖြစ်သည်။ ဤမျှ မောပန်းပြီး ချွေးထွက်နေချိန်တွင် သူတို့ တကယ်ပင် အအေးတစ်ခုခု လိုချင်နေကြခြင်းဖြစ်သည်။
"သောက်မယ်"
ကူးလန် ရေဘူးကိုယူ၍ တစ်ဝက်ခန့်သောက်လိုက်ပြီး ကျန်တစ်ဝက်ကို ခေါင်းပေါ်သို့ လောင်းချလိုက်ရာ ရေအေးများ မျက်နှာတစ်ပြင်လုံး စီးကျသွားသည်။
"အို... အေးနေတာပဲ၊ ဒီလိုလုပ်ရင် အအေးမိကုန်မှာပေါ့!"
ချင်ချင် အားကစားသုံး လက်သုတ်ပုဝါကို ချက်ချင်းထုတ်၍ ကူးလန် မျက်နှာအားသုတ်ပေးသည်။ သူမ မိမိကိုယ်ကိုယ် ကြမ်းတမ်းစွာ သုတ်သကဲ့သို့မဟုတ်ဘဲ ကူးလန်အပေါ်တွင်မူ အလွန်နူးညံ့လှသည်။
ကူးလန်ကလည်း အစ်မဖြစ်သူထံမှ ဂရုစိုက်မှုအားခံယူရင်း ခေါင်းလေးမော့ကာ အလိုက်သင့် နေပေးနေတော့သည်။
အမှန်စင်စစ် ချင်ချင့်အား သူ ပြုစုစောင့်ရှောက်ရမည့် တောင်တက်ခရီးဟုထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ ချင်ချင်ကသာ ကူးလန်အား ပြန်လည်စောင့်ရှောက်နေရသည့် ခရီးစဉ်ဖြစ်သွားခဲ့ရသည်။
ယခုပင်လျှင် ချင်ချင့်အားပေးကူညီမှုကြောင့်သာ ကူးလန် တောင်ထိပ်သို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အဆုံးမရှိသော လှေကားထစ်များကို ငေးကြည့်ရင်း တောင်တစ်ဝက်မှာတင် အမောဆို့နေပေလိမ့်မည်။
သူတို့၏အချိန်ကိုက်မှုမှာ အလွန်ပင်တိကျလှသည်။
သူတို့ ထိုင်လိုက်ပြီး မကြာမီမှာပင် နေဝန်းနီကြီး ထွက်ပေါ်လာတော့သည်။ ရှေးဦးစွာ အနီရောင်မျဉ်းပါးပါးလေး ပေါ်လာပြီးနောက် တဖြည်းဖြန်း ကျယ်ပြန့်လာကာ ရွှေရောင်ဖဲကြိုးရှည်ကြီးအလားပြောင်းလဲသွားသည်။
အမှောင်ထု ပျောက်ကွယ်၍ နေရောင်ခြည် ဖြာကျလာသောအခါ လောကကြီးတစ်ခုလုံးမှာ ပါးလွှာသော ပိတ်စဖြူတစ်ခု လွှမ်းခြုံထားသကဲ့သို့ အလွန်ပင် လှပနေတော့သည်။
ထိုအလှတရားထဲတွင် စီးမျောနေသော ချင်ချင်မှာ အလွန်ပင် အံ့အားသင့်နေမိသည်။ သူမ မျက်ဝန်းအစုံတွင် ခန့်ညားလှပသော တောင်တန်း ရှုခင်းကြီးမှာ ဆေးရောင်စုံ ပန်းချီကားတစ်ချပ်အလား ထင်ဟပ်နေပြီး ပိုဆွဲဆောင်မှုရှိနေတော့သည်။ ဤသည်မှာ သဘာဝတရားမှ သက်ရှိအပေါင်းကို ပေးအပ်သည့် လက်ဆောင်မွန်ဖြစ်ပေလိမ့်မည်။
ကူးလန်မှာလည်း ခေတ္တမျှစကားမဆိုနိုင်ဘဲ မှင်တက်နေမိသည်။
အတန်ကြာမှ "ငါတို့ ဒီကမ္ဘာပေါ်မှာ လူဖြစ်လာရတာ တကယ့်ကို အံ့သြစရာပါပဲ"
ချင်ချင် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ သူမ ကူးလန်အား တစ်ချက်ကြည့်ကာ စကားပြောရန် ဝေခွဲမရဖြစ်နေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲနေလိုက်သည်။
သို့သော် ကူးလန် သူမ အမူအရာကို သတိပြုမိသွားကာ "ပြောစရာရှိတာ ပြောပါ၊ ငါက မင်းစိတ်ကို ဖတ်နိုင်တာမဟုတ်တော့ မင်းဘာတွေးနေလဲဆိုတာ ငါမသိဘူး"
"တိတိက... ဖေဖေနဲ့ မေမေကို ချစ်လား"
ချင်ချင် သတိထား၍မေးလိုက်သည်။
သူမ၏ ခြောက်နှစ်အရွယ် မှတ်ဉာဏ်များထဲတွင် မိဘများ သူမအပေါ် အေးစက်စက် ဆက်ဆံတတ်သည်ကို စတင် သတိပြုမိလာသည်။ အထူးသဖြင့် ယခု မူလတန်းအရွယ် ရောက်လာချိန်တွင်ဖြစ်သည်။ သူမ အတန်းဖော်များ၏ မိဘများနှင့် မိမိမိဘများ နှိုင်းယှဉ်ကြည့်သောအခါ ကြီးမားသော ကွာခြားချက်ကြောင့် ချင်ချင်တစ်ယောက် စိတ်လေနေမိသည်။
သူမ မိဘများမှာ အခြားသူများနှင့် မတူကြပေ။
ကလေးတစ်ယောက်အနေဖြင့် ထိုအချက်အား ပထမဆုံးအကြိမ် ရှင်းလင်းစွာ သိမြင်လာရသဖြင့် ဝေခွဲမရဖြစ်နေကာ ရင်ဖွင့်တိုင်ပင်မည့်သူ ရှာနေမိခြင်းဖြစ်သည်။
ကူးလန်မှာ သူမ မှတ်ဉာဏ်သစ်များထဲတွင် မပါဝင်သေးသော်လည်း သူမ မောင်လေးဖြစ်ကြောင်း သိထားသဖြင့် ချင်ချင် ရုတ်တရက် စပ်စုချင်စိတ် ပေါ်လာသည်။ အကယ်၍ သူက မောင်လေးဖြစ်နေလျှင် ဖေဖေနှင့် မေမေက သူ့ကို ပို၍ ချစ်ကြမည်လား? သူမ အတန်းဖော် အချို့၏မိဘများမှာ မိန်းကလေးဖြစ်၍ မနှစ်သက်ကြသော်လည်း ယောက်ျားလေးဆိုလျှင် အလွန်အလိုလိုက်တတ်ကြသည် မဟုတ်လား?
"မချစ်ဘူး"
ကူးလန်မျက်နှာမှာ ချက်ချင်းဆိုသလို အေးစက်သွားပြီး ချင်ချင့်အတွက် စိတ်ပျက်စရာကောင်းသော အဖြေကိုပေးလိုက်သည်။
"သူတို့အကြောင်း ထပ်မတွေးနဲ့တော့၊ သူတို့က ငါတို့ရဲ့မိဘဖြစ်ဖို့ မထိုက်တန်ဘူး"
မောင်နှမနှစ်ဦး၏ပျော်ရွှင်မှုမရှိသော ကလေးဘဝအား ထိုမိဘများကသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ကူးလန်မှာ သူတို့ကို လက်လျှော့လိုက်သည်မှာ ကြာပြီဖြစ်၍ သူတို့အကြောင်းအား ကြားပင်မကြားချင်တော့ပေ။
ကူးလန်၏မကျေမနပ်ဖြစ်မှုကို ခံစားမိသောအခါ ချင်ချင်တစ်ယောက် စကားမှားသွားပြီဖြစ်ကြောင်းသိလိုက်သည်။
ကူးလန် သူမအား မကြည့်ဘဲ နေထွက်ချိန်ကိုသာ အာရုံစိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ မျက်လုံးလေးများ ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး နောက် ရုတ်တရက် ငုံ့ကာ မြက်ပင်တစ်ဆုပ် ဆွဲယူလိုက်သည်။
ကူးလန် မျက်စိရှေ့တွင် စိမ်းစိမ်းစိုစို အရာတစ်ခု ရုတ်တရက် ခုန်ပေါက်ပေါ်လာသဖြင့် သူ လန့်သွားကာ နောက်သို့ ဆုတ်လိုက်မိသည်။ သေချာကြည့်လိုက်သောအခါတွင်မူ မြက်ပင်များဖြင့် ပြုလုပ်ထားသော ယုန်ကလေးတစ်ကောင် ဖြစ်နေသည်။
ယုန်ကလေး၏ ကျောကုန်းတွင် မြက်မြစ်ရှည်ကြီးတစ်ခုပါရှိပြီး ချင်ချင် လှုပ်ရမ်းလိုက်သောအခါ ယုန်ကလေးမှာ အပေါ်အောက် ခုန်ပေါက်နေ သည်မှာ အသက်ဝင်လှပလှသည်။
"ဒါ တိတိအတွက်"
ချင်ချင် ယုန်ကလေးအား ကူးလန် ရင်ခွင်ထဲသို့ ထည့်ပေးရင်းပြုံးပြလိုက်သည်။ သူမ၏လှပသော အပြုံးမှာ နေထွက်ချိန်ထက်ပင် ပိုလှနေတော့သည်။
"ဒါကို ဘယ်လိုယှက်ရမလဲဆိုတာ ဘယ်သူသင်ပေးတာလဲ"
ကူးလန် မြက်ယုန်ကလေးကို ကိုင်ကြည့်ရင်း စိတ်ဝင်တစား မေးလိုက်သည်။
"အန်တီထင်း သင်ပေးတာပါ"
ကူးလန် ပြုံးသွားသည်ကို မြင်မှ ချင်ချင်လည်းဝမ်းသာသွားတော့သည်။ သူမ ကျောက်တုံးကြီးပေါ်တွင် ဟိုဘက်ဒီဘက် လှုပ်ယမ်းနေပြီး မြင့်မြင့်စည်းထားသော ဆံပင်မြီးရှည်လေးမှာလည်း ဟိုဒီရမ်းခါနေကာ အမြီးနန့်နေသော ဆာမိုရက်ခွေးလေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်နေတော့ သည်။
"ချင်ချင်က တော်လိုက်တာ၊ ကျေးဇူးပဲ"
မကျေနပ်မှုများ အားလုံး ကြက်ပျောက်ငှက်ပျောက်ပျောက်ကွယ်သွားရသည်။ ကူးလန် မြက်ယုန်ကလေးအား မြှောက်ကိုင်ကာ ဖုန်းထုတ်၍ နေထွက်ချိန်ကို နောက်ခံထားပြီး လှပသော ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။
သူ အလင်းအမှောင်ကို အနည်းငယ်ပြင်ဆင်ကာ WeChat Moments တွင် "မောင်နှမနှစ်ယောက်ရဲ့ ခရီးစဉ်၊ တွေ့ရှိမှုအသစ်" ဟု စာသား လေးဖြင့် တင်လိုက်ရာ ချက်ချင်းမှတ်ချက်များနှင့် Like များစွာ တက်လာတော့သည်။
[လောင်ကျန်း - ကူးလန်နဲ့ သူ့အစ်မ ခရီးသွားနေတာလား? ပျော်ပျော်ရွှင်ရွှင် လည်ပတ်ခဲ့ကြပါ!]
[ဥက္ကဋ္ဌဝမ် - ယုန်ကလေးက အရမ်းလက်ရာမြောက်တာပဲ၊ ငါ့သမီးလေးသာဆို သဘောကျမှာ အသေအချာပဲ]
[ဖူစစ်ချန် - မား ကျွန်တော့်အတွက် တစ်ခါမှမလုပ်ပေးဖူးဘူး၊ မသိဘူး... ကျွန်တော်လည်း တစ်ခုလိုချင်တယ်!]
[အန်းရန်က ဖူစစ်ချန်ကို ပြန်စာပို့သည်.. နင့် အသက်ဘယ်လောက်ရှိပြီမလို့လဲ?]
[ဖူစစ်ကျင်း - အလွန်ဆုံးရှိလှ သုံးနှစ်ပေါ့]
[ဖူဟန် - နေထွက်ချိန်က လှသလို ယုန်ကလေးတွေကလည်း ချစ်စရာကောင်းတယ်၊ ချင်ချင်... ပြန်လာရင် ကိုယ့်အတွက် တစ်ခုယူလာခဲ့ဖို့ မမေ့နဲ့ဦးနော်]
[ပိုင်ချီယွီ - နှစ်ခု]
[ကူးလန် - ဒါ ကျွန်တော့်တစ်ယောက်တည်းအတွက် ထုတ်ထားတဲ့ အထူးသီးသန့်ပဲ၊ ဘယ်သူမှ မရနိုင်ဘူး!]
ကူးလန် သူ့ယုန်ကလေးအား ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ပြန်ရောက်လျှင် ဖန်ဗူးလေးဖြင့် သေချာထည့်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။ အလုပ်လုပ်ရင်း နေ့တိုင်းကြည့်နိုင်ရန် စာကြည့်စားပွဲပေါ်တွင် တင်ထားမည်ဖြစ်ရာ ၎င်းမှာ သူ့စိတ်အခြေအနေအား ပိုမိုကောင်းမွန်စေပေ လိမ့်မည်။
ဤမျှ ပင်ပင်ပန်းပန်း တက်လာပြီးမှတော့ နေထွက်ချိန်ကြည့်ရုံနှင့် ပြန်၍မဖြစ်ပေ။
ချင်ချင့်အား တဲထဲတွင် နားနေခိုင်းပြီးနောက် ကူးလန်နှင့် သက်တော်စောင့်နှစ်ဦးတို့မှာ ပျော်ပွဲစားထွက်ရန် ပြင်ဆင်ကြတော့သည်။ ပါလာသော အသားနှင့် ဟင်းသီးဟင်းရွက်များ အသင့်ဆေးကြော၊ နယ်ဖတ်ပြီးသားဖြစ်ရာ မီးဖိုပြင်၍ ကင်ရန်သာလိုတော့သည်။
အားလုံး အလုပ်ရှုပ်နေကြသည်ကိုကြည့်ရင်း ချင်ချင် စိတ်ကူးတစ်ခု ရသွားသည်။ သူမ ကူးလန် ဖုန်းကိုယူကာ ဟင်းနံ့များ သင်းပျံ့နေသော ဤမြင်ကွင်းအား ဓာတ်ပုံရိုက်လိုက်သည်။
အရွယ်ငယ်သေးသဖြင့် မိသားစုမှ ဖုန်းကိုင်ရန် တားမြစ်ထားသော်လည်း ချင်ချင်မှာ ဖုန်းအသုံးပြုပုံကို မသိသည်တော့ မဟုတ်ပေ။ သူမ ဖုန်းအား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သည့်အပြင် Selfie များ ရိုက်၍ WeChat Moments တွင် တင်တတ်သေးသည်။
သဘာဝရှုခင်းကို နောက်ခံထား၍ရိုက်ထားသော သူမ၏အလှဓာတ်ပုံမှာ မည်သည့် ပြင်ဆင်မှုမှ မပါသော်လည်း အနုပညာရှင်များထက်ပင် သာလွန်နေသေးသည်။
ဖူဟန် နံနက်စာ စားနေစဉ် ဖုန်းတုန်ခါလာသဖြင့် ကြည့်လိုက်ရာ သူ့ယောက်ဖဖြစ်သူမှ ခဏချင်းမှာပင် နောက်ထပ်စာတစ်စောင် ထပ်တင်ထား သည်ကို တွေ့လိုက်ရသည်။
စာသားမပါဘဲ သူ့ဇနီးသည်၏ Selfie ပုံလေးသာပါရှိသည်။ ဓာတ်ပုံထဲတွင် သူမ မျက်ဝန်းတို့မှာ ပြုံးနေပြီး နေရောင်ခြည်ကဲ့သို့ တောက်ပနေရာ စိတ်ကြည်လင်နေကြောင်း သိသာလှသည်။ ထိုကြည်လင်သော အငွေ့အသက်မှာ ဖန်သားပြင်ကို ဖြတ်ကျော်ကာ ဖူဟန်ထံသို့ပင် ကူးစက်လာခဲ့ သည်။
ဖူဟန် ပြုံးလျက် ဓာတ်ပုံအား Like ပေးလိုက်ပြီး "တစ်နေ့ကို ဖုန်းသုံးချိန် နာရီဝက်ပဲ" ဟု မှတ်ချက်ရေးလိုက်သည်။ ထိုဓာတ်ပုံအား မည်သူ တင်လိုက်သည်ဆိုသည်ကို သူ အစကတည်းကရိပ်မိပြီးသား ဖြစ်သည်။
ချင်ချင် ထိုမှတ်ချက်ကို မြင်သွားသောအခါ အပြစ်မကင်းသလိုခံစားရသဖြင့် ကူးလန်၏ဖုန်းအား ချက်ချင်းပြန်ချထားလိုက်သည်။ သူမ ဘာမှမမြင်ဘူး၊ ဘာမှမသိဘူးဟုသာ သဘောထားလိုက်တော့သည်။
ဖခင်ဖြစ်သူဖုန်းထဲမှ ထိုစာကို မြင်သွားသော ဖူစစ်ကျင်းမှာမူ အားကိုးရာမဲ့သကဲ့သို့ခံစားလိုက်ရသည်။
ယခုမှပင် အဖြေပေါ်တော့သည်။ ချင်ချင် ဖုန်းအသုံးပြုရာတွင် ကျွမ်းကျင်နေခြင်းမှာ ဖခင်ဖြစ်သူ၏လျှော့ပေးမှုကြောင့်ပင်ဖြစ်ရမည်။ သူတို့ကသာ တင်းတင်းကျပ်ကျပ် တားမြစ်နေသော်လည်း ချင်ချင်မှာ ဖုန်းကို ပိုကျွမ်းကျင်လာနေသည်။
သားဖြစ်သူ၏အကြည့်အား သတိပြုမိဟန်ရှိသော ဖူဟန် မော့ပင်မကြည့်ဘဲ "မင်းက သူ့ကို ပိုပြီးတားမြစ်လေ၊ သူက ပိုပြီးစပ်စုလေဖြစ်မှာပဲ၊ မင်းနောက်ကွယ်မှာ ဆော့ဖို့နည်းလမ်းရှာလိမ့်မယ်၊ အဲ့ဒီအစား တစ်နေ့ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပေးပြီး ဆော့ခိုင်းတာကမှ ပိုကောင်းဦးမယ်"
တားဆီးခြင်းထက် မှန်ကန်သော လမ်းညွှန်မှုပေးခြင်းမှာ ပိုထိရောက်သော နည်းလမ်းပင်။
"မကြာခင်မှာ တင်ဒါခေါ်မယ့် စီမံကိန်းတစ်ခုရှိတယ်၊ အဲ့ဒါကို မင်းကိုပဲ အကုန်လွှဲပေးမယ်၊ ရအောင် ကြိုးစားကြည့်ပါ"
သားကြီးပုခုံးအား ပုတ်ကာ ဖူဟန်ထွက်ခွာသွားသည်။
ဖူစစ်ကျင်း : "..."
မိခင်ဖြစ်သူထံ သွားတွေ့ရန် အားတင်း၍ဖယ်ထားသော အားလပ်ရက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဖခင်ဖြစ်သူမှာ မိမိကိုယ်တိုင် မသွားနိုင်သဖြင့် သူတို့ကိုပါမသွားရလေအောင် တမင်သက်သက် လုပ်ခြင်းဖြစ်မည်ဟု ဖူစစ်ကျင်း သံသယဝင်မိသည်။
သို့သော် ဖူစစ်ချန်နှင့် သူ့ရည်းစားဖြစ်သူတို့မှာ G City သို့သွားရန် ယမန်နေ့ကပင် လက်မှတ်ဝယ်ထားကြောင်းကြားသိရရာ ၎င်းတို့၏ အလျင်အမြန်လုပ်ဆောင်နိုင်မှုကို အားကျမိသည်။ မိမိကဘာကြောင့် နှောင့်နှေးနေရသနည်း။
ဖူစစ်ကျင်း သက်ပြင်းချရင်း အလုပ်သွားရန် ပြင်ဆင်ရတော့သည်။ ဓာတ်လှေကားထဲသို့ လှမ်းဝင်လိုက်စဉ် လူတစ်ယောက်နှင့်တိုးမိသွားသည်။
"စစ်ချန်?"