အခန်း (၁၂၉)
Vol. 15 Ch. 129
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
ဖူစစ်ကျင်း သူ့ညီအား အံ့ဩတကြီးကြည့်ကာ မေးလိုက်သည်။
ယမန်နေ့ညကမှ ထိုကောင်လေး သူ့ထံလာ၍ ကြွားလုံးထုတ်သွားသည်ကို သူ ကောင်းကောင်းမှတ်မိသေးသည်။ ယနေ့နံနက် ၆ နာရီခွဲ လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ထားသည်ဟု ဆိုသော်လည်း ယခုဆိုလျှင် ၈ နာရီပင် ထိုးတော့မည် မဟုတ်လား?
"မပြောပါနဲ့တော့"
ဖူစစ်ချန် စိတ်ပျက်လက်ပျက်ဖြင့် "အန်းရန်က သူ့အစ်ကိုခေါ်လို့ ကုမ္ပဏီကို သွားလိုက်ရတယ်၊ အရေးကြီးကိစ္စဆိုပဲ၊ ကျွန်တော့်ကိုလည်း အဖေက ကုမ္ပဏီမှာလာကူဖို့ အမိန့်ထုတ်ထားတာနဲ့ ရောက်နေတာ"
ဖူစစ်ကျင်း ချက်ချင်းနားလည်သွားသည်။
သူ့အဖေကတော့ တကယ့်ကို ရက်စက်လှသည်။ မည်သူ့ကိုမျှ လက်လွတ်မပေးချေ။ ဖူစစ်ကျင်း ရယ်ချင်စိတ်ကို အောင့်ထားရင်း သူ့ညီအပေါ် စာနာသည့် အမူအရာဖြင့် ဟန်ဆောင်၍နှစ်သိမ့်လိုက်သည်။
"ကုမ္ပဏီက အလုပ်အရမ်းများနေတာလေ၊ ဘာမှမတတ်နိုင်ဘူးပေါ့"
"အောင့်မထားနဲ့၊ အစ်ကို ပြုံးစိစိလုပ်နေတာ ကျွန်တော် မြင်တယ်နော်"
ဓာတ်လှေကား ရပ်သွားသောအခါ ဖူစစ်ချန် သူ့အစ်ကိုလက်အား ပုတ်ထုတ်ကာ မျက်စောင်းထိုး၍ထွက်သွားတော့သည်။
ရုတ်တရက် သူ့နောက်မှ ကျယ်လောင်သော ရယ်သံကြီးထွက်ပေါ်လာသည်။ ဖူစစ်ချန် ချက်ချင်းလှည့်ကြည့်ကာ ဒေါသတကြီးစိုက်ကြည့် လိုက်သော်လည်း ဓာတ်လှေကားတံခါးမှာ ပိတ်သွားပြီဖြစ်သည်။
ညီအစ်ကိုနှစ်ဦး၏ဌာနများမှာ တစ်ထပ်တည်းတွင် မဟုတ်ကြပေ။
ဖူစစ်ချန် သူ့ကိုယ်သူ ယာယီအကူအညီအဖြစ် ပြောသော်လည်း သူသည် တကယ့်ကို ယာယီဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ သူသည် ဖူလုပ်ငန်းစု၏နည်းပညာဌာနသို့ လမ်းညွှန်မှုပေးရန်ရောက်ရှိနေခြင်း ဖြစ်သည်။
ဖူလုပ်ငန်းစုမှာ ကုမ္ပဏီအတွင်းပိုင်း စနစ်၏လုံခြုံရေးကို အဆင့်မြှင့်တင်ရန်ရည်ရွယ်ထားသည်။ လက်ရှိ နည်းပညာဝန်ထမ်းများမှာ ကျွမ်းကျင်ကြသည်မှာ မှန်သော်လည်း ဖူစစ်ချန်၏အဆင့်အတန်းနှင့်မူ များစွာကွာခြားနေဆဲပင်။
ဖူစစ်ချန်မှာ အန်နီမေးရှင်း ဒီဇိုင်နာတစ်ယောက်ဖြစ်၍ ကွန်ပျူတာနှင့် မပတ်သက်ဟု မထင်လိုက်ပါနှင့်။ အမှန်စင်စစ် လက်ရာကောင်းတစ်ခု ဖန်တီးနိုင်ရန် သူတို့ကွန်ပျူတာနည်းပညာမှာ အလွန်မြင့်မားနေရမည်ဖြစ်သည်။ သို့မဟုတ်ပါက သေးငယ်သော ပရိုဂရမ်အမှားတစ်ခုကပင် ဖန်တီးမှုတစ်ခုလုံး ပျက်စီးသွားစေနိုင်သည်။
ထို့ကြောင့် သူတို့သည် အထူးပြုလုပ်ချက် အလုပ်များအပြင် ကုမ္ပဏီအသီးသီး၏ကွန်ပျူတာလုံခြုံရေးစနစ် ပြုပြင်ခြင်းနှင့် ဆော့ဖ်ဝဲလ် တိုးတက်အောင် လုပ်ဆောင်ခြင်းများကိုလည်း အချိန်ပိုင်းလုပ်ကိုင်ကြသည်။
ယခင်ကမူ ထိုအလုပ်များမှာ အသေးစားလေးများသာ ဖြစ်သော်လည်း ဖူလုပ်ငန်းစုမှ ရုတ်တရက် ရရှိသော ထိုအမိန့်မှာ သူတို့စတူဒီယိုအတွက် အကြီးမားဆုံးသော အော်ဒါကြီးဖြစ်လာခဲ့သည်။
ဖခင်ဖြစ်သူမှ သူ့အား တမင်သက်သက် အလုပ်ပုံပေးလိုက်သည်ကို သိသော်လည်း ကုမ္ပဏီရှိ လူပေါင်းရာချီ၏အနာဂတ်အတွက် ဖူစစ်ချန်မှာ လက်ခံရန်မှတစ်ပါး အခြားမရှိပေ။ ဤအလုပ်အား အောင်မြင်စွာလုပ်ဆောင်နိုင်ပါက သူတို့စတူဒီယိုအား အဆင့်သစ်တစ်ခုသို့ တွန်းပို့ပေးနိုင်မည်မှာ အသေအချာပင်။
သူ့ညီနှင့်မတူဘဲ ဖူစစ်ကျင်းမှာမူ ဖူလုပ်ငန်းစု၏အမွေဆက်ခံသူအဖြစ် ကုမ္ပဏီသို့ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင် တည်ထောင်ခဲ့သော ဖူအနုပညာကုမ္ပဏီကို လုပ်ငန်းစုအတွင်းသို့ ပေါင်းစည်းလိုက်ပြီး ဥက္ကဋ္ဌနေရာတွင် သူနှင့်အတူ လက်တွဲလာသော ညီအစ်ကိုတစ်ဦး အစားထိုးခန့်အပ်လိုက်သည်။
သူကိုယ်တိုင်ကမူ ဖူလုပ်ငန်းစု ဌာနချုပ်၏အထွေထွေမန်နေဂျာ ဖြစ်လာခဲ့သည်။
မူလက ဒုတိယအဆင့်၌သာရှိခဲ့သော်လည်း မကြာသေးမီက စီမံကိန်းကြီးအချို့ ထူးချွန်စွာအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ကုမ္ပဏီအဆင့်မြင့် စီမံခန့်ခွဲသူများ၏ယုံကြည်မှုကို ရရှိကာ ရာထူးတိုးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။
ဖူစစ်ချန်ကမူ မိသားစုလုပ်ငန်းအား ဆက်ခံရန်ဆန္ဒမရှိကြောင်း ရှင်းလင်းစွာပြောဆိုထားသည်။ သားနှစ်ဦးနှင့် ဆွေးနွေးပြီးနောက် ဖူဟန် သားငယ်၏ဆုံးဖြတ်ချက်အား လေးစားရန်ရွေးချယ်ခဲ့သည်။
သူ သေတမ်းစာကိုပင် ချက်ချင်းပြုလုပ်ခဲ့ပြီး ဖူလုပ်ငန်းစု၏ရှယ်ယာများကို သုံးပုံ ပုံလိုက်သည်။ သားကြီးမှာ လုပ်ငန်းစုအား စီမံခန့်ခွဲရန်အတွက် အပြည့်အဝချုပ်ကိုင်နိုင်သော ရှယ်ယာများလိုအပ်သဖြင့် သုံးပုံနှစ်ပုံ ရရှိမည်ဖြစ်သည်။ သားငယ်မှာမူ ကျန်ရှိသော ရှယ်ယာ သုံးပုံတစ်ပုံကိုသာ ပိုင်ဆိုင်ပြီး ရှယ်ယာအမြတ် ခံစားရုံသာ ဖြစ်သည်။
ရှယ်ယာနည်းပါးသွားသော သားငယ်အတွက် အစားထိုးသည့်အနေဖြင့် ဖူဟန် သူ၏ အခြားသော ပိုင်ဆိုင်မှုများကို ဖူစစ်ချန်အား ပိုမိုခွဲဝေပေးကာ သားနှစ်ဦးကြား မျှတအောင် စီစဉ်ပေးခဲ့သည်။
ဤသေတမ်းစာတွင် သူ့ဇနီးသည် မပါဝင်ပေ။
ချင်ချင့် ရှယ်ယာမှာ မင်္ဂလာဆောင်စဉ်ကပင် ဖူဟန် သူမအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီးသားဖြစ်ရာ ယခုအခါ သူမ၏ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်နေပြီဖြစ်သည်။
အကယ်၍ သူတို့နှစ်ဦး ကွာရှင်းကြမည်ဆိုပါက ဖူဟန် သူပေးအပ်ထားသော ပိုင်ဆိုင်မှုများကို ပြန်လည်ထိတွေ့နိုင်မည် မဟုတ်သည့်အပြင် သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ထက်ဝက်ကိုပါ ချင်ချင့်အား ခွဲဝေပေးရမည်ဖြစ်သည်။
ထို့ကြောင့်ပင် အချို့သူများမှာ ကူးချင်ချင်သာ ကွာရှင်းလိုက်ပါက သူမသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းထဲတွင် ချက်ချင်း ပါဝင်လာမည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
သူမသည် သူမ ခင်ပွန်းထက်ပင် ပိုချမ်းသာနေပေလိမ့်မည်။
ထိုအချိန်တွင် ကမ္ဘာ့ထိပ်တန်း သူဌေးမကြီးမှာမူ သူမ မောင်ငယ်နှင့်အတူ ကွင်းပြင်ကျယ်တစ်ခုတွင် ဆောင့်ကြောင့်ထိုင်၍ ကွင်းပစ်ကစားနေ လေသည်။
ဆယ်ယွမ်လျှင် သုံးကွင်း၊ အလွန်တန်လှသည့်အပြင် မိမိပစ်၍ဝင်သည့် မည်သည့်ပစ္စည်းကိုမဆို ယူဆောင်သွားနိုင်သည်။
တောင်ပေါ်မှ ပြန်ဆင်းလာကာစ ချင်ချင်မှာ မျက်စိပသာဒရှိလှသော ထိုဆိုင်းဘုတ်လေးကြောင့် စိတ်ဝင်တစား စမ်းကစားကြည့်ချင်နေသည်။
"ကစားချင်တယ်" ဟု ချင်ချင် ပြောလျှင် ကူးလန် ချက်ချင်းပိုက်ဆံထုတ်ပေးလိုက်သည်။ သူ ချင်ချင် စိတ်ကြိုက်ကစားနိုင်ရန် ကွင်း အခုသုံးဆယ်စာ တစ်ခါတည်း ဝယ်ပေးလိုက်လေသည်။
ချင်ချင် ပလတ်စတစ်ကွင်းများကို လက်တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှ တစ်ကွင်းချင်းစီ ချိန်ရွယ်၍ ပစ်လိုက်သည်။
သို့သော် ဘာမှမထိဘဲ အလကားဖြစ်သွားသည်။
"နောက်တစ်ခါ ထပ်စမ်းကြည့်ပါဦး မိန်းကလေးရဲ့၊ နည်းနည်းလေး ပိုပြီး အားစိုက်လိုက်ဦး"
ဆိုင်ရှင်မှာ အချိတ်ဖြင့် ကွင်းကို ပြန်လည်ဆယ်ယူရင်း ချင်ချင်အား မည်သို့ကစားရမည်ကို သင်ပေးနေသည်။
"ကျွန်မက မိန်းကလေး မဟုတ်တော့ပါဘူး"
ချင်ချင် အလေးအနက် ပြန်ပြောလိုက်သည်။
သူမတွင် အသက်ခြောက်နှစ်မတိုင်ခင်က မှတ်ဉာဏ်များသာ ရှိသော်လည်း သူမကိုယ်သူမ အသက်လေးဆယ်ကျော်နေပြီဖြစ်ကြောင်းနှင့် သားသမီးများပင် တက္ကသိုလ်ဘွဲ့ရနေပြီဖြစ်ကြောင်းကိုတော့ ရှင်းလင်းစွာမှတ်မိနေသည်။ ကျန်ရှိသော အကြောင်းအရာများကိုမူ သူမ မိသားစုမှ ပြောပြထားခြင်းဖြစ်သည်။
စိတ်ကူးစိတ်သန်းများ ငယ်ရွယ်နေခြင်းမှာ ချင်ချင် လူအမဟုတ်ကြောင်း သက်သေပြနေသည်။ သူမ အရာရာကို သေချာစွာ စောင့်ကြည့်လေ့ လာတတ်သလို အများကြီးလည်း သိရှိနားလည်ထားသည်။ ပုံမှန်အားဖြင့်သာ ထုတ်ဖော်မပြောတတ်ခြင်း ဖြစ်သည်။
ကံဆိုးသည်မှာ သူမ မည်မျှပင် အလေးအနက် ရှင်းပြပါစေ ဆိုင်ရှင်မှာတော့ မယုံကြည်ပေ။
"ငါ့သမီးတောင် မင်းထက် အသက်ကြီးဦးမယ်၊ ဒါကို မိန်းကလေးမဟုတ်ဘူးလို့ ပြောနေသေးတာလား"
ဆိုင်ရှင်မှာ ချင်ချင့်အား အလွန်ဆုံးရှိလှ ၁၈ နှစ်ခန့်သာ ရှိဦးမည်ဟု ထင်မှတ်ထားသည်။ ၎င်းမှာ ချင်ချင်၏ ကိုယ်ကာယ ထိန်းသိမ်းမှု ကောင်းမွန်ခြင်းနှင့် သူမ၏ငယ်ရွယ်နုပျိုသော စိတ်နေစိတ်ထားကြောင့် အပြစ်ကင်းစင်ကာ ကလေးဆန်နေသဖြင့် အထင်မှားရခြင်း ဖြစ်သည်။
အကယ်၍ သူမတွင် လူကြီးတစ်ယောက်၏စိတ်ဝိညာဉ်သာ အပြည့်အဝရှိနေပါက မိန်းကလေးတစ်ယောက်ဟု မည်သူမျှ အထင်မှားလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ အချိန်ကာလကပေးအပ်သည့် အတွေ့အကြုံနှင့် အရှိန်အဝါအား မည်မျှပင် လှပနုပျိုသောရုပ်ရည်ရှိစေကာမူ ဖုံးကွယ်၍ မရနိုင်ခြင်းကြောင့်ပင်။
သူမ အမှန်အတိုင်းပြောသော်လည်း မည်သူမျှ မယုံကြသဖြင့် ချင်ချင်မှာ အံ့သြနေမိသည်။ သူမ ပါးဖောင်းဖောင်းလေးဖြင့် စိတ်တိုတိုနှင့် ကွင်းများကို ကိုင်ထားပြီး... တစ်ကွင်းချင်းစီ ဂရုတစိုက် ပစ်နေပြန်သည်။
အကြိမ်ကြိမ် ပစ်ပြီးနောက် သူမ ရလဒ်အားကြည့်လိုက်သောအခါ တစ်ကွင်းမျှပင် မဝင်သည်ကို တွေ့လိုက်ရသည်။
ချင်ချင် - "..."
ဆိုင်ရှင် - "..."
ဘေးမှ ကြည့်နေသူများ - "..."
ချင်ချင်၏ စိတ်ပျက်နေသော မျက်နှာလေးကို မြင်သောအခါ ကူးလန် မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောတော့သည်။
"ဟားဟား... ကျဲရဲ့ ကွင်းပစ်တဲ့ ကံဇာတာကတော့ တကယ့်ကို အခြေအနေ ဆိုးတာပဲ!"
သူ နည်းစနစ်ပိုင်းအား ဘာမှမပြောတော့ပေ။ အကြောင်းမှာ ချင်ချင်တွင် မည်သည့် နည်းစနစ်မျှ မရှိခြင်းကြောင့်ပင်။
"ခုနက အတွေ့အကြုံမရှိသေးလို့ပါ၊ နောက်တစ်ခါ ထပ်စမ်းကြည့်မယ်!"
မကျေနပ်နိုင်သော ချင်ချင်၏ တိုက်ခိုက်လိုစိတ်များ နိုးကြားလာပြီး ဆက်လက်ကစားရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ၊ ကျဲ ပျော်ရင် ပြီးတာပါပဲ"
ယွမ်တစ်ရာတန် တစ်ရွက် ချပေးလိုက်ပြီးနောက် ချင်ချင်မှာ ကွင်းအခုသုံးဆယ် ထပ်မံရရှိသွားသည်။ သူမ မြေပြင်ပေါ်ရှိ လက်ဆောင်ပစ္စည်း လေးများကို စူးစိုက်ကြည့်ကာ တစ်ကွင်းပြီးတစ်ကွင်း လျှင်မြန်စွာ ပစ်လေတော့သည်။ သူမ၏ လက်လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသည်။
သို့သော်... ရလဒ်မှာတော့ သူမ ကွင်းပစ်ကစားရာတွင် တကယ့်ကို ကံခေသူဖြစ်နေကြောင်း သက်သေပြနေသည်။
ချင်ချင် "..."
ကူးလန် "ဟက်!"
ဘေးမှ ကြည့်နေသူအချို့ပင် မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ထိုသူများမှာ သူမအား လှောင်ပြောင်နေကြခြင်းဖြစ်သည်။
ချင်ချင် ဒေါသတကြီးနှင့် ခြေဆောင့်လိုက်သည်။ သူမ အိတ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ကာ ဆိုင်ရှင်လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကွင်းများကိုယူ၍ ကူးလန် ရင်ခွင်ထဲသို့ ဇွတ်အတင်း ထိုးထည့်လိုက်သည်။
"မရယ်နဲ့၊ တိတိလည်း ငါ့ထက် ပိုတော်မယ်လို့ မပြောနိုင်ဘူး!"
ကူးလန် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျဲလို တစ်ခုမှ မရဘဲနဲ့တော့ မပြီးစေရပါဘူး"
သူ ကွင်းကိုယူ၍ ရှေ့သို့ လှမ်းတက်လိုက်သည်။ ထို့နောက် သေချာပင် မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပစ်လိုက်ရာ... ကပ်သီးလေး လွဲသွားသည်။
ကူးလန် နှုတ်ခမ်းလေး တွန့်သွားသည်။ "ပွဲကြည့်ဖို့ပဲ စောင့်နေမယ်" ဆိုသည့် ချင်ချင့်အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ကူးလန် အတင်းအကျပ်ပြုံးကာ "ခုနက ငါ အတည်မလုပ်သေးလို့ပါ၊ အတည်လုပ်ပြီဆိုရင်တော့ တစ်ခါပစ် တိုင်း ဝင်စေရမယ်!"
ဒုတိယအကြိမ်တွင်မူ သူ အလွန်ပင် ဂရုစိုက်လိုက်သည်။ ကွင်းလေးမှာ လှပသော လမ်းကြောင်းအတိုင်း ပျံထွက်သွားပြီး အရုပ်လေးအား ဟပ်မိတော့မည့်အယောင်ရှိသော်လည်း မထင်မှတ်ဘဲ ဘေးနားရှိ ပန်းအိုးအနားစွန်းကို ရိုက်မိသွားသည်။ ကွင်းမှာ လမ်းကြောင်းလွဲသွားပြီး မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက် လိမ့်သွားကာ ဆုကြေးနယ်မြေမှ ကျော်လွန်၍ ရေကန်ထဲသို့ ကျသွားတော့သည်။
"အို... ငါ့ကွင်းလေး!"
ဆိုင်ရှင် ကွင်းကို ဆယ်ရန် အပြေးအလွှား သွားရတော့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ပလတ်စတစ်ကွင်းဖြစ်၍သာ မြုပ်မသွားခြင်း ဖြစ်သည်။ ကွင်းပျောက်သွားသည်မှာ ကိစ္စမရှိသော်လည်း ပတ်ဝန်းကျင် ညစ်ညမ်းသွားမည်ကိုတော့ စိုးရိမ်ရသည်။
"ဟားဟား... တိတိလည်း မထိပါဘူး!"
အခြေအနေများ ပြောင်းပြန်ဖြစ်သွားကာ ယခုတစ်ကြိမ်တွင်မူ ကူးလန်အား ပြန်လည်လှောင်ပြောင်ရမည့်အလှည့်မှာ ချင်ချင် ဖြစ်လာသည်။ အထူးသဖြင့် နောက်ထပ်အကြိမ်ပေါင်းများစွာ ပစ်သော်လည်း ကူးလန် ဆက်တိုက်လွဲချော်နေချိန်တွင် သူမ ရယ်သံမှာ ပို၍ပင် အားရပါးရ ရှိလာတော့သည်။
သက်တော်စောင့်များကမူ "မဒမ်... အဲ့ဒီလောက်တောင် ဝင့်ကြွားနေရင် မုန့်တွေ အသိမ်းခံရလိမ့်မယ်နော်" ဟု သတိပေးကြသည်။
မမေ့ပါနှင့်၊ မစ္စတာကူးလန်မှာ သင့်မုန့်များကို ထိန်းချုပ်ထားသူ ဖြစ်သည်!
သို့သော် ထိုအချက်အား မမျှော်လင့်ထားသော ချင်ချင်မှာ ရယ်မောနေဆဲဖြစ်ရာ ကူးလန် အေးစက်စက်ဖြင့်တုံ့ပြန်လိုက်သည်။
"ဒီညအတွက် စတော်ဘယ်ရီ ဒိန်ချဉ်မရတော့ဘူးလို့သာ မှတ်ထားလိုက်"
ချင်ချင် "..."
အကယ်၍ သူမတွင် မူလတန်းကျောင်းသူတစ်ဦး၏သိက္ခာသာမရှိပါက ထိုနေရာ၌ပင် ဝါးခနဲငိုချမိတော့မည် ဖြစ်သည်။
သူတို့နှစ်ဦး ရှုခင်းသာနယ်မြေမှ ထွက်ခွာလာချိန်တွင် ချင်ချင့်ရင်ခွင်ထဲ၌ ချစ်စရာကောင်းသော ပန်းရောင်ယုန်ရုပ်လေးတစ်ရုပ် ပါလာသည်။ ၎င်းမှာ ဆိုင်ရှင် သူတို့အား သနားသဖြင့် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
ကူးလန်မှာ ထိုအရုပ်အား လက်ခံစဉ်က မျက်နှာပျက်နေသော်လည်း ချင်ချင်မှာ အတိုင်းထက်အလွန် ဝမ်းသာနေရှာသည်။ လက်ဆောင်ရ သည်ကိုပင် သူမ ကျေနပ်နေခြင်းဖြစ်ပြီး လူကြီးများကဲ့သို့ ရှက်ရွံ့အားနာခြင်းမျိုး သူမတွင် မရှိပေ။
မွန်းလွဲပိုင်းတွင် သူတို့နှစ်ဦး အနီးရှိ သမုဒ္ဒရာပန်းခြံသို့ သွားခဲ့ကြသော်လည်း ကစားကွင်းကိရိယာများကို များများစားစား မစီးဖြစ်ဘဲ ပြပွဲများကိုသာ အဓိကကြည့်ရှုခဲ့ကြသည်။ သို့သော်လည်း ဟိုတယ်သို့ ပြန်ရောက်ချိန်တွင် ချင်ချင်မှာ အလွန်မောပန်းနေပြီဖြစ်သည်။
သူမ ကုတင်ပေါ်သို့ လှဲချလိုက်သည်နှင့် ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့သည်။
ကူးလန် ရေချိုးအဝတ်အစားလဲပြီးနောက် ချင်ချင့်အား ညစာစားရန် ခေါ်ယူရန်လာခဲ့သော်လည်း သူမ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကိုသာ တွေ့ရသည်။ အနားရှိ အမျိုးသမီးသက်တော်စောင့်၏အမေးအကြည့်ကို ရရှိသောအခါ ကူးလန် မနှိုးရန် ခေါင်းခါပြလိုက်ပြီး တိုးတိုးလေးပင် ပြန်ထွက်လာခဲ့သည်။ ညစာစားချိန်မှာတော့ နောက်ဆုတ်လိုက်ရပြီ ဖြစ်သည်။
ည ၁၁ နာရီထိုးခါနီးမှ ချင်ချင် နိုးလာသည်။
အကယ်၍ သူမ ဝမ်းဗိုက်ထဲမှ ဆာလောင်သံများ ကျယ်လောင်စွာ ထွက်ပေါ်မလာပါက မနက်ဖြန်မနက်အထိ အိပ်ပျော်နေဦးမည်ထင်သည်။ ဗိုက်ဆာနေသော ကလေးမလေးမှာ ကုတင်ပေါ်တွင် အတော်ကြာ လူးလိမ့်နေပြီးနောက်မှ အိပ်ချင်စိတ်ကို အနိုင်နိုင်ထိန်းကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များဖြင့် ထထိုင်လိုက်သည်။
"တိတိ..." ဟု သူမ မျက်လုံးလေးများကို ပွတ်ရင်း ခေါ်လိုက်သည်။
မည်သူမျှ မထူးပေ။
သို့သော် သူမအား စောင့်ကြည့်နေသော အမျိုးသမီးသက်တော်စောင့်မှာ ချင်ချင်နိုးလာသည်ကို သတိပြုမိသည်နှင့် ချက်ချင်းထလာကာ "မမလေးကူး... အဝတ်အစားလဲဖို့ ကူညီပေးရမလားရှင့်"
"ရေချိုးချင်တယ်၊ တစ်ကိုယ်လုံး ညစ်ပတ်နေလို့ မနေတတ်ဘူး"
ချင်ချင် အမျိုးသမီးသက်တော်စောင့်နောက်သို့ လိုက်၍ ရေချိုးခန်းထဲသို့ ဝင်သွားပြီး နာရီဝက်ခန့်အကြာတွင် သန့်ရှင်းလန်းဆန်းသော နတ်သမီးလေးတစ်ပါးအသွင်ဖြင့် ပြန်ထွက်လာသည်။
ပန်းနုဝါရောင် ပန်းပွင့်လေးများပါသော ဂါဝန်ရှည် ဝတ်ဆင်ကာ အပေါ်မှ အနွေးထည်ပါးလေး ထပ်ဝတ်ထားသော သူမသည် ဘေးခန်းရှိ ကူးလန်အား ရှာရန် တက်ကြွစွာ ပြေးထွက်လာခဲ့သည်။ သက်တော်စောင့်များရှိနေသဖြင့် ကူးလန်၏ အခန်းတံခါးမှာ ပိတ်မထားပေ။ ချင်ချင် အခန်းတံခါးကို အလွယ်တကူပင် တွန်းဖွင့်လိုက်သည်။
သူမ အထဲသို့ ချောင်းကြည့်လိုက်ရာ ဧည့်ခန်းမှာ တိတ်ဆိတ်နေသဖြင့် သူ အိပ်ခန်း သို့မဟုတ် စာကြည့်ခန်းထဲတွင် ရှိနေမည်မှာ သေချာသည်။ စာကြည့်ခန်းဖြစ်နိုင်ခြေ ပိုများသဖြင့် ချင်ချင် ထိုဘက်သို့ တန်းတန်းမတ်မတ် သွားလိုက်ရာ ဟစိဖြစ်နေသော တံခါးကြားမှ ကွန်ပျူတာရှေ့တွင် ထိုင်နေသော ကူးလန်အား တွေ့လိုက်ရသည်။
ထိုအမျိုးသားမှာ ကွန်ပျူတာမျက်နှာပြင်ကို အာရုံစိုက် စိုက်ကြည့်နေသည်။ မှောင်ရိပ်သန်းနေသော အခန်းထဲ၌ ကွန်ပျူတာမှထွက်သော အပြာရောင်အလင်းတန်းမှာ သူ့ ခန့်ညားသော မျက်နှာပေါ်သို့ ကျရောက်နေပြီး ထင်ရှားပေါ်လွင်သော မျက်နှာထားကို ပိုမိုပေါ်လွင်စေသည်။
သူ တစ်စုံတစ်ရာကို အသည်းအသန် စဉ်းစားနေဟန်ဖြင့် လက်ညှိုးရှည်ဖြင့် နှုတ်ခမ်းပါးအား အသာအယာ ပွတ်သပ်နေမိသည်။ အာရုံစူးစိုက်လွန်းနေသဖြင့် ချင်ချင် အခန်းထဲသို့ ပြေးဝင်လာသည်ကိုပင် သတိမပြုမိဘဲ ရှိနေတော့သည်။