← Chapters

အခန်း (၁၃၁)

Vol. 15 Ch. 131

အခန်း (၁၃၁)

Vol. 15 Ch. 131

ဝမ်ရှုကျစ်နှင့် အခြားသူများမှာ ချင်ချင် မည်သူမှန်း အမှန်တကယ်ပင် မသိကြသလော။

ထိုသို့ မဟုတ်ပေ...

တစ်ဦးမှာ နာမည်ကျော် အနုပညာရှင်၊ အခြားတစ်ဦးက ရှေ့နေ... ၎င်းတို့နှစ်ဦးစလုံးမှာ သတင်းအချက်အလက်များ အချိန်နှင့်အမျှ စီးဆင်းနေသည့် နယ်ပယ်များတွင် အလုပ်လုပ်နေကြသူများ ဖြစ်သည်။

ကူးလန် သူမအကြောင်းအထူးတလည် ထုတ်မပြောလျှင်ပင် သတင်းများနှင့် အတင်းအဖျင်းကဏ္ဍများကို ဖတ်ရုံဖြင့် ကူးချင်ချင် ဟူသော အမည်ကို သူတို့ အလွယ်တကူသိရှိနိုင်သည်။

သူမသည် ကူးမိသားစု၏အမွေဆက်ခံသူဖြစ်သလို ဖူမိသားစု ကတော်လည်း ဖြစ်သည်။ ဤမျှ ကြီးကျယ်လှသော ဂုဏ်သတင်း ကျော်စောမှုကြောင့် သူမအား မသိသူဟူ၍မရှိသလောက်ပင်။

သို့သော် ဝမ်ရှုကျစ်အတွက်မူ ထိုအရာများမှာ သူတို့နှင့် မသက်ဆိုင်သော ကိစ္စများသာဖြစ်သည်။ ကူးလန်နှင့် ကူးချင်ချင်တို့ မောင်နှမအကြား မသင့်မြတ်ကြောင်း ကောလာဟလများ ကြားဖူးသော်လည်း လူချင်းတွေ့သည့်အခါ သူ ပုံမှန်အတိုင်းပင် ဆက်ဆံသည်။ သူ ရုပ်ရည်လှပသူများကို အစဉ်တစိုက်အားပေးတတ်သူ တစ်ဦးသာ ဖြစ်သည်။

အကယ်၍ ရုပ်ရည်ချောမောလှပသူများနှင့် နီးနီးကပ်ကပ် မနေချင်ပါက ဝမ်ရှုကျစ် အနုပညာလောကထဲသို့ ခြေစုံပစ်ဝင်လာ လိမ့်မည် မဟုတ်ပေ။ လှပသူများကို မြတ်နိုးတတ်သော်လည်း သူသည် ကိုယ့်ကိုယ်ကိုယ်အလွန်စည်းကမ်းရှိသူ ဖြစ်ရာ သူ့မြတ်နိုးမှုမှာ အသိအမှတ်ပြုအားပေးရုံမျှသာ အကန့်အသတ် ရှိသည်။

ကူးလန်သည်လည်း သူငယ်ချင်းဖြစ်သူ၏ထိုဗီဇအား သိရှိနားလည်ထားသဖြင့် ချင်ချင့်အား သူတို့နှင့်ပေးတွေ့ရန် စိတ်ချလက်ချ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူ့ဘက်မှ ရပ်တည်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် သူ့အစ်မကို အခက်တွေ့စေမည့် သူငယ်ချင်းမျိုး သူ မလိုအပ်ပေ။ မိမိ၏ မိတ်ဆွေနှင့် မိသားစုအပေါ် လေးစားမှုရှိသူကသာ သူ့ညီအစ်ကိုအရင်းအချာ ဖြစ်သည်။

တစ်စုံတစ်ခုကို တွေးမိ၍လားမသိ၊ ကူးလန် မျက်နှာ ရုတ်တရက် မှောင်မှိန်သွားသည်။

ထိုစဉ် ကြက်တောင်ပံတစ်ဖက်သည် သူ့ပန်းကန်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။ ကူးလန် အလိုအလျောက်ပင် မော့ကြည့် လိုက်ရာ အူးချင် အေးစက်စက်မျက်နှာထားဖြင့် ချင်ချင့်အတွက် ကြက်ခြေထောက်တစ်ဖက်ကို ထပ်မံထည့်ပေးနေသည်ကို တွေ့လိုက်ရသည်။

"စားစမ်း" ဟူသော တိုတိုတုတ်တုတ် စကားတစ်ခွန်းမှာပင် သူ့ဆိုလိုရင်း အပြည့်အဝ ပါဝင်နေသည်။

ပျော်ပျော်ရွှင်ရွှင် စားသောက်ပါ၊ အများကြီး လျှောက်မတွေးပါနဲ့ဟု ဆိုလိုခြင်းဖြစ်သည်။

"ဆော့စ်မပါဘူး"

ချင်ချင် သူ့ ပန်းကန်ထဲမှ အသားကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

အသားမှာ မနယ်ထားသဖြင့် အရသာမရှိပေ။ ဆိုင်၏ အထူးစီမံထားသော ကြက်သွန်ဖြူဆော့စ်နှင့် တို့စားမှသာ လျှာပေါ်တွင် အရသာတွေ့ပေလိမ့်မည်။

အူးချင် ဘာမှမပြောဘဲ သူ့တူဖြင့် ချင်ချင်ပန်းကန်ထဲမှ အသားကို ပြန်ယူကာ ဆော့စ်ထဲသို့ တို့ပေးပြီးနောက် ပြန်ထည့်ပေးလိုက်သည်။

"ကျေးဇူးပါ အစ်ကို"

ချင်ချင် ဇွန်းဖြင့် အသားအား ပါးစပ်ထဲသို့ ခပ်ထည့်လိုက်ရင်း အူးချင်ကိုကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။

"အင်း"

အူးချင် ခပ်တိုးတိုးသာ ထူးလိုက်သော်လည်း သူနှင့် ရင်းနှီးသူများသာလျှင် ပုံမှန်အတိုင်း တည်ငြိမ်နေသော သူ့မျက်ဝန်းအစုံတွင် အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသည်ကို သတိပြုမိပေလိမ့်မည်။ ၎င်းမှာ သူ စိတ်ကြည်လင်နေသည့် လက္ခဏာပင်။

"ဒါ မတရားဘူး!"

ဝမ်ရှုကျစ် ဒေါသတကြီး အော်ဟစ်တော့သည်။

"ဘာလို့ ဒီရေခဲတုံးကြီးကိုကျတော့ အစ်ကိုလို့ခေါ်ပြီး ငါ့ကိုကျတော့ ဦးလေးလို့ခေါ်တာလဲ? ငါ အဲ့ဒီလောက်တောင် အိုနေလို့လား"

ထို့နောက် သူသည် မည်သည့်နေရာမှ ထွက်လာမှန်းမသိသော မှန်အသေးလေးအားထုတ်၍ သူ့မျက်နှာကို ဟိုဘက်ဒီဘက် လှည့်ကြည့်နေပြန်သည်။

ပြီးပြည့်စုံနေတာပဲ၊ အခုထိ ချောနေတုန်းပဲ!

"ဒါပေမဲ့ ဦးလေးက ဦးလေးနဲ့တူတာပဲဟာ၊ ချင်ချင့်ထက် အများကြီးအသက်ကြီးတဲ့ပုံပဲလေ"

အပြစ်ကင်းလှသော ချင်ချင်မှာ ဝမ်ရှုကျစ်နှလုံးသားကို နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ပေးလိုက်ပြန်သည်။

ဝမ်ရှုကျစ် "..."

သူ ချင်ချင်အား အလေးအနက်ထားသည့် အမူအရာဖြင့် စူးစိုက်ကြည့်နေသည်။

အားတနှင့် အားပုတို့မှာ ဝမ်ရှုကျစ်တစ်ယောက် ပေါက်ကွဲတော့မည်ဟု ထင်နေစဉ်မှာပင် သူ ရုတ်တရက် တစ်ရှူးတစ်ရွက် ထုတ်ကာ လက်ကိုင်ပုဝါကို ပန်းထိုးနေသကဲ့သို့ ဟန်ဆောင်လျက် မျက်ရည်များ သုတ်ရင်းဇာတ်နာပြလေတော့သည်။

"ဝါး... ဟိုးအရင်တုန်းကဆိုရင် ငါဟာ ဒီတစ်လမ်းလုံးမှာ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်ခဲ့ပြီး ပရိသတ်ပေါင်းများစွာရဲ့ အချစ်ကို ရရှိခဲ့တာ၊ အခုကျတော့ ဒီလို မိန်းကလေးငယ်လေးဆီကနေ 'ဦးလေး' လို့ အခေါ်ခံရပြီး အိုမင်းသွားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး! ဒီလောကကြီးမှာ မျက်နှာပြဖို့တောင် ရှက်လှချည်ရဲ့!"

ကူးလန် : "..."

အူးချင် : "..."

အားတ၊ အားပု : "..."

မင်း ဘယ်လောက်တောင် ရူးဦးမလဲဆိုတာ ငါတို့ အသာလေး ထိုင်ကြည့်နေပေးမယ်။

ဝမ်ရှုကျစ်၏ ချဲ့ကားထားသော သရုပ်ဆောင်ချက်တွင် ချင်ချင်တစ်ဦးတည်းသာ အဟုတ်မှတ်၍ အယုံမိသွားရှာသည်။

သူမ စိုးရိမ်တကြီးဖြင့် လက်သီးလေးများဆုပ်ထားရင်း အကဲခတ်ကာ မေးလိုက်သည်။

"ရှင်... ရှင် ဝမ်းမနည်းပါနဲ့တော့၊ ကျွန်မ ရှင့်ကို 'အစ်ကို' လို့ပဲ ခေါ်တော့မယ်လေ၊ ဟုတ်ပြီလား ? အစ်ကို..."

"ဟေး!"

ဝမ်ရှုကျစ် မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဖြီးပြုံးလျက် သူ့တူကိုကိုင်ကာ ချင်ချင်အား အစားအသောက်များ အတင်းထည့်ပေးတော့သည်။

"ညီမလေးချင် ဘာစားချင်လဲ? အစ်ကို ယူပေးမယ်"

"မင်းပြောတဲ့ စကားထဲမှာ မောင်နှမအစဉ်အလိုက်တွေ အကုန်ရှုပ်ထွေးကုန်ပြီလို့ မထင်ဘူးလား"

ကူးလန်မှာ ထိုကောင်ကိုကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ရယ်ချင်လာမိသည်။

သူ့ကိုယ်သူ ဦးလေးနေရာကနေ ဖယ်ပေးရုံတင်မကဘဲ အခုတော့ သူငယ်ချင်းဖြစ်သူရဲ့အစ်ကိုပါ လုပ်ချင်နေသေးသည်။ တကယ့်ကို အရှက်မရှိတဲ့ကောင်။

ကူးလန် အကြည့်ထဲမှ ခြိမ်းခြောက်မှုအား ခံစားမိသောအခါ ဝမ်ရှုကျစ် အန္တရာယ်ကိုရိပ်မိသွားပြီး ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် ချော့မော့လိုက်သည်။

"ဒီအစေခံက ညီမလေး ပျော်ရွှင်အောင်ဖျော်ဖြေပေးနေတာပါ"

ကြည့်ဦး၊ သူ ယောက္ခမကြီးတစ်ဦးကဲ့သို့ပင် ဟန်ပန်ထုတ်နေပြန်ပြီ။

အားပုနှင့် အားတတို့မှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာကြည့်နေကြမိသည်။ အပြင်လောကရှိ နာမည်ကျော် အနုပညာရှင်များအားလုံး ထိုသို့ပင်လား? အမြဲတစေ မိမိတို့၏သရုပ်ဆောင်အရည်အချင်းကိုသာ ရှေ့တန်းတင် အမွှမ်းတင်နေကြသည်လား? ယနေ့ခေတ် အနုပညာရှင်များမှာ မိမိတို့ပုံရိပ်များ မည်မျှပင် ထိခိုက်ပျက်စီးနေသည်ကို သတိပြုမိပုံပင် မရကြချေ။

လူပြက်လေး ဝမ်ရှုကျစ်၏မြိုင်ဆိုင်လှသော ဖျော်ဖြေမှုများကြောင့် ညစာစားပွဲမှာ အလွန်ပင် ပျော်စရာကောင်းခဲ့လေသည်။ အစားအသောက်များမှာ အရသာထူးကဲရုံသာမက ဝိုင်းဖွဲ့စားသောက်ရသည့် အငွေ့အသက်မှာလည်း အလွန်ပျော်ရွှင်ဖွယ်ကောင်း လှသည်။ ချင်ချင်မှာမူ ခရီးစဉ်၏ဒုတိယပိုင်းတွင် အစားအသောက်၌ စိတ်မပါတော့ဘဲ တစ်ချိန်လုံးကစားရန်သာ အာရုံရောက်နေ တော့သည်။

သူမ အဖော်မှာမူ အဓိကအားဖြင့် အူးချင်ပင်။

သူhတည်ငြိမ်အေးစက်သော အမူအရာနှင့် အနားကပ်ရန် ခက်ခဲလှသည့် ရေခဲတောင်ကြီးသဖွယ် ပုံစံကိုကြည့်၍ အထင်မမှား လိုက်ပါနှင့်။ အူးချင်မှာ မထင်မှတ်ရလောက်အောင်ပင် အေးဆေးတည်ငြိမ်၍ တစ်ခါတစ်ရံကြောင်တောင်တောင်နိုင်လှသူ ဖြစ်သည်။

သူ ချင်ချင်နှင့်အတူ ရှိနေရသည်ကို အမှန်တကယ်ပင် နှစ်သက်သဘောကျပုံရသည်။ သူတို့နှစ်ဦးမှာ ထောင့်တစ်နေရာ၌ ထိုင်လျက် ပုရွက်ဆိတ်ရေတွက်နေရုံမျှနှင့်ပင် ပျော်ရွှင်နေကြသူများ ဖြစ်သည်။ အကယ်၍ သူတို့သာ လူကြီးဝတ်စုံများ ဝတ်ဆင်မထားပါက သီးသန့်ခန်းအတွင်း၌ ကလေးငယ်နှစ်ဦး ရှိနေသည်ဟု ကူးလန် ထင်မှတ်မှားမိပေလိမ့်မည်။

ဆူညံသံများမှာ နံနက် ၂ နာရီအထိ ကြာမြင့်ခဲ့ပြီးနောက်မှသာ အားလုံး လူစုခွဲခဲ့ကြလေသည်။

ကူးလန် အိပ်ပျော်နေသော ချင်ချင့်အား ဟိုတယ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ဝမ်ရှုကျစ်မှာမူ နောက်တစ်နေ့ နံနက်တွင် ရုပ်ရှင်ရိုက်ကူးရေးရှိသဖြင့် ထိုည၌ပင် အပြေးအလွှား ပြန်သွားရလေသည်။ ရုပ်ရှင်အဖွဲ့မှ စီစဉ်ပေးထားသော ဟိုတယ်မှာ အူးချင် တည်းခိုသည့်နေရာနှင့် လမ်းကြောင်းတူသဖြင့် ဝမ်ရှုကျစ်ကပင် အူးချင်အား လိုက်ပါပို့ဆောင်ပေးလိုက်၏။ သူတို့မှာ အတူတူ လာခဲ့ကြသူများ မဟုတ်လား?

ကားပေါ်တွင် အူးချင် ရှေ့ခန်း၌ထိုင်လျက် အနောက်သို့ ကျန်ရစ်ခဲ့သော လမ်းဘေးမီးတိုင်များကို တိတ်ဆိတ်စွာ ငေးမောကြည့်ရှု နေသည်။ ဝမ်ရှုကျစ် ကားမောင်းခြင်းကိုသာ အာရုံစိုက်နေရင်းမှ ရုတ်တရက် မေးလိုက်သည်။

"မင်း သတိထားမိလား ? ဆရာကြီးရဲ့ အစ်မက..."

"သူက အရမ်းသဘောကောင်းတဲ့သူတစ်ယောက်ပါ" ဟူသော စကားသုံးခွန်းဖြင့် အူးချင် ဝမ်ရှုကျစ် စကားကို ဖြတ်တောက်ပစ်လိုက် သည်။

ဝမ်ရှုကျစ် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မိမိ၏အတင်းအဖျင်းပြောလိုသော စိတ်ဆန္ဒကို နှိပ်ကွပ်လိုက်ရသည်။ အမှန်စင်စစ် ကူးချင်ချင်မှာ မည်သို့သောသူပင်ဖြစ်စေ ကူးလန် သူငယ်ချင်းများအနေဖြင့် ၎င်းမှာ သူတို့နှင့် မသက်ဆိုင်လှပေ။ သို့မဟုတ်... ၎င်းတို့အနေဖြင့် သူမအပေါ် နွေးထွေးစွာဆက်ဆံနိုင်သော်လည်း ပုဂ္ဂိုလ်ရေးကိစ္စများကိုမူ စူးစမ်းရန်မလိုဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။

လူတိုင်း၏ဘဝနောက်ခံမှာ မတူညီကြသကဲ့သို့ မိသားစုတိုင်း၌လည်း ကိုယ်စီကိုယ်ငှာ အခက်အခဲများ ရှိကြစမြဲ ဖြစ်သည်။ ကာယကံရှင်ကိုယ်တိုင်မှ မိမိမိသားစုအပေါ် မည်မျှပင် မကျေနပ်ချက်များ ရှိနေပါစေဦးတော့၊ ပြင်ပလူများအနေဖြင့် ခွင့်ပြု ချက်မရှိဘဲ ဝင်ရောက်ဆွေးနွေး ငြင်းခုံရမည့် ကိစ္စရပ်များ မဟုတ်ပေ။ ဤသည်မှာ မိတ်ဆွေ၏မိသားစုအား မလေးစားခြင်းသာမက သူငယ်ချင်းဖြစ်သူကိုပါ စော်ကားရာ ရောက်ပေသည်။

ထိုအကြောင်းအရာ ပြီးဆုံးသွားသည်နှင့် ဝမ်ရှုကျစ် အူးချင်နှင့်အတူ အခြားသော ကိစ္စရပ်များဆီသို့ အလျင်အမြန်ပင် စကားလမ်း ကြောင်း လွှဲလိုက်တော့သည်။ အူးချင်၏တုံ့ပြန်မှုများမှာ အလွန်နည်းပါးလှသော်လည်း ဝမ်ရှုကျစ်မှာမူ ယင်းသို့သော အပြုအမူမျိုး ကို ကျင့်သားရနေပြီဖြစ်ရာ ဂရုမစိုက်ဘဲ တစ်ဦးတည်း အားရပါးရစကားဆိုနေတော့သည်။ ကားငယ်လေးအတွင်း၌ ဘဲအကောင် တစ်ရာခန့်တင်ဆောင်လာသကဲ့သို့ ခံစားနေရသည်ဟု အူးချင် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း တွေးတောနေမိလေ သည်။

ချင်ချင် အကင်ဆိုင်၌ပင် အိပ်ပျော်သွားခဲ့သော်လည်း ဟိုတယ်သို့ ပြန်လည်ရောက်ရှိသောအခါ၌မူ ပြန်နိုးလာခဲ့သည်။ သူမ တစ်နေ့တာ၏ ထက်ဝက်ခန့်ကို အိပ်စက်ခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မျက်လုံးများမှာ ကျောက်ကွင်းကဲ့သို့ တောက်ပနေပြီး ထပ်မံအိပ် စက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ ကူးလန်သည်လည်း စောစောအိပ်ရန် အစီအစဉ်မရှိသဖြင့် ချင်ချင့်အား မိမိအနား၌ပင် ရှိနေခွင့်ပြု လိုက်သည်။ ၎င်းသည် ရီမုကိုယူ၍ သူမအတွက် ရုပ်ရှင်တစ်ကား ကျပန်းဖွင့်ပေးလိုက်ပြီး မိမိကိုယ်တိုင်မှာမူ သူမ ဘေး၌ထိုင်လျက် လက်ပ်တော့ပ်ဖြင့် အလုပ်အပေါ်အာရုံစိုက်နေတော့သည်။

စာရေးနေရင်းမှ ရုပ်ရှင်၏အသံထွက်များမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေသည်ကို ကူးလန် ရုတ်တရက် သတိပြုမိသွားသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်ရာ ကြည်လင်ပြတ်သားသော မျက်နှာပြင်ပေါ်တွင် ထိတ်လန့်ဖွယ် သရဲမျက်နှာကြီး တစ်ခုရုတ်ချည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိတ်လန့်မှုကြောင့် သူ့သူငယ်အိမ်များ ကျုံ့သွားရပြီး ကျောရိုးတစ်လျှောက်ချမ်းစိမ့်သွား သည်။ သေချာစွာ ပြန်လည်ကြည့်ရှုမိသောအခါမှ မိမိကျပန်းဖွင့်ပေးလိုက်သော ရုပ်ရှင်မှာ သရဲကားတစ်ကားဖြစ်နေကြောင်း သိလိုက်ရသဖြင့် မိမိဘာသာ ရယ်မောမိတော့သည်။ ၎င်းမှာ မိမိဘာသာ ကျင်းတူးမိခြင်းပင် မဟုတ်လား?

သူ ရီမုကို ဆွဲယူကာ ရုပ်ရှင်အား ပိတ်ပစ်လိုက်ရာ ချင်ချင်၏မကျေမနပ်ဖြစ်မှုကို ချက်ချင်းပင် ရရှိတော့သည်။

"မပြီးသေးဘူးလေ!"

"မကြည့်ပါနဲ့တော့၊ ဒါ မကောင်းဘူး၊ တခြားဟာ ကြည့်ရအောင်"

ကူးလန် သူမအား ချော့မော့ရင်း ဟာသကားတစ်ကားသို့ အလျင်အမြန် ပြောင်းလဲပေးလိုက်သည်။ ကလေးမလေးမှာ တခစ်ခစ်နှင့် ရယ်မောနေတော့သဖြင့် ကူးလန်မှာ အလုပ်အပေါ် အာရုံစိုက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ သူ ကွန်ပျူတာကို ပိတ်လိုက်ပြီး မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက် ဖွဖွချကာ ဆိုဖာပေါ်သို့ ရွှေ့၍ ချင်ချင်နှင့်အတူ ညှပ်ထိုင်ရင်း ရုပ်ရှင်ကြည့်လိုက် တော့သည်။

မကြာမီမှာပင် အခန်းအတွင်း၌ ရယ်သံနှစ်ခုမှာ ထပ်တူကျစွာ ထွက်ပေါ်လာတော့သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ် ဦးတို့၏ အတိုင်းအဆမဲ့သော ပျော်ရွှင်မှုများမှာ အခန်းအတွင်း ပြည့်နှက်နေကြရာ ဟိုတယ်အသံလုံစနစ်သာ မကောင်းပါက ဤညသန်းခေါင်ယံ၌ အတော်လေး ခြောက်ခြားစရာကောင်းနေပေလိမ့်မည်။ သူတို့နှစ်ဦးစလုံးမှာ မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့၌ အိပ်ရေးပျက်ကာ မွန်းတည့်ချိန်အထိ အိပ်မောကျသွားကြသည်။

ကူးလန် ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် နိုးလာခဲ့သည်။ သူ အိပ်ချင်မူးတူးဖြင့် ဖုန်းဖြေလိုက်ရာ တစ်ဖက်မှ တက်ကြွလှုပ်ရှားသော အသံတစ်ခုထွက်ပေါ်လာသည်။

"ဟေး... ဆရာကြီး၊ ငါ ဒီနေ့ အလုပ်အားတယ်၊ မင်းတို့နဲ့ လိုက်ခဲ့လို့ရမလား"

၎င်းမှာ ဝမ်ရှုကျစ် ဖြစ်သည်။

"ထားလိုက်တော့၊ မင်းကို မလိုဘူး"

သူ မဆိုင်းမတွပင် ဖုန်းချလိုက်ပြီး ပြန်လည်အိပ်စက်ရန် ပြင်သည်။

ဝမ်ရှုကျစ်က "မလုပ်ပါနဲ့ သူငယ်ချင်းရာ၊ ငါ ဒီနေ့ သွားစရာမရှိလို့ပါ၊ ငါ့ကို ကယ်တင်ပါဦး!" ဟု ငိုတော့မည့်အလား သနားစရာ ကောင်းသောအသံဖြင့် ပြောလာပြန်သည်။

"မင်း ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးလား"

ကူးလန်မှာ အိပ်ချင်စိတ်များ လုံးဝကွယ်ပျောက်သွားကာ သက်ပြင်းချရင်း ထထိုင်လိုက်သည်။

"ရိုက်ကူးရေးအဖွဲ့မှာ မတော်တဆနည်းနည်းရှိလို့ ဒီနေ့တစ်ရက် နားခွင့်ပေးလိုက်တာ၊ ငါ ဒီနားမှာ ဘယ်သူ့ကိုမှ မသိတာနဲ့ မင်းကိုပဲ လှမ်းမေးရတော့တာ"

တကယ်တော့ သူသည် အပိုပစ္စည်းအဖြစ်သာ ရွေးချယ်ခံရခြင်း ဖြစ်သည်။ ကူးလန် နှုတ်ခမ်းများ တွန့်သွားပြီး ပြတ်ပြတ်သားသား ပင်ဆိုလိုက်သည်။

"ငါ မှတ်မိသလောက်တော့ မင်းလို လူပျိုသိုးက အမျိုးသမီးသူငယ်ချင်းတွေ အများကြီးရှိတာပဲ၊ အသိမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး"

ထိပ်တန်း အလှအပမြတ်နိုးသူတစ်ဦးအနေဖြင့် ဝမ်ရှုကျစ်၏ ချောမောလှပသော အမျိုးသမီးမိတ်ဆွေများမှာ ကမ္ဘာအနှံ့ ရှိနေပေ လိမ့်မည်။ ထို့အပြင် သူသည် ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်သူဖြစ်ရာ အားလုံးနှင့် အလွယ်တကူ ရင်းနှီးသွားတတ် သည်။ အတူတူ လည်ပတ်မည့် သူငယ်ချင်းမရှိဟု ဆိုသည်ကို ကူးလန် လုံးဝမယုံကြည်ပေ။ သူ မည်မျှပင် တောင်းပန်ပါစေ ကူးလန် မျက်နှာသာမပေးသဖြင့် ဝမ်ရှုကျစ်မှာ အစစ်အမှန် အကြောင်းပြချက်အား ရှက်ကိုးရှက်ကန်းနှင့် ဖွင့်ဟလိုက်ရတော့သည်။

"ငါ မနေ့ကမှ အစ်မနဲ့ စတွေ့ဖူးတာလေ၊ အဲ့ဒါကြောင့် သူ့ရဲ့ မောင်လေးတစ်ယောက်အနေနဲ့ သူနဲ့အတူ အပြင်သွားပြီး ပျော်ပျော်ရွှင်ရွှင် လည်ပတ်သင့်တယ်လို့ ထင်လို့ပါ၊ ဒါမှ နောက်တစ်ခါ ဆုံတဲ့အခါ သူက ငါတို့ကို မမှတ်မိဘဲ မနေမှာ"

ထိုစကားများမှာ ဆင်ခြေများသာဖြစ်၏။ သူသည် ချင်ချင်၏အံ့မခန်းလှပမှုအား အနီးကပ်ထပ်မံကြည့်ရှုလိုခြင်းသာ ဖြစ်ကြောင်း ဝမ်ရှုကျစ် ဗီဇကိုကောင်းစွာသိသော ကူးလန် ကမူထွင်းဖောက်မြင်နေသည်။

"သွားစမ်းပါ၊ ကူးချင်ချင်က ငါ့အစ်မ၊ မင်းအစ်မ မဟုတ်ဘူး"

ကူးလန် ဒေါသတကြီးဖြင့် ဖုန်းကို ချလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။

မွန်းလွဲ ၁ နာရီခန့်တွင် ကူးလန် မိမိ၏မျက်နှာချင်းဆိုင်၌ ချင်ချင်နှင့် အားရပါးရ စကားပြောနေသော ဝမ်ရှုကျစ်နှင့် သူ့ဘေးတွင် အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်ကာ တိတ်ဆိတ်စွာ ထိုင်နေသော အူးချင်တို့အား မတတ်သာသလို ကြည့်နေမိသည်။ ဝမ်ရှုကျစ် ဘာကြောင့် ထပ်မံရောက်ရှိလာသနည်း။ လူတစ်ယောက်တောင် ပိုမိုခေါ်ဆောင်လာသေးသည်။ ကူးလန်၏အကြည့်ကို သတိပြုမိသွားသော အူးချင်မှာခေါင်းကို လှည့်ကာ အေးစက်စွာပြောလိုက်သည်။

"သင်တန်းတွေ ခဏနားထားတယ်"

၎င်းမှာ G City သို့ မည်သည့်အမှုအတွက်မှ ရောက်ရှိနေခြင်းမဟုတ်ဘဲ ရှေ့နေရုံးမှ သင်တန်းတစ်ခုတက်ရောက်ရန် စေလွှတ်ခြင်း ခံထားရခြင်း ဖြစ်သည်။ သင်တန်းဟု ဆိုခြင်းထက် ရှေ့နေလောက၏ အတွင်းပိုင်း အတွေ့အကြုံဖလှယ်ပွဲဟု ဆိုလျှင် ပိုမှန်ကန် ပေလိမ့်မည်။ အဓိက ရည်ရွယ်ချက်မှာ မည်သည့်အရာများ သင်ယူခဲ့သလဲဆိုသည်ထက် လုပ်ဖော်ကိုင်ဖက် မည်မျှနှင့် မိတ်ဖွဲ့နိုင်ခဲ့ သလဲဆိုသည်က ပိုအရေးကြီးသည်။

သူ မွန်းလွဲပိုင်းတွင် သင်တန်းတက်ရမည်ဖြစ်သော်လည်း ကျောင်းရုတ်တရက် ပိတ်ရက်အဖြစ် ကြေညာလိုက်သဖြင့် အူးချင်မှာ လည်း ဘာမှလုပ်စရာမရှိတော့ပေ။ တိုက်ဆိုင်စွာပင် ဝမ်ရှုကျစ် ဖုန်းဆက်လာသဖြင့် ၎င်းတို့နှစ်ဦးမှာ သဘောထားချင်း တိုက်ဆိုင်သွားကာ ကူးလန်ထံသို့ အတူတူလာလည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဝမ်ရှုကျစ်မှာ အဓိကလာချင်သူဖြစ်ပြီး အူးချင်မှာမူ ပျင်းရိနေသဖြင့် ဟိုတယ်၌တင် ပုတ်သိုးမနေချင်သောကြောင့် အချိန်ဖြုန်းရန် နေရာတစ်ခုလာရှာခြင်းသာ။

All Chapters