← Chapters

အခန်း (၁၃၂)

Vol. 15 Ch. 132

အခန်း (၁၃၂)

Vol. 15 Ch. 132

"ဒီနေ့ ငါတို့ ဘယ်သွားကြမှာလဲ"

သူတို့မှာထားသည့် ဆွဲကြိုးသကြားကပ် ကန်စွန်းဥကြော်များ ရောက်လာပြီဖြစ်သည်။ သကြားရည်ကြည်များဖြင့် အထပ်ထပ်ရစ်ပတ်ထားသော ကန်စွန်းဥတုံးများထံမှ ပါးလွှာရှည်လျားသည့် သကြားမျှင်လေးများ ထွက်ပေါ်နေသည်။ ပျင်းရိနေသော ဝမ်ရှုကျစ် တူဖြင့် သကြားမျှင်တစ်မျှင်ကို ကော်ယူလိုက်ပြီး ချင်ချင့်မျက်နှာရှေ့တွင် ဟိုဟိုဒီဒီ ဝေ့ယမ်းကာ စနောက်နေတော့သည်။

အရုပ်ကိုမြင်လိုက်ရသည့် ကြောင်ပေါက်လေးတစ်ကောင်နှယ် ချင်ချင့်အာရုံများမှာ ချက်ချင်းထိုသကြားမျှင်လေးထံတွင် နစ်ဝင်သွားရသည်။

သူမ ဦးခေါင်းလေးမှာ သကြားမျှင်လေး၏ လှုပ်ရှားမှုနောက်သို့ အပေါ်၊ အောက်၊ ဝဲ၊ ယာ လိုက်ကြည့်ရင်း တရစပ် လည်နေတော့သည်။

ဝမ်ရှုကျစ် သူ့ကျဲကို ထိုသို့စနောက်နေသည်ကို ကြည့်မရသော ကူးလန် မျက်နှာထားတင်းတင်းဖြင့် ဝမ်ရှုကျစ် လက်အား ဖြတ်ခနဲ ရိုက်ချလိုက်သည်။

မထင်မှတ်ထားသော ရိုက်ချက်ကြောင့် လက်ထဲမှ တူမှာ စားပွဲပေါ်သို့ လွင့်စင်သွားပြီး ပန်းကန်ခွက်ယောက်များနှင့် ထိမိကာ တချွင်ချွင် အသံမြည်သွားရသဖြင့် ဘေးစားပွဲမှ ဧည့်သည်များပင် လှည့်ကြည့်လာကြလေသည်။

"တောင်းပန်ပါတယ်... ကလေးက အလိုက်မသိလို့ပါ"

အူးချင် အေးစက်စက်လေသံဖြင့် ဆိုရင်း ဘေးစားပွဲမှ လူများကို အားနာသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့အရပ်အမောင်းနှင့် ထည်ဝါလှသော အရှိန်အဝါကို မြင်လိုက်ရသောအခါ ထိုဧည့်သည်များမှာ ဘာမျှမပြောရဲတော့ဘဲ တောင့်တောင့်ကြီး ပြုံးပြရင်း ဘာမှမဖြစ်သလိုမျိုး အကြည့်လွှဲသွားကြတော့သည်။

သူတို့အာရုံများမှာ အခြားသို့ ရောက်သွားသော်လည်း အမှန်တကယ် သေချာနားစွင့်ကြည့်ပါက ဘေးစားပွဲမှ စကားသံများကို ကြားနေရဆဲပင်။

"ခင်ဗျားက ဘယ်သူ့ကို ကလေးလို့ခေါ်နေတာလဲ"

လူငယ်တစ်ဦး၏စိတ်ပျက်လက်ပျက် အော်ဟစ်သံ ဟိန်းခနဲထွက်လာသည်။

"လုပ်မနေပါနဲ့... မင်းလုပ်နေပုံက ချင်ချင်ထက်တောင် ပိုကလေးဆန်နေသေးတယ်"

နောက်ထပ် ခပ်ထေ့ထေ့နှင့် မောက်မာသော လေသံတစ်ခုပြန်လည်တုံ့ပြန်လိုက်သည်။

"ချင်ချင်... လိမ္မာတယ်နော်၊ ထမင်းစားတဲ့အခါ ယဉ်ကျေးရွာယဉ်စားရတယ်၊ ဒီဦးလေးလိုမျိုး အစားအစာနဲ့ ဆော့တာတို့၊ တူကို ဒီလိုပစ်ချတာတို့ မလုပ်ရဘူး"

အေးစက်ပြီး ဩဇာညောင်းလှသော အမျိုးသားတစ်ဦး၏အသံကလည်း ပုံမှန်မဟုတ်ဘဲ ကြားဖြတ်ဝင်လာသည်။

"အင်း... ဟုတ်ကဲ့ရှင့်"

သိမ်မွေ့လှသော အမျိုးသမီးငယ်လေးတစ်ဦး အသံ ပြန်လည်ထွက်ပေါ်လာသည်။ သူမ၏ကလေးဆန်မှုမှာ ဖုံးကွယ်၍ မရနိုင်လောက်အောင်ပင်။ သူမသည် အလွန်ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်ပေလိမ့်မည်။

ထိုစကားများကို ကြားရသောအခါ ဘေးစားပွဲမှလူများက 'အော်... ဒီစားပွဲကလူတွေလည်း ယဉ်ကျေးမှုမရှိတဲ့သူတွေ မဟုတ်ပါလား' ဟု နားလည်သွားကာ အာရုံပြန်ရုပ်သိမ်းလိုက်ကြသည်။

အကယ်၍ သူတို့သာ ဆက်ပြီး ချောင်းနားထောင်နေမည်ဆိုပါက သူတို့ဘက်ကသာ မှားယွင်းရာရောက်ပေလိမ့်မည်။ ထို့ကြောင့် လည်း သူတို့သည် ချင်ချင် ပြောလိုက်သည့် စကား၏ဒုတိယပိုင်းအား မကြားလိုက်ရတော့ပေ။

"သမီးက ရှစ်နှစ်ရှိပြီနော်၊ ဦးလေးဝမ်လောက် မကလေးဆန်ဘူး"

ဝမ်ရှုကျစ်မှာ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံလိုက်ရပြီးနောက်: "..."

သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လူထုရန်သူ နံပါတ်တစ်ဖြစ်သွားရတာလဲ?

သူ့ရှေ့တွင် အပြစ်ကင်းစင်လှသော မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေသည့် ချင်ချင့်အား မြင်လိုက်ရသောအခါ ဝမ်ရှုကျစ်တစ် ယောက် အမှားလုပ်မိသူပီပီ မိမိနှာခေါင်းကိုသာပွတ်နေမိတော့သည်။

ကောင်းပြီလေ... ကလေးကို လမ်းမှားအောင် ဆွဲခေါ်မိတာ သူ့အမှားပဲပေါ့။

ချင်ချင့်အခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သော ဝမ်ရှုကျစ်နှင့် အူးချင်တို့မှာ ထူးထူးခြားခြား အမူအရာ မပြကြပေ။ ကူးလန်တစ်ဦးတည်းသာ ချင်ချင့်စကားထဲတွင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။

ရှစ်နှစ်... ချင်ချင့် အမှတ်တရများမှာ နှစ်နှစ်ခန့် ထပ်မံကြီးထွားလာခဲ့ပြီ။

ဒီအတိုင်းသာဆိုလျှင် သူ့တကယ့်အစ်မအရင်း မကြာမီပြန်ရောက်လာတော့မည် ထင်သည်။

ကူးလန်အနေဖြင့် ချင်ချင့်အမှတ်တရများမည်သို့ရှိနေသည်ကို အပြည့်အဝ နားမလည်နိုင်ပေ။

သူမ ကိုယ်ခန္ဓာ သေးငယ်သွားစဉ်က အမှတ်တရအားလုံး ပိုင်ဆိုင်ထားသလို၊ ယခုလည်း မတူညီသော အသက်အရွယ်များမှ အမှတ်တရဟောင်းများနှင့် အသစ်များ ရောယှက်ဝင်ရောက်လာနေသည်။ ဤအခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေသင့်သော် လည်း ချင်ချင်မှာမူ ထိုသို့သော လက္ခဏာမျိုးအလျှင်းမရှိပေ။

သူမ ထိုအရာအားလုံးကို ကောင်းမွန်စွာပင် လက်ခံနိုင်ပုံရသည်။

မည်သို့ပင်ဆိုစေ၊ ချင်ချင့်အနေဖြင့် ဤအမှတ်တရ ကူးပြောင်းမှုများကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်ခြင်းမှာ သူမအတွက် ကောင်းသောကိစ္စဖြစ်၍ ကူးလန် ဝင်ရောက်မစွက်ဖက်ဘဲ သူမကိုသာ တိတ်တဆိတ် ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ချင်ချင် နေထိုင်မကောင်းဖြစ်သည့် အခါတိုင်းတွင်လည်း သူကပင် ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သူ ဖြစ်သည်။

ယနေ့ခေတ် ကလေးများမှာ အလွန်ပင် ဉာဏ်ကောင်းလှပြီး တစ်ခါတစ်ရံ လူကြီးများထက်ပင် ပိုသိတတ်ကြသည်ဟု ဆိုကြသည်။

ချင်ချင်ဆိုသည့် ဤ "ယခင်" ကလေးမလေးကလည်း ထိုအချက်ထဲမှ ချွင်းချက်မဟုတ်ပေ။

ထိုအချက်မှာ ယနေ့ အပြင်ထွက်လည်သည့် ခရီးစဉ်တွင် သိသိသာသာ ပေါ်လွင်လာသည်။

အထင်ရှားဆုံးမှာ ချင်ချင်သည် လူကြီးများ စီစဉ်ပေးသည့်နောက်သို့ မျက်စိမှိတ် မလိုက်တော့ဘဲ ကိုယ်ပိုင်အမြင်များ ရှိလာခြင်းပင်။

မူလက ဝမ်ရှုကျစ် သူတို့အား ရှေးဟောင်းစားသောက်တန်းဆီ ခေါ်သွားချင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ရှေးဟောင်းမြို့ပြ အပန်းဖြေစခန်းသို့ သွားကာ ရှေးဟောင်းယဉ်ကျေးမှုများ ခံစားကြည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ချင်ချင် သွားမည့်နေရာကို သဘောမတူသည်မဟုတ်သော်လည်း သွားလာမည့်ယာဉ်နှင့် ပတ်သက်၍ ငြင်းခုံစရာ ရှိလာသည်။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဝမ်ရှုကျစ် သူ၏တောက်ပြောင်လှပသော ဇိမ်ခံကားကို စီးသွားချင်သော်လည်း ချင်ချင်ကမူ အပန်းဖြေစခန်းအတွင်းရှိ လည်ပတ်ရေးဘတ်စ်ကားကိုသာ စီးချင်နေခြင်းဖြစ်သည်။

ဇိမ်ခံကားများကို ငြီးငွေ့နေပြီဖြစ်သောကြောင့် သူမသည် အသစ်အဆန်းနှင့် ရင်ခုန်စရာတစ်ခုခု စမ်းသပ်ကြည့်ချင်နေသည်။

နှစ်ယောက်သား သဘောထားကွဲလွဲနေကြပြီး စိတ်နေစိတ်ထားချင်းတူနေကြသောကြောင့် မည်သူကမျှ အလျှော့မပေးလိုကြပေ။ နောက်ဆုံးတွင် ကူးလန်နှင့် အူးချင်တို့ဘက်သို့လှည့်လာကာ မဲခွဲဆုံးဖြတ်ရန် ပြင်ကြလေတော့သည်။

"ဒီတစ်ခေါက် ချင်ချင့်ကို အပြင်ခေါ်လာတာက ကစားဖို့သက်သက်ပဲ၊ သူ ဘာလုပ်ချင်လုပ်၊ သူ့သဘောအတိုင်းပဲ ငါလိုက်လျောမယ်"

ကူးလန် အကြောင်းပြချက်ကိုပင် နားမထောင်တော့ဘဲ ချင်ချင့်ဘက်မှ မဆိုင်းမတွ ရပ်တည်ပေးလိုက်သည်။

ချင်ချင် သူမ မေးစေ့လေးကို ဂုဏ်ယူဝင့်ကြွားစွာ ပင့်တင်လိုက်ပြီး အနိုင်မဲတစ်ခု အပိုင်ဆုပ်ကိုင်လိုက်တော့သည်။

သူမ နိုင်တော့မည်မှာ သေချာသလောက်ရှိနေပြီ။

"သိပ်ပြီး ဝမ်းမသာသွားနဲ့ဦး၊ အူးချင်... မင်းရော ဘယ်လိုသွားချင်လဲ"

ဝမ်ရှုကျစ် အူးချင် ပုခုံးအား လှမ်းဖက်လိုက်ပြီး ခြိမ်းခြောက်လိုသော လေသံဖြင့် မေးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

အူးချင် ကြားနေမဲ ပေးလိုက်၏။

နှစ်မဲ တစ်မဲဆိုသော ရလဒ်ကြောင့် ဝမ်ရှုကျစ် ရှုံးနိမ့်သွားရသည်။

လူတစ်စုမှာ ဟိုတယ်စားသောက်ဆိုင်မှ ထွက်လာပြီး ရှုခင်းကြည့် ဘတ်စ်ကားဂိတ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြ သည်။ ဟိုတယ်မှာ အပန်းဖြေစခန်း နယ်မြေအတွင်း၌ တည်ရှိသောကြောင့် ဧည့်သည်များအတွက် လိုအပ်သောဝန်ဆောင်မှုများ ရှိရာ ရှုခင်းကြည့်ဘတ်စ်ကားမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ဘတ်စ်ကားတစ်စီးလျှင် လူခြောက်ဦးမှ ရှစ်ဦးအထိဆံ့ပြီး ငွေအနည်းငယ် ပိုပေးရုံဖြင့် သီးသန့်ငှားရမ်း၍ရသည်။

ကူးလန်နှင့် အူးချင်တို့မှာ ဈေးနှစ်ဆပေးကာ ဘတ်စ်ကားတစ်စီး သီးသန့်ငှားလိုက်ပြီး ယာဉ်မောင်းကို သူတို့သွားချင်သည့်နေရာ များသို့ ပတ်မောင်းခိုင်းလိုက်ကြသည်။

ကားလေးမှာ လမ်းမပေါ်တွင် ဖြည်းညှင်းစွာ မောင်းနှင်နေပြီး အေးမြသော လေပြေများမှာ သူတို့မျက်နှာကို တိုးဝှေ့တိုက်ခတ်နေ သဖြင့် စိတ်အပန်းပြေစရာ ကောင်းလှသည်။

ချင်ချင်မှာ ကားအစွန်ဘက်တွင် ထိုင်နေပြီး သူမဘေးတွင် ကူးလန်၊ ရှေ့ခုံတွင်မူ ဝမ်ရှုကျစ်နှင့် အူးချင်တို့ ရှိနေကြသည်။

ခုနကတင် ချင်ချင်နှင့် သဘောထားကွဲလွဲနေသော ဝမ်ရှုကျစ်မှာ ယခုတော့လည်း နောက်မှသွားမည့် စားသောက်တန်းရှိ နာမည်ကြီးဆိုင်များအကြောင်း သူမနှင့် တိုင်တိုင်ပင်ပင် ဆွေးနွေးနေပြန်သည်။

အစားအသောက်အကြောင်းပြောကြသောအခါ သူတို့နှစ်ဦးမှာ စိတ်ချင်းချက်ချင်း တိုက်ဆိုင်သွားကြပြီး ဖော်ဖော်သီသီ စကားပြောနေကြပုံမှာ ဟိုတယ်စားသောက်ဆိုင်ထဲတွင် ကလေးဆန်ခဲ့ကြသောပုံစံနှင့် လုံးဝခြားနားနေတော့သည်။

ကူးလန်မှာ သက်ပြင်းတစ်ချက် မောမောနှင့်ချလိုက်မိသည်။ ကလေးနှစ်ယောက်အားအပြင်ခေါ်လာရသလိုမျိုး သူ ခံစားနေရသည်။

ထို့ကြောင့်လည်း ယနေ့မနက်က ဝမ်ရှုကျစ် လိုက်လာမည်ကို သူ သဘောမတူခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလူ အလွန်စိတ်အား ထက်သန်နေပြီး သူ့အစီအစဉ်နှင့်သူ ရောက်လာခဲ့သောကြောင့် မောင်းထုတ်ရန်လည်းမဖြစ်နိုင်တော့ပေ။

"မင်း ဘာတွေကြည့်နေတာလဲ"

စကားပြောနေရင်း တစ်ဝက်တွင် ဝမ်ရှုကျစ် အူးချင်အား လှမ်းကြည့်လိုက်ရာ အူးချင်မှာ သူ့ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေသည်ကို တွေ့သဖြင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"ဒီနေ့မနက်က မြေပြင်သိမ့်ခနဲတုန်သွားသလို ခံစားရတယ်လို့ တစ်ယောက်ယောက်ရေးထားတာ တွေ့လို့"

အူးချင် ဖုန်းကို ဝမ်ရှုကျစ်အား ပြလိုက်သည်။

ထိုပို့စ်မှာ G မြို့မှ ဒေသခံတစ်ဦး တင်ထားခြင်းဖြစ်ပြီး သူသည် ယနေ့မနက် အိပ်ရာပေါ်တွင် လဲလျောင်းနေစဉ် မြေကြီးတုန်ခါ သွားသလို ခံစားလိုက်ရသဖြင့် ငလျင်လှုပ်မည်ကို စိုးရိမ်နေသည့်အကြောင်း ရေးသားထားခြင်းဖြစ်သည်။

မှတ်ချက်များစွာ တက်လာသည့်အနက် အများစုမှာတော့ ဘာမှမခံစားရကြောင်း၊ ဘေးအိမ် အိမ်ပြင်နေခြင်း သို့မဟုတ် စိတ်ထင်လို့သာ ဖြစ်မည်ဟု ရေးသားထားကြသည်။

အနည်းငယ်သော လူတစ်စုကမူ ပို့စ်တင်သူမှာ ပုံကြီးချဲ့နေသည်ဟု ယူဆကာ လှောင်ပြောင်သည့် မှတ်ချက်များ ပေးထားကြသည်။ အချို့သော ထူးထူးဆန်းဆန်း လူများမှာမူ ပို့စ်အား သေချာမဖတ်ဘဲ ဝင်ရောက် ဆဲဆိုနေကြသဖြင့် ပြန်လည် ဝေဖန်ခံနေကြရ ပြန်သည်။

ဤသို့ဖြင့် အွန်လိုင်းပေါ်တွင် အငြင်းပွားမှု အသေးစားလေး တစ်ခုဖြစ်ပွားနေသည်။

အလွန်နည်းပါးသော လူအချို့ကသာ သူတို့လည်း အနည်းငယ် တုန်ခါသွားသလို ခံစားရသော်လည်း အလွန်သိမ်မွေ့လွန်းသဖြင့် မသေချာကြောင်းဆိုကြသည်။

ထိုမှတ်ချက်များမှာ ကျယ်ပြောလှသော သမုဒ္ဒရာထဲသို့ ကျဆင်းသွားသည့် ရေစက်ကလေးများကဲ့သို့ပင်၊ လှိုင်းကြက်ခွပ်လေး တစ်ခုတောင် မဖြစ်ပေါ်စေဘဲ ပျောက်ကွယ်သွားကြတော့သည်။

ဝမ်ရှုကျစ် ပို့စ်အား တစ်ချက်ကြည့်လိုက်သော်လည်း မှတ်ချက်များကိုတော့ သေချာမဖတ်ဖြစ်ပေ။ သူကလည်း ပို့စ်တင်သူ၏ စိတ်ထင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။ သူ အူးချင်ပုခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ တကယ်လို့ ငလျင်လှုပ်မှာဆိုရင် အာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်မှာပေါ့"

"အင်း..."

အူးချင်၏အေးစက်သောအကြည့်များမှာ ပြင်ပမှ ရေကန်ဆီသို့ ရောက်ရှိနေသည်။

ငြိမ်သက်နေသော ရေကန်မျက်နှာပြင်မှာ ကျောက်စိမ်းရောင်ကဲ့သို့ ကြည်လင်နေပြီး လှိုင်းကြက်ခွပ်ကလေးများ အသာအယာ လှုပ်ရှားနေသည်။ အရာအားလုံး အလွန်အေးချမ်းဆိတ်ငြိမ်နေဆဲပင်။ သူ့ဘက်ကသာ ပိုတွေးနေမိခြင်း ဖြစ်နိုင်ပါသည်။

အွန်လိုင်းပေါ်မှ စာသားအနည်းငယ်အပေါ် အခြေခံပြီး မည်သူက အလွယ်တကူယုံကြည်နိုင်ပါမည်နည်း။

"ငှက်ကလေး"

ချင်ချင်မှာ ရှုခင်းများကို ကြည့်နေရင်းမှ ရုတ်တရက် ရင်းနှီးနေသော ပုံရိပ်လေးတစ်ခု တွေ့လိုက်ရသဖြင့် သူမ အကြည့်များမှာ ထိုနေရာ၌ ရပ်တန့်သွားသည်။

သူမ ထိုငှက်ကလေးအား ပြုံးပြရင်း ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်သည်။

ကူးလန် ထိုအသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။ 'ငှက်ကလေး' ဆိုသည့် စကားလုံးကြောင့် သူ အာရုံစိုက်မိသွားခြင်း ဖြစ်သည်။

သို့သော် ပြင်ပရှိ သစ်ပင်ထိပ်ဖျားများပေါ်မှ ငှက်အုပ်များ တွေ့လိုက်ရသောအခါတွင်မူ စိတ်မဝင်စားသလိုမျိုး အကြည့်ကို ပြန်လွှဲလိုက်တော့သည်။

စားသောက်တန်းကို ပတ်ကြည့်ပြီးနောက် သူတို့ ရှေးဟောင်းမြို့ကလေးဆီသို့ ရောက်လာကြသည်။

အချိန်စောနေသေးသဖြင့် ဝမ်ရှုကျစ် ထိုဒေသရှိ နာမည်ကြီး ရှေးဟောင်းဘုရားကျောင်းသို့ သွားရန် တက်ကြွစွာ အကြံပြုလာသည်။

G မြို့မှာ ရှေးဟောင်း အဆောက်အအုံများစွာ ထိန်းသိမ်းထားနိုင်ပြီး အလွန်ပင် ကြွယ်ဝလှသော သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ် များကို ပိုင်ဆိုင်ထားသည်။ အချို့သော သမိုင်းဝင်နေရာများမှာ ကျောင်းသုံးစာအုပ်များထဲပါဝင်ပြီး ကျောင်းသားများအတွက် အရေးကြီးသော စာမေးပွဲအမေးအဖြေနေရာများပင်။

ဝမ်ရှုကျစ် နန်းတွင်းဇာတ်လမ်းတစ်ပုဒ် ရိုက်ကူးနေခြင်းဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့ကလည်း ဇာတ်ဝင်ခန်းများ ပိုမိုပီပြင်စေရန်အတွက် G မြို့အား အထူးတလည် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ အပြင်မထွက်မီကပင် သူ့မန်နေဂျာမှ ဇာတ်ညွှန်း၊ ခရီးစဉ်ဇယားနှင့် ခရီးသွားလမ်းညွှန်စာအုပ်တို့ ကြိုတင်ပေးထားခဲ့သည်။

အလွန်အမင်း တက်ကြွလွန်းလှသော ဤလူစားမျိုးမှာ ရသည့်အချိန်လေးအတွင်း အစွမ်းကုန် လျှောက်လည်ရန် ကြိုးစားမည်မှာ အသေအချာပင်။

ထို့ကြောင့် သူ့အား ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားခွင့်ပြုမည့်အစား ကြိုတင်စီမံပေးထားခြင်းမှာ ပို၍ကောင်းမွန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ လမ်းပျောက်သွားခဲ့လျှင်ပင် မည်သည့်နေရာတွင် ရှာရမည်ကို သိနိုင်မည် မဟုတ်ပါလား?

ထို့ကြောင့်လည်း ဝမ်ရှုကျစ်မှာ G မြို့နှင့် ပတ်သက်လျှင် အလွန်နှံ့စပ်နေခြင်းဖြစ်ပြီး မည်သည့်နေရာတွင် စားရမည်၊ မည်သည့် နေရာတွင် လည်ရမည်ကို မေးလိုက်ရုံဖြင့် ကောင်းကောင်းကြီး သိနေတော့သည်။

ရှေးဟောင်းဘုရားကျောင်းမှာ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး အလွန်အမင်းတော့ မမြင့်လှပေ။

တောင်ခြေမှ ကားဖြင့် မိနစ်နှစ်ဆယ်ခန့် မောင်းတက်ရပြီးနောက် ခဏတာ လမ်းလျှောက်တက်ရုံသာ ဖြစ်သည်။ တောင်ပေါ်တွင် လမ်းလျှောက်ဆင်းစရာမလိုဘဲ လျှောစီးဆင်းနိုင်သည့် ကစားကွင်းတစ်ခုလည်း ရှိနေသေးသည်။

ထိုလျှောမှာ အရှည်ကြီးဖြစ်သော်လည်း သာမန်လျှောများနှင့်မတူဘဲ တောင်စောင်းတစ်လျှောက် တည်ဆောက်ထားခြင်းဖြစ်သဖြင့် အသစ်အဆန်း ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။

ချင်ချင်မှာ ဘုရားကျောင်းအပေါ် စိတ်မဝင်စားသော်လည်း ထိုလျှောစီးရမည့် အစီအစဉ်ကိုမူ အတော်လေး သဘောကျသွားသည်။

ထို့ကြောင့် သူမသည် ရှေးဟောင်းဘုရားကျောင်းသို့ သွားရန်အတွက် ဒုတိယမြောက် ထောက်ခံသူ ဖြစ်လာခဲ့သည်။ သူမ သဘောတူမှတော့ ကူးလန်လည်း ငြင်းဆန်စရာ အကြောင်းမရှိပေ။ အူးချင်ကမူ စဉ်းစားရမှာ ပျင်းနေသဖြင့် မဲမပေးဘဲ ကြားနေခဲ့သည်။

ရလဒ်မှာတော့ အားလုံး ကန့်ကွက်သူမရှိ သဘောတူလိုက်ကြခြင်းပင်။

လေးယောက်သား ခရီးစတင်ခဲ့ကြပြီး လမ်းခုလတ်တွင် ချင်ချင် ဖူဟန်ထံသို့ ဗီဒီယိုကောတောင် ခေါ်လိုက်သေးသည်။

"ဖူဟန်..."

ချင်ချင် ဖူဟန်အား ပျော်ရွှင်စွာ လက်ဝေ့ယမ်းပြလိုက်သည်။ ဖူဟန်မှာ ကိုယ်တိုင်းချုပ်ဖြင့် ချုပ်ထားသည့် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေပုံရသည်။

"ချင်ချင်... ပျော်ခဲ့ရဲ့လား"

ချင်ချင်အား မြင်လိုက်ရသည်နှင့် ဖူဟန့် မျက်ဝန်းအစုံမှာ သိသိသာသာ နူးညံ့သွားရသည်။

"ဟုတ်... ဟုတ်၊ ချင်ချင် အရမ်းပျော်တာပဲ!"

ချင်ချင် ခေါင်းကို တရစပ်ညိတ်ပြရင်း လွန်ခဲ့သည့် နှစ်ရက်အတွင်းက ဖြစ်ပျက်ခဲ့သမျှကို ဖူဟန်အား စိတ်အားထက်သန်စွာ ပြောပြနေတော့သည်။

ထိုအကြောင်းအရာများမှာ အသေးအမွှား ကိစ္စလေးများသာ ဖြစ်သော်လည်း ဖူဟန်ကမူ စိတ်မရှည်သည့် အမူအရာအစအနမျှ မပြဘဲ စိတ်ဝင်တစားနားထောင်ပေးနေခဲ့သည်။

နှစ်ဦးသား ပျော်ရွှင်စွာ စကားပြောနေကြစဉ်မှာပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး နက်ရှိုင်းကာ ရှတတဖြစ်နေသော အသံတစ်ခု ကြားဖြတ်ဝင်လာသည်။

"ဥက္ကဋ္ဌဖူအနေနဲ့ဇနီးသည်ကို လွမ်းနေတာကိုတော့ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုကို အရင်ဆုံးပြောသင့်တာ မဟုတ်ဘူးလား"

ချင်ချင်မှာ မှင်တက်သွားရသည်။ ထိုအသံမှာ ထူးခြားသော ရှတတအသံမျိုး ဖြစ်နေသော်လည်း အမျိုးသမီးတစ်ဦး၏ အသံဖြစ်ကြောင်း သူမ ခွဲခြားနိုင်ပါသည်။

ဖူဟန်က အမျိုးသမီးတစ်ယောက်နဲ့ ညစာ အတူစားနေတာလား?

သူတို့နှစ်ယောက်တည်းလား?

သူမ ရင်ထဲတွင် မဖော်ပြနိုင်သော စိတ်မသက်မသာဖြစ်မှုတစ်ခု လှိုင်းထလာသည်။ မိမိ အမြတ်နိုးဆုံး အရုပ်လေးကို တစ်စုံတစ်ယောက်မှ လုယူသွားသလို ခံစားလိုက်ရသည်။

ချင်ချင် ပါးလေးနှစ်ဖက်ကို ဖောင်းလိုက်ပြီး မျက်စောင်းထိုးကာ မေးလိုက်သည်။

"ဦးဦး ဘယ်သူနဲ့ ညစာစားနေတာလဲ"

သူမ လေသံမှာ မကျေနပ်မှုကို အထင်အရှား ပြသနေသည်။

"ကိုယ်... ဝူးဝူးဝါးဝါး အသံများ"

ဖူဟန့် စကားသံများမှာ ရပ်တန့်သွားသော ဖုန်းမျက်နှာပြင်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ချင်ချင် သူမ ဖုန်းအား အထူးအဆန်းဖြစ်ကာ လှုပ်ယမ်းကြည့်သော်လည်း ဘာမှ ထူးမလာပေ။

ဇဝေဇဝါ ဖြစ်သွားသော သူမသည် ဖုန်းပိုင်ရှင်ကိုသာ အကူအညီ တောင်းလိုက်ရတော့သည်။

"တိတိ... ဒါကြီး ပျက်သွားပြီ"

"ပျက်သွားတာလား"

ကူးလန် ချင်ချင့်လက်ထဲမှ ဖုန်းကို ယူကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ လိုင်းမမိတာပဲ၊ တောင်ပေါ်ဆိုတော့ လိုင်းမကောင်းလို့ ဖြစ်မှာပါ"

၎င်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်ပင်။

"ဒါပေမဲ့ ငါ ဖူဟန်နဲ့ စကားမပြောရသေးဘူး"

ချင်ချင်မှာ ခုနက ကြားလိုက်ရသည့် အမျိုးသမီးအသံကိုသာ တွေးတောနေမိသည်။

ထိုအရာကို သူမ ဘာကြောင့် ဒီလောက်အထိ အလေးထားနေမိမှန်း သူမကိုယ်တိုင်လည်း နားမလည်သော်လည်း၊ ၎င်းမှာ သူမ ဗီဇအရ သတိထားမိသွားခြင်းသာ။

ရတနာကိုစောင့်ကြပ်နေသည့် နဂါးတစ်ကောင်မှာ မိမိရတနာအား တစ်စုံတစ်ယောက်လာခိုးမည်စိုး၍ ပတ်ဝန်းကျင်မှ လူတိုင်းအား သံသယမျက်လုံးဖြင့် ကြည့်နေမိသကဲ့သို့ပင်။

All Chapters